【 ဆောင်းပါး 】 ဂရပ်ထဲမှာ ပုံဆွဲကြည့်ခြင်း (အိန္ဒိယ-၂)

【 ဆောင်းပါး 】 ဂရပ်ထဲမှာ ပုံဆွဲကြည့်ခြင်း (အိန္ဒိယ-၂)

အိန္ဒိယ၏ အရှေ့မျှော်ဝါဒသည် ကွဲပြားခြားနားသော လူမျိုးစုံ၊ ဒေသမျိုးစုံ အကျုံးဝင်သည်။

အာသံကိုနည်းနည်းကြည့်ရအောင်။အာသံနှင့် မဏိပူရမှာ စစ်သူကြီးမဟာဗန္ဓုလ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော မြန်မာပိုင်ဒေသ ဖြစ်ခဲ့ဖူးသည်။အာသံနှင့် မဏိပူရကို မြန်မာတွေရောက်လာတော့ အိန္ဒိယကို အုပ်စိုးနေသော အင်္ဂလိပ် (အရှေ့အိန္ဒိယကုမ္ပဏီ) က စောင့်ကြည့်ရသည်၊ အုပ်ချုပ်ရေးအခြေစိုက်သော ကလကတ္တားနှင့်ကလည်း အတော်ဝေးသည်။တောတောင်မြစ်ချောင်းများလည်း ထူထပ်သည်။အိန္ဒိယနှင့် တရုတ်အဆက်အစပ်ဖြစ်စေ သို့တည်းမဟုတ် အိန္ဒိယက မြန်မာပြည်ကဖြတ်ပြီး အရှေ့တောင်အာရှသို့ ဆက်စပ်လိုသည်ဖြစ်စေ အာသံကို ချန်လှပ်၍မရ။

မြန်မာနှင့် ယူနန်တို့နှင့်အတူ အာသံနှင့် အခြားသော အရှေ့မြောက်ပြည်နယ်များသည် အိန္ဒိယနှင့် တရုတ်ကြားတွင် တည်ရှိနေကြသည်ဟု ဒေါက်တာသန့်မြင့်ဦးက ပြောသည်။သူသည် ကုလသမဂ္ဂအတွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ မြေးဖြစ်သည်။သူသည် ယခု “တရုတ်-အိန္ဒိယ ဆုံမှတ်” စာအုပ်ကို ရေးသားခဲ့သလို “ခြေရာပျောက်မြစ်” စာအုပ်ကိုလည်း ရေးခဲ့သေးသည်။ (၂၀၁၃ ခုနှစ်အတွင်း “Foreign Policy” မဂ္ဂဇင်း၏ “ကမ္ဘာ့ထိပ်တန်း တွေးခေါ်ပညာရှင်-၁၀၀” အဖြစ် ရွေးချယ်ခြင်းခံရပြီး စာအုပ်များကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုရေးသားခဲ့သူဖြစ်သည်။ဆရာဟိန်းလတ်က ဘာသာပြန်ဆိုထား၏။)

အာသံသည်လည်း မြန်မာပြည်ကဲ့သို့ပင် အာရှလမ်းသစ်၏ လမ်းဆုံလမ်းခွလည်းဖြစ်လာနိုင်သည့် အလားအလာရှိနေသည်။မြန်မာနှင့် အာသံသည် အပြိုင်တည်ရှိလာနိုင်သည်။ ၁၈ ရာစုထဲတွင် မြန်မာက စစ်ရေးအောင်ပွဲ ဆက်တိုက်ရခဲ့ဖူးသည်။မြန်မာဗိုလ်ချုပ်များက ကချင်တောင်ပေါ်သားများအကူအညီဖြင့် ရေခဲနေသော တောင်များကိုဖြတ်ကာ ဗြဟ္မပုတ္တရနယ်တွင် စစ်ကစားခဲ့သည်။မြန်မာသေနင်္ဂဗျူဟာပါရဂူများက အာသံကို သိမ်းပိုက်ပြီးလျှင် အိန္ဒိယသို့ ဆက်လက်တိုက်ရန် ရည်ရွည်ချက်ရှိသည်။ထိုနေရာတွင် အင်္ဂလိပ်က စိုးမိုးထားသည်။

