【 ဆောင်းပါး 】“ အဖြူရောင်ပန်း တစ်ပွင့် ဖြတ်သန်းရတဲ့ မြန်မာ့လူ့ဘောင်အရွေ့”

【 ဆောင်းပါး 】“ အဖြူရောင်ပန်း တစ်ပွင့် ဖြတ်သန်းရတဲ့ မြန်မာ့လူ့ဘောင်အရွေ့”

အဖြူရောင်ပန်းတစ်ပွင့် ဝတ္ထုသည် “ကိစ္စများမြောင် လူတို့ဘောင်” ဟူသော မြန်မာတို့၏ ဆိုရိုးစကားကို လှလှပပ ပြသသွားပါသည်။ ခေတ် စနစ်များ မည်သို့ပြောင်းလဲလာစေကာမူ၊ လူတို့၏ အိမ်ရာထူထောင်မှုကား ပြောင်းလဲမသွား။ အိမ်ရာထူထောင်မှုမှ တဆင့် ဖြစ်တည်လာသည့် မိသားစုဘဝ ဖြတ်သန်းရမှုကား မိမိစိတ်တိုင်း ကျ ဖန်တီးချင်တိုင်း ဖန်တီး၍မရ၊ မိမိ၏ ဘဝကံအကြောင်းနှင့် ကြုံဆုံလာရသည့်‌ ခေတ်စနစ်များက ပြဋ္ဌာန်း သွား ပါတကား ဆိုသည့် အသိကို အဖြူရောင်ပန်းပွင့်လေးက ပေးသွားပါသည်။

အဖြူရောင်ပန်းတစ်ပွင့် ဝတ္ထုသည် စာရေးဆရာမ ခင်လှိုင်ကြူက သူ့မိခင် ရင်ဆိုင်ဖြတ်သန်းခဲ့ရသည့် ဘဝကို သရုပ်ဖော်ခြယ်မှုန်းထားခြင်းဖြစ်ပါသည်။ ဇာတ်ဆောင်များ၏ အမည်ရင်းများကို လွှဲထားပြီး ဖြစ်ရပ်မှန် ပေါ် ဇာတ်အိမ်တည်လျက် စာရေးခြင်းအတတ်ပညာနှင့် စိတ်ကူးဖန်တီးမှုစွက်ကာ ဖတ်ချင့်သဖွယ် ရေးသားထား ပါသည်။  ဇာတ်လမ်းက ဘာမျှမဆန်းပြားပါ။

အင်္ဂလိပ်ခေတ်တွင် ကျေးရွာတရွာမှ လယ်ပိုင်ရှင်သူဌေးနှင့် လယ်အငှားလုပ်သူ၏ သမီးပျို အကြော်သည် ကလေးတို့ ဖူစာဆုံကြသည့်ဇာတ်လမ်း ဖြစ်ပါသည်။ သို့သော် လယ်ပိုင်ရှင်သူဌေးက ကလေးသုံးယောက်အဖေ မုဆိုးဖိုဖြစ်ပြီး အသက်ကလည်း မိန်းမပျိုလေးထက် အတော်အတန်ကြီးသည်။ မိန်းမပျိုလေးကား ပွင့်ပွင့်လင်းလင်း ရည်းစားပင်မထားဖူးခဲ့သူ။ မိဘ၏ စီမံမှုကြောင့် မုဆိုးဖိုသူဌေးကို လက်ခံလိုက်ရသည်။ ဤတွင် လယ်ငှား၏ သမီး လေးခမျာ ရုတ်ခြည်းပြောင်းသွားသည့် ဘဝအနေအထားနှင့် နေထားတကျဖြစ်ရန် မေတ္တာရှေ့ထားပြီး၊ သည်းခံရုန်း ကန် ရပုံများကို  ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။

