【 ဆောင်းပါး 】 ကာဗွန်သုညနှင့် ကမ္ဘာကြီးပူနွေးမှု

【 ဆောင်းပါး 】 ကာဗွန်သုညနှင့် ကမ္ဘာကြီးပူနွေးမှု

ယခုရက်အတွင်း စကော့တလန် ဂလပ်စကိုဆိုသောမြို့တွင် ရာသီဥတုဆိုင်ရာ COP26 ဆိုသည့် ထိပ်သီးညီလာခံကို ကျင်းပခဲ့သည်။

ထိုညီလာခံသို့ နိုင်ငံတကာခေါင်းဆောင် အတော်များများ တက်ရောက်သလို မတက်ရောက်နိုင်သည့်သူတွေကလည်း  ဗီဒီယိုကောလ်ဖြင့် တက်ရောက်ကြသည်။

ရာစုနှစ်ထဲ ရာသီဥတုထိန်းသိမ်းရေးညီလာခံကို စီးပွားရေးနှင့် စစ်ရေးအင်အားကြီးနိုင်ငံတွေ စိတ်ဝင်စားတာ ဒီတစ်ခါသာတွေ့ရသည်။

ထိုညီလာခံကို အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ် စသည့် အနောက်နိုင်ငံတွေက သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ စသည့် အဆုံးအဖြတ်ပေးနိုင်သည့်သူတွေ တက်ရောက်တာကို မြင်ရသည်။

ဒီဘက်နှစ်တွေမှာ သဘာ၀ပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး အတော်လေး အသံကျယ်ကျယ်လောင်လောင်ထွက်လာသည်မှာ ကာဗွန်ထုတ်လုပ်မှု သုညအထိရောက်မည့်နှစ်တွေကို နိုင်ငံကြီးတွေ အပြိုင်အဆိုင်ထုတ်ပြန်လာကြခြင်းဖြစ်သည်။ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် က ၂၀၆၀ မကုန်မီ တရုတ်နိုင်ငံသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ လုံးဝထုတ်လွှတ်ခြင်းမရှိသည့်အဖြစ်သို့ ဖော်ဆောင်သွားမည်ဟု ကတိကဝတ်ပြုခဲ့ရာ ထိုကတိပေးမှုက ထိုအချိန်က အတော်လေးဂယက်ရိုက်ခဲ့သည်။တစ်ကမ္ဘာလုံး ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု၏ ၂၉ ရာခိုင်နှုန်းမျှ ထုတ်လွှတ်နေသည့် တရုတ်ဘက်က ကတိတည်ခဲ့ပါက နှစ်များစွာအတွင်း အထူးကဲဆုံးသော ရာသီဥတုအရေး မူဝါဒဖော်ဆောင်မှုတစ်ရပ်ဖြစ်လာနိုင်ပြီး အကောင်အထည်ပေါ်လာခဲ့ပြီဆိုပါက ယခု ရာစုနှစ်တွင် ကမ္ဘာကြီးပူနွေးမှုကို ၀ ဒသမ ၂ မှ ၀ ဒသမ ၃ ဒီဂရီဆဲလ်စီးရပ်စ်မျှ လျှော့ချနိုင်လိမ့်ဖွယ်ရှိနေသည်။             

ပြီးခဲ့သည့် နွေရာသီအတွင်းကဆို ရာသီဥတုက ဆိုးလှသည်။ပူသည်မှာ ပြောမနေနှင့်။နေစရာမရှိအောင်ပင် ရက်ရက်စက်စက်ပူသည်။ပူပုံက ကျောကော့အောင်ပူလှသဖြင့် အမေတို့ အဖွားတို့ပြောသလို ပြောရလျှင် တစ်သက်နှင့်တစ်ကိုယ် ဒီလောက်အနေရခက်တာ ကြုံကိုကြုံဖူးဘူးဟု ဆိုရမလိုပင်။ဒါက ရန်ကုန်တစ်ခုတည်းလားဆိုတော့ မဟုတ်။မြန်မာတစ်နိုင်ငံလုံးနီးပါး အပူချိန်တွေမြင့်နေခြင်းဖြစ်သည်။ကမ္ဘာကြီးပူနွေးမှုက ကျနော်တို့နေသည့် အိမ်ပေါက်ဝသို့ ရောက်လာသည့်အခါမှ ဘယ်လောက်တောင် ကမ္ဘာကြီးပူနွေးမှုက လူတွေနဲ့ သက်ရှိသတ္တဝါတွေ တည်မြဲရေးကို ဆိုးကျိုးပေးသလဲဆိုတာ သိလာရသည်။  

