【 ဆောင်းပါး 】“ မန်နေဂျာနှင့်သင်ကြားမှုစွမ်းရည် ”

【 ဆောင်းပါး 】“ မန်နေဂျာနှင့်သင်ကြားမှုစွမ်းရည် ”

လုပ်ငန်းအဖွဲ့အစည်းတစ်ခုမှာ မန်နေဂျာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေရသူများမှာ တာဝန်ယူ တာဝန်ခံဆောင်ရွက်ရတဲ့ ကိစ္စရပ်များစွာရှိပါတယ်။ထိုအထဲမှာ မိမိလက်အောက်ဝန်ထမ်းများရဲ့ လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးတိုးတက်မြင့်မားလာရေး ဆောင်ရွက်ဖို့သည် အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်ပါတယ်။ မိမိအဖွဲ့ အစည်းရဲ့ စွမ်းဆောင်ရည်ကောင်းမွန်ထက်မြက်လာစေဖို့ ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးဖို့တွန်းအားပေးဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။

အဖွဲ့အစည်း အသင်းအဖွဲ့များရဲ့ စွမ်းဆောင်ရည် ပိုမိုတိုးတက်ကောင်းမွန်လာဖို့ ရလဒ်တွေ ပိုမိုကောင်းမွန်လာဖို့အတွက် ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်များ ကောင်းမွန်ဖို့ တိုးတက်လာဖို့လိုအပ်ပါတယ်။ သစ်ခုတ်သမားတစ်ဦးအသုံးပြုနေတဲ့ ပုဆိန်သည် ထက်မြက်နေဖို့အမြဲသွေးပေးနေဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းများအရည်အသွေးထက်မြက်နေစေဖို့အတွက်လည်း စဉ်ဆက်မပြတ်လေ့လာသင်ယူနေရမှာ၊ လေ့ကျင့်တည်ဆောက်နေရမှာဖြစ်ပါတယ်။

လူတစ်ဦးတစ်ယောက်ချင်းစီ၏ စွမ်းဆောင်နိုင်စွမ်း (Ability ) ဆိုသည်မှာ -ပင်ကိုယ်စွမ်းရည်ရှိမှု (Aptitude )၊ လေ့ကျင့်သင်ကြားမှု ( Training & Development )နဲ့ စွမ်းအားအရင်းအမြစ် (Resources)တို့ရဲ့ ပေါင်းစည်း မှုရလဒ်ဖြစ်ပါတယ်။ မန်နေဂျာတစ်ဦးအနေနဲ့ မိမိဝန်ထမ်းများရဲ့စွမ်းဆောင်ရည် မြင့်မားတိုးတက်ဖို့အတွက် ပင်ကိုယ်စွမ်းရည်ရှိသူများကို ရွေးချယ်ခန့်အပ်ဖို့၊လိုအပ်တဲ့အရင်းအမြစ်များကို ဖြည့်ဆည်းပေးပြီး၊ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ လေ့ကျင့်သင်ကြားမှု စွမ်းရည်ပြည့်ဝဖို့လိုအပ်ပါတယ်။ မန်နေဂျာအနေနဲ့ မိမိဝန်ထမ်းများကို အဓိကပင်မ အရည်အသွေးနဲ့ ကျွမ်းကျင်မှုများဖြစ်တဲ့ ( Core Competencies and skills )မိမိကိုယ်ကို သတိပြုမိခြင်း ( self awarnesse )၊ မေးခွန်းများမေးတတ်ခြင်း၊နားထောင်ပေးတတ်ခြင်း (Listening ) ၊ ရင်းနှီးနွေး‌ထွေးခြင်း (Creating Rapport )၊ဆက်သွယ်ရေးကောင်းမွန်ခြင်း (Communication skills)၊ အချိန်ကိုအကျိုးရှိစွာစီမံခန့်ခွဲခြင်း (Time Management ) အစရှိတဲ့ ကျွမ်းကျင်မှု အရည်အသွေးများရရှိအောင် လေ့ကျင့်သင်ကြားပေးရမှာဖြစ်ပါတယ်။

