【 ဆောင်းပါး 】“အမှတ်အရဆုံး ကျိုက်ထီးရိုးရေ”

【 ဆောင်းပါး 】“အမှတ်အရဆုံး ကျိုက်ထီးရိုးရေ”

ကျိုက်ထိုဘူတာဆိုတာက ချိုင့်ထဲလိုနေရာမျိုးမှာဆိုတော့ ဘူတာပြင်ပ လမ်းမထက်ကိုရောက်ဖို့ လှေကားထစ်တွေနဲ့ ထောင်တက်ရတယ်။အပေါ်ကိုရောက်တယ်ဆိုရင်ပဲ ကျိုက်ထီးရိုးသွားမယ့်လိုင်းကား တွေက အသင့်။ဟိုင်းလက်လိုကားမျိုးနဲ့ တစ်ကားကို ခရီးသည်ဘယ်နှယောက်ရရင်ထွက်ဆိုတာမျိုး။

ရန်ကုန်ကနေကျိုက်ထီးရိုးတိုက်ရိုက်သွားတဲ့ကားတွေနဲ့ ဘုရားဖူးကားတွေကျတော့ ကျိုက်ထီးရိုး တောင်ခြေအထိ တိုက်ရိုက်။ကျနော်တို့လို ရထားစီးပြီး ကျိုက်ထီးရိုးလာကြသူများကျတော့ ဘူတာကနေ ကျိုက် ထီးရိုးတောင်ခြေကို နောက်တစ်ဆင့် နာရီဝက်နီးပါး ကားထပ်စီးရတယ်။

အရင့်အရင်၊ဟိုင်းဝေးပြေးလေအိတ်ကားယဉ်ကျေးမှု မတိုင်ခင်တုန်းကတော့ ကျိုက်ထီးရိုးဘုရားဖူး ဟေ့ဆို ရထားကိုသာ အားပြုစီးကြတယ်။လေအိတ်ကားတွေ တဝီဝီပြေးပြီးနောက်မှာ ကားနဲ့ဘုရားဖူးလာသူ များလာတာ ဒီနေ့ထိတိုင်ပါပဲ။ ဒါပေမဲ့ ကျနော်တို့လို ရထားစီးရတဲ့ အရသာကို ကြိုက်တဲ့သူတွေ၊ လမ်းစရိတ်သက်သာချင်သူတွေနဲ့ ကားစီးရင်ခေါင်းမူးတဲ့သူတွေကလည်း ရှိနေသေးတာဆိုတော့ ဘုရားဖူးသွား ရထားစီးပရိသတ်ဆိုတာလည်း မနည်းလှ။

ကျနော့်အတွက် ကျိုက်ထိုမြို့ဆိုတာက အခေါက်ပေါင်းများစွာ ရထားနဲ့ကားနဲ့ဖြတ်ခဲ့ဖူးပေမဲ့ ကျိုက်ထို မြေပေါ်ခြေချဖူးတာက အခုမှ ဒုတိယအကြိမ်မြောက်။ ပထမဆုံးတစ်ခေါက်က ကျနော်၃နှစ်သားအရွယ် လောက်က။ ကျိုက်ထိုမှာ အဖေတာဝန်ကျလို့ အဘွားနဲ့ကျနော် ခဏရောက်ခဲ့ဖူးတာတဲ့။ အဲဒီတုန်းကရိုက်ထား တဲ့ဓာတ်ပုံသက်သေနဲ့ အဘွားပြောလို့သာသိရတာ ငယ်လွန်းတော့ ဘာအာရုံခံစားမှုမှမရှိ။

အခုတော့ အသက်၄၀ ကျော် ကျမှ ကျိုက်ထိုမြေကို ဒုတိယအကြိမ် ခြေချမိ။ကျိုက်ထီးရိုးဘုရားကိုကျတော့ ပထမအကြိမ်ရောက်ရှိခြင်း။အခုမှကျိုက်ထိုကိုရောက်ဖူးတယ်ဆိုပေမဲ့ ကျနော်အတွက်ကတော့ ကိုယ့် ဒေသကိုယ့်မွန်ပြည်နယ်မို့ နွေးထွေးမှုရှိနေသလို။

ကျိုက်ထိုကနေ ကျိုက်ထီးရိုးတောင်ခြေသွားရာလမ်းတစ်လျှောက်ကတော့ တောတွေတောင်တွေ အစိမ်းတွေနဲ့ မြို့ပြမှာ ညိုနေညစ်နေတဲ့ စိတ်တွေတောင် အလိုလိုစိမ်းလို့။တောင်ခြေကားဂိတ်ရောက်ရင်ပဲ လူလမ်းကြောင်းအတိုင်း နည်းနည်းလျှောက်လိုက်တဲ့အခါ ရှုပ်ထွေးနေတဲ့ တောင်ပေါ်ကားဂိတ်ကို ရောက်တယ်။

