【 ဆောင်းပါး 】 ဆရာဆိုသည့် ‘စိတ်’ နှင့် ‘ပီတိ’

【 ဆောင်းပါး 】 ဆရာဆိုသည့် ‘စိတ်’ နှင့် ‘ပီတိ’

ကျူရှင်တွေအကြောင်း ပြန်တွေးလျှင် သတိရစရာအကြောင်းတွေ အများကြီးရှိခဲ့သည်။အထူးသဖြင့် ဆရာဆိုတော့ ပီတိကိုစား အားရှိသည်ဆိုသော်လည်း ထိုပီတိကိုစားရန် အတော်ဝေးဝေးကနေ နေ့စဉ်လာရသည့်အခါ လမ်းတစ်လျှောက် ဗိုက်ဟာမှုကို ဖြည့်တင်းရန်အတွက် မရှိသူကို ဖြည့်ပေးလိုသည့် သဒ္ဒါစိတ်အားကောင်းဖို့လည်းလိုသည်။ဘ၀မှာ ကောင်းသည့်စိတ်ဖြင့်လုပ်ခဲ့သည့် ကုသိုလ်တစ်ခုကိုပြပါဆိုလျှင် စာသင်သည့်အလုပ်ကိုသာ ပြရမည်ဖြစ်သည်။

မရည်ရွယ်ပဲ စာသင်ကြားရေးလမ်းပေါ်ရောက်လာမိသည့် ကျနော့်အတွက် စာသင်လျှင် ငွေရသည်ဆိုသည့် အသိထက် ကိုယ်စေတနာထားသင်ပြမှ၊ ကျောင်းသား ကိုယ်သင့်သည့်စာကို အခက်အခဲမရှိ နားလည်သဘောပေါက်မှ ငွေယူရတာ ပိုပြီးစိတ်သန့်သဖြင့် စာသင်ရတာတွင် ပိုအားထုတ်မိသည်။စေတနာအကျိုးကြောင့် စာသင်နှစ် နှစ်နှစ်၊ သုံးနှစ်တွင် သင်ကြားရေးနယ်ထဲ ကျနော့်နာမည် အနည်းငယ်ထွက်လာခဲ့သဖြင့် အလုပ်က လူကရှာရတာထက် အလုပ်က လူကိုရှာလာသည့်အခြေအနေကို ရောက်လာခဲ့သည်။ဤတွင် ဘ၀တစ်လျှောက် ပီတိစားရသည့် ဆရာဘ၀ကို ကြုံခဲ့ရခြင်းဖြစ်သည်။

မှတ်မှတ်ရရ ၁၉၉၄ ခုနှစ် ဖြစ်မည်ထင်သည်။ထိုအချိန်တွင် ချဲထီအရမ်းတွင်ကျယ်နေသလို ဒိုင်ချုပ်မဆိုနှင့် လက်ခွဲအဆင့်တောင် အတော်လေးစီးပွားဖြစ်သည့်အချိန်ဖြစ်သည်။ကျနော့်ကို အသိတစ်ယောက်က သူနှင့်ပတ်သက်ရာ ပတ်သက်ကြောင်း ချဲထီရောင်းသည့် လက်ခွဲအိမ်မှ ဆယ်တန်းကျောင်းသူတစ်ယောက်ကို စာသင်ပေးရန် လာအပ်သည်။ကျနော်က ရှေ့တွင် အတွေ့အကြုံရှိသည်။
သူငယ်ချင်းတစ်ယောက် ဖဲကြိတ်၀ိုင်းလုပ်နေသည့် အိမ်မှန်းမသိပဲ အလည်သွားစဉ် ရဲလာဖမ်းတာကြုံသဖြင့် ပါသွားပြီး အချုပ်ခံရတာကို မြင်ခဲ့ရဖူးတာရှိသည်။ဒီတော့ ကိုယ်က ဘယ်လောက်ပဲကောင်းသည့်အရာလုပ်ပါစေ၊ မကောင်းသည့်အချက်နှင့် တစ်စက်ပဲငြိငြိ၊ ဒုက္ခရောက်တတ်သည့်သဘောကို သိသဖြင့် ချဲထီရောင်းသည်ဆိုသဖြင့် ကျနော်ကငြင်းလိုက်သည်။သူငယ်ချင်းကလည်း ဟိုဘက်နှင့်  မျက်နှာနာသဖြင့် ကျနော့်ကို အနူးအညွတ်ပြောသည်။ကျနော့်မှာ ငြင်းရခက်၊ လက်ခံရခက် အခြေအနေသို့ ရောက်လာသည်။