မြစ်ကမ်းနံဘေးတွင်တည်ရှိသည့် ရွာကြီးတရွာ၌ ဆယ်ကျော်သက်ရွယ် မိန်းမပျိုလေးတယောက် နေ့စဉ် ပုံမှန် ရွာရိုးတလျောက် အကြော်စုံနှင့် မုန့်ပေါက်စီ လည်ရောင်းရသည်။ ရွာဆိုသော်လည်း၊ အစိုးရရုံးစိုက်ပြီး ဂတ်တဲ ရှိသည့် ( ယခု-ရဲစခန်း) ရွာကြီးဖြစ်၏။ မြနှင်းအမည်ရှိ မိန်းမပျိုကလေးသည် သူ့အမေ ကြော်ပေး လုပ်ပေးလိုက် သည့် အကြော်များနှင့် မုန့်ပေါက်စီများကို ရွာလယ်လမ်းတလျောက် အော်ရောင်းပြီးလျှင်၊ သမ္ဗာန်ဆိပ်သည် သူမုန့် ရောင်းရာ နောက်ဆုံးနေရာပေတည်း။ ရွာလယ်လမ်းတလျောက် လှည့်လည်အကြော် ရောင်းစဉ် သူ့ထံမှအကြော် နှင့်မုန့်ကို ပုံမှန်ဝယ်စားသည့် လယ်ပိုင်ရှင်သူဌေး မိသားစုတစုရှိသည်။ သူနှင့် မတိမ်းတယိမ်းအရွယ် ထိုအိမ်မှ မိန်းကလေး ၂ယောက်က အကြော်နှင့်မုန့်ပေါင်စီကို နေ့စဉ်ဝယ်စားကြ၍ အိမ်ပေါ်ထိတက်ရောင်း ပေးရသည်။  

တစ်ရက်၊ သူ့ဖောက်သည် မလတ်နှင့်ထွေးထွေးကို အကြော်ရောင်းပေးနေစဉ်၊ ဖြူဖျော့ပိန်ကပ်နေသည့် အမျိုးသမီးတယောက်မုန့်ဗန်းနားသို့ ရောက်လာသည်။ မုန့်ပေါက်စီစားချင်သတဲ့။ သူ့ခင်ပွန်းဆိုသူ ရောက်လာပြီး၊ “နေကောင်းမှ မုန့်ပေါက်စီကျွေးမယ်။ အခုနေမကောင်းလို့ စားလို့မဖြစ်ဘူးပြောရင်း” ဇနီးကို ပြန်ခေါ်သွားသည်။ သည်မိသားစု၏ အကြီးဆုံးအစ်ကိုကြီးက ဆီးချိုရောဂါသည် ဇနီးကို လာခေါ်သွားခြင်းဖြစ်သည်။ နေ့စဉ် အကြော် နှင့်မုန့်ပေါက်စီ ဝယ်စားနေသည့် မြနှင်း၏ ဖောက်သည် ၂ ယောက်ကား အစ်ကိုကြီး၏ ညီမများဖြစ်သည်။ ထို့ပြင် အိမ်ကြီးရှေ့မှ လမ်းပေါ်တွင် ရံဖန်ရံခါ ဆုံရသူက ရှေ့နေတဦးဖြစ်သည့် သည်အိမ်မှ အစ်ကိုလေး။

သူဌေးအိမ်မှ ထွက်လာပြီး အကြော်ဆက်ရောင်းရင်း မြနှင်းနောက်ဆုံး လက်ကျန်ဖြတ်ရမည့်နေရာက မြစ်ဆိပ်။ သည်နေရာကား ရေကြောင်းဖြင့် ခရီးသွားသူများ၊ သမ္ဗာန်များ၊ သမ္ဗာန်ခတ်သမားများဖြင့် လူစည်ကားရာ နေရာပေတည်း။ သည်နေရာတွင် မြနှင်း၏ သူငယ်ချင်း သန်းဇော်နှင့် သန်းဇော်တို့အိမ်တွင် တည်းခိုနေထိုင်သည့် ကိုထွန်းအေးရှိသည်။ ကိုထွန်းအေးက အလုပ်ရှာရန် အညာမှ အောက်ပြေအောက်ရွာသို့ရောက်လာပြီး၊ သန်းဇော် ထံမှ သမ္ဗာန်ခတ်နည်း သင်ယူနေသူဖြစ်၏၊ အစ်ကိုထွန်းအေးနှင့် မြနှင်းတို့က မျက်လုံးချင်းစကားပြောကာ တယောက်နှင့်တယောက် ကြိတ်သဘောကျနေကြသည်။ တိတိလင်းလင်း ချစ်သူများတော့မဟုတ်ပေ။

