【 ဆောင်းပါး 】“ ကိုယ့်ပေါ်ပြုဖူးသူ့ကျေးဇူး”

【 ဆောင်းပါး 】“ ကိုယ့်ပေါ်ပြုဖူးသူ့ကျေးဇူး”

လူ့ဘဝတစ်ခုကိုမွေးဖွားခြင်းမှစသည်ဖြစ်သဖြင့် တစ်နည်းအားဖြင့် မွေးဖွားပေးခဲ့သောမိဘ ကျေးဇူးမှ စတင်ခဲ့သည်ဟုဆိုနိုင် ပေသည်။ ထို့ကြောင့်လည်း ‘မြင်းမိုရ်တောင်ဦး မကကျူးသည့် ကျေး ဇူးကြီးလှ မိနှင့်ဘ’ ဟုဆိုစမှတ်ပြုခဲ့ခြင်းဖြစ်သည်။ရေမြေ တောတောင်တွေဘယ်လိုဝေးလို့ လူမျိုးဘာသာတွေဘယ်လို ကွာခြားကြသော်လည်း မိဘကျေးဇူးကို အထူးအသိအမှတ်ပြု အလေးထားကြသည်ကတော့ သိပ်မကွာခြားလှပေ။

ထို့အပြင် မိဘမဟုတ်ဘဲ အခြားတစ်ယောက်ယောက်က ကိုယ့်အပေါ်ပြုပေးခဲ့ဖူးသည့် ကျေးဇူးတရားကိုလည်း အသိအမှတ် ပြုကြသည်။ တတ်နိုင်သမျှ ကျေးဇူးကိုတုံ့ပြန်တတ်ကြသည်။လမ်းမသိလို့ လမ်းညွှန်ပြ ပေးသူကိုခေါင်းလေးကိုယ်လေး သိသိသာသာ သို့မဟုတ်မသိမသာ လေးစားသမှုပြုပြီး ကျေးဇူးပါဟုဆိုကာ တစ်ဖက်သား၏ကူညီမှုကိုအသိအမှတ်ပြုပေးလေ့ရှိကြသည်။

ဂျပန်လူမျိုးများ၏အပြုအမူကိုသတိထားမိသည်။ ဦးခေါင်းနှင့်ဒူးခေါင်းထိမတတ် ခါးကိုညွတ်လိုက်ပြီးမှ အာရိဂတ်တော ဟုကျေးဇူးကိုအသိ အမှတ်ပြုပုံမှာ ရင်ထဲထိအောင်ကျေနပ်ပီတိဖြစ်စေ၏။ အမေရိကန် ဥရောပ နှင့်နိုင်ငံတော်တော်များများတွင်လည်း thank you ဟူသောကျေးဇူးကိုအသိအမှတ်ပြုသည့်အသံလေးတွေက မဟာဂီတသံထက်ပင်သာယာနာပျော်ဖွယ်ဖြစ်ပြီး လက်ခံရသူ အတွက်တော့ မဟာပီတိပါပဲ။

သို့သော် လူချင်းတူပြီး အသက်ရှူချင်းမတူဆိုတာလို ကိုယ့်ပေါ်ပြုဖူးသည့်သူ့ကျေးဇူးကို အသိအမှတ်မပြုရုံမက အထူးကျေးဇူးကန်းသည့်သူများလည်းရှိနေပြန်သည်။ ထိုသူများကတော့ လူသဏ္ဌာန် နှင့်လူမဆန်သူများ လို့ပြောရမည်ထင်သည်။

ကျေးဇူးကန်းတတ်သူများကိုယ်စား ငါးရာ့ငါးဆယ်ဝတ္ထု သစ္စံကိရဇာတ်မှ တိရစ္ဆာန်လောက်ပင် ကျေးဇူး မသိတတ်သော ဒုဋ္ဌကုမာရ မင်းသား၏ မိုက်မဲမှုအကြောင်းပြောချင်ပါသည်။

ဗာရာဏသီပြည်၏ဘုရင်ဗြဟ္မဒတ်မင်းကြီးတွင် ဒုဋ္ဌကုမာရမည်သောသားတော်တစ်ပါးရှိသည်။ ထိုမင်းသားသည် အလွန်စရိုက်ကြမ်းသည်။ မဆဲမဆို မငေါက်မငန်း မပုတ်မခတ်ဘဲ စကားမပြောတတ်ချေ။ သူ့ကို ဘုရင့်သားဖြစ်နေ၍ ဘာမှပြန်မပြောရဲသော်လည်း အမှုထမ်းအားလုံးက မုန်းတီးနေကြ၏။ တစ်နေ့တွင် သူသည် ရံရွှေတော်များနှင့်အတူ ရေကစားရန်မြစ်ဆိပ်သို့သွားသည်။ ထိုအချိန်တွင် ကောင်းကင်တစ်ပြင်လုံးမိုးတွေ မှောင်မည်းပြီး မိုးများသည်းထန်စွာရွာချသည်။

