【 ဆောင်းပါး 】 "ကျနော်ကြိုက်သော ဘီလူးကျွန်းမှာသာရှိသော…."

【 ဆောင်းပါး 】 "ကျနော်ကြိုက်သော ဘီလူးကျွန်းမှာသာရှိသော…."

၂၀၁၉ ခုနှစ်၊ သင်္ကြန် ဘီလူးကျွန်းကိုပြန်ပြီးနောက် ကိုဗစ်တွေ ဘာတွေနဲ့ ဆက်တိုက်ဆိုသလိုဝင်လာတဲ့ ကြမ္မာဆိုးတွေကြောင့် ထပ်မရောက်နိုင်ခဲ့။အခုဆို ၂ နှစ်ကျော်ကြီးများတောင် ကြာခဲ့ပြီ။ပုံမှန်ဆို တစ်နှစ် တစ်ကြိမ် ပြန် ရောက်နေကျ။တစ်နှစ် တစ်ကြိမ်မှာ တစ်ကြိမ်ကို အလွန်ဆုံး တစ်ပတ်သာကြာသမို့ သိပ်အားရကျေနပ်ခြင်းမရှိ။ဖြစ်နိုင်လျှင် တစ်နှစ် ၂ ခေါက်တော့ ပြန်ချင်သည်။
 
ဇာတိမြေကို ပြန်ပြီဟေ့ဆိုလျှင် မပြန်ခင်ကတည်းက စရင်ခုန်မိမြဲဖြစ်သည်။ဇာတိမြေပေါ် ခြေချမိလိုက်လျှင် လူငယ်လေးတစ်ယောက်၏ သွေးခုန်နှုန်းမျိုး ပြန်ရမြဲဖြစ်သည်။ဇာတိမြေမှာမရှိတော့သော အဘွားတွေ၊ ဇာတိမြေက အဖေ၊ ဇာတိမြေက ဆွေမျိုးတွေ၊ ဘော်ဒါတွေ၊နည်းနည်းသိတာတွေ၊ များများရင်းသူတွေ၊ ဇာတိမြေရဲ့အပြောင်းအလဲတွေ၊ ပြီးတော့ ဇာတိမြေရဲ့ မပြောင်းမလဲ မဖောက်မပြန် အရင်အတိုင်း အရသာရှိမြဲသော ဇာတိမြေက အစားအစာတွေ။
 
ဇာတိမြေက အစားအစာဆိုတာ ကျနော်တို့ ဇာတိမြေမှာသာရနိုင်သမို့ ကျနော်ကြွေရသည်။ထို့ကြောင့် ဘီလူးကျွန်းရောက်ပြီး နောက်တစ်ရက်မနက်တွင် စောစောထ၊ ပထမဆုံးလုပ်မိသည့်အလုပ်မှာ ချောင်းဆုံဈေးသို့ သုတ်သုတ်ပြေးပြီး မုန့်ဟင်းခါးစားခြင်းဖြစ်သည်။
 
ဟိုးအရင် ကျနော် ၅ တန်း၊ ၆ တန်းနှစ်က ဆရာမ ဒေါ်အေးမိ ရောင်းသော မုန့်ဟင်းခါးကို တစ်ယောက် ယောက်နဲ့ ပါဆယ်သွားဝယ်ခိုင်းပြီး စားလေ့ရှိသည်။ဘာ့ကြောင့် ကိုယ်တိုင်သွားမစားတာလဲဆိုတော့ ဆရာမက မုန့်ဟင်းခါးဖိုး ပိုက်ဆံမယူသောကြောင့်ဖြစ်သည်။
 
ဆရာမ မရှိတော့သည့်နောက်ပိုင်းကျတော့ တခြားမုန့်ဟင်းခါးဆိုင်မှာ ကိုယ်တိုင်သွားစားလေ့ရှိသည်။ကျနော်က ရန်ကုန်မုန့်ဟင်းခါးဆိုလည်းကြိုက်၊ ဘိုကလေးမုန့်ဟင်းခါးဆိုလည်းကြိုက်၊ ဘီလူးကျွန်းမုန့်ဟင်းခါးဆိုလည်း သိပ်ကြိုက်။
 
