【 ဆောင်းပါး 】“ စိတ်ရင်းစိတ်မှန် နည်းလာကြတဲ့ အခါ”

【 ဆောင်းပါး 】“  စိတ်ရင်းစိတ်မှန် နည်းလာကြတဲ့ အခါ ”  

ရပ်ကွက်ထဲမှာလည်း ညဘက်ကိစ္စရှိပြီဆိုရင် ထွက်ဖို့ တော်တော်လေးစဉ်းစားရပါတယ်။ လမ်းပေါ်ရောက် လို့ ကြည့်လိုက်ရင် အရာရာဟာ စိတ်ပျက်စရာပါ။ အရက်သမားတွေ၊ ရန်လိုတဲ့သူတွေနဲ့ လိုအပ်ချက်တစ်ခုအတွက် သားကောင်ရှာနေသူတွေကို  မတွေ့ချင်အဆုံးပါ။ညဘက် တစ်ချို့ရက်တွေမှာ ရန်ကုန်မြို့ကိုအလျား လိုက်ဖြတ် သလို တောင်ဒဂုံကနေ ကိုယ်နေရာဒေသကိုပြန်လာတဲ့ အခါ လမ်းတစ်လျှောက် အိမ်ရောက်ဖို့ ဘုရားတနေရတဲ့ အထိ လုံခြုံမှုက စိတ်ပျက်စရာပါ။

အရင်ကတည်းက  ကိုယ်စာသင်တဲ့နေရာတွေဖြစ်တဲ့ ဆင်ခြေဖုံးမြို့သစ်တွေမှာ မကြာခဏဆိုသလို  ရန်တွေဖြစ်ကြလို့ ရန်ပွဲဆိုတာ ကိုယ့်အတွက် သိပ်မရိုးဆန်းတဲ့ မြင်ကွင်းပါဘဲ။ အဲဒီတုန်းကဆိုရင် စာသင်ရင်း ကွမ်းတစ်ယာလောက်ဝါးမယ်ဆိုပြီး ကွမ်းဝယ်နေတုန်း ကွမ်းယာလာဝယ်တဲ့ သူနဲ့ ဘေးကလူတစ်ယောက်စကားများ ရန်ဖြစ်ကြ ရိုက်ကြနှက်ကြလို့ လွတ်အောင်မနည်းပြေးခဲ့ရတာတွေလည်း ရှိပါတယ်။တစ်ခါတလေ ငွေရေးကြေးရေးကိစ္စကနေ မိန်းမချင်းထသတ်ကြလို့ လမ်းဆက်မသွား့လောက်တဲ့ အခြေအနေမျိုးလည်း တွေ့ခဲ့ရဘူးပါတယ်။

ဒီလိုဖြစ်တဲ့ အခါတိုင်း ဝင်ဆွဲမယ့်သူ၊ ဟန့်တားမယ့်သူဆိုတာ အတော်လေးကို ရှားပါတယ်။စဉ်းစားကြည့်ရင် ကျနော်တို့ ပတ်ဝန်းကျင်မှာ ရန်ဖြစ်တာကို ဝင်ဆွဲမယ့်သူတွေ ၊ဝင်ဖျန်ဖြေမယ့်သူတွေ ၊မသင့်တော်ရင် ဝင်တားမယ့်သူတွေ မရှိတော့တာ အတော်ကိုကြာနေပါလားဆိုတာ အဲဒီကတည်းက တွေးခဲ့ဖူးပါတယ်။ ဒါဟာ တိုးတက်ဖွံ့ ဖြိုးမှုနဲ့ ဆိုင်လား မဆိုင်လားဆိုတာ ကျနော်မတွေးမိပါဘူး။ သေချာတာကတော့ ကျနော်တို့ဘ၀တွေ မလုံခြုံတော့တာပါဘဲ။ ဒီလို ညနေဝင်ရီတရော တောင်ဒဂုံလို နေရာကနေ လှိုင်သာယာကို ပြန်ရတဲ့အခါ ရှည်လျားတဲ့ လမ်းခရီးက ကျနော့်ကို စိုးရိမ်စေသလို အိမ်သားတွေအတွက်လည်း ပူပန်စိတ်ဖြစ်စေပါတယ်။ ဆိုရရင် ကျနော်တို့ အိမ်အပြန်ခရီးဟာ မလုံခြုံမှုတွေကြောင့် ပိုရှည်လျားနေခဲ့တာကိုပါဘဲ။

