【 ဆောင်းပါး 】 ဆန်ရင်း နာနာ ‘ဖွပ်’ ဖို့ မလို

【 ဆောင်းပါး 】 ဆန်ရင်း နာနာ ‘ဖွပ်’ ဖို့ မလို

မြန်မာစကားပုံနှင့် စာလုံးပေါင်းသတ်ပုံကျမ်းတွင် ဆန်ရင်း နာနာ ‘ဖွပ်’ ဆိုသော စကားကို “ဆန်ကွဲ ဆန်နုပ်ဖြစ်သွားသော ဆန်သည် ဖွပ်စရာမလို၊ ဆန်ရင်းကိုသာလျှင် ဖြူသည်ထက်ဖြူအောင် နာနာဖွပ်ရသကဲ့သို့ ဆုံးမစရာရှိလျှင် ရင်းနှီးပြီး ကောင်းဖို့အလားအလာရှိသူကို ဖိ၍ဆုံးမရသည်” ဟု ဖော်ပြထားသည်။ဒီစကားကို ကျွန်တော်တို့ငယ်ငယ်ကတည်းက အဖွားဆီကနေ မကြာခဏဆိုသလိုကြားရလေ့ရှိသဖြင့် စကားပုံရော စကားပုံအဓိပ္ပါယ်ကိုပါ သိနေခဲ့သည်။

ကျွန်တော်တို့ငယ်ငယ်က တခြားရွယ်တူကလေးငယ်များနှင့် ရန်ဖြစ်ကြသည့်အခါ အမေက ကိုယ့်သားသမီး မှန်မှန်၊ မမှန်မှန် ရိုက်၍ဆုံးမလေ့ရှိသည်။ထိုသို့ဆုံးမလေ့ရှိသဖြင့် ကျွန်တော်တို့မှာ ငယ်စဉ်ကတည်းက ရန်ဖြစ်ရမှာကို ကြောက်ရွံ့လေ့ရှိသည်။ရန်ဖြစ်ပါက အပြင်တွင် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အိမ်ရောက်လို့ အပြင်မှာရန်ဖြစ်လာမှန်းသိပါက အမေက ရိုက်တော့သည်။ပြီးတော့ ရန်ဖြစ်သည့်သူအိမ်ကိုသွားပြီး တောင်းပန်ခိုင်းသည်။အမေ့၏သဘောထားက သူ့သားသမီးတွေ ရန်များနေမှာကိုမကြိုက်ဘဲ လိမ္မာသည့်သားသမီး၊ ပညာတတ်တစ်ယောက်သာ ဖြစ်စေချင်သည့်စိတ်ဖြစ်သည်။

အမေက မြို့တွင်ကြီးပြင်းပြီး အဖေနှင့်ရမှသာ အဖေဘက်လိုက်နေရသဖြင့် အဖေနေထိုင်ရာ မြို့ဆင်ခြေဖုံးအရပ် စရိုက်ကြမ်းသည့် အဖေ့နေရပ်တွင် သားသတ်သမားများကြား အနုပညာသည်တစ်ဦးရောက်နေသလို ကျွန်တော်တို့ညီအစ်ကိုတွေမှာ အနိုင်ကျင့်ခံရသည်။အဖေကလည်း များသောအားဖြင့် နယ်သို့ခရီးထွက်နေရသည်မှာ များသဖြင့် ကျွန်တော်တို့မှာ အမေ့မူအတိုင်း ရန်မဖြစ်ရေးဝါဒကို စွဲကိုင်ထားရသဖြင့် ရွယ်တူများအနိုင်ကျင့်မှုကို အရပ်ထဲ လမ်းထဲနှင့် ကျောင်းတွင် ခံရသည်မှာ အဖွား (အဖေ၏ အမေ) ဖြစ်သူ အိမ်မှာလာမနေခင်အထိဖြစ်သည်။