ကျနော်တို့ ဘီလူးကျွန်းမုန့်ဟင်းခါးက တခြားရန်ကုန်မုန့်ဟင်းခါးတို့ ဘာတို့လို ဆီမပါ။ဆီမပါသော ငါးပြုတ်ပုံစံမျိုး၊ ပြီးတော့ မုန့်ဟင်းခါးဟင်းရည်ထဲ ဌက်ပျောဖတ်ကို နိုင်းဂျင်းထည့်သည်။ဌက်ပျောဖတ်တင်မက နူးနေအောင်ပြုတ်ထားသည့် ဌက်ပျောအူဖတ်တွေလည်း များသည်။အဲဒီဌက်ပျောအူဖတ်အဝိုင်းလေးတွေသည် ဘီလူးကျွန်းမုန့်ဟင်းခါး၏ အဓိပ္ပါယ်သစ်တစ်မျိုးဖြစ်သည်။
 
မုန့်ဟင်းခါးဖတ်က ရန်ကုန်ကထက် အလုံးနည်းနည်းပိုကြီးတာကလွဲ အတူတူ။ပြီးတော့ နောက်ထပ်ထူးခြားချက်က မုန့်ဟင်းခါးထဲ ဇီယာထည့်စားခြင်းဖြစ်သည်။ဇီယာဆိုတာက ကျနော်တို့ဒေသအခေါ်၊ ရန်ကုန် မှာက ဇီယာကို ပူစီနံဟုခေါ်သည်။ဘာ့ကြောင့် ဘယ်လိုအခေါ်အဝေါ် အဲသလောက်လွဲသလဲမသိ။
 
မှတ်မိသေးသည်၊ ကျနော် ၈ တန်းနှစ်၊ ရန်ကုန်မှာ စအခြေချတုန်းက အမေက ဈေးထဲ ဇီယာသွားဝယ် ခိုင်းသည်။ဈေးထဲရောက်ပြီး ဟင်းရွက်ဆိုင်မှာ ဇီယာရှိသလားမေးတော့မရှိ။ကိုယ့်မျက်စိထဲ ဇီယာကို တည့် တည့်မြင်နေလျက်သားနဲ့ ဇီယာမရှိဘူးလို့ဆိုတော့ ကျနော်ကြောင်သွားသည်။ကိုယ်ကလည်းငယ်၊ ရန်ကုန် လည်းရောက်ခါစမို့ ဟိုမှာ ဇီယာမဟုတ်လားဆိုပြီး မပြောရဲ။နောက်တစ်ဆိုင်သွားပြီး ဇီယာရှိသလားမေးတော့ မရှိဟုဆို၍ နောက်ဆုံး အိမ်ပြန်လာရ။ကိုယ့်စိတ်ထဲ ကိုယ့်ကို တမင်မရောင်းချင်လို့များလားဟု တွေးမိ။အိမ်ပြန်ရောက်လို့ အမေ့ကိုပြောပြမှ ပူစီနံလို့ခေါ်မှန်းသိရ၊ နောက်တစ်ခေါက်ဈေးသွားပြီး ပူစီနံဆိုမှ ကိစ္စပြတ်တော့သည်။
 
ထိုသို့သော ပူစီနံဟုခေါ်သည့် ဇီယာမွှေးမွေးလေးသည် ကျနော်တို့ မုန့်ဟင်းခါးနှင့် သိပ်လိုက်ဖက်သော အရသာဖြစ်သည်။တချို့က ပဲပင်ပေါက်အစိမ်း ထည့်စားကြသည်။ကျနော်က ပဲပင်ပေါက်မကြိုက်၊ ဇီယာကိုသာ ကြိုက်သည်။ရန်ကုန်မုန့်ဟင်းခါးမှာ ထည့်စားလေ့ရှိသော ပဲသီးတို့ နံနံပင်တို့ကိုတော့ မထည့်။
 