နောက်တော့ ဒီအခက်အခဲကို ပြေလည်စေမည့်ကိစ္စက ပေါ်လာသည်။ထိုချဲဒိုင်အိမ်နှင့် မလှမ်းမကမ်း လမ်းတွင် နောက်ထပ် အိမ်၀ိုင်းသင်မည့်သူတစ်ဦး ထပ်ရသဖြင့် ထိုအိမ်တွင် လာသင်နိုင်ပါက အဆင်ပြေမည်ဟု ပြောသဖြင့် ထိုကိစ္စအဆင်ပြေသွားသည်။

ထိုချဲဒိုင်ကိုင်သည့်သူမှာ သူ့သမီးကိုစာသင်ဖို့ ကျနော့်ဘက်က သူ့အိမ်မှာ ချဲဒိုင်ကိုင်သည့်အိမ်ဖြစ်လို့ လာမသင်ပေးခြင်းဆိုတာကို သိသဖြင့် ကျနော့်ကို အတော်လေးမကြည်မှန်း သိရသည်။သူ့သမီး ကျနော့်တပည့်ဖြစ်လာမည့်သူမှာ သူမနှင့်သိသည့်တစ်ယောက်က ကျနော်စာသင်ပေးလို့ ဆယ်တန်းနှစ်ချင်းပေါက်အောင်တာကို ချီးမွမ်းခန်းဖွင့်ထားသဖြင့် ကျနော်နှင့်သင်ရမှာဆိုသဖြင့် အောင့်သီးအောင်သက် ခွင့်ပြုရခြင်းဖြစ်သည်။ဒါတွေကို ကျနော်နောက်မှသိသည်။ဒါကလည်း ကျနော့်တွင် ထိုအချိန်က တစ်ပတ်လုံး စာသင်ချိန်ပြည့်ပြီး အထူးသဖြင့် မြို့သစ်တွေရှိ စာသင်၀ိုင်းတွေများသဖြင့် ပြောရလျှင် ထိုစဉ်က ရွှေပြည်သာ ၅၇၊ ဒဂုံမြောက်ကိုသွားရန် စံပြစျေးရောက်သည့် ၄၂၊ လှိုင်သာယာကနေ မြောက်ဥက္ကလာသွားသည့်  ၄၉ ဒိုင်နာ၊ နောက်လမ်း၀ကနေစီးရသည့် ကားလိုင်းတစ်ခု (ယခုမမှတ်မိတော့တို့မှာ ကျနော် နေ့စဉ် စီးနေရသည့် လိုင်းကားတွေဖြစ်သည်။

တစ်ခါတရံ စာသင်ချိန် ၂ နာရီအတွက် လိုင်းကား ၃ နာရီလောက်ထိ စီးရသည့်အပြင် စာသင်၀ိုင်းတစ်၀ိုင်းကနေ တစ်၀ိုင်းကိုကူးရင်း လမ်းမှာ ပဲမုန့်လေး၊ မုန့်ဖက်ထုပ်လေး၊ တစ်ခါတရံ ဆီချက်လေးဖြင့် ပုံမှန်ပြီးရသည့်နေ့တွေရှိသည်။မိုးတွင်း စာသင်နှစ်အစဆိုလျှင် ညဘက် မိုးရွာထဲ အောက်ဆိုက်ကားဖြင့် လှိုင်သာယာရှိ ကျနော်နေသည့်နေရာသို့ အတော်လေးမိုးချုပ်မှရောက်သည်။အခုလို လမ်းတွေမကောင်းသေးသလို ရွှံ့လမ်းတွေဖြစ်ပြီး ဘယ်ဆိုက်ကားမှမလိုက်သလို ဘေးက မြောင်းတွေ၊ ဒိုက်တောတွေ‌ကြောင့် မြွေရန်လည်း သတိထားရသဖြင့် ကျနော်လွယ်အိတ်ထဲ အမြဲဓာတ်မီးပါလေ့ရှိသည်။ဒါကြောင့်လည်း တပည့်အချို့က ကျနော့်ကို ဓာတ်မီးဆရာကြီးလို့  ကွယ်ရာမှာ ရည်ညွှန်းခံရသည်။

