【 ဆောင်းပါး 】“ ဗုဒ္ဓမြတ်စွာဘုရား နှင့် နောက်ဆုံးဆွမ်းတော်”

【 ဆောင်းပါး 】“ ဗုဒ္ဓမြတ်စွာဘုရား နှင့် နောက်ဆုံးဆွမ်းတော်”

 မြန်မာဗုဒ္ဓဘာသာဝင် ၉၉ ရာခိုင်နှုန်းခန့်က ဗုဒ္ဓမြတ်စွာဘုရားသည် နောက်ဆုံးဆွမ်းအဖြစ် ဝက်ပျိုသား ဟင်းနှင့် ဘုဉ်းပေးပြီးနောက်၊ သွေးဝမ်းလားကာ ပရိနိဗ္ဗာန်စံဝင်တော်မူသည်ဟု မှတ်ယူထားကြပါသည်။

၁၉၈၆-၈၇ ဝန်းကျင်ခန့်က စံပယ်ဖြူမဂ္ဂဇင်းတွင် ဆရာမကြီးဒေါ်ခင်ဆွေဦးက “မေဃဝတီ” ခေါင်းစဉ်ဖြင့် သင်္ဃန်းကျွန်း မေဃဝတီဆရာတော်ကြီးအကြောင်းကို အခန်းဆက်ဆောင်းပါးအဖြစ် ရှစ်လခန့် ရေးသားခဲ့ပါသည်။ ကျွန်မသည် ငယ်စဉ်ကပင် အထူးအဆန်းများကို စိတ်ဝင်စားတတ်ရာ၊ လူတွေ၏ မနောအကြံကို သိသည်ဆိုသော မေဃဝတီဆရာတော်ကြီးအား အလွန်စိတ်ဝင်စားပါသည်။

သို့ဖြင့် ဆရာမကြီး ဒေါ်ခင်ဆွေဦး ဆောင်းပါးပါ လိပ်စာအတိုင်း သင်္ဃန်းကျွန်း မေဃဝတီဆရာတော်ကြီး အား သွားရောက်ဖူးမြော်ပါသည်။ ဆရာတော်ကြီး သီတင်းသုံးရာ သစ်သားကျောင်းဆောင်လေးပေါ်သို့၊ အလှည့်ကျ တက်ရပါသည်။

မေဃဝတီကျောင်းသို့ရောက်လျင်၊ ဆွမ်းစားဇရပ် ( သို့မဟုတ်) ဓမ္မရုံတွင်ထိုင်စောင့်ရပါသည်။ ဆရာတော်ကြီးက အမည်နာမနှင့် မည်သူ မည်ဝါကို လွှတ်လိုက်ဟု ကိုရင်လေးတစ်ပါးပါးကို ပြောခိုင်းမှ နာမည်ပေါက်သူက ကျောင်းပေါ်တက်၍ ဆရာတော်ကြီးအား ကန်တော့ရပါသည်။ ဤတွင် ဓမ္မာရုံ၌ ထိုင်စောင့်ရသူ အချင်းချင်း စကားစမြည်ပြောဖြစ်ကြပါသည်။

တစ်ရက်တွင် ဆရာတော်ကြီးထံ လာနေကြ အငြိမ်းစားသစ်တောဝန်ထောက် အဘကြီး နှင့် ကျွန်မတို့ ဆရာတော်ကြီးအား ဖူးမြော်ခွင့်အလှည့်စောင့်ရင်း စကားပြောဖြစ်ကြပါသည်။ သစ်တောဝန်ထောက်ဟောင်း အဘကြီးက မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သစ်တောအရာရှိပေါက်စဘဝတွင် အိန္ဒိယနိုင်ငံ ဟိမဝန္တာ တောင်ခြေ၌ သစ်တောပညာသင်ရန် သွားရစဉ်က သူ၏ အတွေ့အကြုံများကို ပြန်ပြောပြပါသည်။