အင်္ဂလိပ်-မြန်မာ ၂ နှစ်တာ စစ်တိုက်ပြီးနောက် ရန္တပိုစာချုပ်အရ အာသံကို လက်လွှတ်ရသည်။ယခုမူ အိန္ဒိယ-တရုတ် ကုန်သွယ်လမ်းပေါ်တွင် မြန်မာနှင့် အာသံမှာ အတွဲအဖက်ဖြင့် တည်ရှိရပေတော့မည်။အင်္ဂလိပ်အဖို့ ဘာမှအသုံးကျမည်မဟုတ်ဟု တွက်ထားသောအာသံသည် နောင်အခါ လက်ဖက်ခြောက်ကောင်းကောင်းထွက်မှန်း သိလာသလို ကျောက်မီးသွေးထွက်မှန်းလည်း သိလာသည်။

ယခုရာစုသစ်တွင် အိန္ဒိယ၏ အရှေ့မျှော်ဝါဒအရ တိုးချဲ့လိုခြင်းအတွက် မြန်မာကိုဖြတ်သန်းမှသာ တရုတ် (ယူနန်)၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားတို့နှင့် ထိစပ်၍ရပေမည်။အိန္ဒိယ၊ ဘင်္ဂလားဒက်ရှ်၊ မြန်မာနှင့် တရုတ်အစိုးရတို့တွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ လမ်းသစ်များဖောက်ကာ ပိုမိုပွင့်လင်းသော နယ်စပ်များဖြစ်အောင် လုပ်ဆောင်နေသည်။အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဆက်ဆံရေးများ ဖြစ်ထွန်းလာပေမည်။

တရုတ်ပြည်အတွက်မူ လမ်းအားလုံး ယူနန်သို့ ဦးတည်နေသည်၊ ယူနန်-မြန်မာ ကုန်သွယ်မှုက တိုးတက်နေသည့်တိုင် အာသံနှင့် အိန္ဒိယပြည်နယ်အရှေ့မြောက်မှာ လုံခြုံမှုမရှိသေး၊ ယူနန်ကို ကမ္ဘာလှည့်ခရီးသည် အဝင်အထွက်များသော်လည်း အာသံကို ဝင်ရောက်မှု နည်းနေဆဲဖြစ်သည်။

“ယူနန်ကတော့ ဒေသတွင်းအချက်အချာကျအောင် လုပ်နေတယ်။ဒါမှ ခရီးသည်လာမှာပေါ့။အိန္ဒိယကလည်း အာသံဘက်က လုပ်ရမယ်လေ” ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောလိုက်သည်။

မြန်မာကိုဖြတ်ပြီး အိန္ဒိယနှင့် တရုတ်ကို ဆက်သွယ်သော လမ်းများက ဖြောင့်တန်းသည်။ဤသည်ပင် ပိုးလမ်းမသစ်ဖြစ်သည်။ ၂၁ ရာစု၏ ဧရာမကစားပွဲတစ်ခု ဖြစ်ချင်လည်းဖြစ်မည်။အာရှသည် လျင်မြန်စွာတိုးတက်နေ၏။အဆင့်မြင့်နည်းပညာပစ္စည်းများထုတ်လုပ်မှု၊ ဖက်ရှင်ရှိုးများ၊ ဇိမ်ခံနိုင်သည့် ခရီးသွားလုပ်ငန်းတို့ ဖွံ့ဖြိုးနေ၏၊ အာသံသည် ဘာမှမသိသလို ဖြတ်သန်းနေသည်။ အိန္ဒိယကလှုပ်မှသာ စ၍လှုပ်ရမည့် သဘောရှိသည်။နယ်စပ်ရောင်းဝယ်ရေးအနည်းငယ်၊ ကူးလူးဖြတ်သန်းမှုအနည်းငယ်နှင့် လမ်းတံတား ခပ်ဟောင်းဟောင်း။နယူးဒေလီသည် အာသံလမ်းပေါက်ကို အတော့်ကို ချိန်ဆနေပုံရသည်။မြန်မာတွင် အိန္ဒိယ၏ “ကုလားတန်မြစ်ဝှမ်းစီမံကိန်း” တော့ ရှိသည်။ဒါလည်း တဖြည်းဖြည်း……..။

