【 ဆောင်းပါး 】“ စိတ်ဓာတ်တက်ကြွစေခြင်း ”

【 ဆောင်းပါး 】“ စိတ်ဓာတ်တက်ကြွစေခြင်း ”

လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်းများသည် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပါသည်။ လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ နေ့စဉ်အလုပ်တွေမှာ ဘယ်လောက်အင်အားစိုက်ထုတ်လုပ်ကိုင်ရ မယ်ဆိုတာကို စဉ်းစားကြလေ့ လုပ်ကိုင်ဆောင်ရွက်ကြလေ့ရှိပါတယ်။ ဝန်ထမ်းတွေမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်လုပ်ကိုင်နိုင်ဖို့အတွက် မန်နေဂျာများမှာလွှမ်းမိုးနိုင်တဲ့ အခြေအနေများအခွင့်အလမ်းများရှိနေပါတယ်။ ဝန်ထမ်းတွေ မှန်ကန်စွာဆုံးဖြတ်နိုင်ဖို့၊ ဒီအလုပ်တွေပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ဝန်ထမ်းတွေ စိတ်ဓာတ်တက်ကြွလာအောင်၊ စိတ်ခွန်အားရရှိလာအောင် လှုံ့ခေတ်ပေးဖို့ မန်နေဂျာများမှာ တာဝန်ရှိကြပါတယ်။ Motivate လုပ်ပေးဖို့လိုအပ်ပါတယ်။

Motivation ဆိုတာ ရည်မှန်းချက်ပန်းတိုင်ကို ရှေ့ရှုတဲ့အပြုအမူများ ဆောင်ရွက်ချက်များကို အစပျိုးတဲ့၊ လမ်းညွှန်တဲ့ ထိန်းသိမ်းတဲ့ ဖြစ်စဉ်ကိုဆိုလိုပါတယ်။ Motivation မှာ ပြုမူဆောင်ရွက်ချက်များကို ဖြစ်စေတဲ့ ဇီဝ ကမ္မဆိုင်ရာ၊စိတ်ခံစားမှုဆိုင်ရာ၊ လူမှုရေးရာနှင့် အသိဉာဏ်ပိုင်းဆိုင်ရာတွန်းအားများပါဝင်ပါတယ်။ တကယ်တော့ Motivationဆိုရာမှာ-လူတွေဘာကြောင့် အလုပ်တွေလုပ်ဖြစ်ဖို့ အင်အားတွေ၊စိတ်ဓာတ်တွေရလဲဆိုတဲ့ အကြောင်းအချက်တွေကို ညွှန်းဆိုယုံမျှသာမဟုတ်။ ရည်မှန်းချက်ပန်းတိုင်ကို ရှေ့ရှုတဲ့ လမ်းညွှန်မှုများ ထိန်းသိမ်းနိုင်မှုများလည်း ပါဝင်ပါတယ်။

မည်သူမဆိုကိုယ့်မှာ ရည်ရွယ်ချက်ပန်းတိုင်ရှိတယ်။ အောင်မြင်ချင်တယ်ဆိုရင် ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားပြီးရှည်ကြာစွာတည်မြဲတဲ့ မဆုတ်မနစ်သော ဇွဲနဲ့ ပြင်းပြင်းထန်ထန်ကြိုးစားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ကောက်ရိုးမီးလို ဟုန်းကနဲ့ တစ်ခဏတောက်လောင်ပြီး ငြိမ်းသွားတာမျိုးနဲ့ မလုံလောက်ပါဘူး။ ရှားမီးလိုပူပြီး ဖွဲမီးလို တငွေ့ငွေ့လောင်ကျွမ်းနေဖို့လိုအပ်ပါတယ်။ Motivation  မှာလည်း တစ်ခဏလေး ဟုန်းက နဲ့ တောက်ပြီးပြန်ငြိမ်းသွားတဲ့ ကောက်ရိုးမီးလို စိတ်တက်ကြွမှုမျိုးကို မဆိုလိုပါ။ရည်မှန်းချက်ပန်းတိုင်ရောက်ရှိ အောင်မြင်သည်အထိ ရှည်ကြာစွဲမြဲစွာခံတဲ့ တက်ကြွမှုမျိုးကိုသာ ဆိုလိုပါတယ်။ Motivation မှာ အဓိကကျတဲ့ အစိတ်အပိုင်းသုံးရပ်ပါဝင်ပါတယ်။