တစ်နေ့တွင် မြနှင်း မြစ်ဆိပ်သို့ရောက်လာကာ အစ်ကိုထွန်းအေးနှင့်စကားပြောနေစဉ်၊ ခရီးသည်တင်ပြီး ထွက်သွားသည့် သန်းဇော်၏သမ္ဗာန် မြစ်လယ်တွင် မှောက်သွားသဖြင့် မြစ်ဆိပ်တစ်ခုလုံး ပျားပန်းခပ်သွားသည်။ သန်းဇော်က ခရီးသည်တစ်ယောက်ကို ဆယ်ပြီး ကမ်းပေါ်သို့လာပို့လိုက် နောက်တစ်ယောက်ကိုဆယ်ရန် ရေထဲပြန်ကူးသွားလိုက်လုပ်ရင်း ပြန်ပေါ်မလာတော့ပေ။ ထိုစဉ် တိုက်တိုက်ဆိုင်ဆိုင် သန်းဇော်၏ ဇနီး မိထူးက ကလေး အမွှာပူး မွေးဖွားသည်။ သားအကြီးလေး၊ မျက်မမြင်မိခင်အိုကြီး၊ နောက်ထပ်မွေးလိုက်သည့် အမွှာ ၂ ယောက်ဖြင့် မိသားစု ၅ယောက်၏ ဝန်ကို မည်သို့ထမ်းမည်နည်းဆိုသည့် ဘဝအမောက မိထူးထံဆိုက်ရောက် လာသည်။

တစ်ရက်တွင် အစ်ကိုထွန်းအေးက မြနှင်းကို လာတွေ့သည်။ သန်းဇော်မသေမီကပင် သန်းဇော်၏ သား အကြီးလေးက အစ်ကိုထွန်းအေးကို ခင်တွယ်သည်။ ဖခင်ဆုံးပြီးနောက် ပို၍ တွယ်ကပ်လာသည်ကို မြနှင်းလည်း သိနေသည်။ အစ်ကိုထွန်းအေးက လက်ရှိအနေအထားအရ မိထူးနှင့် ကလေး ၃ ယောက်တာဝန်၊ မိထူး၏ မျက်မမြင်မိခင်တာဝန်ကို သန်းဇော်ကျေးဇူးအား ထောက်ထားပြီး သူယူရတော့မည်။ သည်မိသားစုကို ခေါ်ပြီး အညာပြန်တော့မည်ဟု ရှင်းပြသည်။ မြနှင်းကိုလည်း တောင်းပန်သည်။  မြနှင်း ဘာစကားမျှ ပြန်မပြောနိုင်ဘဲ၊ ဆိုနင့်ကြေကွဲလျက် အိမ်ပြန်လာခဲ့သည်။ ကြိတ်ငို ကြိတ်ကြေကွဲနေသည့် မြနှင်းအဖြစ်ကို မိသားစုက မရိပ်မိ ကြပေ။

လယ်ပိုင်ရှင်သူဌေး၏ ဇနီး ဆီးချိုရောဂါသည် မမလေးဆူံးပါးသွားပြီ။ မြနှင်းက သူရောင်းသည့် “မုန့်ပေါက် စီစားချင်တယ်၊ နည်းနည်းဖြစ်ဖြစ်ကျွေးပါ”ဟု ပူဆာနေစဉ် ခင်ပွန်းဖြစ်သူက “နေကောင်းမှစား”ဟု ပြောပြီး လာ ခေါ်သွားသည်ကို သတိရကာ စိတ်မကောင်းဖြစ်မိသည်။ သည်အကြောင်းကို အိမ်တွင်ပြောမိသည်။ အမေက မမ လေးရက်လည်တွင် ဘုန်းကြီးကပ်လှူရန်နှင့် လူတွေကိုကျွေးရန် မုန့်ပေါက်စီ ၂ ဗန်းလုပ်ပေးသည်။ မြနှင်းနှင့် အဖေက သွားပို့ကြသည်။

လယ်အလုပ်လုပ်ရသည့် အဖေက နေ့လယ်ဘက်တွင် အိမ်ပြန် ထမင်းစားလေ့ရှိသည်။ သို့သော် အလုပ်ပူ သည့်အခါများ၌ လယ်တဲမှာပင် သူရင်းငှားများနှင့် ထမင်းစားလေ့ရှိသည်။ တနေ့ အိမ်မှာ အမဲနှပ်ချက်သည်။ လယ် တွေပိုးကျနေ၍ အဖေ အိမ်ပြန်ထမင်းမစားဟု ပြောသွားသည်။ အမဲနှပ်ဟင်းကို အဖေစားစေချင်သဖြင့် အဖေ့ကို မြနှင်း ထမင်းသွားပို့သည်။ ထိုစဉ် အဖေငှားလုပ်နေသည့်လယ်သို့ သူဌေးရောက်လာသည်။ အဖေက ဖိတ်ခေါ်၍ သူဌေးက အဖေနှင့်အတူ ထမင်းစားသွားသည်။

