【 ဆောင်းပါး 】 ကျနော်တို့အမေ

【 ဆောင်းပါး 】 ကျနော်တို့အမေ

ကျနော့်အမေတွင် အစ်ကိုတွေ မောင်တွေ မရှိ။ညီအစ်မ ၄ ယောက်သာရှိသည်။သူတို့ ညီအစ်မ ၄ ယောက်စလုံးမှာ ခပ်ချောချောတွေချည်းမို့ တစ်ချိန်က ဘီလူးကျွန်းတွင် နာမည်ကြီးခဲ့သည်။
 
အစ်မအကြီးဆုံးက B.Ed ဖြင့် ဘွဲ့ရသော အထက်တန်းပြဆရာမ၊ သူတို့ညီအစ်မအားလုံးတွင်ပညာအတတ်ဆုံး။အသားခပ်ညိုညိုဖြင့် ကြည့် ကောင်းသူဖြစ်သည်။
 
သူ့ကျောင်းဆရာမဘဝအစမှာ မွန်ပြည်နယ်၊ သထုံမြို့ပေါ်တွင်ဖြစ်သည်။ထိုအချိန်က ငယ်ငယ်ရွယ် ရွယ် တက်တက်ကြွကြွ။ထိုခေတ်အခါက ကျူရှင်တွေ ဘာတွေလည်း မရှိ။သူတို့ခေတ် ဆရာ၊ ဆရာမ တို့ စတိုင်အတိုင်း တပည့်များကို အိမ်ခေါ် စာသင်ပေး ထမင်းကျွေးဆိုတော့ သထုံမှာ ကျော်ကြားခဲ့သည်။သထုံမှာ နှစ်အတော်ကြာ ဆရာမလုပ်ခဲ့သည်။နောက်ပိုင်း သူ့ဇာတိမြေ ဘီလူးကျွန်းသို့ပြောင်းရွှေ့ခဲ့သည်။
 
ပထမ မုရစ်ကလေး အထက်တန်းကျောင်း။မုရစ်ကလေးနှင့် သူ့ရွာ ကွမ်သဲနဲ့က ခပ်လှမ်းလှမ်းမို့ လိုင်းကားစီးရသည်။လိုင်းကားဆိုတာက မော်လမြိုင်သို့သွားရာ နတ်မှော်ရွာသင်္ဘောဆိပ်နှင့် မုရစ်ကလေးကို သင်္ဘောအဝင်အထွက်အချိန်အတိုင်း ပြေးဆွဲသည့် ကားဖြစ်သည်။
 
မုရစ်ကလေးမှာ အတန်ကြာ ဆရာမလုပ်ပြီးနောက် ချောင်းဆုံ အထကသို့ပြောင်းပြီး ပင်စင်ယူသည်အ ထိ လုပ်ခဲ့သည်။သူက အထက်တန်းပြ သင်္ချာဆရာမ။သင်္ချာအပြကောင်းသည်ဟု နာမည်ထွက်သည်။ပြီးတော့ စိတ်မြန်ကိုယ်မြန်၊ ကျေးလက်က အထက်တန်းပြဆိုသည်မှာ ဂုဏ်သရေရှိ ထည်ထည်ဝါဝါ။သူက တစ်သက်လုံး မိဘတွေနဲ့အတူ နေလာခဲ့သူ။သူ့အသက် ၈၅ နှစ်ကျော်အထိ ကွမ်သဲမှာနေထိုင်ကာ ၂၀၁၉ ကြမှ ကွယ်လွန်သွားခဲ့သည်။
 
