【 ဆောင်းပါး 】“အကြောက်တရားကို သိမ်မွေ့စေသူများ ”

【 ဆောင်းပါး 】“အကြောက်တရားကို သိမ်မွေ့စေသူများ ”   

ရှင်းနေသောအရာတွေကို ဘယ်သူကရှုပ်အောင်လုပ်သနည်း။မကြာခင်က အဖြစ်တွေ ကျနော်ခေါင်းထဲ မကြာခဏရောက်သည်။ ဘာဖြစ်လို့များ ရှောင်လွဲလို့ရသည့်ဖြစ်ရပ်ဆိုးကို  မရှောင်လွှဲ ကြသလဲဆိုတာ။ ဒီလိုဖြစ်ရပ်တွေမဖြစ်ခင် ဆိုးဝါးသောဖြစ်ရပ်အချို့ ကျွန်တော်တို့ ရှေ့တွင်ရှိခဲ့သည်။ရှောင်လွှဲလို့မရခဲ့။ 
 
ဤပြဿနာသည့် လွယ်လွယ်နှင့်ပြီးမည့် ပြဿနာမဟုတ်မှန်း လူတိုင်းသဘောပေါက်ကြသည်။ အရာရာက မနေ့က မနှစ်ကနှင့် မတူ။ တစ်ရက်ပြီး တစ်ရက် ပိုပြီးဆိုးဝါးလာခဲ့သည်။ ထိန်းမရတော့သည့် ပြိုလဲမှုတစ်ခုကို ကြုံနေရသလို။ တကယ်စဉ်းစားကြည့်လျှင် ရင်နာစရာ အဖြစ်တွေပင်။ 
 
ညဘက်အထိတ်ထိတ်အလန့်လန့် ဖြတ်သန်းရသည့်နေ့တွေ များလာသည်။ အချိန်တွေ အရင်နှင့်မတူ။ အကန့်အသတ်ဖြစ်လာသည်။ သွားနေကြလမ်းတွေ၏ အရိုင်းဆန်မှုသည် အပြိုင်းအယိုင်း။ မနေ့က သိခဲ့သည်သူသည့် ယနေ့တွင် မရှိတော့သည်ကို မြင်တွေ့ရသည်။ ကျနော်တို့ ဖြတ်ကျော်ရသည့် နေ့ရက်များသည် မကြာခဏဆိုသလို အသစ်တွေ ဖြစ်ကုန်သည်။ ကျနော်တို့အတွက် အရာရာကို အစကနေ ပြန်သင်ရသည်။ ထို့အတွက် နီးကပ်သောအရာမှန်သမျှ ဝေးကွာကုန်သည်။ မရောက်သည့်ခရီးတွေ ဖြစ်ကုန်သည်။ ခရီးလေးဖင့်ခြင်းဆိုသည့် ဘာသာရပ်မှာ ကျနော်တို့ ခေတ်တွင် စတင်သင်ကြားရသည့် ဘာသာရပ်အသစ် ဖြစ်လာလေသည်။ 
 
