【 ဆောင်းပါး 】“ စကားတည်ခြင်းက ”

【 ဆောင်းပါး 】“ စကားတည်ခြင်းက ”

လောကတွင် စကားတည်ခြင်းက အရာရာကို အောင်နိုင်သည်ဟု ငယ်စဉ်က ဆရာတစ်ဦးကဆိုခဲ့သည်။ ထိုစဉ်က ငယ်သေးသဖြင့် စကားတည်ခြင်းမှာ ဘာကို ဆိုလိုသလဲဆိုသည်ကို မသိသလို ကတိတည်ခြင်းနှင့် စကား တည်ခြင်းကို သိပ်မကွဲပြားခဲ့ပေ။ နောင်အသက်အရွယ်အထိုက်အလျှောက်ရလာသည့် အခါ ကတိတည်ခြင်းမှာ ကိုယ်က ပေးရသည့် စောင်းထိန်းရခြင်းဖြစ်ပြီး စကားတည်ခြင်းမှာ နေ့စဉ်ကိုယ်ပြောနေသည့် စကားအတိုင်း ကျင့်ကြံနေထိုင်ရခြင်း၊ ပြောစကားအတိုင်း မျှတအောင်နေရခြင်းအထိ ကျယ်ပြန့်လာကြောင်းသိလာရသည်။   
 
ဆိုကြပါစို့..။ စကား၀ိုင်းတစ်ခုတွင် ကိုယ်က “ကျနော်က မနက်ဆို အစောကြီးထလမ်းလျှောက်တယ်ဗျ။ ပြီးရင် ဘုရားကိုဝင်ပြီး သန့်ရှင်းရေးလုပ်တယ်ဗျ”ဟု ဆိုလျှင် ထိုအတိုင်းလုပ်မှသာ ဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတွေနှင့် တစ်ရပ်တည်းနေလေ့ရှိသဖြင့် ကိုယ်ဒီလိုလုပ်မှန်းမလုပ်မှန်း လူတိုင်းသိနိုင်ပြီး မလုပ်ဘဲ ပြောသည်ဖြစ်ပါက အပြောသမားအဖြစ် မြင်ကြမှာ ကဲ့ရဲ့ကြမှာ ဖြစ်သည်။ 
 
ဒါက ဘာမှ မဟုတ်သည့် လူနေထိုင်မှုတစ်ခုသာဖြစ်သည်။ အလုပ်နှင့်ဆိုင်သည့်နေထိုင်မှုဖြစ်ပါက အဘယ်မျှတာသွားမည်ကို မြင်သိရမည် ဖြစ်သည်။ “ကျနော်က လာဘ်လာဘ်ယူတာကို မုန်းတာဗျ၊ အချိန်နောက် ကျတာ ကို မုန်းတာဗျ “ဆိုလျှင် ကိုယ်က ဒီလိုမလုပ်ဘဲ တလွဲလုပ်နေပါက “ဒီလူက ပြောတော့သာ တရားတရား လက်က ကားယား”ဆိုပြီး ကဲ့ရဲ့ကြမည် ဖြစ်သည်။
 
ကတိဆိုသည်မှာ လုပ်ငန်းတစ်ခု ၊ ပြင်ရမည့် အလေ့အကျင့်အတွက်၊ စောင့်ထိန်းရမည့် စာရိတ္တဆိုင်ရာ များတွင် လူတွေက တခြားသူယုံကြည်စေရန် မိမိ၏ စောင့်ထိန်းလိုက်နာဆောင်ရွက်မည်ကို ကတိအဖြစ် ပေးကြခြင်းဖြစ်သည်။ ယခုခေတ်တွင် ထင်ရှားသည့် သူဌေးကြီးတစ်ဦးက သူဘ၀အကြောင်းကို ပြန်ပြောင်းပြောရာတွင် တစ်ခုတည်းသော တိုးတက်မှုရှာရာလမ်းအဖြစ် ကတိတည်ခြင်းနှင့် စကားတည်ခြင်းကို အထူးပြုပြောခဲ့သည်ကို တွေ့ရသည်။ 
 
လူတိုင်း စကားကို လွယ်လွယ်ပြောကြသည်။စကားလွယ်လွယ်ပြောကြခြင်းကြောင့် အလုပ်များလွယ်လွယ် နှင့် မပြီးမြောက်သည်ကိုတွေ့ရသည်။ ဆိုရဦးအံ့။ကတိမတည် စကားမတည်သော လက်သမားဆရာနှင့် ကတိတည်သော လက်သမားဆရာတွင် ဘယ်သူက အလုပ်မပြတ်လဲဆိုသည်ကို ထင်ထင်ရှားရှားမြင်နိုင်မည်ဖြစ်သည်။ ကျနော်အိမ်တွင် ခုံလေးတစ်ခုရိုက်ရန်အတွက် လက်သမားဆရာတစ်ဦးကို လက်ဘက်ရည်ဆိုင်တွင် ခေါ်ခဲ့သည်။ ထိုလက်သမားဆရာမှာ လက်ဘက်ရည်ဆိုင်တွင် ယခုဘဲ လိုက်လာမည်၊မကြာခင်ဘဲရောက်တော့မည် ပုံစံ ပြောကာ တစ်ရက်မှ နှစ်ရက်၊ နှစ်ရက်မှ တစ်ပတ်ကြာသည်အထိ ရောက်မလာခဲ့။ ထို့ကြောင့် တခြား လက်သမား ဆရာကိုခေါ်ခိုင်းရသည်။ ထိုခေါ်ခိုင်းသည့်လက်သမားဆရာက စိတ်ကျေနပ်သည်အထိ လက်ရာကောင်းသလို ကျကျနနလည်း လုပ်ပေးသဖြင့် ထိုလက်သမားဆရာဖုန်းနံပါတ်ကို ယူထားလိုက်သည်။ 
 