(၁) သွက်လက်ဖျတ်လတ်မှု (Activation)၊

(၂)မဆုတ်မနစ်သောဇွဲ (Persistence)နဲ့

(၃)ပြင်းပြင်းထန်ထန် အားသွန်ခွန်စိုက်ဆောင်ရွက်မှု (Intensity)တို့ဖြစ်ပါတယ်။

လူအများစုမှာ-သူတို့ရဲ့စိတ်စွမ်းအား (Willpower)နဲ့ စိတ်ဓာတ်တက်ကြွမှု (Motivation)တို့သည် တသမတ်တည်းမဟုတ်ဘဲ အတက်အကျတွေဖြစ်ပေါ်လေ့ရှိပါတယ်။ တစ်ခါတရံမှာ စိတ်အားတွေ အလွန်အမင်း ထက်သန်နေပြီး တစ်ခါတရံမှာ ဘာမှကို လုပ်ချင်ကိုင်ချင်စိတ်မရှိတော့လောက်အောင် စိတ်ဓာတ်တွေ ကျသွားတာမျိုး ကြုံဖူးကြမှာပါ။ Motivation နည်းနေပြီလို့ ကိုယ့်ကိုယ်ကိုယ် ခံစားနေပြီဆိုရင် လုပ်ဆောင်သင့်တဲ့ အချက်လေးတွေရှိပါတယ်။

(၁) ကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းတိုင်ကို ကိုယ်တကယ်ဖြစ်ချင်တဲ့အရာတွေအပေါ်မှာ အာရုံစိုက်ဆောင်ရွက်နိုင်ဖို့ သင့်တော်အောင်ပြုပြင်ဖို့လိုအပ်ပါတယ်။ (Adjustment )

(၂)အလွန်ကြီးမားတဲ့ ကိစ္စရပ်များကို ဆောင်ရွက်နေရပြီး မနိုင်ဝန်ထမ်းနေရလျှင် အလုပ်ကိစ္စများကို အပိုင်းငယ်များဖြစ်အောင် ခွဲပြီး တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ဖို့လိုပါတယ်။

(၃) ဒီလိုဆောင်ရွက်ပြီး ကိုယ့်ရဲ့ယုံကြည်မှုကို တိုးစေရပါမယ်။ ( Improve your confidence )

(၄)အတိတ်ကမိမိရဲ့အောင်မြင်မှုများကို ပြန်လည်မြင်ယောင်ပါ။ကိုယ့်ရဲ့အားသာချက်တွေ ဘယ်မှာရှိသလဲ ပြန်လည်မြင်ယောင်ရှာဖွေသုံးသပ်ပါ။

(၅) ကိုယ်မပိုင်နိုင်တဲ့၊မကျွမ်းကျင်တဲ့ ကိစ္စရပ်တွေရှိတယ်။ လို့ခံစားရရင် ကြိုစားပြီးဖြည့်ဆည်းပါ။ တိုးတက်အောင်လုပ်ပါ။တဖြည်းဖြည်းနဲ့ မိမိကိုယ်ကို ယုံကြည်မှုများပိုမိုရရှိလာမှာဖြစ်ပါတယ်။

(၆)အချိန်တိုအတွင်းမှာ မပြီးလို့ (ဒါမမဟုတ်)တစ်ခါတည်းနဲ့မပြီးပြတ်လို့ စိတ်ဓာတ်မကျပါနဲ့။ ကိုယ်သွားချင်ရောက်ချင်တဲ့ရည်ရွယ်ချက်ပန်းတိုင်ရောက်ရှိအောင်မြင်ဖို့ အချိန်ပေးရတယ်ဆိုတာကို သတိပြုပါ။အားတင်းပါ။

(၇)အခြားသူတစ်ယောက်အတွက် အဆင်ပြေသွားတဲ့နည်းလမ်းသည် သင့်အတွက်အသုံးတည့်ချင်မှတည့်မှာပါ။ အံဝင်ခွင်ကျဖြစ်ချင်မှ ဖြစ်မှာပါ။ ဒီအတွက်လည်းစိတ်မညစ်ပါနဲ့။ သင့်အတွက် ပိုကောင်းတဲ့နည်းလမ်းတွေရှိပါတယ်။ ကြိုးစားရှာဖွေဖို့ပဲလိုပါတယ်။ စိတ်ရှည်ဇွဲသန်ဖို့လိုအပ်ပါတယ်။