အဖွားက တောမှာနေပြီး စပါးပေး၊ ငါးပေးဖြင့် စီးပွားရှာသူဖြစ်သည်။နောက်တော့ သူ့အတူနေသမက်နှင့် မတည့်ဖြစ်ပြီး မြို့က အဖေ့ဆီမှာ သေသည်အထိ လာနေခဲ့သည်။အဖွားကို အမေကော အဖေပါ ကြောက်ရသည်။အဖွားက မထင်ရင် မထင်သလို လက်ပါတတ်သည်။တောသူတောင်သားဖြစ်သဖြင့် အသက် ၆၀ ကျော်သော်လည်း စိတ်ကောလူကော မာသည်။
ထိုစိတ်မြန်လက်မြန်အဖွားကို  ကျွန်တော်တို့မြေးတွေကတော့ နိုင်ကြသည်။ဗိုလ်ကျကြသည်။နေ့လည်ဘက် မုန့်ဖက်ထုတ်စားချင်သည်ဆို တခြားလမ်းအထိ မုန့်သွားကြိတ်ကာ အချိန်မရွေး ထလုပ်ကျွေးသည်အထိ ကျွန်တော်တို့ကို အဖွားကချစ်သည်။အဖွား အိမ်ရောက်လာတော့ အမေက ယခင်အလုပ် ပြန်ဝင်လုပ်သဖြင့် ကျွန်တော်တို့မှာ ညအချိန်အတော်များများ အဖွားနှင့်သာ နေရတာများသည်။ဒီတော့ ရှေ့ပိုင်းမှာ အမေလက်ထက်က သူများနှင့်ရန်ဖြစ်တိုင်း ခံလာရတာ၊ ရန်စတာကို ရှောင်ရတာတွေက အဖွားလက်ထက်တွင် ပြောင်းလဲသွားသလို  ကျွန်တော်တို့ကိစ္စနှင့် အမေနှင့် အဖွား မကြာခဏစကားပြောရလေ့ရှိသည်။

အဖွားက ရန်ဖြစ်လာတိုင်း အမေရိုက်နှက်ဆုံးမခြင်းကို လုံးဝမကြိုက်၊ အနည်းဆုံးတော့ ကိုယ့်သားသမီး လွန်လွန်၊ မလွန်လွန် မေးမြန်းသင့်သည်ဟု ပြောသည်။ကိုယ့်သားသမီးကိုယ်ရိုက်တော့ ဟိုဘက်က ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကိုယ့်သားသမီးအချောင်ခံရသည်ဟု ဆိုသည်။ဟုတ်တာရော၊ မဟုတ်တာရောဆို ကိုယ့်သားသမီးမှာ နှစ်ခါခံရသဖြင့် အချောင်နာသည်ဟု ဆိုသည်။အဖွားမှာ ကျွန်တော်တို့ညီအစ်ကိုရန်ဖြစ်လို့ ခံလာရတိုင်း ထိုအိမ်ရှေ့ သွားသွားဆဲပြီး ကလော်တုပ်လေ့ရှိသည်။အမေက ရန်ဖြစ်တိုင်း နောင်မဖြစ်ရဲအောင် သည်းခံတရားထားတတ်အောင် အိမ်ရောက်တာနှင့် ထပ်ချသည့်ဓလေ့က အဖွားအတွက် မခံနိုင်စရာ။မအေက ဒီလိုလုပ်သဖြင့် သူ့မြေးတွေ သူတို့အရွယ်တန်းတွေက နိုင်စားတာခံရသည်ဆိုပြီး ဒေါသထွက်လေ့ရှိသည်။ချွေးမဖြစ်သူ ကျွန်တော်တို့အမေကိုလည်း နင် ဒီလို “ဆန်ရင်းနာနာဖွပ်” လို့ ငါ့မြေးတွေ လူကြောက်ဖြစ်ရတာဟု အပြစ်တင်လေ့ရှိသည်။

အဖွားက ရန်ဖြစ်လာ၍ ကိုယ်ခံလာရသည်ကိုမြင်ရပါက ထပ်ရိုက်တတ်သည်။အကယ်၍ ကိုယ်ကအသာရလာပြီး တစ်ဖက်ကလေး ထိပ်ပေါက်ခေါင်းကွဲဖြစ်လာလျှင်မူ အဖွားက သွားတောင်းပန်သည်။ဒီလို သွားတောင်းပန်၍ပြန်လာလျှင် ကျွန်တော်တို့မြေးတွေကို ဆူလိမ့်မည်မထင်နှင့်။သူ့အနားခေါ်ပြီး “ငါ့မြေးကလုပ်လိုက်တာ ဟိုဘက်ခမျာ တော်တော်နာသွားတယ် ငါ့မှာ ကျေနပ်အောင် တော်တော် တောင်းပန်ရတယ်” ဟု သည်လောက်သာပြောသည်။ဒီလိုဆို အမေက “အမေ့မြေးတွေ တော်တော်အကြိုက်လိုက်၊ ဟိုတောင်းပန်ရ ဒီတောင်းပန်ရနဲ့ တော်တော်မျက်နှာပူဖို့ကောင်းတယ် ဒီတစ်ခါရန်ဖြစ်လာရင် သေအောင်ရိုက်ထားဦးမယ်” ဟု ကြိမ်းတိုင်း အဖွားက ကျွန်တော်တို့ကိုဖက်၍ “နင့်အဲ့ ဒီလိုအလုပ်ကောင်းလို့ အကြီးကောင်တွေ အခုထိ လူကြောက်ဖြစ်နေတာ၊ ငါတို့အမျိုးက ဆန်ရင်းနာနာဖွပ်တဲ့ အမျိုးမဟုတ်ဘူး။ညည်းသာ သူစိမ်းဝမ်းသာအောင် ကိုယ့်သားသမီးကို နာနာဖွပ်လွန်းလို့ ဆန်ရင်းတောင်ကြေမွနေပြီ” ဟု ချေပလေ့ရှိသည်။