စောစောက ချဲဒိုင်လက်ခွဲအိမ်ကိစ္စ ဆက်ပါဦးမည်။ထိုချဲဒိုင်ကိုင်သူ သမီးမှာ အတော်လေးပညာလိုလားသူဖြစ်ပြီး သူ့မိဘတွေ အဲဒီအလုပ်လုပ်နေတာကို သိပ်မကြိုက်လှ။ပြီးတော့ သူ့အိမ်မှာ လူတွေတရုန်းရုန်းဖြစ်နေတာကိုလည်း သိပ်သဘောမကျလှ။ဒီတော့ ပညာရေးက ဒီကလေးအတွက် သီးသန့်ကမ္ဘာလိုဖြစ်နေသည့် သဘောဖြစ်သည်။ကျနော်က ထိုတပည့်မလေးကို သဘောကျသည်က သူမသိချင်တာတွေမေးရာတွင် သီအိုရီအရ အခက်တွေ့နိုင်သည့် မေးခွန်းတွေ၊ နောက် မေးခွန်း၏ အဖြေနေရာမှာတွင် အဆုံးမသတ်ပဲ ဒီလိုပြောင်းသွားရင် ဘယ်လိုအဖြေထွက်နိုင်လဲဆိုသည့် စာစစ်သူတွေ စဉ်းစားမေးခွန်းထုတ်သည့်ဘက်ကို နည်းနည်းတွေးပြီး မေးတတ်လို့ဖြစ်သည်။ထိုတပည့်မလေးက သူမေးနေတာ သူသိချင်လို့ဖြစ်သည်။နောက် ဇီ၀ဗေဒဆိုရင် အပင်များအကြောင်းဆိုပါက သင်ခန်းစာထဲပါသည့် မြေလျှောက်ပင်ဆိုသည့် အပင်ကိုရှာလာပြီး ဒီအပင်လားဆိုပြီး ပြပြတတ်သဖြင့် ကျနော်လည်း စာသင်ရတာ လက်တွေ့နှင့် တွဲသင်ပေးရသလိုဖြစ်သဖြင့် စာသင်ရတာလည်းကောင်း၊ ကလေးတွေလည်း သင်သည့်စာကို မှတ်မှတ်သားသားဖြစ်သည်။
မိန်းမကလေးတွေသာ မဟုတ်ရင် ဖားတွေ ယုန်တွေတောင် ဒီကလေးမတွေ ယူလာမလားဟု ကျနော်တွေးမိသည်။

ထိုသို့ တစ်ပတ်မှာ ၄ ရက် စာသင်ပေးရင်း သူမိဘတွေနှင့် အတန်အသင့်ရင်းနှီးလာသည်။ကျနော်က နဂိုကတည်းက စာသင်ပြီးသည်နှင့် နောက်တစ်၀ိုင်းသို့ ကူးရသဖြင့် ထိုချဲဒိုင်ကိုင်သည့်သူက သူ့ကားဖြင့်သွားရင်း လမ်းကြုံသည့်အခါ ခေါ်တိုင်း ကျနော်ငြင်းတာကို သိပ်သဘောမကျ။ဘဝင်မြင့်သည် မာနကြီးသည်ဟု ထင်သည်။ကျနော်က လမ်းမှာစစ်လို့ ချဲစာရွက်တွေ့ရင် ငါလည်းအဖမ်းခံရနိုင်တယ်ဆိုကာ မလိုက်ခြင်းဖြစ်သည်။ကျနော် အချောင်အဖမ်းခံရမှာစိုးပြီးကြောက်ကာ မလိုက်တာကို သူကမသိ။အကြောင်းမဲ့ ဘဝင်မြင့်သည်ဟု ကျနော့်ကိုထင်သည်။ထိုသူမှာ ကျနော် သူ့သမီးကို စာသင်နေချိန်တွင် လောင်းကစား အတော်လေးအကျိုးပေးနေသည့်အချိန်လို့ ဆိုရမည်ဖြစ်သည်။လက်ခွဲမှ ဒိုင်ချုပ်ဖြစ်လာသလို သူ့ဆီ ချဲအရောင်းလာတင်သည့်နယ်တွေများလာပြီး သူ့မြို့နယ်မှာ အတော်လေးနာမည်ထွက်လာပြီး မကြာပါ တိုင်းအဆင့်ကနေ ဆင်းဖမ်းတော့သည်။