မန်နေဂျာတစ်ဦးအနေနဲ့ မိမိရည်မှန်းချက်တွေ၊အဖွဲ့အစည်းရဲ့ရည်မှန်းချက်တွေ ပြည့်ဝအောင်မြင်ဖို့အတွက် ဝန်ထမ်းတွေစိတ်ဓာတ်တက်ကြွလာအောင် အားပေးလှုံ့ဆော်တိုက်တွန်းဆောင်ရွက်စေဖို့ လိုအပ်ပါ တယ်။ ထူးချွန်ထက်မြတ်တဲ့ မန်နေဂျာတစ်ဦးအနေနဲ့ မိမိဝန်ထမ်းတွေကို ထူးချွန်ထက်မြတ်တဲ့ စွမ်းဆောင်ချက်များ အတွက် အသိအမှတ်ပြုပေးဖို့၊စိန်ခေါ်မှုရှိတဲ့အလုပ်တွေဖြစ်ဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ ခေါ်ယူပါဝင်ဆွေးနွေးခွင့်ပြုဖို့နဲ့ ပုဂ္ဂိုလ်ရေးရာ၊ လူမှုရေးရာကိစ္စတွေမှာ ပူပန်ကြောင်း၊ အလေးထား ကြောင်းပြသပေးဖို့လိုအပ်ပါတယ်။

မန်နေဂျာတစ်ဦးအနေနဲ့ မိမိဦးဆောင်ကွပ်ကဲနေရတဲ့ အဖွဲ့အစည်းတွေမှာ မိမိဝန်ထမ်းတွေ သူတို့စွမ်းနိုင်သမျှ အကောင်းဆုံးဆောင်ရွက်လုပ်ကိုင်ကြဖို့ ဘယ်အရာတွေက သူတို့ကိုတွန်းအားဖြစ်ပေါ်စေသလဲဆိုတာကို နားလည်ထားဖို့လိုအပ်ပါတယ်။ အမေရိကန်စိတ်ပညာရှင် Abahammaslow ကသူရဲ့ Maslow’s Hierarchy of Needs Theory မှာ-“လူတိုင်းမှာ လိုအပ်ချက်နဲ့စပ်လျဉ်းပြီး အဆင့်ငါးဆင့်တိုးတက်ဖြစ်ပေါ်လေ့ရှိတယ်။ အဆင့်တစ်ဆင့်ရဲ့ လိုအင်ပြည့်ဝကျေနပ်သွားပြီဆိုရင် နောက်တစ်ဆင့်လိုအင်ကို တိုးတက်ဖြစ်ပေါ်လေ့ ရှိတယ်လို့ဆိုပါတယ်။ လိုအင်တွေကို ပိရမစ်ပုံနဲ့ ဖော်ပြထားပြီး လိုအင်တို့သည် တစ်ခုနှင့်တစ်ခု Overlap ဖြစ်နိုင်သော်လည်း ပိရမစ်အောက်ခြေရှိ လိုအင်များသည် ဦးစွာဖြစ်ပေါ်ပြီးမှသာ အပေါ်လိုအင်များတိုးတက် ဖြစ်ပေါ်လေ့ရှိ ပါတယ်။”

(၁) ဇီဝကမ္မလိုအင် (Physiological Needs ) အခြေခံအကျဆုံးလိုအင်ဖြစ်ပါတယ်။ အသက်ရှင်ရပ်တည်ဖို့အတွက် လိုအပ်တဲ့လိုအင်များဖြစ်ပါတယ်။ အစားအသောက်၊အဝတ်အထည်၊နေစရာအိမ်တိုက်ခန်းစသည်များဖြစ်ပါတယ်။

(၂) လုံခြုံမှုလိုအင် (Safety Needs)

စားဝတ်နေမှုဆိုတဲ့ ဇီဝကမ္မလိုအင်များဖြစ်ပေါ်လာလေ့ရှိပါတယ်။ အလုပ်အကိုင်အတွက် အာမခံချက်ရချင်တာ။ ဘေးကင်းလုံခြုံချင်တာ။ အလုပ်၊တည်မြဲချင်တာ။ ကျန်းမာရေးခံစားခွင့်တွေရချင်တာ စတဲ့လိုအင်များဖြစ်ပါတယ်။

(၃) လူမှုလိုအင်( Social Needs )