နောက်ရက်အနည်းငယ်ကြာသည့်အခါ မိတ်ဆွေတစ်ဦးက သူ့ဝယ်ထားသည့်ခြံတွင် ပျဉ်ထောင်အိမ် ကလေးတစ်လုံး ဆောက်ချင်သဖြင့် အသိစိတ်ချရသည့် လက်သမားဆရာရှိလားဟု အကူအညီတောင်းသည့်အခါ ထိုလက်သမားဆရာနှင့် ချိတ်ပေးလိုက်သည်။ထိုအခါ ပထမ အသိလက်သမားဆရာက သူကို မချိတ်ပေးသဖြင့် ကျနော်ကို ယခုထိ စကားမပြောနိုင်မဆိုနိုင် ဖြစ်လေသည်။ 
 
ကျနော်အဖို့ သိကျွမ်းသည်ဆိုကာနှင့် စကားမတည်သည့်သူတစ်ယောက်ကို အလုပ်ခိုင်းလောက်အောင် အသိမမဲ့ပါ။ နောက်တစ်ခုက အိမ်ဆောက်သည်ဆိုရာတွင် စကားမတည်သည့်လူနှင့် အိမ်ဆောက်မိပါက ဘယ်လောက်ထိ ထိခိုက်သည်ကို ကျနော် ခံစားရဖူးသည်။ လွန်ခဲ့သော ၁၀ နှစ်ကျော်က ကျနော်အိမ်ကို သင်္ကြန်တွင်း ပြင်ဆောက်ရန် လက်သမားတစ်ဦးကို ပုတ်ပြတ်ငှားခဲ့သည်။ မဆောက်ခင်ကတည်းက ကျနော်အိမ်ကိုပြပြီး လုပ် နိုင်မလုပ်နိုင်မေးခဲ့သည်။ သူက အလွယ်ဘဲ သင်္ကြန်တွင်းပြီးသည်ဆိုကာ အိမ်ကို ပြင်သည်။ ကျနော်မှာ မိသားစုကို ဆွေမျိုးတစ်ဦးအိမ်ပို့ပြီး အိမ်ပြင်သူတွေကို လက်ဘက်ရည်ချိန်လက်ဘက်ရည်၊ ထမင်းချိန် ထမင်း ၊ညနေ အရက် သောက်တတ်သဖြင့် အရက်ဖိုးကို သပ်သပ်ပေးခဲ့သည်။ 
 
သင်္ကြန်တွင်း ၄ ရက်မြောက် အတက်နေ့တွင် ပင်ပန်းလို့ ဆိုကာ မလာဘဲ ရပ်ကွက်တွင်းရှိ တခြားအိမ်ကို သွားဆောက်ကြသည်။ ကျနော်မှာ အိမ်တန်းလန်းနှင့် မလာ မလာသဖြင့် စုံစမ်းရာ လုပ်ခတွက်ခြေမကိုက်သဖြင့် မ လာတော့တာဟု သိရသည်။ စောစောကတည်းက စျေးကိုပြောပြီးဖြစ်ကာ တွက်ခြေမကိုက်ပါက စျေးညှိနှိုင်းသော်လည်း တခြားသူရသွားမှာစိုးသဖြင့် အတင်းယူကာ အိမ်တန်းလန်းဖြင့် ကျနော်မှာ ဒုက္ခရောက်ရသည်။ တခြားသူ တစ်ဦးကို အားချင်းရှာပြီး သူတို့ကိုပေးရန်ကျန်သည့်ငွေနှင့်ထပ်စိုက်ပြီး အိမ်ကိုပြီးအောင်ဆောက်ရသည်။ ထိုအတွေ့အကြုံက ကျနော်ကို သိကျွမ်းခင်မင်သောသူများထက် တကယ်စိတ်ချရသောသူများနှင့်သာ လက်တွဲ အလုပ် လုပ်ရန် သင်ပေးလိုက်သည့် အသိတရားဖြစ်သည်။ 
 