မနက်တိုင်းတွင် တွေ့ရသည့် အရာများက ပုံမှန်ထက်ပိုပြီး မှတ်ရခက်လာသည်။ အလိမ်အညာများက ယုံချင်စရာထက် အော့အန်စရာတွေ ဖြစ်လာခဲ့သည်။ ဒီနှစ်ကား  သင်ရိုးဟောင်းမဟုတ်ဘဲ သင်ရိုးသစ်ဖြင့် ကျနော်တို့ သင်ကြားဖြတ်သန်းရသည်။ ကျနော်တို့၏မနက်ဖြန်ဆိုတာ ဖွင့်ပြီး ပြန်မပိတ်မိသည် ကွန်ပျူတာတစ်ခုလို့ ၊တချို့လည်း ယခုထိ ပိတ်မိသူမရှိဆဲ။ တချို့ ကွန်ပျူတာတွေကတော အဆုံးစွန်ထိ ပိတ်ထားခဲ့ရလေပြီ။ ကွန်ပျူုတာတချို့ကား ယခုမှ စတင်လည်ပတ်ဖို့ ကြိုးစားဆဲ ။သို့သော် ကွန်ပျူတာအားလုံး၏ မမ်မိုရီတွင် အစွန်းကွက်တွေ အဖွေးသား။ မမြင်ရက်စရာ ရင်နင့်ဖွယ်ရာများကို မှတ်သားရသဖြင့် အီလက်ထရွန်းနစ် မှတ်ဉာဏ်များက မသုံးရခင်မှာပင် ပျက်စီးသွားရသည်။ တချို့က  အလဲလဲအပြိုပြိုဖြင့်။ စတပ် ခလုပ်ဘယ်လောက်နှိပ်နှိပ် မမ်မိုရီမရှိသဖြင့် ဝင်းဒိုးမတတ်နိုင်သည့် အဖြစ်သို့ ဘ၀တွေ ရောက်နေလေပြီ။ 
 
လက်များ၊ လူများ၊မှတ်ဉာဏ်များနှင့် အသွေးအသားများမှာ တစ်ဦးနှင့် တစ်ဦးမမှတ်မိလောက်အောင် ၊တစ်အူထုံဆင်းခြင်းမမှတ်မိနိုင်လောက်အောင် သေးဖွဲ့ ကုန်ကြပြီ ဖြစ်သည်။ တစ်စုံတစ်ခုသော စီးကြောင်းထဲ ဆန္ဒများစွာ  ပေါင်းစုံစီးသည့်အခါ မနက်ခင်းများက ပြန်မမြင်ရတော့သည့် ရတနာတစ်ခု၏ နောက်ဆုံးနှုတ်ဆက်သည့် အခမ်းအနားဖြစ်သွားသည်။ ခေတ်၏ ကြိတ်စက်ထဲ ကြံတစ်ချောင်းလို့ ရဲဝင့်စွာ ဖြတ်သန်းဝင်ရောက်သည့် အရာတွေကို နုပျိုခြင်းများတွေ။   မြတ်နိုးဖွယ် ကြေကွဲစရာမြင်ကွင်းတွေ ကျနော်တို့ခေတ်တွင် မြင်နေရသည်။
 
လည်ဆွဲတစ်ခုကို ဘာနှင့်သီထားသနည်းဆိုသည်မှာ တန်ဖိုးဖြတ်သူ၏အလုပ်ဖြစ်သည်။ လည်ဆွဲကို သီသူ အဖို့ကား ဘာနှင့် သီသီ ပြီးမြောက်ဖို့ ဖြစ်သည်။ ခေတ်က လည်ဆွဲဆိုလျှင် ရိုင်းပြသည့်ကံတွေ၊ ဆိုးဝါးသည့် ဘ၀တွေက သီရသည့် တန်ဖိုးကြီးသည့် ရတနာတွေ ဖြစ်သည်။ မျက်ရည်များနာကြည်းစရာများဖြင့် ခေတ်ကို ကျနော်တို့ သိကြသည်။ ဒါကခေတ်တစ်ခု၏ ပြဋ္ဌာန်းမှုတွေ ဆိုလျှင် ကျနော်တို့၏ ရှင်သန်ခြင်းက ခေတ်၏ပျက်ရယ်ပြုခြင်းလေလား။ ကျနော်တို့ ရှင်သန်ခြင်းကို ကျနော်တို့ စိတ်ပိုင်းဖြတ်ရတော့မည် အချိန်ရောက်ပြီ ဖြစ်သည်။ ရထားပေါ်က‌နေ ကျနော်တို့ဘယ်အချိန်ဆင်းမည်နည်း။ 
 