သင်ကြားလေ့ကျင့်ပေးမယ့် မန်နေဂျာအနေနဲ့လည်း ဆက်သွယ်ရေးစွမ်းရည်ကောင်းဖို့ (Cpmmunication )၊ ဖွဲ့စည်းတည်ဆောက်မှုကောင်းဖို့ (Organization skills)၊ လမ်းညွှန်မှု (Mentoring )  ၊ဦးဆောင်မှု( leadersip  )၊နဲ့လိုက်လျောညီထွေရှိမှု (Adoptabilly)အစရှိတဲ့ အရည်အသွေးများ ပြည့်ဝနေရမှာဖြစ်ပါတယ်။ မန်နေဂျာရဲ့လေ့ကျင့်သင်ကြားပေးမှု၊ပြည့်ဝနေရမှာဖြစ်ပါတယ်။ မန်နေဂျာရဲ့ လေ့ကျင့်သင်ကြားပေးမှု၊ပံ့ပိုးကူညီမှုများ ကောင်းမွန်သည်နှင့်အမျှ ကုန်ထုတ်စွမ်းအားတိုးတက်မှု ( Productivity )၊ စွမ်းဆောင်ရည်ပြည့်ဝမှု (Efficiency )များ ပိုမိုရရှိလာမှာဖြစ်ပါတယ်။

လေ့ကျင့်သင်ယူမှု အားကောင်းတဲ့ စိတ်ပါဝင်စားမှုထက်သန်တဲ့လိုချင်စိတ်ရှိတဲ့ ဝန်ထမ်းများအနေနဲ့ လေ့လာသင်ယူစရာတွေ ပညာဗဟုသုတတွေကို မြန်မြန်ဆန်ဆန်ရရှိမှာ၊ ရေရှည်ထိန်းထားနိုင်မှာဖြစ်ပါတယ်။ စိတ်မဝင်စားတဲ့ မလိုချင်တဲ့ ဝန်ထမ်းများကတော့ ဘာမှရလိုက်မှာ မဟုတ်သလို ရခဲ့ရင်သော်မှ မြန်မြန်မေ့ပျောက်သွားနိုင်ပါတယ်။ တွေးခေါ်ပညာရှင် ကွန်ဖြူးရှပ်ကတော့ အခုလိုပြောခဲ့ဖူးပါတယ်။

“ I hear and I forget ”

(ငါကြားတယ်။ပြီးတော့ငါမေ့သွားတယ်။)

“ I see and I remember ”

( ငါမြင်တယ်။ပြီးတော့ ငါမှတ်မိတယ် )

“ I do and I understand ”

( ငါလုပ်တယ်။ ပြီးတော့ ငါနားလည်သွားတယ် )

ကိုယ်ကြားလိုက်တဲ့ အရာတွေ အားလုံးခေါင်းထဲဝင်သွားဖို့မလွယ်ပါဘူး။ ကိုယ်မျက်စိနဲ့မြင်လိုက်တဲ့ အရာတွေကတော့ မျက်စိထဲမှာစွဲပြီး မှတ်မိနေနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်လက်တွေ့လုပ်ကြည့်လိုက်ရင်တော့ ကိုယ်တိုင်နားလည်သွာပြီး သိသွားတက်မြောက်သွားပြီဖြစ်ပါတယ်။ စာတွေ့လက်တွေ့ဆိုတဲ့စကားရှိပါတယ်။ လက်တွေ့လုပ်ဆောင်ခြင်းမှ၊ အတွေ့အကြုံများမှ လေ့လာသင်ယူကြရမှာဖြစ်ပါတယ်။ အသစ်အသစ်သော ကျွမ်းကျင်မှု အရည်အသွေး (New Skills )တို့သည် လက်တွေ့လုပ်ကိုင်ဆောင်ရွက်ခြင်း( Experimenting ) ကိုကျော်ဖြတ်ပြီးမှသာ ရရှိနိုင်ပါတယ်။ ရလဒ်များကို ရှာဖွေတွေ့ရှိခြင်း (observing the results )၊ အတွေ့အကြုံများမှ သင်ယူခြင်းဖြင့် ကျွမ်းကျင်မှုအသစ်များကို ရရှိမှာဖြစ်ပါတယ်။

ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးရာတွင် ပိုမိုထိရောက်စေရန် ပြောင်မြောက်သော ဆီလျော်သော စကားလုံးများကို အသုံးပြုခြင်း၊ အသံနေအသံထား၊ မျက်နှာအမူအယာ၊ ကိုယ်နေဟန်ထားမှအစ သင့်တော်ဆီလျော်သလို အသုံးပြု၍ မိမိပေးလိုသော သတင်းအချက်အလက်များ၊ ပညာဗဟုသုတများကို သင်ကြားပေးပို့နိုင်ပါတယ်။ Audio-visual presentation များသုံးစွဲသင့်ပါတယ်။