မဏိပူရနှင့် အာသံသည် တကယ်တော့ ကြမ်းရှသောသမိုင်းတွေ ရှိခဲ့ဖူးသည်။ဒုတိယကမ္ဘာစစ်ကြီးသည် သူတို့ကျောအပေါ် နင်းဖြတ်သွား၏။ဂျပန်တပ်မတော်သည် ရန်ကုန်ကိုရပြီးသည်နှင့် အိန္ဒိယကိုသိမ်းပိုက်လိုသည်။မြန်မာပြည်မှဆုတ်ခွာလာသော အင်္ဂလိပ်များက အာသံတွင် စခန်းချသည်။ခံစစ်စည်း၏ နောက်ဆုံးနေရာမှာ အာသံဖြစ်သည်။အာသံကိုမဖြတ်ဘဲ အိန္ဒိယကို မသိမ်းနိုင်။အာသံတွင် ဂျပန်တွေရှုံးသွားသည်။အင်ဖာသည် စစ်အတွင်းမှာ နာမည်ကျော်သလို အင်ဖာမြောက်ဘက် ကိုဟီးမားတိုက်ပွဲကလည်း ဂျပန်၏ကျူးကျော်စစ်ကို အဆုံးအဖြတ်ပေးလိုက်သည်။ဂျပန်များ စတင်ဦးကျိုးသောနေရာမှာ (ကိုဟီးမား) အာသံဖြစ်သည်။ကိုဟီးမားသည် စစ်သမိုင်းထဲတွင် အထင်ကရဖြစ်ခဲ့ဖူးသည်။

ယခုသော် နယူးဒေလီနှင့် ဘင်္ဂလားဒေ့ရှ့်တို့ ၂၀၀၈ လောက်မှာ ဆက်ဆံရေးတိုးတက်လာသည်။လတ်တလောတွင် ဒေလီရော ပြည်နယ်အဆင့်အစိုးရများကပါ မြန်မာပြည်ကို သော့ချက်အနေဖြင့် မြင်ထားကြ၏။ယူနန်သည်လည်း ပြဿနာအတွက် အဖြေဖြစ်နေသေးသည်။အိန္ဒိယ အရှေ့မြောက်မှ မြန်မာနှင့် ဦးစွာဆက်စပ်နေသော ပြည်နယ်တို့မှာ ထရိပူရ၊ မီဇိုရန်၊ မဏိပူရနှင့် နာဂတို့ ဖြစ်၍ ၎င်းတို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် သော့ချက်အဖြေမှာ မြန်မာဖြစ်နေသည်။

မြန်မာသည် တရုတ်အနောက်တောင် “ယူနန်ပြည်နယ်” ဖွံ့ဖြိုးရေးအတွက် အရေးပါသလို အာသံဖွံ့ဖြိုးရေးအတွက်လည်း မြန်မာက အရေးပါနေပြန်သည်။ ၂၀၀၈ ခုနှစ်တွင် မြန်မာနှင့် အိန္ဒိယသည် စစ်တွေဆိပ်ကမ်းဟောင်းကိုပြုပြင်ရန် သဘောတူထားသည်။ထိုဆိပ်ကမ်းက အိန္ဒိယအရှေ့မြောက်ကို ဆက်စပ်ပေးပေလိမ့်မည်။ကုလားတန်မြစ်ကိုပြုပြင်ကာ အပေါ်ဘက်ကနေ၍ လမ်းသစ်တစ်ခုဖောက်မည်ဖြစ်သည်။ထိုလမ်းသည် အိန္ဒိယအဝေးပြေးလမ်းမကြီး အမှတ် ၅၄ သို့ ဆက်သွယ်ပြီးလျှင် ကုန်းတွင်းပိတ် အာသံနှင့် ဝေးလံသောဒေသများသည် ပင်လယ်နှင့်အနီးဆုံးဖြစ်လာပေလိမ့်မည်။