နောက်တစ်မျိုးသော ဘီလူးကျွန်းအစားအစာမှာ ခရမ်းသီးအစာသိပ်ဖြစ်သည်။ကျနော်တို့ဆီမှာ ထောပတ်ခရမ်းသီးဟုခေါ်သော အမျိုးအစား။ခရမ်းသီး ခပ်ပုပု၊ အဖြူနှင့် အစိမ်းစပ်။ခရမ်းသီးရဲ့ အတွင်းအသားတွေခြစ်၊ ငရုပ်သီးအစိမ်းမှုန့်၊ ကြက်သွန်နီနဲ့ ပုစွန်ခြောက်တို့နဲ့ရောပြီးချက်။အဲဒီအနှစ်ကို ခရမ်းသီးထဲ ပြန်ထည့်ပြီး ပြန်နှပ်ထားခြင်းဖြစ်သည်။ကျနော်ငယ်ငယ်တုန်းကဆို ခရမ်းသီးအစာသိပ်ထဲက အနှစ်ကိုစားပြီး အခွံကို လွှင့်ပစ်လေ့ရှိသည်။တခြားဒေသတို့တွင် ခရမ်းသီးအစာသိပ်မရှိ။ခရမ်းသီးကို ပုစွန်ခြောက်ထောင်းထည့်ပြီး ရိုးရိုးချက်တာမျိုးသာရှိသည်။ပြီးတော့ ကျနော်တို့ဆီက ထောပတ်ခရမ်းသီးကလည်း အရသာပိုရှိသလို ထင် မိသည်။သို့သော်၊ ခရမ်းသီးအစာသိပ်သည် အရန်ဟင်းမျှ။
 
နောက်ထပ် ဘီလူးကျွန်းထွက် အရန်ဟင်းတစ်ခွက်ရှိသေးသည်။ပိန္နဲစေ့ကြော်ဖြစ်သည်။ဘီလူးကျွန်းမှာက ပိန္နဲပင်သိပ်ပေါသဖြင့် ပိန္နဲစေ့ကို မျိုးစုံလုပ်စားလေ့ရှိသည်။ပိန္နဲစေ့ပြုတ်၊ ပိန္နဲစေ့ဖုတ်၊ ပိန္နဲစေ့ဟင်း၊ ပိန္နဲစေ့ ကြော်။ပိန္နဲစေ့ပြုတ်နဲ့ ပိန္နဲစေ့ဖုတ်ဆိုတာက ဒီအတိုင်းအပျင်းပြေစားခြင်းဖြစ်သည်။ပိန္နဲစေ့ကို မီးဖုတ်၊ တူးသွားလျှင်လည်း စားမကောင်း၊ မကျက်လျှင်လည်း စားမကောင်း။အနေတော်ရဖို့ဆိုတာက ဖုတ်နေကျမှ။ဖုတ်ပြီး လျှင် အခွံနွှာ၊ ကွဲသွားအောင်ထု။ပြီးလျှင် ဆီဆမ်းလိုက်။ပိန္နဲစေ့မီးဖုတ် ဆီဆမ်းဆိုတာ မွှေးလည်းမွှေး၊ ချိုလည်း ချိုပြီး ကျနော်သိပ်ကြိုက်သည်။
 
ဟင်းချက်တာကျတော့ ပိန္နဲစေ့ကိုပြုတ်ပြီး၊ အခွံနွှာပြီးမှ ငါးခြောက်၊ ဘဲဥ တစ်ခုခုနဲ့ ရောချက်ခြင်းဖြစ်သည်။တချို့က ကြက်သားနဲ့ ပိန္နဲစေ့ ရောချက်တတ်သည်။ကျနော်က ပိန္နဲစေ့နဲ့ ငါးခြောက်ချက်တာကို ကြိုက်သည်။အကြိုက်ဆုံးကတော့ နည်းနည်းလက်ဝင်သော ပိန္နဲစေ့ကြော်ဖြစ်သည်။ပိန္နဲစေ့ကိုပြုတ်၊ အခွံနွှာပြီး ကြေသွားအောင်ထောင်း။ကြေသွားတာကိုမှ ဆီနိုင်နိုင်နဲ့ ဆနွင်းမှုန့်နည်းနည်းထည့်ပြီး အဖြူထည်ပြန်ကြော်ခြင်းဖြစ်သည်။မသိလျှင် ကုလားပဲကိုထောင်းပြီး ကြော်ထားသလိုလို၊ပဲကြီးကြော်လိုလို။ထိုပိန္နဲစေ့ကြော်သည်လည်း ဘီလူးကျွန်းမှာသာရနိုင်သည့် ဘီလူးကျွန်းအဓိပ္ပါယ်တစ်မျိုးပင်ဖြစ်သည်။
 