သူ့အောက်က ကျနော့်အကြီးမှာ ယနေ့ထိတိုင် ဒေါင်ဒေါင်မြည်နေဆဲဖြစ်သည်။သူက အသားဖြူဖြူ ခပ်ချောချော၊ ငယ်ငယ်တုန်းက အတော်စွံခဲ့မည့်ပုံ။သူ့အောက်က နောက်တစ်ယောက်မှာ ကျနော်တို့အမေ၊ မွန်သွေးပြည့်လွန်းလို့လားမသိ၊ အသားအရေ အင်မတန်လှ၊ ခပ်ချောချော။ချောသလောက် အလှအပကလည်းကြိုက်၊ နာမည်ကလည်း လှလှရှိန်။သူ့အောက်က အငယ်ဆုံးမှာ ငယ်စဉ်က ကျောက်ပေါက်ဖူးသဖြင့် မျက်နှာပေါ် ကျောက်ပေါက်ရာနည်းနည်းရှိသည်။သူတို့ ညီအစ်မ ၄ ယောက်တွင် ကျနော့်အမေက သက္ကရာဇ် ၂၀၀၀ မှာ ကင်ဆာနှင့် အရင်သေ။ပြီးတော့ သူ့အောက်က ကျနော်တို့အဒေါ်၊ သူသည်လည်း ကင်ဆာ။ကျနော့်အကြီးတစ်ယောက်သာ ယောကျာ်းလည်းဆုံး၊ ညီမ၊ အစ်မတွေလည်းဆုံးပြီမို့ တစ်ကိုယ်တော် ယောင်ချာချာကျန်ခဲ့သည်။
 
အကြီးဆုံးကလွဲ သူတို့ ညီအစ်မ ၃ ယောက်စလုံးမှာ ၉ တန်းအောင်ပြီးကတည်းက ရန်ကုန်မှာ အလုပ် သွားလုပ်ကြသည်။သူတို့ခေတ် ၉ တန်းအောင်ကို တန်းမြင့်ကျောင်းထွက်ဟုခေါ်ပြီး အောက်တန်းစာရေးအလုပ်လောက်ရသည်။သူတို့အပျိုတုန်းက ရန်ကုန်မှာရှိတဲ့ သူတို့အဒေါ်အိမ်မှာနေပြီး အလုပ်လုပ်ကြခြင်းဖြစ်သည်။
 
ရန်ကုန်၊ မြေနီကုန်းက ရွှေမန်းရုပ်ရှင်ရုံတွင် သူတို့အဒေါ်ယောကျာ်းက အလုပ်လုပ်သဖြင့် ရွှေမန်းရုပ် ရှင်ရုံမှာပင် သိပ်မကျယ်သော အိမ်ခန်းတစ်ခန်းရသည်။ထိုအိမ်ခန်းထဲ တိုးတိုးဝှေ့ဝှေ့ နေရသည့်ပုံ၊ ရွာမှာ အိမ်ကျယ်ကျယ် ခြံကျယ်ကျယ်နှင့် မွေးကတည်းက နေလာကြသူများမို့ တိုးတိုးဝှေ့ဝှေ့ ရန်ကုန်ယဉ်ကျေးမှုတွင် သူတို့အတော်တောင့်ခံခဲ့ရသည်။
 
နောက်ပိုင်း သူတို့အိမ်ထောင်ကျပြီး ကိုယ့်ဘာသာရပ်တည်မှ လေဝဝရှူရပုံရသည်။ကျနော့်အမေတွင် ငယ်ရည်းစားတစ်ယောက်ရှိခဲ့သည်။အမေက အလှသိပ်ကြိုက်သဖြင့် ခပ်ဖြောင့်ဖြာင့်ထဲက ဖြစ်မည်ဟု ထင်၏။သို့သော်၊ သူ့ရည်စားမှာ မောင်နှမကလည်းများ၊ သိပ်အဆင်ပြေထဲကလည်း မဟုတ်သဖြင့် ယူဖို့အထိ မစဉ်းစားနိုင်ခဲ့ခြင်းဖြစ်မည် ထင်၏။
 