မေ့လျောခြင်းကို ယနေ့နှင့် မနက်ဖြန်တွင် ခေတ်က  ဖယ်ရှားခဲ့သည်။ ပြဋ္ဌာန်းချက်ထဲမှာ  ဝေဒနာကို အခန်းကြီးတစ်ခန်းအဖြစ် တခမ်းတနား သတ်မှတ်ခဲ့သည်။ ထိုအခန်းကြီးထဲ အံကြိတ်ခြင်းနှင့် တောက်ခေါက်ခြင်းက ခေါင်းစဉ်ငယ်များလို့။ ထိုခေါင်းစဉ်ငယ်များထဲတွင် မနက်ဖြန်ကို မရောက်ခဲ့သူများက  ဖတ်လို့ မကောင်းသည့် ဥပမာများပမာ ကြေကွဲစရာသက်သက်။ ထိုစာအုပ်၏ ရှေ့ဆုံးတွင် ထားရမည့် မာတိကာတွင် အဆုံး၏အစများအဖြစ်  အခန်း၁ - နိဂုံးဆိုသည့် စာရွက်များ။ သန့်ရှင်းစင်ကြယ်သည့်လေထဲ ဝေ့ဝဲကျလာ ထိုသင်ခန်းစာကို လူတိုင်းက ရင်ဘတ်ဖြင့် ဖမ်းကာ တမြတ်တနိုး ဖမ်းဆုပ်လို့။ထိုသည်က ခေတ်၏ပြဋ္ဌာန်းမှုသက်သက်ပင်ဖြစ်သည်။ 
 
မနက်ဖြန်ဆိုသည်မှာ  ယနေ့ချိန်တွင် တန်ဖိုးကြီးသည့် ဟင်းလျာဖြစ်သည်။ သို့သော်ထိုဟင်းလျာကို အနံ့အသက်ပင် မရသည့် ကလေးငယ်တွေက အပြိုင်းအရိုင်း။သို့သော် လွတ်လပ်ခြင်း အဓိကဟင်းပွဲအတွက် အမဲလိုက်နေကြသည့်အခါ မနက်ဖြန်ဆိုသည်မှာ သိပ်စိတ်ဝင်စားစရာ မကောင်းသည့် ဟင်းရံများအဖြစ်ပြောင်းသွားခဲ့သည်။ တစ်မျှော်တစ်ခေါ်မြင်ရသည့် အိပ်မက်များတွင်  အရောင်များက ပြိုးပြိုးပြက်ပြက်။ မရှိတော့သည့်သူတွေ၏ အရောင်များက ပိုပြီး တောက်ပစွာ။ အလင်းမရှိသည့်နေရာက ပိုပြီးတောက်ပနေသည်က လွတ်လပ်သူတို့၏ ဝိညာဉ်များလေလား။ မနက်ဖြန်ဆိုသည်မှာ နေ့တိုင်း ကိုယ့်နေ့ဆိုသည့် ရက်စက်စွာစီးနင်းခဲ့သူများ၏ နိဂုံး ဖြစ်သည်။ စိတ်ကူးတွေက ပကတိအပြင် ရောက်လာသည့် အခါ တန်ဖိုးကြီးလာသည်။ တချို့က အသက်နှင့် လောင်းကြေးထပ်လို့။
 
ရှင်းနေသောအရာတွေကို ဘယ်သူကရှုပ်အောင်လုပ်သနည်း။မကြာခင်က အဖြစ်တွေ ကျနော်ခေါင်းထဲ မကြာခဏရောက်သည်။ ဘာဖြစ်လို့များ ရှောင်လွဲလို့ရသည့်ဖြစ်ရပ်ဆိုးကို  မရှောင်လွှဲ ကြသလဲဆိုတာ။ ဒီလိုဖြစ်ရပ်တွေမဖြစ်ခင် ဆိုးဝါးသောဖြစ်ရပ်အချို့ ကျွန်တော်တို့ ရှေ့တွင်ရှိခဲ့သည်။ရှောင်လွှဲလို့မရခဲ့။
 
 
လင်းနိုင်ကျော်စိုး