ကျွမ်းကျင်မှုအသစ်များရရှိဖို့ သင်ယူသူ ဝန်ထမ်းများအနေနဲ့ စောင့်ကြည့်လေ့လာခြင်း (  Watching )၊ စဉ်းစားတွေးခေါ်ခြင်း (Thinking )၊ လက်တွေ့လုပ်ကိုင်ဆောင်ရွက်ခြင်း (Doing )တို့ကို ပေါင်းစပ်လုပ်ကိုင်နိုင်ပါက ပိုမိုထိရောက်မှာဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော် နှစ်ဆယ့်ငါးနှစ်ခန့် စာရေးသူတို့ Junior  ဘဝက ဆရာသမားများက အင်မတန်မှ တော်ပြီး စိတ်ရှည်ကြပါတယ်။ စာရေးသူတို့ ဂျူနီယာများကို စေတနာထားပြီး စာတွေ့လက်တွေ့လေ့ကျင့်ပေးခဲ့ကြပါတယ်။ ကျေးဇူးအထူးတင်ရပါတယ်။ဟိုတယ်ခန်းမ သင်ကြားရေးစင်တာမှာ စနစ်တကျသင်ကြားပေးပါတယ်။ သရုပ်ပြ (demonstration )များနဲ့အထပ်ထပ် အခါခါ လေ့ကျင့်ပေးပါတယ်။ အပြန်အလှန် Role Play လုပ်ရပါတယ်။ စိတ်ချရတဲ့ အခြေအနေရောက်မှ ဆရာသမားများကိုယ်တိုင်ဦးဆောင်ပြီး ဈေးကွက်ထဲမှာ လက်တွေ့ကွင်းဆင်းဆောင်ရွက်ကြရပါတယ်။ ဈေးကွက်ထဲမှာ ဆိုင်ရှင်များ၊ဖောက်သည်များနဲ့ လက်တွေ့စကားပြော၊ စစ်တမ်းကောက်၊ ရင်းနှီးမှုတည်ဆောက်ပေးပါတယ်။ ဈေးကွက်ထဲမှာ လုံလောက်တဲ့ လေ့ကျင့်သင်ယူမှု၊ စမ်းသပ်ခိုင်းစေမှုများ ပြုပြီး ကျေနပ်လောက်တဲ့အဆင့်ရောက်မှ တာဝန်တွေကို ခွဲဝေအပ်နှင်းပေးပါတယ်။ အနီးကပ်ကြီးကြပ်မှု ( Field coaching)  ပေးပါတယ်။ Monitoring လုပ်ပါတယ်။ စွမ်းဆောင်ရည်ကို  (Evaluation ) လုပ်ပါတယ်။

အီလက်ထရွန်းနစ်နဲ့ လျှပ်စစ်ကုမ္ပဏီတစ်ခုမှာတော့ ဈေးရောင်းချပုံ ရောင်းချနည်း၊ စဉ်းစားတွေးခေါ်ပုံနဲ့ ဖောက်သည်ဆက်ဆံရေး(CRM )  နည်းစနစ်များကို မန်နေးဂျင်းဒါရိုက်တာ (MD ) ကိုယ်တိုင် ဈေးကွက်ထဲမှာ လက်တွေ့သင်ကြားလေ့ကျင့်ပေးပါတယ်။ ပညာတွေအများကြီးရခဲ့ပါတယ်။  

Unilever   မှာ တာဝန်ထမ်းစဉ်မှာတော့ နိုင်ငံခြားသားဆရာများနဲ့ လက်တွဲလုပ်ခဲ့ရလို့ ပညာတွေ ထပ်ရပါတယ်။Distribution Coverage ကိုဘယ်လိုချဲ့ထွင်မလဲ။  RDO ၊UDO ၊RSO  စတဲ့အယူအဆများ သိခဲ့လုပ်ခဲ့ရပါတယ်။ အရောင်း စီမံမှုSales Mangement ၊စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ( Business Development ) ၊ကိုယ်စားလှယ်စီမံခန့်ခွဲမှု(Distributor Management ) စတဲ့ ပညာရပ်များကို လက်တွေ့ကျကျ လေ့လာဆောင်ရွက်ခဲ့ရပါတယ်။ ဒါ့အပြင် မြန်မာဆရာများဆီကလည်း Market Vist အတူသွားရင်းပညာများစွာလက်တွေ့လုပ်ငန်းခွင်မှ လေ့လာသင်ယူခဲ့ရပါတယ်။ ယခုလက်ရှိအလုပ်မှာတော့ ဆရာသမားနဲ့က ဈေးကွက်ထဲမှာ သုံးလေးလလောက်ပဲတွဲပြီး လုပ်ခဲ့ရပါတယ်။ ဆရာသမားက အခြားနိုင်ငံမှာပဲရုံးထိုင်ပြီး စာရေးသူတို့ကို အွန်လိုင်းကနေပဲကြီးကြပ်ပါတယ်။ ဒီဆရာသမားဆီက အတွေးအခေါ်သစ်တွေ၊ လုပ်ကိုင်ဆောင်ရွက်ပုံအသစ်တွေ၊ လူတွေကို ဘယ်လိုစီမံခန့်ခွဲသလဲ။ စိတ်ခံစားမှု (emotion)ကို ဘယ်လိုထိန်းလဲ၊လူကြီးဆန်ဆန်ဘယ်လိုနေသင့်သလဲ။ လုပ်ပိုင်ခွင့်တွေ ဘယ်လိုပေးရမလဲ။ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ဘယ်လိုလဲ။ အလုပ်တာဝန်တွေကို ဘယ်လိုခွဲဝေအပ်နှင်း (delegation )လုပ်မလဲစတာတွေကို လေ့လာသင်ယူလို့ရခဲ့ပါတယ်။ “မင်းလာခဲ့၊ဒီလိုလုပ်” ဆိုတဲ့သင်ကြားပေးမှုမျိုးမဟုတ်ပါဘူး။ တာဝန်ပေးအပ် လေ့လာသင်ယူစေတာမျိုးဖြစ်ပါတယ်။