ကျနော့်အဖေမှာ မွန်အမျိုးသားတို့ပုံစံ အရပ်မြင့်မြင့်၊ အသားမည်းမည်းနဲ့မို့ သူ့ငယ်ရည်းစားလောက် ကြွေခဲ့ဟန်မတူ။အဖေ့မိဘများက လယ်ပိုင်ရှင် ခပ်ထောထော။ပြီးတော့ အဖေက တစ်ဦးတည်းသောသား။တစ်ရွာမှာ စက်ဘီးတစ်စီးလောက်သာရှိသောခေတ်တွင် အဖေက စက်ဘီးတဝီဝီ စီးနိုင်သူ။အမေတို့အိမ်က ကားလမ်းမဘေးဆိုတော့ စက်ဘီးဖြတ်စီးရင်း ငမ်းလို့ရသဖြင့် မကြာခဏဆိုသလို အမေတို့အိမ်ရှေ့က စက်ဘီးနဲ့ ဖြတ်ပုံရသည်။
 
‘နင်တို့အဖေ အိမ်ရှေ့ရောက်ရင် စက်ဘီးခေါင်းလောင်းတီးပြီး မျက်လုံးတစ်ဖက်စောင်းကြည့်တာ ငါလန့်တောင်လန့်တယ်’ ဟု အမေကပြောပြတော့ ကျနော်တို့ရယ်ခဲ့ကြသည်။
 
အမေက အဖေ့ထက် ၃ နှစ်လောက်ကြီးသည်။သို့သော်၊ သူကနုသဖြင့် ကြီးတယ်ရယ်လို့ မထင်ရ။အမေ ရန်ကုန်မှာ အလုပ်သွားလုပ်တော့ အဖေလည်း ရန်ကုန်ချီတက်ကာ အလုပ်လုပ်တော့သည်။အမေက မဆလပါတီဌာနချုပ်က လက်နှိပ်စက်စာရေးမ။သူတို့ရုံးက ရန်ကုန်မြို့ထဲ၊ ရုံးအဝင်အထွက်တင်းကျပ်သဖြင့် အဖေပင် ရုံးထဲသို့မဝင်ဖူး။
 
ကျနော့်မိဘတွေခေတ်က နှစ်ယောက်စလုံးအလုပ်ရှိသဖြင့် ပူပင်စရာမလိုဘဲ နေနိုင်သည်။အဖေ့ရဲ့ အ ဖေက မြို့သစ်တည်ခါစ တောင်ဥက္ကလာတွင် တိုက်အိမ်တစ်လုံးဝယ်ပေးသဖြင့် နေဖို့ပူစရာမလို။ထိုတိုက်အိမ်တို့မှာ တောင်ဥက္ကလာ ၁၄ ရပ်ကွက် မြင်သာတွင် နှစ်ခန်းတွဲ ပုံစံတူ၊ အိပ်ခန်း ၂ ခန်းပါပြီး မိသားတစ်စုအတွက် ကျဉ်းသော်လည်း လင်မယားနှစ်ယောက်တည်းအတွက်က ကျယ်တောင်ကျယ်နေဦးမည်။ဘေးအခန်းမှာ အမေ့အစ်မလင်မယားပိုင် တိုက်ခန်းမို့ ဘာပဲဖြစ်ဖြစ် ညီအစ်မနှစ်ယောက် အဖော်လည်းရှိသည်။ကိုယ်ပိုင်ခြံဝင်း လည်းရှိသဖြင့် မြို့သစ်တို့ ထုံးစံအတိုင်း လမ်းမကောင်း ရေမကောင်းခြင်း ပြဿနာမျိုးကြုံခဲ့ရမှာ သေချာသော်လည်း ကျနော့်မိဘတွေ ပျော်ခဲ့ကြပုံရသည်။
 
ကျနော်မွေးပြီး ၆ လအကြာ မိဘနှစ်ပါးစလုံး အလုပ်မအားသောအခြေအနေအရ အဖေဘက်က ကျနော့်အဘိုးအဘွားတို့က ကျနော့်ကို ဘီလူးကျွန်းသို့ ပျော်ပျော်ကြီး လာခေါ်သွားသည်။နောက် ၅ နှစ်အကြာ ကျနော့်ညီမွေးတော့လည်း တစ်လသားအရွယ်မှာပင် အဘွားက လာခေါ်သွားပြန်သည်။နောက်ထပ် ၅ နှစ်အကြာ အငယ်ဆုံးညီမမွေးတော့မှ ကြည့်ပေးမယ့်လူရှိလာသဖြင့် အမေနှင့် အတူနေဖြစ်တော့သည်။
 