မရောက်တာကြာတဲ့ တောင်ဒဂုံဘက်ကို ဟိုတလောက ကိစ္စရှိလို့ ရောက်မိပါတယ်။ တပည့်တစ်ယောက်ရဲ့ အဖေလည်းဖြစ်၊ကိုယ်နဲ့လည်း မိတ်ဆွေရင်းလို ဆက်ဆံရေးရှိတဲ့ အသိဖြစ်သူ ရောဂါနဲ့ဆုံးသွားတဲ့အတွက် တင်းမေးအဖြစ် သွားခဲ့တာပါ။ ဟိုရောက်တော့ မဆုံတာကြာပြီဖြစ်တဲ့ တပည့်တွေ အသိမိတ်ဆွေတွေနဲ့လည်း တွေ့ လို့ အချိန်အတော်လေးလင့်သွားတဲ့အတွက်  အပြန်မှာ ကားငှားရတဲ့အထိပါဘဲ။ တပည့်တွေက ကားငှားပေးလို့ ကားပေါ်ရောက်တဲ့အခါ ကားသမားက လမ်းကြောလည်းရှည်တဲ့အတွက် ခရီးသည်ထက်တင်ချင်ကြောင်း စကားစလာပါတယ်။ ဒါပေမယ့်  ကျနော်က သူတောင်းတဲ့ တက္ကစီခအပြည့်ပေးရမှာဖြစ်တဲ့အတွက် တင်ဖို့ အဆင်မပြေကြောင်း ပြောရာကနေ သူက လမ်းတစ်လျှောက်လုံး ခရီးသည်ကို တက္ကစီသမားက ဘယ်တုန်းက ဘာလုပ်တာ ဆိုတဲ့ စကားမျိုးတွေ၊ သူရပ်ကွက်ထဲမှာ ဘယ်လိုမိုက်တာတွေ စတာကို တောက်လျှောက်ပြောခဲ့ရာမှာ လှိုင်သာယာ ရောက်တဲ့အထိပါဘဲ။

ကျနော်အတွက်တော့ သတ္တိရှိတာမဟုတ်ပေမယ့် သူစကားကို အလေးလည်းမထားသလို ကိုယ်ဘာသာ သတိနဲ့အင်းမလုပ် အဲမလုပ် နားထောင်ရုံသာ နားထောင်နေလို့ နောက်တော့ စကားပြတ်သွားပြီး ကားကို အရှိန် ပြင်းပြင်းနဲ့မောင်းပြီး ကားသမားလုပ်သမျှ ခံနေရတဲ့ အဖြစ်ကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။ လမ်းတစ်လျှောက်လုံး ကျနော် စဉ်းစားနေတာက  လူတွေ ဘာဖြစ်လို့ စိတ်တွေက မတော်မတရားအခွင့်အရေးလိုချင်နေကြတာ ၊မရရင် ရန်လုပ်ချင်ကြတာကိုပါ။ ခေတ်စနစ် ပြောင်းလဲလာမှုနဲ့ အတူ လူတွေရဲ့ အကျင့်စာရိတ္တနဲ့ အတွေးအခေါ် က တက်လာရမယ့်အစား ပိုနိမ့်ကျလာနေပါလားဆိုတာ စိတ်မသက်မသာ တွေးမိလိုက်ပါတယ်။ လူတွေ ဘာကြောင့် ကူညီကျဖို့အစား အနိုင်ကျင့်ဖို့ တွေးနေကြတာလဲ ဘာကြောင့် ကူညီစောင့်မခြင်းအစား အခွင့်အရေး ယူအမြတ်ထုတ်ဖို့ စဉ်းစားနေကြတာလဲ ဆိုတာ တွေးမိတိုင်း စိတ်ပျက်စရာပါ။

ကိုယ်နဲ့ မအပ်စပ်တာကို ယူချင်တဲ့စိတ်ကို မရှိဖို့ ဆိုတာ ငယ်စဉ်ကတည်းက ကောင်းမွန်တဲ့ ပြုစုပျိုးထောင်မှု ရှိဖို့ သာမက အဝန်း၀ိုင်းကလည်း အကျင့်စာရိတ္တကို ကိုးကွယ်တဲ့ အဝန်း၀ိုင်းမျိုးလိုသည်။ ယနေ့ခေတ် ကိုယ်နှင့်မဆိုင်သည့်နေရာကို ဝင်လုနေတာ၊ ကိုယ်မရသင့်သည့်အခွင့်အရေးကိုလုယူတာ၊ကိုယ်နှင့်မအပ်စပ်သည့် နေရာကို ယူကြတာက အခြေခံအားဖြင့် ကောင်းမွန်သည့် လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်ကောင်းကို မရရှိခဲ့မှုကြောင့်ဖြစ်သည်။ ဆိုလိုချင်သည်က ရပ်ထဲရွာထဲ ကြည်ညိုလေးစားရသည့် စံပြပုဂ္ဂိုလ်များ လွဲမှားစွာ တည်ရှိမှုကြောင့်ပင်။                 