ထိုတုန်းကတော့ အဆိုပါစကား၏အဓိပ္ပါယ်ကို သဘောမပေါက်။နောက်တော့ အလုပ်ပေါင်းစုံ၊ လူပေါင်းစုံ၊ အလွှာပေါင်းစုံ၊ ပြဿနာပေါင်းစုံကို ကိုယ်တိုင်တွေ့ကြုံလာရမှ ဒီစကားရဲ့အဓိပ္ပါယ်ကို ကောင်းကောင်းသဘောပေါက်လာမိသည်။တခါတရံ အလုပ်ထဲမှာ၊ အဖွဲ့အစည်းထဲမှာ၊ နေရာဋ္ဌာနတွေမှာ ပြဿနာတစ်ခုဖြစ်ပွားလေတိုင်း တစ်ဖက်က အင်အားသိပ်ကြီးနေသည့်အခါ၊ ကိုယ်ကမှန်နေသော်လည်း အမှားလုပ်သည့်သူ၏အသိုင်းအဝိုင်းက အတော်လေးတောင့်တင်းနေသည့်အခါမျိုးတွင်လည်း ထိုသဘောကိုတွေ့တွေ့လာရသည်။ဒါတွေက တကယ်အပြင်လောကမှာ မြင်နိုင်တွေ့နိုင်သည့်ကိစ္စတွေပင်ဖြစ်သည်။ထိုအခါမျိုးမှာ ထိုးကျွေးခံလိုက်ရသည့် လူ (သို့မဟုတ်) အဖွဲ့ အစည်းခမျာ ခံလည်းခံရသေး ကိုယ်ဘဲအပြစ်ဖြစ်သေးဆိုသည့် လွန်စွာဖိနှိပ်ခံရသည့်အဖြစ်၊ မတရားအနိုင်ကျင့်ခံသည့် အဖြစ်ဆိုးကို တွေ့ကြုံရပေသည်။

ကိုယ့်လူမှ ကိုယ့်လူ၊ ကိုယ့်သားသမီးမှ ကိုယ့်သားသမီးဆိုသည့် တရားလက်လွတ်ဖြစ်သူများနှင့် မေတ္တာတရားရှေ့ထားသည့်သူများ ဆုံကြသည့်အခါ ရုပ်ရှင်ဇာတ်လမ်းများ၊ ပုံပြင်ဝတ္တုများထဲတွင်သာ နောက်ဆုံး မေတ္တာတရားရှေ့ထားသည့်သူက အနိုင်ရသည့် ဇာတ်လမ်းများသော်လည်း ‘သိကြားသာသနာ’ ဟု ခေါ်သည့် ‘ရဟန်းက လူ၊ လူက ဘီလူး’ ဖြစ်သည့် ဆုတ်ကပ်အချိန်အခါတွင် တူရာတူရာတုံ့ပြန်သည်မှ အမှန်တရားကိုရနိုင်သည်ကို ခေတ်ပညာတတ်မဟုတ်သော ဖွားအေကြီးက ကျွန်တော်တို့ကိုငယ်စဉ်ကတည်းက ပြသခဲ့သည်။