ထို့ကြောင့် ကျနော်တို့ညီအစ်ကိုမှာ အမေထက်အဘွားကို ပိုသံယောဇဉ်ကြီးကြသည်။ကျနော် ၈ တန်းနှစ်၊ ရန်ကုန်ပြန်ပြောင်းနေမှ အမေနဲ့ သားကြား သံယောဇဉ်ကို ပြန်တည်ဆောက်ရသည်။ဒါတောင် အမေက ရုံးအလုပ်ရှိနေသဖြင့် အမြဲမပြတ်ထိတွေ့ရတာမျိုးမဟုတ်။
 
၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီးက မြန်မာ့ဆိုရှစ်လစ်လမ်းစဉ်ပါတီကို လှဲပစ်လိုက်သည့်အ ခါမှ အမေအလုပ်ပြုတ်ပြီး အိမ်အမြဲနေဖြစ်တော့သည်။အလုပ်ပြုတ်လို့ လျော်ကြေးရလိုက်သေးသည်။ကျနော်တို့အမေက နိုင်ငံရေးတွေ ဘာတွေလည်း မသိ၊ အလုပ်ထဲမှာလည်း ရာထူးတွေ ဘာတွေ သိပ်တိုးခဲ့ဟန်လည်းမတူ၊ ရာထူးတိုးဖို့လည်း သိပ်လုံ့လစိုက်ပုံမရ။ပုံမှန်အလုပ်ရှိသည်။ရုံးအသိုင်းအဝိုင်းလေးထဲ ပျော်မွေ့သည်။အချိန်တန်လျှင် လစာထုတ်မည်။မဆလစနစ်ကြီးက မွေးထုတ်လိုက်သော ‘မလုပ်၊ မရှုပ်၊ မပြုတ်’ ထဲတွင် ကျနော်တို့အမေ ရှေ့တန်းကပါမည်ဟု ထင်၏။
 
ထို့ကြောင့် အလုပ်ပြုတ်တော့လည်း မဆလပါတီကြီးကို လွမ်းဆွေးမနေ။သူ့ရုံးအဖော်တွေကို သတိရ တာကလွဲ ကျန်တာအိုကေ။လကုန်လျှင် လစာမရတော့တာကိုတော့ လျော်ကြေးကုန်သွားပြီးနောက် ညီးညူလာသည်။
 
အမေသည် သာမန်မိန်းမသားမို့ ပိုက်ဆံရှိသောဘဝမျိုးကို တက်မက်သည်။သူကိုယ်တိုင်သည်လည်း တစ်ဖက်တစ်လမ်းက ငွေရှာသည်။မိတ်ဆွေတစ်ယောက်၏အကူအညီဖြင့် ပထမ၊ ဘိုကလေးမီးသွေးကို အိတ်လိုက်ရောင်းသည်။ဒုတိယ၊ ဆွေမျိုးတို့၏အကူအညီဖြင့် ရန်ကုန်မြို့ရဲ့ ငွေတောင်ဆေးပေါ့လိပ် ကိုယ်စားလှယ်။စစချင်းကတည်းက အမြတ်အစွန်းရခဲ့သည်။သေချာအလုပ်ဖြစ်ပြီ၊ ရောင်းအားကောင်းပြီဆိုသည့်အချိန်ရောက်တော့ ကံဆိုးစွာနဲ့ ငွေတောင်ပိုင်ရှင်က တခြားသူဌေးတစ်ဦးကို လုပ်ငန်းရောင်းလိုက်သဖြင့် ငုတ်တုတ်မေ့သွားပြန်သည်။
 