မကြာမီ သူဌေးကခေါ်သဖြင့် သူဌေးအိမ်သို့ အဖေ သွားရသည်။ သူဌေးက မြနှင်းကို လက်ထပ်လိုသည်ဟု ပြောသတဲ့။ အဖေကလည်း သဘောတူခဲ့သတဲ့။ သို့ဖြင့် မြနှင်းသည် ယခင်က သူတက်ရောက် အကြော်ရောင်းခဲ့ရ သည့် အိမ်ကြီးရခိုင်ပေါ်သို့ သူဌေး၏ ဒုတိယမြောက်ဇနီးအဖြစ် ရောက်လာရ၏။ သူဌေးက သူ့သားသမီးများအား မြနှင်းနှင့် မိတ်ဆက်ပေးပြီး၊  အမေဟု ခေါ်ဖို့မလို၊ ဒေါ်လေးဟု ခေါ်ခိုင်းသည်။ မလတ်၊ထွေးထွေးတို့လည်း သူတို့ ရိုသေချစ်ကြောက်ရသည့် အစ်ကိုကြီးဇနီးအဖြစ် မြနှင်းကို ခေါ်ဝေါ်ရန် အခက်ကြုံပုံရသည်။ မြနှင်းက သူ့ကို ဟို ယခင်ကဲ့သို့ပင် မြနှင်းဟု ခေါ်ပါ ပြောလျက် ယောင်းမနှစ်‌ယောက်နှင့်ပြေလည်မှုတည်ဆောက်လိုက်သည်။ ဒုတိယ အစ်ကို ရှေ့နေ နှင့် ဇနီး သင်းသင်းက မာန်မာနမရှိ၍ မြနှင်း အသက်ရှူချောင်ရပြန်သည်။

မကြာမီ ချက်ရေးပြုတ်ရေး စီမံခန့်ခွဲရန် အစ်ကိုကြီးက မြနှင်းကို တာဝန်ပေးသည်။ မြနှင်းက ဟင်းချက် ကောင်းပြီး အလုပ်သမာားများကို ထောင့်စေ့အောင် ကိုင်တွယ်နိုင်သဖြင့် စားရေးသောက်ရေး အဆင်ပြေသွားပြန် သည်။ မလတ်က ထေ့တေ့တေ့ ငေါ့တော့တော့ လုပ်သည်ကို သည်းခံပြီး၊ မလတ်က ညီမတယောက်အဖြစ်သူ့ကို လက်ခံလာသည်ထိ မြနှင်းက သည်းခံပေါင်းသင်းခဲ့သည်။ ထွေးထွေးကတော့ ကလေးလိုဖြစ်၍ မြနှင်းနှင့် အဆင် ပြေ သည်။ အစ်ကိုကြီးက တဆင့်တက်၍ သူ့ကို မီးဖိုဆောင်စရိတ်ငွေစာရင်းကိုင်ခိုင်းပြန်သည်။

အစ်ကိုကြီး၏ သမီးအကြီး နုနုက မြနှင်းကို ယခုထိ ဒေါ်လေးဟုလည်း မခေါ်၊ မည်သို့မျှ လည်း မခေါ် သည် ကို သည်းခံရင်း သူ့ဘက်က လုပ်ပေးစရာရှိပါက လုပ်ပေးခြင်းဖြင့် မိထွေးနှင့် အဖေပါသမီးကြားက တင်းမာမှု ကို လျော့ချနိုင်ခဲ့သည်။ အငယ် ယောက်ကျ်ားလေး ၂ ယောက်အနက် အငယ်ဆုံးလေးက မြနှင်းကို တွယ်တာ လာသည်။ ကလေးသုံးယောက်က ဖခင်ကို ကြောက်ချစ်ချစ်နေရာမှ ရင်းနှီးနွေးထွေးချစ်ခင်သည့် အဖေနှင့်သား သမီးများ ဆက်ဆံရေးဖြစ်လာစေရန် မြနှင်းက ကြိုးပမ်းသည်။ ရဲအရာရှိနှင့် အိမ်ထောင်ကျနေသည့် အဝေးရောက် နေသော မကြီးက ရွာသို့ပြန်လာပြီး မြနှင်းကို လာကြည့်သည်။ မကြီးလည်း မြနှင်းကို လက်ခံသွားသဖြင့် သည် မိသားစုနှင့် သူ တသားတည်းနီးပါးဖြစ်သွားလေပြီ။ သည်ကြားထဲ ထွေးထွေးကိစ္စကို မြနှင်းနှင့် သင်းသင်းတို့ ကြိတ် ဖြေရှင်းကြရသည်။ ထွေးထွေးက အိမ်တွင် လက်တိုလက်တောင်းခိုင်းသည့် အလုပ်သမားနှင့်ချိန်းတွေ့နေသည်ကို မြနှင်းတွေ့သွားသည်။ ထွေးထွေးက မြနှင်းကို နှုတ်ပိတ်ခိုင်းထားသည်။ မြနှင်းက သင်းသင်းကို တိုင်ပင်သည်။ သင်းသင်းက ဥပယ်တံမျဉ်သုံးပြီး၊ ထွေးထွေးကို မကြီးထံပို့လိုက်သည်။ မြနှင်းလက်ချက်မှန်းသိသော ထွေးထွေး တယောက် မကျေမနပ်ခံစားချက်နှင့်အတူ မကြီးနောက်သို့ သုန်မှုန်စွာ လိုက်ပါသွားရသည်။