ပြီးတော့ နောက်ဟင်းတစ်ခွက်မှာ ခရမ်းချဉ်သီးကြော်ဖြစ်သည်။တခြားအရပ်ဒေသများတွင်တော့ ငပိနိုင်နိုင်နဲ့ချက်ထားသော ခရမ်းချဉ်သီးငပိချက်ဆိုတာမျိုးရှိသည်။ကျနော်တို့ဘီလူးကျွန်း၏ ခရမ်းချဉ်သီးကြော်မှာမူ ငပိက လေးတယ်ဆိုရုံပါသည်။ခရမ်းချဉ်သီးကို ခပ်သေးသေးဖြစ်အောင်လှီး၊ ပြီးနောက် ငပိနည်းနည်းထည့်ပြီးနယ်။ငရုပ်သီးအစိမ်းမှုန့်နဲ့ ဆီသတ်ထားသည့်အထဲထည့်။ခရမ်းချဉ်သီးတွေ လုံးဝကြေသွားတဲ့အထိစောင့်၊ ငရုပ်သီးအစိမ်းတောင့်ထည့်။ကျနော်တို့က ထိုအရာကိုခရမ်းချဉ်သီးကြော်ဟုခေါ်ပြီး အရန်ဟင်းတစ်ခွက်အဖြစ် ထမင်းကောင်းကောင်းမြိန်ခဲ့ဖူးသည်။ထို့ကြောင့်ရန်ကုန်တွင် မကြာခဏ ကျနော်ကြော်စားလေ့ရှိသည်။
 
နောက်ထပ်တစ်မျိုးက မိုးဦးကျ မျှစ်ပေါ်ချိန်မှာသာ စားရသည့် မျှစ်တာလပေါဟင်းဖြစ်သည်။ကျနော် တို့ဘီလူးကျွန်းမှာက ဝါးပင်ပေါသဖြင့် မျှစ်လည်းပေါပြီး မျှစ်ချဉ်လည်းလုပ်လေ့ရှိသည်။မျှစ်တာလပေါကျတော့ မျှစ်အစိမ်းနုနုကို ဆီမပါဘဲ ဟင်းချိုပုံစံ ချက်စားခြင်းဖြစ်သည်။
 
မှတ်မိသလောက်ပြောရလျှင် ဆန်အစိမ်းနည်းနည်းကို ထောင်းပြီးလည်း တာလပေါဟင်းထဲ ထည့်သည်။ပင်စိမ်းနှင့် အခြောက်လှမ်းထားသော ငရုပ်သီးနီနီရဲတွေလည်းပါသည်။ကျနော့်အဘွား၏ အစ်မ ဘွားဘွားကြီးမှာ မျှစ်တာလပေါ အိတ်စ်ပတ်။ဘွားဘွားကြီး ချက်တာလောက် ကောင်းသည့် မျှစ်တာလပေါကို မစားခဲ့ဖူး။သူက အရည်လည်းသောက်လို့ရသည်။အဖတ်တွေကိုလည်း ဟင်းသဖွယ်စားနိုင်သည်။ထမင်းမှာ ငပိရည်နည်းနည်းဆမ်းပြီး ငရုပ်သီးမှုန့်နိုင်နိုင်ထည့်ပြီး နယ်ဖတ်စားလျှင်လည်းကောင်းသည်။
 
ကျနော်အလုပ်စလုပ်သည့် ၂၃ နှစ်ကျော်အရွယ်ကတည်းက ဘီလူးကျွန်းသို့ သင်္ကြန်သာပြန်နိုင်တော့ သဖြင့် ဘီလူးကျွန်း မျှစ်တာလပေါမစားရသည့်မှာ နှစ်တော်တော်ကြာခဲ့ပြီ။အခုဒီစာရေးနေရင်းနဲ့ မျှစ်စိမ်းနံ့ သင်းနေသော တာလပေါဟင်းနံ့ကိုပါ ပြန်ရကာ တံတွေးမြိုချနေရသည်။ကွယ်လွန်သွားပြီဖြစ်သော ဘွားဘွား ကြီးကိုလည်း သတိရမိသည်။
 
ကျနော်ကြိုက်သော ဘီလူးကျွန်းအစားအစာမှာ ထိုမျှဖြစ်သည်။ကိုယ့်အကြိုက်ကိုယ် အခုစာချရေးလိုက်သည့်အခါမှ ကိုယ့်အကြိုက်သည် အရန်ဟင်းငယ်များသာဖြစ်ကြောင်း သတိထားမိသည်။ဒါကို နောက်တစ်မျိုးဆိုရသော် ကျနော်သည် ကြီးကြီးကျယ်ကျယ်တွေကို မခုံမင်သူတစ်ယောက်လို့လည်း ဆိုနိုင်မည်ထင်၏။
 
ငြိမ်းဆက်
ဒီဇင်ဘာ - ၁၂