လုံခြုံမှုလိုအင်တွေ ပြည့်ဝသွားပြီဆိုရင်တော့ လူမှုလိုအင်များတိုးတက်ဖြစ်ပေါ်လာလေ့ရှိပါတယ်။ လူဆိုတာ လူမှုသတ္တဝါဖြစ်လေတော့ လူမှုလိုအင်တွေဟာ အရေးကြီးလာပါတော့တယ်။ မိတ်တွေအပေါင်း အသင်း၊လူဝင်ဆန့်မှု၊ ချစ်ခြင်းမေတ္တာ၊ဆက်ဆံရေးကောင်းမွန်မှု၊ ကုမ္ပဏီရဲ့လူမှုရေးလှုပ်ရှားမှုတွေမှာ ပါဝင်ချင်လာတာစတဲ့ လိုအင်များဖြစ်ပါတယ်။

(၄)ဂုဏ်သိက္ခာလိုအင် (Esteem Needs)

လူမှုလိုအင်တွေ ပြည့်ဝသွားပြီဆိုရင်တော့ ဂုဏ်သိက္ခာလိုအင်များ၊ဖြစ်ပေါ်လာလေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားတာ။ အလေးစားခံချင်တာ။ အသိအမှတ်ပြုတာ၊ အများကိုလေးစားတာ။ရာထူးတိုးတာ စတဲ့ လိုအင်များ ဖြစ်ပါတယ်။

(၅) အတ္တဖြည့်လိုအင်(Self-actualization Needs)

အထက်ဖော်ပြပါ လိုအင်များ ဖြည့်ဆည်းပြည့်ဝသွားတဲ့လူများမှာ အတ္တဖြည့်လိုအင်များဖြစ်ပေါ်လာလေ့ရှိပါတယ်။ အဆိုပါပုဂ္ဂိုလ်များမှာ “ ငါတို့ကတော့ ဘဝမှာ ရှိသင့်ရှိထိုက်တာ၊ပြည့်စုံသင့်တာလေးတွေ ပြည့်ဝနေပြီ ဒီတော့ လုပ်သင့်လုပ်ထိုက်တာလေးတွေလုပ်ပေးခဲ့မယ်”ဆိုတဲ့ ခံစားမှုမျိုး ရှိတတ်ကြပါတယ်။ ကိုယ်သိထားတတ်ထားတဲ့ အရာတွေကျွမ်းကျင်တာတွေကို အိတ်သွန်ဖာမှောက် ထုတ်သုံးလေ့မျှဝေလေ့ရှိပါတယ်။ တီထွင်ဖန်တီးတတ် ကြပါတယ်။ လူမှုအကျိုးပြုတွေ၊ ပရဟိတတွေ လုပ်ဆောင်လိုတဲ့ လိုအင်များဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်နဲ့ လိုအင်တွေဟာ မတူနိုင်ပါဘူး။ဘယ်သူကတော့ ဘယ်အဆင့်ဘယ်အတိုင်းအတာမှာရှိတယ် ဘာဆိုရင်သူနဲ့ ပိုအဆင်ပြေနိုင်တယ်စသည်ဖြင့် “ အနာနဲ့ဆေး ” တည့်အောင်ပေးဖို့လိုအပ်ပါလိမ့်မယ်။ မက်လုံးတွေပေးဆောင်ရွက်ကြရပါတယ်။

လူတစ်ယောက်ကောင်းကောင်းအလုပ်လုပ်ခြင်း မလုပ်ခြင်းမှာရှုမြင်ရမယ့်ကဏ္ဍနှစ်ရပ်ရှိပါတယ်။ အဲဒီ ကဏ္ဍနှစ်ရပ်က စွမ်းဆောင်နိုင်စွမ်း (Ability)နဲ့စိတ်ဓာတ်တက်ကြွမှု (Motivation)တို့ဖြစ်ပါတယ်။ စိတ်ဆောင်နိုင်စွမ်းကြောင့်လား၊ စိတ်ဓာတ်တက်ကြွမှုမရှိလို့လား စသည်ဖြင့်ခွဲခြားသိလို့ရပါတယ်။ စွမ်းဆောင်နိုင်စွမ်းဆိုတာ ပင်ကိုယ်စွမ်းရည် (Aptitude )၊လေ့ကျင့်ပျိုးထောင်မှု (Training )၊နဲ့စွမ်းအားအရင်း အမြစ် (Resources) တို့ရဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ စိတ်ဓာတ်တက်ကြွမှု(Motivation)ဆိုတာစိတ်ဆန္ဒ(Desire)နဲ့ကတိကဝတ်ပြုဆောင်ရွက်မှု (Commitment ) တို့ရဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ရလဒ်ကောင်းရဖို့ စွမ်းဆောင်ရည်တွေမြင့်တက်ဖို့ဆိုတာ ဒီအချက် တွေအားလုံးပြည့်စုံဖို့လိုပါတယ်။