အစ်ကိုကြီးနှင့် မြနှင်းမှ ပွားစီးလာသည့် သားသမီးများကို အစ်ကိုကြီးသားသမီးများရော၊ ညီမများကပါ ချစ်ချစ်ခင်ခင် ဝိုင်းဝန်းထိန်းကျောင်းပေးကြသည်။ သို့သော် မျှော်လင့်မထားသည့် တိုင်းရေးပြည်ရေးက ဝင်လာ ချေပြီ။  ၁၉၄၂ တွင် ဂျပန်ခေတ်ရောက်လာသည်။ လုပ်ငန်းများရပ်တန့်သွားသည်။ ယခင်က ရုံးနှင့် ဂတ်နှင့် စီးပွားရေးကောင်းခဲ့သော ရွာကြီးအဖြစ်မှ ရုံးပျောက် ဂတ်ပျောက် စီးပွားရေးများလည်း လုပ်ကိုင်မကောင်း တော့ပေ။

တရက်တွင် ဂျပန်များက လူငယ်လေးတယောက်ကို ဖမ်းလာပြီး၊ မြနှင်းတို့အိမ်ရှေ့က လမ်းပေါ်တွင် ပစ် သတ်လိုက်သည်။ မြနှင်းနှင့် နူနူ  တို့ အိမ်ပေါ်မှ ချောင်းကြည့်နေကြသည်။ မျက်နှာတွင် သွေးများစီးကျနေသည့် လူငယ်လေးမျက်နှာကို မြင်လျှင် နူနူက “နီမောင်” ဟု ရေရွတ်လိုက်သည်။ မြနှင်းက ခပ်တိုးတိုးမေးသော်၊ သူ့ ကျောင်းနေဖက်ဟု နူနုက ဖြေသည်။ ဂျပန်များက နီမောင်ကို သတ်မည်ပြုချိန် နုနု အော်ဟစ်ရန်ပြင်လိုက်၍ မြနှင်းက နုနုပါးစပ်ကို ပိတ်ပြီး ဆွဲချထိုင်ခိုင်းလိုက်သည်။ အိမ်ရှေ့မှာပင် ဂျပန်များက နီမောင်ကို သူလျှိုဟုဆိုကာ ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းကိုထားခဲ့သည်။  နီမောင့်အလောင်းကို လူတယောက်က လာရောက်ကောက် ယူပြီး လေကဲ့သို့ လျင်မြန်စွာပျောက်သွားလေသည်။

တအိမ်သားလုံး တုန်လှုပ်ခြောက်ခြားနေကြသည်။ လူစစ်လိုက်သော အစ်ကိုကြီးဘက်ကပါသည့် အငယ် ဆုံးသား မောင်မြဟန်ကို တကိုယ်လုံးတဆတ်ဆတ်တုန်လျက် အခန်းထောင့်၌ တွေ့ရလေသည်။ မောင်မြဟန် အသံလုံးဝမထွက်တော့ဘဲ ပြောလိုက်သည့်စကားများက ဝူးဝူးဝါးဝါးဖြစ်နေသည်၊ အစားကိုခွံကျွေးလျှင်ပင် မနည်း ကျွေးရသည်။ မြနှင်းက ထမင်းခွံကျွေးပြီး မည်သို့ ဂရုစိုက်စေကာမူ၊ ပြန်ကောင်းမလာတော့။ တဖြည်းဖြည်း ပိန်လှီ လာပြီး ဆုံးပါးသွားသည်။ ဆုံးခါနီး သူ့ပါးစပ်အလှုပ်က မြနှင်းကို အမေဟုခေါ်သွားခြင်းပင်။