ထိုသို့သော အဖြစ်တွေကို လက်တွေ့ပြင်ပတွင် လူတိုင်းတွေ့ဖူး ကြံဖူးကြမည် ဖြစ်သည်။အိမ်တိုက်ခန်း ဝယ်ဖို့ စျေးဆိုင်ပြီးကာမှ အခြားသူကို ရောင်းလိုက်သည့်အဖြစ်မျိုး၊ အလုပ်အတွက်အရေးကြီးကာမှ မလာသဖြင့် အားလုံး၀ရုန်းသုန်းကားဖြစ်ကာ ပွဲပျက်ရသည့် အဖြစ်မျိုး၊ကြွေးယူပြီးကာမှ ပြန်မဆပ်သဖြင့် အာမခံပေးသူနှင့် ငွေချေးငှားပေးသူတို့ ဆုံးရှုံးရတာမျိုးတွေ အထိက စကားမတည်ခြင်း ကတိမတည်ခြင်းကြောင့် ဖြစ်သည် အဖြစ် တွေ ဖြစ်သည်။ မိသားစုတွေထဲတွင်လည်း ကတိမတည်သူတစ်ယောက်ပါလာပါကအားလုံး ဒုက္ခရောက်ကြရသည်။လုပ်ငန်းအဖွဲ့အစည်းဆိုလျှင် ဘယ်လောက် ဒုက္ခရောက်မည်ဆိုသည်ကို နှိုင်းယှဉ်ချင့်ချိန်သင့်ရုံနှင့် သိနိုင်မည် ဖြစ်သည်။   
 
ထိုသို့ ကတိမတည်သူကြောင့် ခံရသူတွင်သာ အကျိုးယုတ်ရသည်မဟုတ်။ ပြုလုပ်သူ စကားမတည်သူ၊ ကတိမတည်သူတွင်လည်း အကျိုးယုတ်ရသည်။ ထိုသူနှင့်မဖြစ်လို့သာ လက်တွဲလုပ်ကြရသည်။ ဘယ်အရာမှ မယုံရဲသည့်အခြေအနေဖြစ်သည်။ ယနေ့ခေတ်တွင် စကားမတည်ခြင်း၊ ကတိမတည်ခြင်းက အဖွဲ့အစည်းတွေကို ဦးဆောင်သည့် လူတွေ တွင်ပါ များလာနေပြီ ဖြစ်သည်။ နိုင်ငံတကာတွင်လည်း မကြာသေးသည့်နှစ်များက အမေရိကန်သမ္မတအဖြစ်တာဝန်ယူခဲ့သည့် ဒေါ်နယ်ထရမ့်မှာ ထိုသို့ ပြောချင်ရာပြော  လုပ်ချင်ရာလုပ်သဖြင့် နိုင်ငံတကာ က မလေးစားသည့် ပထမဆုံး အမေရိကန်သမ္မတဖြစ်ခဲ့သည်။ ထိုအကျိုးဆက်က နောက်သူနေရာကို ဆက်ခံသည့် သမ္မတမှာ နိုင်ငံတကာက အမေရိကန်ကို ယုံကြည်ရန် ယခုထိ ကြိုးစားနေရခြင်းပင် ဖြစ်လေသည်။
 
ထရမ့်ကိုအားကျသူများက စကားမတည်တာကို အယုံသွင်းခြင်းအဖြစ် မာယာ အဖြစ် ချီးကျူးကြသည်။ ကျနော်အမြင်ကတော့ ထိုသို့ ပြောတာတစ်မျိုးလုပ်တော့ တစ်မျိုး လုပ်သည့် နိုင်ငံခေါင်းဆောင်မျိုးနှင့် ဘယ်လို အလုပ်လုပ်လို့ရမလဲဆိုတာ တွေးလို့ပင်မရ။ ယနေ့ ပွဲစားများတွင် ယခုကဲ့သို့ ပြောချင်တာပြော လုပ်ချင်တာ လုပ်ကြသည့် စိတ်ဖြင့် စကားအမျိုးမျိုးပြောကြသည်ကိုတွေ့ရသည်။ တာဝန်ယူမှုတာဝန်ခံမှုဖြင့်လုပ်ကိုင်ရသည့် လူမှုပတ်ဝန်းကျင်တွင် ထိုကဲ့သို့ စကားအမျိုးမျိုးပြောတတ်သည့်လူတွေ၊ အရပ်သုံးစကားဖြင့် ဆိုရလျှင် စကားပြော ‘ဖာ’ကျတတ်သည့်သူတွေကို ရှောင်ကြသည်။ မထားကြ။ဒါကြောင့် အကျင့်စာရိတ္တကောင်းမကောင်းဆိုသည်ကို ထောက်ခံချက်ဖြင့် ယခင်က မြို့မိမြို့ဖတွေဆီကနေ တောင်းကျခြင်းဖြစ်သည်။ 
 
စကားတည်ခြင်းမတည်ခြင်းဆိုသည်က ယနေ့ခတ်တွက် အရေးမကြီးဟု သတ်မှတ်သည်ဆိုလျှင် ယောင်္ကျားကောင်း မိန်းမကောင်း တစ်ဦး၏ စရိုက်လက္ခဏာထဲ စကားတည်ခြင်းက ပါနေသည်ကို သိဖို့ လိုပါသည်။  
 
 
 ဖြိုးဝေလှ