ဒါတွေ ကျနော်ကမသိ။ကျနော်စာသင်သည့်အိမ်က ထိုအကြောင်းပြောမှ သိသည်။တပည့်မ ဖအေရော  မအေရော ဖမ်းသွားသည်။ပစ္စည်းတွေလည်းသိမ်း။လက်ရှိ သူ့အိမ်တွင် သူ့သမီး ကျနော်တပည့်မလေးနှင့် သူ့ဖွားအေသာရှိသည်။အကုန်လုံးက ဖမ်းခံရသည့်နောက်လိုက်ကြ၊ ချဲလက်ခွဲတွေကလည်း ချဲထွက်သည့်နေ့မှ လာဖမ်းသဖြင့် ဒိုင်ချုပ်ပြေးသည်ထင်ပြီး ဓားကြိမ်းကြိမ်းကြနှင့် အတော်လေးသွေးပျက်ဖွယ်အခြေအနေကို တပည့်မကြုံလိုက်ရသည်။ထိုပြဿနာတွေ၊ ဖအေ မအေ အဖမ်းခံရတာတွေကြောင့် ကျူရှင်လည်းမတက်နိုင်၊ ကျောင်းလည်းမတက်နိုင်အောင် ဖြစ်ရသည်။နောက်ပိုဆိုးသည်က အိမ်တွင်ခိုင်းထားသည့် သူဖအေတပည့်က ရှိသမျှလက်ကျန်အကုန်ကို လျှော်ရမည်ဆိုပြီး လာယူကာ ပြေးသဖြင့် လက်သပ်ကိုယ်ကျွတ်ဖြစ်ကာ စားရဖို့တောင် အနိုင်နိုင်ဘ၀သို့ ထိုးကျသွားခြင်းပင်။

အဖြစ်က တကယ်ကို မျက်လှည့်ပြသလိုပင်။ကျနော်တို့လို သူ့သမီးဖြစ်သူ တပည့်မနှင့်ပတ်သက်ပြီး သိရသူပင် သိရသည့် လောကဓံအလှည့်အပြောင်းကို အတော်လေးတုန်လှုပ်မိသည်ဆိုလျှင် ဆယ်တန်းသာသာ တပည့်မနေရာကဆို ဘယ်လောက်တောင်တုန်လှုပ်မလဲဆိုတာ တွေးကြည့်။ဒီအဖြစ်မျိုးက ထိုအချိန်အခါက မကြာခဏကြားရသည့်ကိစ္စဖြစ်ပြီး လူတိုင်းလည်း သိပ်မသနားကြသည့် ကိစ္စမျိုးဖြစ်သဖြင့် လူတကာက နားမလည်ပေးနိုင်။ဆင်ပိန် ကျွဲသာသာတော့ရှိမည်ဟု ထင်ထားသည်။