‘တရားမှုကို မြတ်နိုးသူသည် တရားကိုစောင့်ရှောက်နိုင်ရမည်’ ဆိုသည့် လောက၏အခြေခံသင်ရိုးကိုသိဖို့လည်း လိုမည်ဖြစ်သည်။ဘယ်လောက်ပဲ အမှန်တရားကို ကျွန်တော်တို့လက်ကိုင်ထားထား၊ ဘယ်သူမှန်သလဲဆိုတာ လူတိုင်းဘယ်လောက်သိသိ၊ ထိုအမှန်တရားကို လက်မခံသူက အင်အားကြီးနေသည့်အခါ ကိုယ်မထိခိုက်စေရန် အများမိုးခါးရေသောက်သလို အမှန်တရားကို လျစ်လျူရှုကြသည့် ခေတ်၏ပြဋ္ဌာန်းချက်ကို သတိချပ်သင့်သည်ဖြစ်သည်။ထို့ကြောင့် ကိုယ်နေထိုင်သည့်လောကနှင့် လူအဝန်းအဝိုင်းတွင် ကောင်းမွန်မှန်ကန်သည့် လောကပါလတရားဖြစ်ထွန်းဖို့ဆိုလျှင် ကိုယ်လည်း အမှန်တရားဘက်က ရပ်တည်နိုင်ဖို့လိုသလို ထိုအမှန်တရားထွန်းကားရန် ကာယ၊ ဉာဏနှင့်ရှိသည့် ဩဇာအာဏာလည်းရှိဖို့လိုပေသည်။အရေးကြီးသည်မှာ အမှန်တရားဘက်ကလူတွေကို ဆန်ရင်းနာနာမဖွပ်မိစေဖို့ပင်ဖြစ်သည်။

သို့သော် ဖြစ်နေသည်က အမှန်တရားကိုမြတ်နိုးလှပါသည်ဟု အကြိမ်ကြိမ်ပြော အကြိမ်ကြိမ်ရပ်တည်ခဲ့ပြသည့်သူတွေက ထိုအမှန်တရားနှင့် ဆန့်ကျင်ဘက်ပြုကာ မိမိဆွေမျိုးသားချင်းနှင့် သားသမီးရင်နှစ်သည်းခြာများက မဟုတ်တာ၊ မတော်မတရား လုပ်ကြသည့်အခါ အမှန်တရားအတိုင်းဖွင့်ပြောဖို့ ရပ်တည်ဖို့ ခက်ခဲနေကြခြင်းပင်ဖြစ်သည်။ထိုအခါ အမှန်တရားကိုကျောခိုင်းပြီး တစ်သက်လုံး အမှန်ဘက်ကရပ်တည်ခဲ့သမျှကို ချနင်းကာ အမှားကို အမှန်ဟု ပြောတတ်လာကြခြင်းပင်ဖြစ်သည်။ထိုအခါ အမှန်တရားမှာ မည်မျှပင်အင်အားသေးငယ်ပါစေ ကြီးမားသည့်အမှားကို အံတုပြိုင်ကာ အနိုင်ရနိုင်သည်ဆိုသော အစဉ်အလာတည်နေစေရန် ဝိုင်းဝန်းစောင့်ရှောက်ဖို့လိုမည်ဖြစ်သည်။

လောကတွင် အမှားက အမှန်ဖြစ်၊ အမှန်က အမှားဖြစ်ကာ လောကပါလတရား ကွယ်ပျောက်ရလာခြင်းကို ကြည့်မည်ဆိုပါက ပညာတတ်ဆန်ခြင်း၊ ကိုယ်နှင့်မဆိုင်ဟုဆိုကာ သက်သာသလို နေထိုင်လာကြခြင်းနှင့် တစ်ကိုယ်ကောင်းစိတ် (အတ္တကြီးသည့်စိတ်) ကို လူတိုင်းလက်ခံကျင့်သုံးလာကြခြင်းလည်းပါသည်။ထိုထဲတွင် မှန်သည့်ဘက်က ဆန်ရင်းနာနာဖွပ်သည့်စိတ်ကို ထားကြသည့်အခါ “ရှင်နည်းရာ အဂ္ဂလူထွက်” ဆိုသလို အမှားဘက်က ပိုအားကောင်းလာခြင်းပင်ဖြစ်သည်။ထို့အတွက် အမှန်တရားကို စောင့်ရှောက်ချင်သူများအဖို့ ဒီသဘောတရားကိုသိဖို့တော့လိုမည်ဖြစ်သည်။  

မှန်ဖို့လိုသည်။အမှန်တရားကိုစောင့်ရှောက်ဖို့ ကာယ၊ ဉာဏခွန်အားလည်းရှိဖို့လိုသည်။ဒါမှ မှန်သော်လည်း မတရားခံနေရသည့်သူတွေကို စောင့်ရှောက်နိုင်မည်ဖြစ်ပေသည်။

ဖြိုးဝေလှ
သြဂုတ် - ၂၅