မင်းသားနှင့် သူ့အစေအပါးများသည် ရေကစားကြရင်း မြစ်လယ်အထိရောက်လာ၏။သူ့ကိုမုန်းတီးနေသောအစေအပါးများသည် အချင်းချင်းတိုင်ပင်ကာ မိုးတွေသည်းပြီး မည်းမှောင်နေသောအခြေအနေကို အခွင့်ကောင်းယူကာ မင်းသားကိုမြစ်ရေစီးကြောင်းအတိုင်းမျှောလိုက်ကြလေသည်။

မင်းသားသည်ကြောက်လန့်တကြားအော်ဟစ်ငိုကြွေးရင်း သစ်တုံးတစ်တုံးမျောနေသည်ကို တွေ့၍ လှမ်းဆွဲကာ ဖက်တွယ်ထားလိုက်သည်။ တစ်ချိန်တည်းမှာပဲ လေဒဏ်မိုးဒဏ်ကြောင့် ဒုက္ခရောက်နေကြသော မြွေ ကြွက်နှင့် ကျေးသားတို့သည်လည်း ထိုသစ်တုံးတစ်ခုတည်းမှာပင် နားခိုရင်း ရှိနေကြသည်။

မြစ်ကွေ့ရှိသစ်ရွက်မိုးကျောင်းငယ်လေးမှာနေသောဘုရားလောင်းရသေ့သည် မင်းသား၏ဟစ်အော်ငိုကြွေးသံကြောင့် မြစ်လယ်သို့လှမ်းကြည့်လိုက်ရာ သစ်တုံးတစ်တုံးကိုဖက်တွယ်ထားသော မင်းသားကိုတွေ့ရသည်။ ထို့ကြောင့် မင်းသားကိုကယ်တင်ရန် မြစ်လယ်သို့ကူးခပ်သွားသည်။ သစ်တုံးဆီ သို့ရောက်သောအခါ မင်းသားနှင့်အတူ မြွေ ကြွက် ကျေးသားတို့ကိုပါတွေ့လိုက်ရသည်။ သူတို့အားလုံးကိုကယ်တင်ရန် သစ်တုံးကိုလှမ်းဆွဲကာ ကမ်းဘက်ဆီသို့ပြန်ကူးခတ်လာခဲ့သည်။

ကမ်းစပ်သို့ရောက်သောအခါ ရေတွေစိုရွှဲလာသောသူတို့ကို ခြောက်သွေ့သွားစေရန် မီးဖိုဖို၍ မီးလှုံစေသည်။ အားနည်းသော တိရစ္ဆာန်သုံးကောင်ကိုရှေ့မှာထား၍ မင်းသားကိုနောက်မှာထား၏။ ထိုအခါ တိရစ္ဆာန်တွေကိုဦးစားပေးပြီး သူ့ကိုဦးစားမပေးရကောင်းလားဟု မင်းသားက ရသေ့ကို မကျေမနပ်ဖြစ်မိသည်။

အစာကျွေးသောအခါ၌လည်း ရသေ့က အားနည်းသောတိရစ္ဆာန်သုံးကောင်ကို အရင်ကျွေးသည်။ ထို့ကြောင့်မင်းသားက သူ့ကိုတော့ဦးစားမပေးဘဲ ဘာမဟုတ်သည့်တိရစ္ဆာန်တွေကို ဦးစားပေးရပါမည်လားဟု ရသေ့အပေါ်ထပ်မံ၍အငြိုးထားပြန်သည်။

ရက်အနည်းငယ်ကြာပြီးနောက် သူတို့လေးဦးလုံး နေကောင်းပြီးအားအင်တွေပြန်လည်ပြည့်ဖြိုးလာပြီဖြင့်သဖြင့် နေရပ်အသီးသီးသို့ပြန်ရန်ပြင်ဆင်ကြသည်။ တကယ်တော့ မြွေနှင့်ကြွက်တို့သည်လူ့ ဘဝမှာရှိစဉ်က သူဌေးကြီးများဖြစ်ပြီး သေခါနီးဥစ္စာပစ္စည်းများကို စွဲလမ်းမိသောကြောင့် သူတို့မြေမှာ မြှုပ်ထားသောဥစ္စာပစ္စည်းများကိုစောင့်ရှောက်ရသောမြွေနှင့်ကြွက်အသီးသီးဖြစ်ခဲ့ရသည်။