ELM  လို့ခေါ်တဲ့ Experiential Learning Model မှာအစိတ်အပိုင်းလေးခုပါဝင်ပါတယ်။ ပထမတစ်ချက်က ကျွမ်းကျင်မှုအရည်အသွေးသစ်( New skill ) ရဲ့အခြေခံယူဆချက်တွေကို ဝန်ထမ်းတွေနားလည်လာအောင် ရှင်းပြပေးတာဖြစ်ပါတယ်။ (Conceptualizing )

ဒုတိယအဆင့်မှာတော့ ဝန်ထမ်းတွေဘယ်လိုနားလည်လဲ၊ ဘယ်လောက်နားလည်လဲဆိုတာကို စမ်းသပ်တာဖြစ်ပါတယ်။ ( test their understanding )

တတိယအဆင့်မှာတော့ ဝန်ထမ်းတွေကိုသူတို့သင်ယူထားတဲ့  New skill   တွေကို လက်တွေ့အသုံးချစေတာဖြစ်ပါတယ်။ (Apply the new skill in concerte experience )

စတုတ္ထအဆင့်၊ စတုတ္ထအပိုင်းမှာတော့ ဘာတွေတွေ့ရှိတယ်။ နောက်ဆက်တွဲဖြစ်စဉ်တွေက ဘယ်လိုစသည်ဖြင့် တွေ့ရှိချက်များအပေါ်မှာ ဆွေးနွေးသုံးသပ်တာ။ ပိုကောင်းစေမယ့်နည်းလမ်းများကို ဆွေးနွေးတာဖြစ်ပါတယ်။ လက်တွေ့လေ့လာဆောင်ရွက်ပြီးစီးတဲ့နောက်မှာ သင်ခန်းစာယူစရာများပိုကောင်းစေမယ့်နည်းလမ်းများ စသည်တို့ကို သုံးသပ်ပြီး ပိုမိုကောင်းမွန်အောင် ပြန်လည်ဆောင်ရွက်ကြပါတယ်။ ဆက်လက်ဆောင်ရွက်ကြပါတယ်။ မန်နေဂျာအနေနဲ့ ELM Model ကိုအသုံးပြုသင်ကြားမယ်ဆိုရင် သင်ယူမယ့် ဝန်ထမ်းတွေအနေနဲ့သဘောတရားရေးရာပိုင်းရော လက်တွေ့ပိုင်းမှာပါ သေချာနားလည်ဖို့ လိုအပ်ပါတယ်။ လက်တွေ့လေ့ကျင့်ဆောင်ရွက်ဖို့ အခွင့်အရေးပေးထားရမှာဖြစ်ပါတယ်။ ဘယ်လိုဆောင်ရွက်တယ်။ ဘာရလဒ်တွေရတယ်။ ဘယ်လိုလုပ်လိုက်ရင် ရလဒ်ပိုကောင်းလာနိုင်တယ်စတဲ့ တုန့်ပြန်မှုများ ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် New skill ကို မကြာခဏအသုံးပြုပေးဖို့၊ အလေ့အကျင့်ရလာစေဖို့ တွန်းအားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။

မန်နေဂျာအနေနဲ့ မိမိဝန်ထမ်းများကို စေတနာထားပြီး ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားလေ့ကျင့်ကွပ်ကဲဆောင်ရွက်နိုင်သည်နှင့်အမျှ ဝန်ထမ်းများရဲ့ ကျွမ်းကျင်မှု အရည်အသွေးများလည်း တိုးတက်လာမည်ဖြစ်ရာ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများသည်လည်း ပိုမိုတိုးတက်အောင်မြင်လာမှာဖြစ်ပါတယ်။ 

မှူးခန့်စံ

Photo Credit: PDUs2Go