ခုနှစ်ကား ၁၉၅၀ ဝန်းကျင်။ တစ်နေ့တွင် သင်တန်းအတူတက်နေသူ ဟိန္ဒူတစ်ယောက်က၊ သစ်တော အရာရှိ ပေါက်စကို ပြောသည်။ ထိုအဘကြီး ပြောပြခဲ့သည့် မူရင်းစကားအတိုင်း ပြန်ဖော်ပြရသော် -

“ မင်းတို့က ငါတို့ ဘုရားကို ကိုးကွယ်တာ၊  ငါတို့ကျေနပ်ပါတယ်။ ဒါပေမဲ့ ဘုရားနဲ့ ပတ်သက်ပြီး ဘာသာ ပြန်မှားကြတယ်။ ဗုဒ္ဓဆိုတာ ဟိန္ဒူလူမျိုးပဲ။ ဘုရားကို ဆွမ်းကပ်ကြတာလည်း ဟိန္ဒူတွေပဲ။ ဘယ်လိုလုပ် ဝက်သား ဟင်းကပ်မှာလဲ။ သူကရမဒ္ဒဝ အဓိပ္ပာယ်က ဝက်ပျိုသားကဲ့သို့ ချိုနုသော မှို လို့ အဓိပ္ပာယ်ရတာ။ အဲဒါကို မင်းတို့က ဝက်ပျိုသားလို့ ဘာသာပြန်ကြတယ်။ မြတ်စွာဘုရား  ဝက်ပျိုသားဟင်းနဲ့ ဘုဉ်းပေးပြီး သွေးဝမ်းလားလို့ ပရိနိဗ္ဗာန် စံဝင်တော်မူတယ်လို့ ရေးကြ၊ ပြောကြတယ်။ အတော်လွဲတာပဲ။

နောက်နေ့တွင် မြန်မာသစ်တောအရာရှိပေါက်စကို ဟိန္ဒူသင်တန်းသား က ဟိမဝန္တာတောင်ခြေတစ်နေရာသို့ ခေါ်သွားပါသည်။ ထို့နောက် သူကရမဒ္ဒဝမည်သော မှိုပင်များကို ပြသည်။ ပါးစပ်ကလည်း

“ မင်း မယုံရင် ချက်စားကြည့်ပါ။ ဘယ်သူ စားစား ဝမ်းသွားစေတယ်” လို့ ပြောပါသတဲ့။ မြန်မာသစ်တော အရာရှိပေါက်စလည်း မှိုအနည်းငယ်နှုတ်လာပြီး ဟင်းချက်စားသည်။

“ သူ့ စကားက မှန်တယ် သမီးရေ၊ မှိုဟင်းက ချိုဆိမ့်ပြီး စားရတာ အတော်နုညံ့တယ်။ ဒါပေမဲ့ စားပြီး ခဏနေတော့ ဝမ်းသွားရတာ ( ၁၂) ခါတောင်ပဲ သမီးရဲ့” ဟု သစ်တောအငြိမ်းစားအဘက ဆိုပါသည်။လောကမှာ ဘာကိုမှ တထစ်ချမှန်တယ် မယူလေနဲ့ ပြောကာ၊ ဆရာတော်ကြီး ခေါ်နေပြီ ဆိုလျက်၊ သစ်သားကျောင်းလေး ပေါ်တက်သွားပါတော့သည်။

ကျွန်မလည်း ဓမ္မာရုံတွင်ထိုင်လျက်၊ တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ နောက်ဆုံးရေးသားခဲ့သည့် “ နောက်ဆုံး ဆယ်လ မြတ်ဗုဒ္ဓ” စာအုပ်ကို သတိရမိပါသည်။ ထိုစာအုပ်တွင် ခေါင်းစဉ် ငယ်(၅၅) ခုပါဝင်သည်။ ခေါင်းစဉ်ငယ် (၁၇) ကို “စုန္ဒ၏ နောက်ဆုံးဆွမ်းတော်” အမည်ဖြင့် ရေးသားထား ပါသည်။

မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ က ဗုဒ္ဓသားတော် ရဟန်းပညာရှိ ပီသစွာ၊ မြန်မာ ဗုဒ္ဓဘာသာဝင် အများစု လက်ခံထားသည့် ဝက်ပျိုသားဆွမ်းဟင်းကို ဘုဉ်း၍ ဝမ်းတော်လားကာ၊ ပရိနိဗ္ဗာန် စံတော်မူသည်ဟု ပြောကြ ရေးကြခြင်းသည် မှား၏ ဟု တိုက်ရိုက်ထောက်မပြပါ။

ဗုဒ္ဓနောက်ဆုံး ဘုဉ်းပေးသည့် သူကရမဒ္ဒဝကို အဌကာထာတွင် မည်သို့ဖွင့်ဆိုသည်။ ကေစိဆရာက မည်သို့ဖွင့်ဆိုသည်တို့ကို တစ်ခုချင်း ဦးစွာရေးပြပါသည်။ ထို့နောက် ထပ်မံစဉ်းစားဖွယ်ဆိုသော ခေါင်းစဉ်ငယ်ဖြင့် သူကရမဒ္ဒဝသည် အသားတစ်ခုမဖြစ်နိုင်ကြောင်း ထောက်ပြပါသည်။ ဆရာတော်ကြီး ရေးသားချက်မှ အနည်းငယ် ထုတ်နှုတ်ပြရသော်

“ စုန္ဒ အသင်သည် သူကရမဒ္ဒဝ မည်သော အကြင်စားဖွယ်ကို စီရင်အပ်ပြီ။ ထိုစားဖွယ်ဖြင့် ငါဘုရားကို ပြုစုလုပ်ကျွေးလော့ “ ဟု မိန့်တော်မူသည်။ ထိုမိန့်တော်မူသည့်အတိုင်း သူကရမဒ္ဒဝ မည်သော အာဟာရဖြင့် မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးပြီး၊ တခြားခဲဖွယ်ဘောဇဉ်ဖြင့် ရဟန်းသံဃာတော်များကို ပြုစုလုပ်ကျွေးပြီ။ ပြုစုလုပ်ကျွေးပြီးနောက် မြတ်စွာဘုရားသည် စုန္ဒ ဥပသကာကို မိန့်တော်မူသည်မှာ -

“ စုန္ဒ၊ သင်၏ ကြွင်းကျန်သော သူကရမဒ္ဒဝ အာဟာရကို တွင်းတူး၍ မြှုပ်လော့။ ဤအစာကို စားလျှင် မြတ်စွာဘုရားမှ တပါး အစာကြေမည့် ပုဂ္ဂိုလ်ကို မမြင်”

ဆရာတော်ကြီးက အိန္ဒိယနိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော စာစောင်တစ်စောင်၌ ပါမောက္ခ ကလစ်မိုဟန်ကား ရေးသည့် ဆောင်းပါးမှ ရေးသားချက်တချို့ကို အောက်ပါအတိုင်းဖော်ပြထားပါသည်။

၁။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခြင်း၏ အကြောင်းကို ရေးသားတော်မူအပ်သော တရုတ်စာပေများ၌ လည်းကောင်း၊ တိဘက်စာပေများ၌လည်းကောင်း၊ မြတ်စွာဘုရား၏ နောက်ဆုံး အာဟာရနှင့်စပ်၍ ဝက်သားကို ဖော်ပြခြင်း မရှိကြ။

၂။ မဟာယာနဂိုဏ်း ကျမ်းစာများဝယ် မဟာ ပရိနိဗ္ဗာန် အကြောင်းကို ရေးသားရာ၌လည်းကောင်း၊ သာဝကဝိနယ ကျမ်းဝယ် စုန္ဒ၏ ဆွမ်းလှူပွဲကို ပြရာ၌ လည်းကောင်း၊ “ ဝက်သား” ဟူသော ပုဒ်ကို မပြပါ။

၃။ သူကရ သဒ္ဒါသည် “ဝက်” ဟူသော အနက်ကိုသာဟော၏။ ဝက်၏ အသား ဟူသော အနက်ကို “ သောကရ” ပုဒ်ကသာ ဟောပါသည်။ “ကစ္စည်း၊ ရာဂါတဿေဒမညတ္ထေသုစ” သုတ်ကို ကြည့်ပါ။