ထို့ကြောင့်သူတို့က ရသေ့ကို သူတို့ပိုင်ဆိုင်သောဥစ္စာများနှင့်ကျေးဇူးဆပ်လိုကြောင်း သူတို့ ဆီသို့ဆက်ဆက်လာခဲ့ပါရန်ပြောသည်။ ကျေးသားကလည်း ကျေးဇူးဆပ်လိုသဖြင့် သူရှိရာသို့လာရောက်လျှင် သူတို့ဆွေမျိုးများစုဆောင်းထားရှိသော စပါးများကောက်ပဲသီးနှံများကို လက်ဆောင်အဖြစ်ပေးလိုကြောင်းပြောသည်။ မင်းသားကတော့ရသေ့ကိုကျေးဇူးမတင်သည့်အပြင် မကျေနပ် နေသူဖြစ်သည်။ သို့သော်လည်း အမြင်လည်းကောင်းပြီး တကယ်သူ့ဆီလာလျှင်လည်း ကလဲ့စားချေနိုင်ရန်အတွက် သူ့တိုင်းပြည်ကိုလာခဲ့လျှင် ရသေ့ကို ပစ္စည်းလေးပါးဒါယကာအဖြစ် ကိုးကွယ်စောင့်ရှောက်ပါမည်ဟုပြောသည်။ သို့နှင့်အသီးသီး ရသေ့ကိုနှုတ်ဆက်ပြီးပြန်သွားကြလေသည်။

အချိန်အတော်ကြာပြီးနောက် တစ်နေ့တွင် ရသေ့သည်ခရီးထွက်ခဲ့သည်။ မြွေ ကြွက်နှင့် ကျေးသားတို့ထံသို့ အစဉ်အတိုင်းဝင်သွားရာ အားလုံးက ရသေ့ကိုဝမ်းသာအားရကြိုဆိုကြသည်။ သူတို့ ကတိအတိုင်းလည်း ရသေ့ကိုကျေးဇူးဆပ်ကြမည်လုပ်ရာ ရသေ့က လိုအပ်မှလာယူပါမည်ဟုပြောပြီး ဗာရာဏသီပြည်သို့ဆက်လက်လာခဲ့သည်။

ထိုအချိန်တွင် ဗာရာဏသီပြည်ကို ဒုဋ္ဌကုမာရမင်းသားက ဘုရင်အဖြစ်အုပ်ချုပ်နေပြီဖြစ်သည်။ ဒုဋ္ဌကုမာရကဆင်စီးပြီးမြို့ကိုလှည့်လည်နေစဉ် မြို့တွင်းသို့ ဆွမ်းခံကြွလာသောရသေ့ကိုမြင်ကာ မှတ်မိသွားသည်။ ရသေ့က သူ့ဆီကိုစားသောက်လိုလို့ရောက်လာသည်ဟုတွေးကာ ရသေ့အပေါ်မကျေနပ်မှုများက အသစ်ခံစားရသလိုဖြစ်လာသည်။ ရသေ့က သူ့ကိုကူညီဖူးတာကို အခြားသူများသိသွားမှာလည်းစိုးရိမ်သွားသည်။ ထို့ကြောင့်ရသေ့က သူ့အကြောင်းမပြောပြမီ ရသေ့ကိုသတ်ပစ်ရန်ကြံမိသည်။

ချက်ချင်းပင်သူ၏အမှုထမ်းများကို ရသေ့ယုတ်အားဖမ်းဆီးကာ သုဿာန်သို့ခေါ်ဆောင်သွားပြီး ကိုယ်ကိုတံကျင်လျှို၍ ခေါင်းဖြတ်သတ်ရန်အမိန့်ပေးလိုက်လေသည်။ မင်းမှုထမ်းများက အမိန့် အတိုင်း ရသေ့ကြီးကိုဖမ်းဆီးရိုက်နှက်ပြီး သုဿာန်သို့သယ်ဆောင်ကြသည်။ ရသေ့သည် သူ့ကို ဘယ်လောက်နှိပ်စက်နှိပ်စက် အခြားစကားတစ်ခွန်းမှမဆိုဘဲ ‘မြစ်ထဲမှာမျောလာသော သစ်တုံး ကို ဆယ်ခြင်းသည်မြတ်ပြီး ကျေးဇူးမသိတတ်သော လူယုတ်မာယောင်္ကျားကို ဆယ်ယူခြင်းသည်မမြတ်ဟူသော ပညာရှိတို့စကားသည်မှန်လှပေသည်’ ဟုအဓိပ္ပါယ်ရသော ဓမ္မတေးကိုသာ အဖန်ဖန်ရွတ်ဆို လေသည်။

စတင်ဖမ်းဆီးခံရချိန်မှစ၍ ထပ်ခါတလဲလဲရွတ်ဆိုနေသော ဓမ္မတေးကြောင့် လူအများကအံ့သြ နေကြသည်။ တချို့သောအတွေးအခေါ်အမြော်အမြင်ရှိသူများက ဦးဆောင်ကာ ရသေ့ကို ဇွတ်အတင်း မေးကြသောအခါ ရသေ့ကဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်တော့သည်။