ကျနော်တို့ ဘုရားဖူးပရိသတ်ကြီးက ကျိုက်ထီးရိုးတောင်ကြီး မကြာမီ ထွက်ပြေးတော့မယ့်အတိုင်း အလုအယက်ကို တိုးဝှေ့လို့ရယ်။အလှည့်ကျ တန်းစီတက်ရတယ်ဆိုပေမဲ့ အလှည့်မကျဘဲ တက်နေသူတွေလည်း မနည်း။ ကားတွေက လူတော်တော်ဆံ့ပြီး အင်ဂျာပါဝါကောင်းလှတဲ့ တောင်တက် စပါယ်ရှယ်ကားကြီးတွေရယ် တဲ့။

အဆင်းတွေ အတက်တွေ တံတောင်ဆစ်ချိုးတွေ ဂငယ်ကွေ့တွေ သည်းထိတ်ရင်ဖိုတွေနဲ့ ရှေ့လည်းမကြည့်ရဲ၊ဝဲတွေယာတွေကို ဖြတ်ခနဲကြည့်မိပြန်ရင်လည်း ချောက်နက်ကြီးတွေမို့ မျက်လုံးကို မြန်မြန်ပြန်လွှဲလိုက် ရတာချည်း။ ကားဆရာတွေက နေ့စဉ် တက်လိုက်ဆင်းလိုက်မို့ လမ်းကြောကို သိပြီးသား၊ဘယ်ကွေ့မှာ ဘယ်ဂီယာထိုးရမယ်ဆိုတာ အလွတ်ရပြီးသားမှန်းသိပေမဲ့ သိတာကသိတာ ကြောက်တာကကြောက်ရတာပါပဲ။

ပြီးတော့ ကားဆရာတွေက ဘယ်လောက်ပဲ ဒီလမ်းကိုအတိမ်းအစောင်းမရှိ ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်နိုင်တာမှန်ပေမဲ့ ဒီလမ်းတွေက safety ဘယ်လောက်ဖြစ်တဲ့လမ်းလဲ ဆိုတာကိုတော့ မလွဲမသွေမေးခွန်း ထုတ်ရမယ်လို့ ထင်တယ်။ဒါပေမဲ့၊ဒီလမ်းကိုဖောက်ပြီး ဒီလမ်းပေါ်မောင်းနေတာကြာပြီမို့ ဒီလမ်းဟာ သက်ဆိုင်ရာဌာနတွေက safety ဖြစ်တဲ့လမ်းလို့ သတ်မှတ်ထားတဲ့ပုံ။ထားတော့။

တောင်တက်ကားလမ်းပေါ်လာပြီးတဲ့နောက် ကျိုက်ထီးရိုးတောင်တက်ခြင်းအရသာပျက်ကာ အချိန်ကုန်သက်သာတယ်ဆိုတဲ့ ကားတွေနဲ့ချည်း တက်ကြတော့တယ်။တောင်ပေါ်ကားဂိတ်ရောက်၊တောင်ပေါ်ဂိတ် ကနေ ဘုရားသို့သွားရာ လမ်းတစ်လျှောက် ထမင်းဆိုင်တွေက ဆိုင်မှာထမင်းစား တည်းခိုလို့လည်းရတယ်လို့ ဆိုပေမဲ့ ကျပ်လွန်းမယ်ထင်လို့ မတည်းဖြစ်။တည်းခိုခန်းတစ်ခုရောက်မှ ၆ယောက်စု ပြုံအိပ်နိုင်တဲ့ ဈေးကြီးကြီး အိပ်ခန်းတစ်ခန်းဌားလိုက်တယ်။အခန်းထဲမှာ ဖျာ၊ခေါင်းအုံး၊စောင်နဲ့ ပန်ကာတစ်လုံးကလွဲ ဘာမှမရှိ၊ပြတင်းပေါက်ဆိုတာလည်းမရှိ အလုံပိတ်။ကျနော့်ဘဝတစ်သက်တာ တစ်ခါမှမတည်းခဲ့ဖူးတဲ့ တည်းခိုးခန်းအမျိုးအစား။အခန်းထဲအထုပ်အပိုးတွေထားလို့ရတယ်ဆိုရုံ၊ဖြစ်သလို အိပ်လို့ရတယ်ဆိုရုံ။

ဘယ်လိုပဲဖြစ်ဖြစ် ထမင်းဆိုင်ထက်စာရင် ဘုရားရင်ပြင်မှာ အိပ်တာထက်စာရင် မဆိုးလှပါဘူးဆိုတဲ့ အတွေးနဲ့ ဒီတစ်ညတော့ဖြစ်သလိုပေါ့လို့ ဖေါ့လိုက်ရတယ်။အိမ်သာကလည်းအများသုံး၊ရေချိုးတာကျတော့ ရေချိုးကန်ကြီးပတ်လည် လူတွေတဝုန်းဝုန်း။ဒါပေမဲ့ ရေတစ်ခွက် လောင်းချပြီးတဲ့အချိန်မှာ အဆင်မပြေတဲ့အခန်းကြောင့် နောက်ကျိနေတဲ့စိတ်တွေ အလိုလိုလန်းသွားတယ်။

