【 ဆောင်းပါး 】 ကမ္ဘာ့အမွေအနှစ် ဖူကျန့်မှ မြေအိမ်များ

【 ဆောင်းပါး 】 ကမ္ဘာ့အမွေအနှစ် ဖူကျန့်မှ မြေအိမ်များ

တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ကမ်းရိုးတန်းတစ်လျှောက်မှာတည်ရှိသော ပြည်နယ်တစ်ခုဖြစ်သည့် ဖူကျန့် (Fujian) ပြည်နယ်ဟာ တစ်နှစ်ပတ်လုံး သွားရောက်လည်ပတ်ရန် သင့်လျော်သော သာယာသော ရာသီဥတုရှိသော ခရီးသွားနေရာတစ်ခုဖြစ်ပါတယ်။

ဖူကျန့်ဟူသော အမည်နာမကို ထန်မင်းဆက်ခေတ် (Tang Dynasty) က ဖူကျိုးမြို့ (Fuzhou) နှင့် ကျန့်ကျိုးမြို့ (Jianzhou) နှစ်ခုတို့၏ အမည်များကိုပေါင်းစပ်၍ ခေါ်ဝေါ်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဖူကျန့်ပြည်နယ်ဟာ တရုတ်နိုင်ငံတွင် ယဉ်ကျေးမှုအရရော၊ ဘာသာစကားအရပါ ကွဲပြားမှုများ အများဆုံးတည်ရှိရာ ပြည်နယ်ဖြစ်ပါတယ်။အဲဒီဒေသမှာ အဖိုးတန် UNESCO ကမ္ဘာ့အမွေအနှစ်များ၊ အံ့ဖွယ်တောင်တန်းများနှင့် စမ်းချောင်းများ၊ ဘုရားကျောင်းများ၊ လမ်းများနှင့် လမ်းသွယ်များကို ကောင်းစွာထိန်းသိမ်းထားသည့် ရှေးဟောင်းနေရာများ၊ ကမ်းခြေများနှင့် ကမ်းရိုးတန်းရှုခင်းများဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခုဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်အတွင်းမှာရှိတဲ့ “ဖူကျန့်မြေအိမ်များ” ကို  ၂၀ဝ၈ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ကနေဒါနိုင်ငံ Québec မြို့တွင် ကျင်းပတဲ့ (၃၂) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ညီလာခံမှာ ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် တရားဝင် စာရင်းသွင်းခံခဲ့ရပါတယ်။

ဖူကျန့်မြေအိမ်များကတော့ စုန့်မင်းဆက်ခေတ်၊ ယွမ်မင်းဆက်ခေတ်ကာလတွင် အစပြုခဲ့ပြီး မင်မင်းဆက်ခေတ်အကုန်၊ မန်ချူးမင်းဆက်နှင့် တရုတ်သမ္မတနိုင်ငံခေတ်တွင် ထွန်းကားလာပြီး ယနေ့ထိတိုင် ဆက်လက်တည်ရှိနေခဲ့တာဖြစ်ပါတယ်။အဲဒီမြေအိမ်တွေဟာ ရှည်လျားသောသမိုင်းကြောင်း၊ ထူးခြားသောစတိုင်လ်၊ ကြီးမားသောထုထည်၊ လက်ရာမြောက်သောဖွဲ့စည်းမှု စသည့် ထူးခြားချက်များကြောင့် ကမ္ဘာပေါ်ရှိ လူနေအိမ်ဗိသုကာအနုပညာများနှင့် တသီးတခြားဖြစ်တည်နေပါတယ်။

ဖူကျန့်မြေအိမ်တွေဟာ တောင်များနှင့် နီးကပ်စွာတည်ရှိနေတာတွေ့ရပြီး ထိုဒေသ၏ မြေကြီး၊ သစ်သား၊ ကျောက်စရစ်ခဲ စသည့် ဆောက်လုပ်ရေးပစ္စည်းများကို အသုံးပြုပြီး ဆောက်လုပ်ထားတာဖြစ်ပါတယ်။အဲဒီမြေအိမ်တွေဟာ အဓိကအားဖြင့် ဖူကျန့်ပြည်နယ် လုံရန်၊ ကျန်းကျိုး စသည့် ဒေသများတွင် ဖြန့်ကြက်တည်ရှိပြီး ယုံတိန့်မြေအိမ်နှင့် နန်ကျင့်မြေအိမ်တို့မှာ နာမည်ကျော်ကြားလှပါတယ်။

မြေသားဖြင့် အဓိကတည်ဆောက်ထားတဲ့ လူနေအိမ်များ၏ လူတန်းစားကိုအခြေခံ၍ အုပ်စုဖွဲ့နေထိုင်သော ထူးခြားချက်နှင့် ၎င်းအားတည်ဆောက်ထားသည့် ထူးခြားချက် လက္ခဏာတို့သည် ဟက်ကာလူမျိုးတို့၏ သမိုင်းနှင့် နီးကပ်စွာဆက်စပ်နေတယ်လို့ ဆိုပါတယ်။ဟက်ကာလူမျိုးများဟာ သွားလေရာ နေရာတိုင်း၌ မျိုးရိုးတူသော မိသားစုဝင်များနှင့် အမြဲတစေ စုဝေးနေထိုင်တတ်ကြလို့ဖြစ်ပါတယ်။ ဟက်ကာလူမျိုးတွေဟာ အများအားဖြင့် ဝေးလံခေါင်သီသော တောင်ပေါ်ဒေသ (သို့မဟုတ်) တောနက်ပိုင်းထဲတွင် နေထိုင်ကြတာဖြစ်ပြီး ထိုအချိန်က ဆောက်လုပ်ရေးပစ္စည်းများ ရှားပါးရုံသာမက ဝံပုလွေ၊ ကျား၊ ကျားသစ်၊ သူခိုးများ၏ တိုက်ခိုက်မှုကိုလည်း ခုခံကာကွယ်ကြရတာကြောင့် ဟက်ကာလူမျိုးများသည် “ခုခံကာကွယ်နိုင်သော” ရဲတိုက်ပုံစံ နေအိမ်များကို ဆောက်လုပ်ခဲ့ကြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဖူကျန့်မြေအိမ်များတွင် အဝိုင်းပုံစံအဆောက်အအုံ၊ အဋ္ဌဂံပုံစံအဆောက်အအုံ၊ လေးထောင့်ပုံစံအဆောက်အအုံ စသဖြင့် အမျိုးမျိုးသော မြေအိမ်အဆောက်အအုံအမျိုးအစား ၃၀ ကျော်ရှိပါတယ်။မြေအိမ်တွေရဲ့ ဖွဲ့စည်းမှုပုံစံဟာ အပြင်ဘက်တွင်မြင့်ပြီး အတွင်းတွင် နိမ့်သွားပါတယ်။အဆောက်အအုံအတွင်းမှာ အဆောက်အအုံငယ်ရှိပြီး အဝိုင်းပတ်အတွင်း အဝိုင်းပတ်ငယ်ရှိကာ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ အလင်းရောင်ရရှိမှုကောင်းမွန်ခြင်း၊ ငလျင်ဒဏ်ခံနိုင်ခြင်း၊ အသံလုံခြင်း၊ အနွေးဓာတ်ထိန်းနိုင်ခြင်း၊ ကာကွယ်ခြင်း စသည့် စွမ်းဆောင်ရည်များပါရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့်ပဲ ယနေ့ထိတိုင်တည်ရှိနေတဲ့ ဖူကျန့်ဒေသက မြေအိမ်များဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

ခန့်မောင်