အစ်ကိုလတ်လည်း ရွာတွင် ရှေ့နေအလုပ်လုပ်၍ မရတော့ပေ။ ဂျပန်များက သူတို့အိမ်ကို ရောင်းလျှင် ရောင်း၊ မရောင်းလျှင် တဝက်ငှားခိုင်းသဖြင့် သူတို့အခက်ကြုံပြန်သည်။ စီးပွားပျက်လာသဖြင့် အတွင်းပစ္စည်းများ ထုတ်ရောင်း စားကြရပြီ။ ဂျပန်များက စစ်ရေးအခြေအနေကြောင့် ရွာတွင် မရှိကြတော့။ ထို့ကြောင့် အိမ်ကို ဂျပန်ရန်မှ မပူရတော့သော်လည်း၊ ကမ်းပါးပြိုလာပြန်သည်။    ထို့ပြင် ရွာတွင် စီးပွားရေးပြန်လုပ်ဖို့ အဆင်မပြေ တော့ပေ။ သို့ဖြင့် သူတို့ သင့်‌တော်သည့်မြို့သို့ ပြောင်းရွှေ့ကြမည်ဟု စဉ်းစားကြရသည်။

နုနုက ကျောင်းဆရာမအလုပ်ရသည်။  သူနှင့်အတူ ကျောင်းဆရာလုပ်နေသူက လက်ထပ်ခွင့် တောင်း သည်။ မြနှင်း လိုက်ကြည့်ပြီး အကဲခတ်ပေးပါတဲ့။ နုနုနှင့် လုပ်ဖော်ကိုင်ဖက် ဆရာလေးကို မြနှင်းသဘောကျသည်။ အစ်ကိုကြီးကို ပြောပြပြီး လက်ထပ်ပေးလိုက်သည်။ ထွေးထွေးတုန်းကလို ခမ်းခမ်းနားနား လက်ထပ်မပေးနိုင် သည်ကို အစ်ကိုကြီးဝမ်းနည်းပုံရသည်။ ထွေးထွေးကား  မကြီးထံနေရင်း အရာရှိတဦးနှင့် ဖူးစာဆုံသွားသည်။ အစ် ကိုကြီးက ထွေးထွေးမင်္ဂလာပွဲကို ရွာတွင် ခမ်းခမ်းနားနား ပြုလုပ်ပေးသည်။ သည်အချိန်တွင်တော့ ထွေးထွေးက မြနှင်းကို ကျေးဇူးတင်ရကောင်းမှန်း သိလျက် အစ်မတယောက်အဖြစ် လက်ခံလာသည်။

သားကြီးက မကြီးတို့ကူညီမှုဖြင့် ရန်ကုန်တွင် အလုပ်ရသွားသည်။ သားကြီးက ရန်ုကုန်အခြေအနကို လေ့လာပြီး မြို့ငယ်လေးတွင် နေနေကြသည့် အငယ်တွေကို ရန်ကုန်ခေါ်မည်။ အလုပ်လုပ်သူကလုပ်၊ ကျောင်း ဆက် တက်သူတက် ကြမည်ဆို၏။  ရန်ကုန်တွင် မကြီးတို့၏ မြေကွက်၌ အိမ်အဖြစ်ဆောက်ပြီး သားကြီး၊ သား လတ်၊ သမီးလတ်နှင့်သားငယ်တို့ နေထိုင်ကြသည်။ မြနှင်းတို့လည်း နုနု၊ ကြည်ကြည်တို့နှင့်အတူ ခရမ်းမြို့သို့ ရွှေ့ပြောင်းခဲ့သည်။ နုနုရော ကြည်ကြည်ပါ ဆရာမ၊အလုပ်လုပ်ကြသည်။ သူတို့ဝင်ငွေဖြင့် မြနှင်းတို့ရပ်တည် ရသည်။  ရှေ့နေအစ်ကိုနှင့် သင်းသင်းက မြနှင်းတို့နှင့် မလှမ်းမကမ်းတွင် အိမ်ခွဲနေကြသည်။ မလတ်နှင့် မငယ်ကို ထွေးထွးကခေါ်သွားသည်။ သို့ဖြင့် မိသားစုများ တကွဲတပြားဖြစ်သွားလေပြီ။