ကျနော့်ဘဝတစ်သက်တာ အခုလောက် အေးစိမ့်နေတဲ့ရေ တစ်ခါမှမချိုးခဲ့ဖူး။ရေခဲရေအေးသလို အေးနေတာမျိုးမဟုတ်။ဆောင်းတွင်းဘက်ရေ အေးနေတာမျိုးလည်းမဟုတ်။ရင်ထဲထိ စိမ့်ဝင်လာတဲ့အအေး မျိုး။ရေချိုးတာရပ်ရမှာကို မရပ်ချင်တဲ့အထိ စိမ့်နေသော။

ညနေစောင်းတော့ ဘဝတစ်သက်တာ အမြဲလိုလိုမြင်ဖူးနေကျ ကျိူက်ထီးရိုးစေတီကို အနီးကပ်ဖူးမျှော်။ကျိုက်ထီးရိုးရင်ပြင်ပေါ် ခဲနေတဲ့လူတွေကြား လပ်နေတဲ့နေရာမှာ ကိုယ့်အုပ်စုနဲ့ကိုယ် ထိုင်ချ၊ရောက်တတ် ရာရာ။ ငယ်သေးတဲ့သားကတော့ ရင်ပြင်ပေါ်ပတ်ပြေးလိုက်၊ ကျွမ်းထိုးလိုက်။ ရင်ပြင်တော်ခပ်အေးအေးလေးမှာ စိတ်လွတ်ကိုယ်လွတ် တော်တော်ကြာထိုင်ပြီးတဲ့နောက် ဗိုက်ဆာလာပြီဆိုမှ ထမင်းဆိုင်သွားစား ကြ တယ်။

ပိတ်လှောင်နေတဲ့ တည်းခိုခန်းထဲ ဘယ်သူမှမဝင်ချင်ကြသေးတာကြောင့် တည်းခိုခန်းအနီးဝန်းကျင်၊ လမ်းလျှောက်လိုက်၊ထိုင်လိုက်နဲ့ ည၉နာရီကို တော်တော်စွန်းမှ အလုံပတ်အခန်းထဲ ဝင်ကြ။ကျနော်တို့မိသားစု က၃ယောက်၊မိန်းမရဲ့ညီမလင်မယားနဲ့ နောက်ထပ်မိန်းမရဲ့ညီမ အပျိုကြီးတစ်ယောက်နဲ့မို့ အိပ်ရတာအဆင်မပြေလှ။

ကျနော်က ညဘက်ကြီး ရေနှစ်ခါ ထပ်ချိုးရုံတင်မက နောက်နေ့မနက်မှာ၃ခါ။နောက်တစ်ရက် မနက် နောက်တစ်ကြိမ်ဘုရားထပ်ဖူးပြီးနောက် ကျိုက်ထီးရိုးနာမည်ကျော် ထန်းလျက်ရည်မုန့်လက်ဆောင်းကို ၃ခွက်မော့ချလိုက်တယ်။ထန်းလျက်ရည်ထဲ အုန်းသီးအဖတ်လေးစားရတာက တစ်မျိုးတစ်ဘာသာ။

ကြောက်ကြောက်လန့်လန့်နဲ့ စီးရတဲ့ကား တောင်အောက်ရောက်ပြီးတဲ့နောက် ကင်ပွန်းစခန်း တောင်ခြေက ဈေးတန်းလေးကို သတိထားမိ။ကျိုက်ထီးရိုးအပြန်လက်ဆောင် ဘာလေးညာလေး သွက်သွက်ဝယ်ပြီးနောက် လက်မှတ်ဖြတ်ထားပြီးသား သထုံ-ရန်ကုန်ကားကိုမှီဖို့ ကျိုက်ထိုမြို့ထဲကို သုတ်သုတ်နှင်ရတယ်။

သထုံ-ရန်ကုန်ကကားက အဝေးပြေးလေအိတ်ကားဆိုပေမဲ့ နှစ်လရှည်ကြာ မပြင်မဆင်နဲ့ ဖြစ်သလို သုံးနေတဲ့ ကားမို့ ဘယ်လိုမှအဆင်မပြေ။အဲကွန်းကားဆိုပေမဲ့အဲကွန်းမဖွင့်၊ဘယ်လိုမှမတန်။ကားလိုင်းနာမည် ကိုကြည့်ကာ နောက်တစ်ခါ ဘယ်တော့မှမစီးဘူးလို့ ပိုင်းဖြတ်မိတဲ့အထိ။

ကျိုက်ထီးရိုးသွားတာပျော်သလားဆိုတော့ မိသားစုနဲ့မို့ ပျော်တော့ပျော်တာပေါ့။ရေချိုးရတာအပျော်ဆုံးလို့ဆိုရင် ပိုမှန်မလား။ဒီနေ့ထိတိုင် ကျိုက်ထီးရိုးခရီးအကြောင်းတွေးမိတိုင်း ကျိုက်ထီးရိုးမှာချိုးခဲ့တဲ့ရေကို သတိရမိတာချည်း။

 ငြိမ်းဆက်