ယခုနှစ်တွင် လာနီညာလာဖို့က သေချာသလောက်ရှိနေသည် ဆိုသည်။အယ်နီညိုရှိသည့်နှစ်တွေတွင် အပူချိန်တွေ စံချိန်တင်မြင့်တက်ပြီး လာနီညာရှိသည်နှစ်တွေတွင် ရာသီဥတုက စွတ်စိုသည်ဟု ဆိုသည်။ယခုနောက်ပိုင်းနှစ်တွေတွင် လာနီညာနှင့် အယ်နီညိုမှာ တစ်လှည့်စီဆိုသလိုဖြစ်လာသဖြင့် လူတွေက ရာသီဥတုကို သိပ်ပြီးထူးစိတ်မဝင်စား။
ကိုယ်နေသည့်နိုင်ငံကသာ ရာသီဥတုထက် ပိုပူပြင်းသည့် နိုင်ငံရေးကြောင့် စိတ်မဝင်စားတာမှန်သော်လည်း နိုင်ငံအများစုကတော့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုက သေရေးရှင်ရေးအနေအထားအထိ ဖြစ်လာနေသည်။

ကမ္ဘာကြီးပူနွေးလာမှု‌ကြောင့် ကမ္ဘာ့ရေမြေတောင်များ ပြောင်းလဲမှုများဖြစ်လာခဲ့သည်။မုန်တိုင်းများ ပိုပြီးပြင်းထန်လာသလို အာရှဒေသ၏ မုတ်သုန်ရာသီဥတုမှာ အမှန်မရှိတော့။မကြာခင်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဂျပန်တွင် ကျွန်းသစ်တစ်ခုဖြစ်ပေါ်လာခဲ့သလို ဘန်ကောက်၊ ဂျကာတာနှင့် မော်လ်ဒိုက်တို့မှာ နှစ် ၅၀ အတွင်း ပင်လယ်ရေအောက်ရောက်မည့်ဘေးကို ကြုံနေရသည်။ထို့သို့သောအချက်များနှင့်ပြောင်းပြန် အာတိတ်နှင့် အန္တာတိကတိုက်တို့တွင် ရေခဲတောင်များအရည်ပျော်ကာ ကုန်းမြေများပေါ်လာသဖြင့် သံယံဇာတတူးဖော်မှုအတွက် နိုင်ငံအချို့ ပိုင်နက်ပြဿနာတက်နေကြသည်။  

ပညာရှင်များအဆိုအရ ရာသီဥတုပြောင်းလဲမှု၏ ပြင်းထန်ဆိုးဝါးသော သက်ရောက်မှုများကို ရှောင်ရှားနိုင်ရန် သိပ္ပံပညာရှင်များ သတ်မှတ်ထားသည့် ကမ္ဘာကြီးပူနွေးမှုမှာ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးရပ်စ်သာရှိရမည်ဆိုသော သတ်မှတ်ချက်ကို ကျော်လွန်ခဲ့သဖြင့် ကမ္ဘာကြီးပူနွေးမှုက ကပ်ဘေးများဆီသို့ ဦးတည်လာခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ကုလသမဂ္ဂ ပါရီရာသီဥတုသဘောတူညီချက်အောက်တွင် ကာဗွန်လျှော့ချရေးအတွက် နိုင်ငံပေါင်း ၂၀၀ နီးပါး ပါဝင်ထားပြီး အဆိုပါနိုင်ငံများ ကတိပြုထားသော ကာဗွန်လျှော့ချမှုနှုန်းထား စုပေါင်းပမာဏအရ ၂၁၀၀ တွင် ကမ္ဘာကြီးပူနွေးမှုသည် ၂ ဒသမ ၇ ဒီဂရီဆဲလ်စီးရပ်စ်နီးပါး ရှိနေနိုင်ကာ တရုတ်နိုင်ငံပါ ထည့်ပေါင်းပါက ကမ္ဘာကြီးပူနွေးမှုသည် ၂ ဒသမ ၄ မှ ၂ ဒသမ ၅ ဒီဂရီဆဲလ်စီးရပ်စ်မျှသာ ရှိလာတော့ဖွယ်ရှိသည်။သို့သော် ယခုကျင်းပသည့် ဂလပ်စကိုညီလာခံတွင် အဆိုပါကတိကဝတ်မှာ ပျော့ပြောင်းဖျော့တော့လာခဲ့သည်ကို တွေ့ရသည်။