ခရမ်းသို့ရွှေ့လာပြီး မကြာမီ ရှေ့နေအစ်ကိုလေး ရုတ်တရက်ဆုံးပါးသွားသဖြင့် သင်းသင်းက သူ့ရွာသို့ပြန် နေသည်။ သားကြီးက အိမ်ထောင်ကျသွားပြီ။ နုနု ယောကျ်ားက အလုပ်ပြောင်းပြီး ရန်ကုန်သို့ ရွှေ့ရသဖြင့် နုနု လည်း ရန်ကုန်မှ ကျောင်းတကျောင်းသို့ ပြောင်းသွားသည်။ မောင်နှမတွေအများကြီးနှင့်နေချင်သည်ဆိုသည့် နုနု စိတ်တိုင်းကျ သူတို့မောင်နှမက ၃ ယောက်၊ မြနှင်းနှင့် ထပ်မံမွေးဖွားသည့် သားသမီးက ၈ ယောက်၊ ပေါင်း (၁၁) ရှိရာ၊ ဆုံးပါးသွားသည့် မောင်မြဟန်ကိုဖယ်လျှင် အသက်ရှင်ဆဲ သားသမီး ( ၁၀) ယောက်ရှိလေပြီ။ မြနှင်းတို့နှင့် အတူနေသူ သားတယောက် သမီးတယောက်သာကျန်ရစ်သည်။ အစ်ကိုကြီးကား သား သမီး မြေးများရှိသည့် ရန်ကုန်တွင် အနေမျာလာသည်။

မြနှင်းကား အချစ်ဦးဟု ပြောရမည့် အစ်ကိုထွန်းအေးလည်း ခေါင်းထဲ ရင်ထဲတွင် မရှိတော့။ အစ်ကိုကြီး သာ သူ့လင်သား သူ့ချစ်သူ အဖြစ်အိမ်ထောင်တာဝန်ကို ထမ်းဆောင်သည်။ အစ်ကိုကြီးကတော့ စီးပွားကလည်း ပျက်၊ ယခင်အိမ်ထောင်နှင့် မွေးခဲ့သည့် အငယ်ဆုံးသားကလည်း ဆုံးပါးခဲ့ရာ၊ စိတ်ဓာတ်ကျပြီး ကြည်ကြည်လင် လင်မရှိသည်မှာ ကြာပြီ။ ရန်ကုန်သွားပြီး သားသမီး မြေးများနှင့် နေရသည်ကို ပျော်ရွှင်ပုံရ၍ မြနှင်းက ရန်ကုန် သွား သည်ကို မတားဆီးပေ။

အစ်ကိုကြီးကား မြနှင်းကို သနားအားနာနေသည်။ စည်းစိမ်ချမ်းသားနှင့် ခဏသာနေခွင့် ရလိုက်ပြီး၊ သူတို့ အိမ် စိးပွားပျက်သည့် ဒဏ်ကိုခံရသည့်အပြင်၊ သူလို အိုမင်းလာသူကိုပါ ပြုစုရသည်ဟု ပြောတတ်လာသည်။ အစ် ကိုကြီး ချောင်းဆိုးဆိုးနေ၍ ဆေးစစ်ရန်၊ ဆရာဝန်ပြရန် မြနှင်းက တိုက်တွန်းသော်လည်း လက်မခံ။ နောက် တနေ့ ရန်ကုန်သွားပြန်သည်။ အစ်ကိုကြီး ရန်ကုန်သွားပြီး ရက်ပိုင်းအတွင်း သားဖြစ်သူ မောင်အေးမောင် ရုတ်တ ရက် ခရမ်းသို့ ရောက်လာသည်။ ဖေဖေ နေမကောင်း၍ မေမေလိုက်ခဲ့ပါတဲ့။ နောက်နေ့တွင် သူတို့အားလုံး ခရမ်းမှ ထွက်သည့် သင်္ဘောဖြင့် ရန်ကုန်သို့ ထွက်ခဲ့ကြသည်။ ထိုစဉ်က ရန်ကုန်သို့သွားရန် ရေလမ်းသာရှိချိန်ပေတည်း။ လမ်းတွင် သင်္ဘောပျက်၍ ရန်ကုန်သို့ နောက်နေ့မှ ရောက်ရာ မြနှင်းတို့ ရောက်ချိန်တွင် အစ်ကိုကြီးကို သင်္ဂြိုလ် ပြီးပြီ။