၁၉၈၈ မတိုင်ခင်ကာလက အဖေတာဝန်ကျရာနေရာမှာ မြန်မာနိုင်ငံပတ် စာရင်းစစ်ရသဖြင့် တော်တော်အဆင်ပြေသည်။ဒါတောင် ထိုခေတ်အခါက ပိုက်ဆံတွေ ဘာတွေ တိုက်ရိုက်ပေးလာဘ်စားသည့်ခေတ်မဟုတ်။ပစ္စည်းတွေ ဘာတွေ လက်ဆောင်ပေးသည့်ခေတ်။အဖေ ခရီးကနေပြန်ရောက်ပြီဆို ပစ္စည်းတွေမနိုင်မနင်းပါလာသဖြင့် ကျနော့်အမေ သိပ်ပျော်သည်။စာရင်းစစ်တာဝန်ကျသည့်ကာလမှာပင် အိမ်နောက်ဖေးခန်းကိုလည်း ခပ်ကြီးကြီးချဲ့၊အိမ်ရှေ့ခန်းကိုလည်း ထပ်ချဲ့နိုင်သဖြင့် မိသားစု ၅ ယောက် ချောင်ချောင်ချိချိနေနိုင်သောအိမ် ဖြစ်လာသည်။
 
၁၉၈၈ ဒီဘက်မှာတော့ ရုံးထိုင်ဘိုင်ကျဘဝမို့ အဆင်မပြေ။အမေလည်း အလုပ်မရှိတော့သည့်အပြင် ကျနော့် ၁၀ တန်း ကျူရှင်စရိတ်ကလည်း ရှိသဖြင့် လစဉ် အသဲအသန်ဖြတ်ရသောကာလဖြစ်သည်။ရက် ၂၀ ကျော်ပြီ ဆို ပဲပင်ပေါက်ကြော်၊ ပဲငပိကြော်၊ ကန်စွန်းရွက်ကြော်။အမေခမျာ ဈေးသွားဈေးပြန် သိမ်ငယ်စွာ။
 
‘ငါဖြစ်ချင်တာ ဒီလိုဘဝမျိုးမဟုတ်ဘူး’ လို့လည်း အမေကပြောတတ်သည်။ပိုက်ဆံမရှိတော့ ပွစိပွစိ တွေလုပ်သည်။အဖေလည်း အပွားခံရ၊ ကျနော်တို့လည်း အပွားခံရ။အမေက ကျနော်တို့ငယ်ငယ်တုန်းက သူဘဝင်မကျခဲ့သည့်အကြောင်းတွေကိုလည်း မှတ်မိသဖြင့် သူတစ်ခါပွားပြီဆို မစားသာ။
 
‘နင်မှတ်မိသေးလား၊ နင်ဘယ်နှတန်းနှစ်က ငါ့ကိုဘာပြန်ပြောခဲ့တာ’လို့ ဆိုလျှင် မြန်မြန်သာပြေးတော့။အမေ ပျော်၊ မပျော်တော့ မသိ၊ ပြန်စဉ်းစားလိုက်တိုင်း အမေ့ရဲ့ တော်ကီတွေကို ကျနော်ပြုံးမိမြဲဖြစ်သည်။
 
ဘာပဲဖြစ်ဖြစ် ကျနော်တို့အမေ သူ့နောက်ဆုံးကာလများတွင် သူဖြစ်ချင်သလို ငွေကြေးအဆင်တပြေဘဝမျိုး နေခဲ့ရသဖြင့် စိတ်ကျေနပ်သွားမည်ဟု ကျနော်တွေးမိသည်။အမေ့ဘဝ အပျော်ရာခိုင်နှုန်းမည်မျှ၊ မပျော်ရာခိုင်နှုန်းမည်မျှ ရှိခဲ့သလဲတော့ ကျနော်မသိ။
 
ငြိမ်းဆက်
နိုဝင်ဘာ - ၂၇