ထိုအခါလူအများက ‘ကိုယ့်အသက်ကိုကယ်တင်ခဲ့သူ၏ ကျေးဇူးကိုမသိတတ်သည့်အပြင် ကျေးဇူးရှင်ကိုပင်သတ်ရန်အားထုတ်သည့် လူယုတ်မာဘုရင်၏ အုပ်ချုပ်မှုအောက်မှာနေခြင်းဖြင့် ငါတို့ အကျိုး စီးပွားတိုးတက်မှာမဟုတ်’ ဟုဆိုကာ ဝိုင်းဝန်းဖမ်းဆီးရိုက်ပုတ်ကြသဖြင့် ဒုဋ္ဌကုမာရလည်းသေဆုံးသွားတော့သည်။ အားလုံးက ရသေ့ကိုတရားနှင့်အညီအုပ်ချုပ်မည့်သူအဖြစ် ဝိုင်းဝန်းတောင်းပန်ကာ ဘုရင် အဖြစ်တင်မြှောက်လိုက်ကြတော့သည်။

သူ့အသက်ကို ကယ်တင်ပေးသောကျေးဇူးတရားသည် ဆပ်လို့မကုန်အောင် တန်ဖိုးရှိသည်ကို အနည်းငယ်မျှပင် အသိအမှတ်မပြုနိုင်သည်အထိ ငါဘုရင့်သားဟူသော ဒုဋ္ဌကုမာရ၏မာန်မာနက တားဆီးထားခဲ့သည်။ ထို့ကြောင့်လည်း အသက်သခင်ကျေးဇူးရှင်ကို ပြန်သတ်ရန်ကြံစည်သည်အထိ ကျေးဇူးကန်းခဲ့ခြင်းဖြစ်သည်။

တကယ်ဆိုရင် တစ်ချိန်ကမိမိအခက်အခဲရှိနေချိန် အသက်အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် အချိန်မှာ မိမိ၏အခက်အခဲကို ဖြေရှင်းပေးခဲ့သူ မိမိ၏အသက်ကိုကယ်တင်ပေးခဲ့သူသည် မိမိအတွက် အရေးအကြီးဆုံးသူတွေထဲမှာပါပါသည်။ တော်ရုံလောက်နှင့် ထိုကျေးဇူးကို ပြန်ဆပ်ရန်လွယ်ကူမည် မဟုတ်ပါ။

ကျေးဇူးဆိုတာ တန်ဖိုးညှိလို့ပင်မရသော အရာဖြစ်သည်။ ဥပမာ လွန်ခဲ့သောဆယ်နှစ်က ချေးယူခဲ့သော ငွေတစ်သိန်းကို ယခုပြန်ဆပ်လိုက်သည်ဆိုပါစို့။ ငွေကြေးပမာဏအားဖြင့် တစ်သိန်းချင်းတူနေသည့်အတွက် ကြေပြီပြောလို့ရသော်လည်း တကယ်စဉ်းစားကြည့်လျှင် ကြေပြီပြောလို့မရပါ။ မိမိအခက်အခဲရှိချိန်က ထိုငွေတစ်သိန်းမရလျှင် မိမိဘာဖြစ်နိုင်သလဲ။ ငွေတစ်သိန်းရလို့ မိမိဘယ်လိုစိတ်ပေါ့ပါး သွားသလဲ။ တစ်ဖက်သားက ထိုငွေတစ်သိန်းကို ဘယ်လိုအခြေအနေတွေကြားထဲက ကူညီပေးလိုက်ရတာလဲ။ ငွေအရေအတွက်ချင်းတူသော်လည်း အခြေအနေတွေ အချိန်အခါတွေ အခက်အခဲတွေ ခံစားမှုတွေက တန်ဖိုးဖြတ်လို့ မရနိုင်သော အရာတွေပါ။

ထိုသို့ တွေးတတ်ရင် တွေးတတ်သလောက် တန်ဖိုးမဖြတ်နိုင်သော ကျေးဇူးတရားဆိုတာကို မဆပ်ဖြစ်သည့်တိုင် ကျေးဇူးမကန်းသင့်မှန်းတော့သိမှဖြစ်ပါမည်။

ထို့ကြောင့်လည်း ဘုရားရှင်က သုံးဆယ့်ရှစ်ဖြာမင်္ဂလာ တရားတော်ထဲတွင် ‘ကိုယ့်ပေါ်ပြုဖူး သည့် သူ့ကျေးဇူးကို အထူးသိတတ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်’ ဟုဟောကြားခဲ့ခြင်းဖြစ်သည်။

                                                                                                           

 ရိုက်မောင်း