ကျနော်တို့ ငယ်စဉ်က ရပ်ရွာက လေးစားတဲ့လူတွေကို ကြည့်မယ်ဆိုရင် မူးယစ်သေစာ သောက်စား ရောင်းဝယ်တဲ့ သူ၊ သူတစ်ပါး သားမယားဖျက်ဆီးပစ်မှားတာ၊ဇိမ်ခံထောင်စားတာ၊ လူအချင်းချင်းခေါင်းပုံဖြတ်တာ လောင်းကစားအလုပ်တွေ လုပ်ကိုင်စားသောက်တာ၊ငွေတိုးချစားတာ၊ နှိပ်စက်သတ်ဖြတ်တာစတဲ့ ကံငါးပါးကို မကျူးလွန်ဘဲ လုံအောင်ထိန်းတဲ့ သူတွေ ဖြစ်ကြတာကို တွေ့ရတာများပါတယ်။

ထိုသို့သောလူထဲက ရပ်ထဲ ရွာထဲ မတော်တရော်မြင်တဲ့ အခါ၊ မသင့်တော်တာမြင်တဲ့အခါ၊ မလုပ်သင့်တာ ကို လုပ်တဲ့အခါ ဝင်ရောက်ပြောဆိုတားမြစ်ရင် လူတွေက ကြောက်ကြ၊ရှောင်ကြဉ်ကြပါ တယ်။လူကြီးဆိုသူ တွေကလည်း တရားမျှတအောင် နေထိုင်လုပ်ကိုင်ကြပါတယ်။ရပ်ရွာတွေမှ ဒီလိုလေးစားဖွယ်ကောင်းတဲ့သူတွေ ရှိသလို ရပ်ရွာက ကိုးကွယ်တဲ့ ဘုန်းတော်ကြီးတွေကလည်း ရပ်ထဲရွာထဲ သြဇာညောင်းကြတဲ့အထိ သီလ၊သမာဓိ၊ သိက္ခာပိုင်းက မှတ်ကျောက်တင်ခံဝံ့တဲ့ အထိ ကင်းစင်ကြပါတယ်။ ဒီလို ဖြူစင်ကြတဲ့အတွက် ရပ်ထဲ ရွာထဲ အရက်သမားတွေ၊လောင်းကစားသမားတွေ၊ မဟုတ်တာလုပ်တဲ့သူတွေဆိုရင် ရပ်ထဲရွာထဲ မနေဝံ့ဘဲ ရွာပြင် ထွက် နေထိုင်ရတဲ့အထိ မြန်မာလူ့ဘောင်အဖွဲ့ အစည်းက တော်တော်လေး အချင်းချင်းစောင့် ရှောက်ဖေးမမှု အားကြီးခဲ့ ပါတယ်။ဒီလိုအားကောင်းတဲ့ အတွက် ဖိုးအေတွေ၊ ဦးလေး ဘကြီးတွေ၊ဖအေတွေ၊အစ်ကိုတွေက မြေး၊တူမ၊ သမီး၊နှမကို အဓမ္မကျင့် တာမျိုးစက်ဆုပ်အော့နှလုံးနာဖွယ် ကိစ္စတွေ မကြားရသလောက်ဖြစ်သလို အဓမ္မကျင့်တဲ့ သူရော၊မိသားစုဝင်တွေအားလုံးကိုပါ ရပ်ရွာက ဖယ်ကျဉ်ကျတဲ့ အထိ မြန်မာလူ့အဖွဲအစည်းရဲ့ ဒဏ်ခတ်မှုက ပြင်းထန်ခဲ့ပါတယ်။