အကယ်၍ ကာဗွန်ထုတ်လွှတ်မှု သုညအထိမရောက်ခဲ့လျှင် ဘာဖြစ်လာမည်နည်းဆိုသည်မှာ သိပ္ပံပညာရှင်များအတွက် ပြောရခက်သည့်ကိစ္စပင်ဖြစ်သည်။တွက်ချက်ရလည်းခက်သည်။တခြားသောအရာတွေကို မခန့်မှန်းနိုင်လျှင်ထား။လက်ရှိ မြန်မာနိုင်ငံတွင်ပင် လွန်ခဲ့သည့်ငါးနှစ် ဆယ်နှစ်ကာလအတွင်း မကြုံဘူး၊ မကြားဘူး၊ မမြင်ဘူးသည့် သဘာ၀ဘေးတွေ ကြုံခဲ့ရသည်ကိုကြည့်လျှင် ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသည့် လက်သည်ဖြစ်သော ကမ္ဘာကြီးပူနွေးမှု၏ အန္တရာယ်ကို မြင်နိုင်မည်ဖြစ်သည်။  

၂၀၀၀ ပြည့်နှစ်နောက်ပိုင်း လူအသေအပျောက်အများဆုံး ဖျက်အားအပြင်းဆုံး သဘာ၀ဘေးဒဏ်တွေက တောင်အာရှနှင့် အရှေ့တောင်အာရှကို ဆက်တိုက်ဝင်နေတာကို တွေ့ရမည်ဖြစ်သည်။ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပြီဆိုသည်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ မြန်မာ တစ်နိုင်ငံ သို့မဟုတ် တစ်နိုင်ငံ။အရင်တုန်းက မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်တာ သိပ်မစိပ်သော်လည်း ၂၀၀၀ နောက်ပိုင်းတော့ တော်တော်စိပ်လာသည်။ ၂ နှစ်ခြားတစ်ခါ မုန်တိုင်းကြီးဝင်သည်။သာမန်ပြင်းအား မုန်တိုင်းကတော့ တစ်နှစ်ကို သုံးလေးလုံး။ဒါက ပုံမှန်လိုဖြစ်နေပြီ။နာဂစ်မုန်တိုင်းနှင့် ၂၀၁၅ တစ်နိုင်ငံလုံးရေကြီးခြင်း စသည့် ဆုံးရှုံးမှုကြီးသော သဘာဝဘေးဒဏ်တွေကို ကြုံလာနေရသည်။

စက်မှုနိုင်ငံတွေများလာတာနှင့်အမျှ ကာဗွန်ရုပ်ကြွင်းအသုံးပြုမှု ပိုများလာသလို လူတွေနေထိုင်မှုနှင့် သဘာ၀သံယံဇာတထုတ်ယူမှုများကြောင့် ကမ္ဘာ့မိုးသစ်တောများ အလျင်အမြန်ပျောက်ကွယ်လာသလို မြစ်များကိုထိန်းချုပ်လာမှုကြောင့် မြစ်များကိုဆက်စပ်ကာ လည်ပတ်နေရသည့် အစာကွင်းဆက်တွေ၊ သဘာ၀ကွင်းဆက်တွေပါ ပြတ်တောက်ကုန်သည်။
နောက်ဆုံးတော့ တောဆိုသည်မှာ မည်ကာမတ္တသာရှိတော့သလို တောင်ဆိုသည်မှာလည်း တစ်ချိန်ကဆိုသည့် အနေအထားသို့ ရောက်လာခဲ့သည်။တစ်ချိန်က စိမ်းစိုကာ လန်းဆန်းနေသည့် တောတောင်များ၏မြင်ကွင်းမှာ တကူးတက တန်ဖိုးထားထိန်းသိမ်းနေရသည့် ရှားပါးအနေအထားသို့ ရောက်လာခဲ့သည်။