၄။ မဒ္ဒဝံ သဒ္ဒါလည်း” အသား” ဟူသော အနက်ကို မဟော။ မုဒုနော + ဘာဝေါမဒ္ဒံ နှင့်အညီ နူးညံ့သောအရာဝတ္ထုဖြစ်ကြောင်း ပြရာ၊ “ နူးနူးညံ့ညံ့ ပျော့ပျော့ပျောင်းပျောင်း “ ဟူသော အနက်ကို ဟော၏။ ထို့ကြောင့် သူကရ၊ မဒ္ဒဝ နှစ်ပုဒ်ပေါင်းသော်လည်း “ ဝက်သား” ဟု အနက်မထွက်ပါ။

၅။ “သိကရ ကဏ္ဍ” ဟု ခေါ်ဝေါ်အပ်သော သစ်ဥ သစ်ဖုတစ်မျိုးရှိ၏။ ထိုသစ်ဥသစ်ဖုကို “ တောဝက်” ဟူသောအမည်ဖြင့် ခေါ်ဝေါ်ကြ၏။

၆။ ဥတ္တရဒေသတွင် “  ကဏ္ဍ၊ ကဏ္ဍမူလ ဖလ” ဟု ခေါ်ဝေါ်အပ်သော သစ်ဥတစ်မျိုး ရှိသေးသည်။ အိန္ဒိယနိုင်ငံ၌ သူတော်သူမြတ်တို့၏ အစာဖြစ်သည်။ အမွေးထူ၍ ညိုမှောင်သော အရောင်ရှိသဖြင့် မြေကြီးမှထွက်သောအခါ ဝက်နှင့်တူ၏။ ဟိန္ဒူဆေးဆရာတို့သည် ထိုဥကို အလွန်ချီးမွမ်းကြ၏။ အရည်ကျဲကျဲ ကြို၍ ဝမ်းမီးညံ့သူများကို တိုက်ရသည်။

၇။ စုန္ဒဒါယကာသည် မြတ်စွညဘုရားအား လှူအပ်သော သစ်ဥ၊သစ်ဖု ( သို့မဟုတ်) သစ်မြစ်ကို အရသာရှိအောင်များစွာ အမွှမ်းတင်၍ ပြင်ဆင်ထားပေလိမ့်မည်။ ထိုကြောင်း ဥတစ်မျိုးကို နွားနို့နှင့် ပျစ်အောင်ကြို၍ စီရင်အပ်သော ပါယသ ( နို့ဃနာ) တစ်မျိုးသည် “ သူကရမဒ္ဒဝ” ဖြစ်သင့်ပါသည်။ ဤကား ထိုပါမောက္ခ၏ အလိုတည်း။

ထို့နောက် “ ဆက်လက် စဉ်းစားဖွယ်” ဟူသော ခေါင်းစဉ်ငယ်ဖြင့် ဆရာတော်ကြီးက မြတ်စွာဘုရား၏ နောက်ဆုံးတွမ်းသည် အသားဖြစ်နိုင်ခြေနည်းကြောင်း ထောက်ပြပါသည်။ မြတ်စွာဘုရား သွေးဝမ်းလားခြင်းကား၊ ဆေးဆရာဘဝတုန်းက သူဌေးသားတစ်ယောက်ကို ဝမ်းကျဆေး လိမ်ပေးခဲ့ဖူးသောကြောင့်၊ ကမ္မဝဋ်ပါလာခြင်းဖြစ်ကြောင်း ဆက်လက်ရေးသားပြပါသည်။

လွန်ခဲ့သည့် အပတ်က မြန်မာ့ရုပ်သံမှ ထုတ်လွှင့်သည့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒာမာလာဘိဝံသ၏ “ လောကသားတို့ အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက်များ” တရားတော်ကို နာယူရပါသည်။ ဆရာတော်ကြီးက ဗုဒ္ဓနောက်ဆုံး ဘုဉ်းပေးခဲ့သော ဆွမ်းအကြောင်း ဟောပြောသွားပါသည်။