အဓိကပြောချင်တာက တစ်ဦးနှင့်တစ်ဦးစောင့်ရှောက်မှု တရားထွန်းကားခဲ့တာကိုပါ။အဲ့ဒီကောင်းမွန်တဲ့ ထုံးတမ်းဓလေ့က ဘယ်အချိန်မှာ လုံးဝပျောက်ကွယ်သွားလဲ၊ဘယ်အချိန်က စပျောက်သွားလဲ၊ပျောက်ကွယ် သွားတဲ့ အတွက် ဘယ်လို ဆိုးကျိုးတွေ ဖြစ်ထွန်းလာသလဲ ဆိုတာ သေချာ စဉ်းစားသုံးသပ်တွက်ချက်ကြည့်ရင် စိတ်ဝင်စားစရာကောင်းသလို ဝမ်းနည်းဖို့လည်းကောင်း ယူကျူံးမရ ဖြစ်ဖို့လည်းကောင်းပါတယ်။

ယခုခဏခဏကြားနေရပါတယ်။ လမ်းလယ်မှာ လုတာ၊ လူကုန်ကူးတာ၊ပြည်တန်ဆာအဖြစ် ခိုင်းစေခံရတာ၊ နှိပ်စက်သတ်ဖြတ်ခံရတာ၊မုဒိမ်းမှုတွေ သက်ငယ်မုဒိမ်းမှုတွေ။ဒီထဲက အချို့အဖြစ်တွေက ယခင်ကလို ဝိုင်းဝန်းစောင့်ရှောက်မှုရှိတယ်ဆိုရင် ဖြစ်ဖို့ တော်တော်နည်းတဲ့ ကိစ္စတွေပါ။ဒါပေမယ့် စိတ်မကောင်းစွာဘဲ ဒါတွေက မရှိတော့ လူတွေက ခွေးသာသာတိရစ္ဆာန်တွေနဲ့ တိုးပြီး အဖြစ်ဆိုးတွေ ဖြစ်လာပါတယ်။

ယခုလမ်းသွားတဲ့ အခါ ဘာကိုတွေ့ရသလဲဆိုရင် လူတွေက ကိုယ့်ကိစ္စကနေလွဲပြီး ဘာကိစ္စကိုမှ သိပ်ပြီး ဂရုမစိုက်ကြတာကိုတွေ့ရပါတယ်။ ဘေးမှာ ဘာတွေပဲ အမြင်မတော်နေသည်ဖြစ်စေ  ပါဝင်စွက်ဖက်ဖို့ ဝေးစွ ၊ကိုယ်နဲ့ မဆိုင်သလိုနေကြတာ များပါတယ်။မကြာခင်ကတော့ မန္တလေးမှာ ရပ်ကွက်အလိုက် ကိုယ့်ရပ်ကွက် လုံခြုံရေးကိုယ်ယူဖို့ လုပ်လာကြတာကိုတွေ့ရသလို ဒီရက်ပိုင်းမှာဘဲ မသင်္ကာလို့ ကလေးသူခိုးလို့ ထင်ရတဲ့ သူတစ်ဦးကို သတ်ပြီး မီးရှို့တာတွေအထိ တုံ့ပြန်မှုတွေ ဖြစ်လာပါတယ်။ဒါဟာ ကောင်းတာရှိသလို ဆိုးတဲ့ အချက် တွေလည်း ရှိပါတယ်။

တစ်ကယ်ကတော့ လူတွေအားလုံးက ကိုယ့်မိသားစုဝင်တွေကို ဘယ်သွားသွား ဘေးအန္တရာယ်ကင်း စေလိုကြပါတယ်။အနှောင့် အယှက် ကင်းစေလိုကြပါတယ်။ဘယ်အရပ်ဒေသရောက်ရောက် စောင့်ရှောက်မယ့် သူတွေ ရှိစေချင်ကြပါတယ်။ဒါဆိုရင် ကိုယ်ကိုယ်တိုင်က ဘာသိဘာသာနေတဲ့ ဓလေ့စရိုက်ကို ဖယ်ရှားမှ ရပါ လိမ့်မယ်။ ကိုယ်အနီးနားမှာ ကိုယ်နဲ့ သိတဲ့သူဖြစ်စေ၊မသိတဲ့သူဖြစ်စေ အနိုင်ကျင့်ခံနေရရင် ၊ဒုက္ခရောက်နေရင် ဝိုင်းကူရမယ့် တာဝန်ရှိပါတယ်။ဒါမှ အခုဖြစ်နေတာတွေ လျော့ပါးလာပါလိမ့်မယ်။ ကျနော်တို့ ငယ်ငယ်ကလို  ကိုယ်ရှေ့ မဟုတ်တာလုပ်ရင် ဝိုင်းတားမှ ဖြစ်ပါတော့မယ်။လုပ်မှလည်း ဖြစ်တော့မယ့် အခြေအနေကို ရောက်နေပါပြီ။

 

မောင်ဦးလွင်