သို့သော် ၂၀၁၀ နောက်ပိုင်းတွင် ၎င်းစီမံကိန်းမှာ အတက်နှေးနေသည်။မြန်မာနှင့် တိုက်ရိုက်ဆက်သွယ်နိုင်သောလမ်းမှာ မဏိပူရမှ မန္တလေး၊ ထိုမှ ရန်ကုန် (သို့မဟုတ်) မန္တလေးမှ ယူနန်၊ အရှေ့မြောက် အိန္ဒိယနှင့် မြန်မာပေါင်းလျှင် ယူနန်အတွက် ဈေးကွက်ကြီးက လူဦးရေ သန်း ၁၀၀ ခန့်ရှိနေသည်။

နိဂုံးချုပ်ကြည့်လျှင် မည်သို့ဖြစ်လေမည်နည်း။ဒေသတွင်းမှာ အကျိုးကျေးဇူးလည်းများစွာရှိ၍ တစ်ဦးကို တစ်ဦးက စိုးရိမ်ကြောင့်ကြမှုနှင့် ပူပန်သောကတွေလည်း ရှိနေကြသည်။သို့သော် ဈေးကွက်ရှိပါလျက် လစ်ဟာနေသော ဤဒေသကြီးတွင် အိန္ဒိယ၊ မြန်မာနှင့် တရုတ်သည် ပိုမိုနီးကပ်စွာ ပေါင်းယှက်လာတော့မည်။ယခုအရွေ့ကြီးသည် ဧရာမကြီးမားလှသော အရွေ့ကြီးဖြစ်သည်။သမိုင်းတစ်လျှောက်လုံးမှာ ဤသို့မဖြစ်ခဲ့စဖူး။ပြန်လှည့်ကြည့်ပါ။မြန်မာနှင့် တရုတ်သည် ပုဂံခေတ်မှစ၍ သူတစ်ပြန်ကိုယ်တစ်ပြန် စစ်တိုက်ခြင်းသာရှိသည်။မြန်မာပညာတတ်များ သမိုင်းရေးလေ့လာသူများက မြန်မာ့အန္တရာယ်သည် အရှေ့မြောက်မှလာသည်ဟု မှတ်သားထား၏။ထိုမှလွဲ၍ ယူနန်နှင့် မြန်မာ (ရှမ်း) အကြားတွင် ဒေသတွင်းပစ္စည်းအနည်းငယ်ကို လားများနှင့် ကုန်သွယ်ခြင်းသာရှိသည်။

ယခုမူ ယူနန်မှ လူသုံးကုန်အမြောက်အမြား၊ လျှပ်စစ်ပစ္စည်းများ၊ အိုင်တီပစ္စည်းအထိဝင်နေသည်။မြန်မာ့သစ်သီးဝလံ လယ်ယာထွက်ကုန် ဆန်စပါး၊ ဆန်ကွဲ၊ ပြောင်းအထိ ပို့နေကြသည်။ခေတ်ကာလတောင်းဆိုမှု ဈေးကွက်တောင်းဆိုမှုဟု ပြောနိုင်သည်။

ယခုအခါ သမိုင်းဖြစ်ရပ်များမှာ နောက်ဆုတ်၍မရတော့။မြန်မာသည် အိန္ဒိယနှင့် တရုတ်ကြားက ကွက်လပ်ကို မဖြစ်မနေဖြည့်ရပေတော့မည်။

အချိန်ကာလက တောင်းဆိုနေလေပြီ .....။

လင်းထင်      
ရည်ညွှန်း - တရုတ်အိန္ဒိယဆုံမှတ် - ဒေါက်တာသန့်မြင့်ဦး