ဒေါက်တာ အရှင်နန္ဒာမာလာဘိဝံသသည် ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ကဲ့သို့ပင်၊ သူကရမဒ္ဒဝအား ဘာသာပြန်ပုံ အယူအဆများကို ရှင်းပြတော်မူပါသည်။ ဆရာတော်ကြီး နှစ်ပါးစလုံး သူတော်ကောင်းပီသကြပါပေသည်။ ဗုဒ္ဓဘာသာမြန်မာအားလုံးနီးပါး၊ တစ်သက်လုံး လက်ခံယုံကြည်လာသော၊ မြတ်စွာဘုရား နောက်ဆုံးဘုဉ်းပေးသည့် ဆွမ်းမှာ ဝက်ပျိုသားမဟုတ်ဟု မိန့်တော်မမူကြပါ။

အဓိပ္ပာယ်အယူအကောက်များကို ရှုထောင့်မျိုးစုံမှ ထောက်ပြလျက်၊ ဗုဒ္ဓနောက်ဆုံး ဘုဉ်းပေးသော ဆွမ်းသည် အသားမဟုတ်ဟူသော အဖြေကိုသာပြပေးကြပါသည်။ ဘာသာပြန်သူများ မထိခိုက်စေရန်၊ တစ်သက်လုံး အလွဲလက်ခံလာသော မြန်မာဗုဒ္ဓဘာသာဝင်များ ခံသာအောင်၊ ဉာဏ်ကြီးကြီးဖြင့် သွယ်ဝိုက်ရှင်းလင်းပေးကြပါသည်။

ထို့ကြောင့် ဘာသာစကား တစ်ခုမှ တစ်ခုသို့ ပြန်ဆိုရာတွင်၊ မည်မျှတာဝန်ကြီးကြောင်း သိကြရပါသည်။ မည်မျှ အမှတ်မှားလာကြစေကာမူ၊ ပိဋကတ်ကျမ်းဂန် တတ်ပွန်နှံ့စပ်သော သံဃာတော်များကျေးဇူးကြောင့်၊ အမှန်ကို သိခွင့်ရကြပါသည်။ သံဃာတော်ကြီးများ၏ ကျေးဇူးတရား ကြီးမားလှပါသည်။

ဗုဒ္ဓနှင့် ဘာသာရေးနှင့် စပ်လျဉ်းလာလျှင် မြန်မာတို့ အလွယ်တကူလက်ခံလေ့ရှိကြပါသည်။ အကဲဆတ်တတ်ကြပါသည်။ ထို့ကြောင့် အရှင်ဇနကာဘိဝံသနှင့် အရှင်နန္ဒာမာလာဘိဝံသ ဆရာတော်ကြီးနှစ်ပါးက၊ သတိဖြင့် ရှင်းလင်းပြကြဟန်တူပါသည်။ ထို့ပြင် တခြားဆရာတော်ကြီးများက “ သူကရမဒ္ဒဝ” အဓိပ္ပာယ်ကို ရှင်းလင်းပြခြင်းများရှိနိုင်ပါသေးသည်။

စာရေးသူ ဖတ်ရ၊ သိရ၊ ကြားနာရသမျှကိုသာ၊ စာဖတ်သူများအား ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရားက ကာလာမသုတ်ကို အဘယ်ကြောင့် ဟောပြောခဲ့ကြောင်း  သူကရမဒ္ဒဝ၏ အဓိပ္ပာယ်ကို သိသောအခါ ပိုမိုနားလည်လာပါသည်။ ဘာသာပြန်ရာ၌ ဘာသာစကားကျွမ်းကျင်ရုံသာမက၊ ဒေသန္တရဗဟုသုတလည်း ရှိရန်လိုအပ်ကြောင်း၊ ဗုဒ္ဓ၏ နောက်ဆုံးဆွမ်းအကြောင်းမှ တဆင့် သိရှိလာရခြင်းက တန်ဖိုးကြီးလှပါပေသည်။

ခင်နှင်းဦး