ဝန်ထမ်းတစ်ဦး၊ လူတစ်ယောက်ရလဒ်တွေမကောင်းဘူး စွမ်းဆောင်ရည်ညံ့ဖျင်းနေတယ်ဆိုရင် ဆန်းစစ်ရမှာက “စွမ်းဆောင်နိုင်စွမ်း(Ability)မရှိလို့လား။ Motivation မရှိလို့လား” ဆိုတာကို အရင်ဆန်းစစ်ရမှာပါ။ Motivation နည်းလမ်းတွေသည် စွမ်းဆောင်ရည်ကိုတိုးတက်စေ နိုင်သော်လည်း ပြဿနာသည် စွမ်းဆောင်နိုင်စွမ်း (Ability)မရှိသော ပြဿနာဖြစ်ပါက Motivation နည်းလမ်း များသည်အနာနဲ့ ဆေးကိုက်မည် မဟုတ်ပါ။ သင်တန်းပေးခြင်း၊နည်းပြလမ်းညွှန်ခြင်း၊အရင်းအမြစ်များ ပိုမိုဖြည့်ဆည်းပေးခြင်းများကသာ အလုပ်ဖြစ်နိုင်ပေသည်။ ဒါမှမဟုတ် ၎င်းနှင့်သင့်တော်မည့် အခြားအလုပ်တစ်ခုခုကို ပြောင်းလဲတာဝန်ပေး ခြင်းက ပိုမိုအလုပ်ဖြစ်နိုင်ပါတယ်။

အောင်မြင်မှုများ တိုးတက်မှုများအတွက် ဆုချီးမြှင့်ခြင်း၊အသိအမှတ်ပြုခြင်းသည် စိတ်အားတက်ကြွစေသော နည်းလမ်းများဖြစ်ပါတယ်။ မှန်ကန်သောဆောင်ရွက်ချက်များအတွက် အသိအမှတ်ပြုတာ ဂုဏ်ပြု ချီးကျုးပေးတာသည် နောက်နောင် မှန်မှန်ကန်ကန်ဆက်လက်ဆောင်ရွက်ဖို့ မက်လုံးပေးတာ၊ တွန်းအားပေး ဆောင်ရွက်စေတာဖြစ်ပါတယ်။ ဆုချီးမြှင့်ခြင်း(Reward) မှာဗဟိန္ဓ (Extrinsic) နဲ့အဇ္ဈတ္တ (Intrinsic) ဆိုပြီးနှစ်မျိုးရှိပါ တယ်။အများစုကတော့ ချီးကျူးအမွှန်းတင်တာ၊ လစာတိုးတာ၊ ရာထူးတိုးတာစတဲ့  Extrinsic rewards ကို ပိုကြိုက်ကြပါတယ်။အချို့ကတော့ ကိုယ့်လုပ်ရပ်ကိုယ့်အောင်မြင်မှုအတွက် ကိုယ့်ရင်တွင်းကလာတဲ့ ခံစားမှုပီတိကို ပိုမိုမက်မောကြတာ  (Intrinsic Rewards) လည်းရှိပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ သဘောသဘာဝနဲ့ လိုအပ်ချက်တွေကို သိရှိနားလည်ပြီး Motivate လုပ်ပေးရမှာဖြစ်ပါတယ်။

သုတေသနရလဒ်တစ်ခုရဲ့ အဆိုအရ -ငွေကြေးကြောင့်စိတ်ဓာတ်တက်ကြွမှုဖြစ်သူ ၂၅ % ရှိနေချိန်မှာ အဓိပ္ပာယ်ရှိတဲ့အလုပ်တစ်ခုကိုလုပ်နေကြရလို့ စိတ်ဓာတ်တက်ကြွသူဦးရေဟာ ၂၉%ရှိတယ်လို့ဆိုပါတယ်။ ဒါဟာ ဖွံ့ဖြိုးပြီးနိုင်ငံများမှာလုပ်တဲ့ သုတေသနရလဒ်ဖြစ်ပါတယ်။စာရေးသူတို့ နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံများမှာ သုတေသန လုပ်ရင်တော့ ရလဒ်အဖြေဟာ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်။ မည်သို့ဆိုစေ အနာနဲ့ ဆေးတည့်အောင် ပေးလျှက်ဝန်ထမ်းများ စိတ်ဓာတ်တက်ကြွရွှင်လန်းပြီး ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ကြလျှက် လုပ်ငန်းများတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ရပါတယ်။

မှူးခန့်စံ

Photo Credit: Smile To Learn