တစ်ကယ်တမ်းကတော့ သဘာဝဂေဟစနစ်ပျက်ပြားအောင် မဆင်မခြင်လုပ်ခြင်းကြောင့် ဒီလိုတွေဖြစ်နေခြင်းဖြစ်သည်။သစ်တောသစ်ပင်များရှိသည့်နေရာမှ အပူချိန်နှင့် မရှိသည့်နေရာက အပူချိန်က လွန်စွာကွာခြားသည်။သစ်တောသစ်ပင်များက အပူဒဏ်ခံနိုင်ကာ ဟန်ချက်မျှသော ရာသီဥတုကို ပေးကြသည်။အပင်တွေက တော်ရုံရာသီဥတုကို ထိန်းသည်။လူတို့အတွက် လိုအပ်သော သန့်ရှင်းသည့် အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးသည်။ဖေ့စ်ဘွတ်ပေါ်တွင် တစ်ခါကဖတ်လိုက်ရသည်။သစ်ပင်က စာရွက်ကိုကိုင်ကာ ဆန္ဒထုတ်ဖော်နေသည့်ပုံနှင့်။စာရွတ်ပေါ်တွင် "ကျွန်တော့ကို မခုတ်ပါနှင့်။ကျွန်တော်က လူလေးယောက်စာအတွက် အောက်ဆီဂျင် ထုတ်လုပ်ပေးနိုင်သည်ဆိုသော" စာကိုရေးထားသည်။သစ်ပင်တွေက တစ်ကယ်ကိုပဲ နွေရာသီကိုအံတုကာ အအေးဓာတ်ကိုပေးနိုင်သည်။လူတို့အတွက် အဆိပ်ဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို စုပ်ယူကာ အစာချက်ပြီး လူ့အသက်ဇီဝအတွက် အရေးကြီးသော အောက်ဆီဂျင်ဓာတ်ကို ထုတ်လုပ်ပေးသည်။သက်ရှိလောကအတွက် အရေးကြီးသော အစာကွင်းဆက်က အပင်များပင်ဖြစ်သည်။  

ကျွန်တော်ပထမနေခဲ့သော နေအိမ်၏ခေါင်းရင်းတွင် ဗာဒံပင်ရှိသည်။ဗာဒံပင်ဆိုတာ ဆောင်းအကုန် နွေအကူးကာလတွင် တစ်ပင်လုံးရွက်သစ်လဲသည်။တစ်ကယ် နွေရာသီတင်းပြည့်ကျပ်ပြည့် ပူလာသည့်အချိန်တွင် တစ်ပင်လုံး ရွက်သစ်တွေစိမ်းစိမ်းစိုစိုနှင့် ကြည့်ကောင်းပြီး သူ့အရိပ်က အပင်ကြီးလျှင် ကြီးသလောက် အေးလှသည်။သူ့ထက်အရိပ်အေးသည့်အပင်ဆိုလို မန်ကျဉ်းပင်နှင့် ကုက္ကိုလ်ပင်သာ ရှိမည်ထင်သည်။ဒါတောင် ကုက္ကိုလ်ပင်က နွေရာသီအရွက်လဲသဖြင့် အရိပ်အုပ်ဆိုင်းရန်မလွယ်လှ။ထိုအချိန်ဆိုလျှင် အပြင်က ဘယ်လောက်ဝေးဝေး ဘယ်လောက်ပဲ နေပူပူကပြန်လာသည်ဖြစ်စေ အပင်အောက်မှာရှိသည့် ကွပ်ပျစ်ပေါ်ထိုင်လိုက်သည်နှင့် စိတ်ထဲတော်တော်လေးအေးသွားသည်။

ယခု နေရာတိုင်း ရေရှားလာသည်။မြစ်တွေက ရေနည်းလာသည်။မြေအောက်ရေက ကျလာသဖြင့် ယခင် ပေလေးငါးဆယ်နှင့် ရေရသည့်နေရာတွေက ရေမရတော့။ရေတစ်စက်အတွက် အသက်တွေပါလာသည်။ကာဗွန်ဖြစ်သည့် အပင်တွေ၊ မြေအောက်က ရေနံတွေ၊ ကျောက်မီးသွေးတွေ၊ သဘာ၀ဓာတ်ငွေ့တွေ ဒါတွေကို မီးရှို့လောင်ကျွမ်းစေပြီး စွမ်းအင်ကို ကျနော်တို့ယူကြသည်။
ယခု ကျနော်တို့လိုနေသည့်အပူကို ကမ္ဘာ့မြေကြီးက တိုက်ရိုက်ပေးနေသလို။ကာဗွန်သုညရောက်ဖို့ နောက်လာမည့် နှစ်လေးငါးခြောက်ဆယ်။
ဒါတောင်မသေချာ။

သေချာသည်ကတော့ သဘာ၀ဘေးတွေ ယခုထက်ပိုများလာမှာ၊ ကမ္ဘာကြီးပိုပူလာမှာကိုပင်။ကာဗွန်သုညဖြစ်ချိန်ကိုမစောင့်ဘဲ ယခုချိန်တွင် လူတိုင်း ကိုယ်စီ သစ်ပင်လေး တစ်ပင်စီ ရှင်သန်အောင်သာ စိုက်ကြမည်ဆိုပါလျှင် ….. ။

နွယ်ဦး
နိုဝင်ဘာ - ၃