နုနု နေမကောင်းဖြစ်၍ ခရမ်းအိမ်ကို ရောင်းပြီး မြနှင်းတို့ အားလုံး ရန်ကုန်သို့ ရွှေ့လာသည်။ နုနုသည် သူ့အမေ မမလေးကဲ့သို့ ဆီးချိုဖြစ်နေသည်။ မြနှင်း ပြုစု ဂရုစိုက်ပေးသော်လည်း တီဘီရောဂါပါ စွဲကပ်လာပြီး၊ သေ ဆုံးသွားပြန်သည်။ မမလေးနှင့် အစ်ကိုကြီးတို့မွေးခဲ့သည့် သားလတ်ဖြစ်သူမောင်ချစ်စံသာ ကျန်ရစ်သည်. မောင် ချစ်စံလည်း အလုပ်နှင့် မြစ်ကြီးနားသို့ ပြောင်းရွှေ့သွားရာမှ အရက်အလွန်အကျွံသောက်သောကြောင့် ပင်စင်ပေးခံ ရပြီး မြနှင်းထံ ပြန်ရောက်လာသည်။ ထိုနောက် လေဖြတ်၊ထိုနောက် ကွယ်လွန်သွားပြန်သည်။

မြနှင်းလည်း အသက်အရွယ်ထောက်လာသည့် ဒေါ်မြနှင်းအရွယ်ဖြစ်လာပြီ။ သမီး အငယ်ဆုံးနှင့် အတူနေ ထိုင် ရင်း အသက် ရှစ်ဆယ်ကျော် ကိုးဆယ်တွင်း ချဉ်းနင်းလာစဉ် လူကြီးနာဖြင့် အေးဆေးညင်သာစွာ ကွယ်လွန်သွားလေသည်။

အဖြူရောင် ပန်းတစ်ပွင့် ဖြစ်သည့် မြနှင်းကား ဘဝတလျှောက် ခင်ပွန်းနှင့် သားသမီးများအတွက် ပေး ဆပ်ရင်း အိမ်ထောင်ရှင်မကောင်းတယောက်အဖြစ် တာဝန်ကျေခဲ့သည်။ ထို့ပြင် ဒေါ်မြနှင်း အဆစ်ထမ်းဆောင်ရ သည့် တာဝန်မှာ ခင်ပွန်းဘက်က ပါလာသည့် ကလေး ၃ ယောက်ကို သူ့ရင်မှဖွားသည့် သမီး၊ သားများသဖွယ် ပြုစု စောင့်ရှောက်ပေးခဲ့ခြင်းဖြစ်သည်။ အိမ်ထောင်တခုတွင် မိခင်၏ အခန်းကဏ္ဍမည်မျှ အရေးကြီးကြောင်း အဖြူ ရောင် ပန်းပွင့်လေးက ပြသသွားပါသည်။

ထို့ပြင် ခေတ်၏ အရွေ့များကို အဖြူရောင်ပန်းတစ်ပွင့် တွင် မြင်တွေ့နိုင်ပါသည်။ ၁၉ ရာစု မှ ၂၀ ရာစု အစထိတိုင်၊ အိမ်ထောင်ရှင်မများသည် သဘာဝအတိုင်း ပဋိသန္ဓေဆောင်ကြ၊ သဘာဝအတိုင်းသားမွေးကြ၊ နို့ချို တိုက်ကျွေးကြပြီး မညည်း မညူ မိခင်တာဝန်ကို ထမ်းခဲ့ကြသည်။ ခင်ပွန်းက စီးပွားရှာ၊ ဇနီးက အိမ်ထောင်ထိန်း သားသမီးပြုစုစောင့်ရှောက်ဆိုသော လမ်းရိုးကြီးနှင့် ယနေ့ခေတ် အိမ်ထောင်သည်များ၏ သားသမီး အကန့်အ သတ် နှင့်မွေးကြ၊ နေ့ရက်ရွေးလျက် ဗိုက်ခွဲမွေးကြသည့်ခေတ်လူများ၏ လမ်းသစ်ကို လှဉ်တွဲမြင်နိုင်ပေသည်။ ခေတ်ဟူသည် ရွေ့လျားမြဲပင်။  

 မည်သို့ဆိုစေ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ နိုင်ငံ စသည်တို့ စုပေါင်းထားသည့် ကမ္ဘာမြေပေါ်တွင် လူ သားတို့သည်လည်း ဖွား - ရှင် - သေ ဟူသော လမ်းကြောင်းပေါ်တွင် သူ့ခေတ်နှင့်သူ နေခဲ့ ကြ၊ ထွက်ခွာ ကြရ သည်မှာ တားဆီးမရသည့် လောကနိယာမတရပ်ပါ ဆင်ခြင်မိစေသည့် ဝတ္ထုဖြစ်ပါသည်။ ဤဝတ္ထုကို ဆရာမ ခင်လှိုင်ကြူက ရေးသားပြီး၊ လင်းလွန်းခင်စာပေတိုက်က ၂၀၂၂ ဇူလိုင်တွင် ထုတ်ဝေခဲ့ပါသည်။

                                                                                                                             ခင်နှင်းဦး