ထိုအဖြစ် ဖြစ်သည့်အချိန်က သီတင်းကျွတ် တန်ဆောင်မုန်းအကျော် ဒီဇင်ဘာကာလ ဖြစ်မည်ထင်သည်။စာမေးပွဲဖြေရန် နှစ်လ သုံးလသာ လိုတော့သည့်အချိန်ဖြစ်ပြီး တပည့်မမှာ ကျနော်စာသင်၀ိုင်းလည်းမလာ။ဒီတော့ အတော်လေးအခြေအနေတည်ငြိမ်လာတော့ စာသင်၀ိုင်းအိမ်က တပည့်မကို စာလာပြန်သင်ရန် ခေါ်ခိုင်းသည်။ဟိုက ကျနော်ကိုပေးရသည့်၀ိုင်းနှင့် guide ခကို ပေးစရာမရှိသဖြင့် မလာတာဟု ပြန်ကြားရသဖြင့် ကျနော်ကိုယ်တိုင် သွားခေါ်ကာ အတင်းတက်ခိုင်းရသည်။တစ်ခါတလေ ဒီဘက်စာသင်အိမ်ကို မလာလျှင် သူ့အိမ်ကိုရွှေ့ကာ စာသွားသင်ရသည်။နှစ်ခေါက် သုံးခေါက်ကြတော့ ထိုကလေးမ ပုံမှန်စာလာသင်သည်။သူ့မိဘတွေကတော့ ထောင်ထဲကနေ ကျနော့်ကို ထောင်ထဲကနေ ကျေးဇူးတွေတင်ကြောင်း လူကြုံမှာသလို သူတို့ပြန်လွတ်လာရင် စာသင်ခတွေ  ပြန်ရှာပေးပါမည်ဆိုပြီး ပြောသည်။ကျနော်က ယူမည်လည်းမဟုတ်။ယခုသင်ပေးနေတာ ဆရာတစ်ယောက်ကျင့်ဝတ်အရ လုပ်ရမည့်အချိန်၊ လုပ်သင့်သည့်အချိန်မို့လို့ လုပ်ပေးတာဆိုပြီး ကြီးကြီးကျယ်ကျယ်တွေပြောပြီး ထောင်ထဲမှာ စိတ်ချလက်ချနေဖို့ အားပေးရသည်။

တပည့်မကိုလည်း စိတ်ဓာတ်ရေးရာအရ အားပေးရပြီး မခံချင်စိတ်ဖြစ်အောင် အမြဲတိုက်တွန်းနေရသည်။ကျနော် ထိုတုန်းက တပည့်မကို အမြဲမခံချင်အောင်ပြောသည့် စကားရှိသည်။

“သမီး..ပြည့်စုံတုန်း ဆယ်တန်းကို ထူးထူးချွန်ချွန်အောင်ရင် လူတွေက သိပ်မချီးကျူးဘူး။မိဘလုပ်ပေးလို့ဆိုပြီး ပြောကြတာ။အခုလို လူတွေက ဒီကလေးကတော့ ဒီလောက်မိသားစုဖြစ်နေတာ၊ ဘယ်စာမေးပွဲအောင်မှာလဲလို့ ထင်နေတဲ့အချိန် သမီးထူးထူးချွန်ချွန်အောင်အောင် ကြိုးစားရင် သမီးကိုလည်း ချီးကျူးကြမယ်၊ သမီးမိဘတွေအပေါ် လူတွေမြင်တဲ့ အမြင်လည်း ပြောင်းသွားမယ်။ဒီအချိန်မှာ သမီးမိဘတွေကို ကျေးဇူးဆပ်ချင်ပါတယ်ဆိုရင် လုပ်ပြနိုင်တာ ဒါပဲရှိတယ်။ကြိုးစားပြ သမီး။ငါဘယ်လိုလူလဲဆိုတာ သိအောင် ဆိုတာ” လို့ မကြာခဏသွေးထိုးပေးရသည်။

ထိုတပည့်မလေးကိုသင်ရသည့် ၀ိုင်းကို စာသင်ချိန်မပျက်အောင် အထူးဂရုစိုက်ရသည်။ပြီးတော့ ကျူရှင်လခကို စာသင်၀ိုင်းအိမ်ကပေးလျှင် ထိုတပည့်မ မရောက်သေးသည့်အချိန်၊ ပြန်သွားသည့်အချိန်မှ ပေးပါရန် မေတ္တာရပ်ခံရသည်။ကျနော် ကံကောင်းပါသည်။ထိုစာသင်၀ိုင်းမှသင်သည့် တပည့်မနှစ်ယောက်စလုံး ထူးထူးချွန်ချွန်အောင်သည်။တပည့်မ မိဘတွေက ထောင်တစ်နှစ်ကျော်ကျော် ကျသည်။ထိုတပည့်မက အမှတ်ကောင်းပြီး စက်မှုတက်ခွင့်ရသဖြင့် သူ့ဖအေဘက်က ကျောင်းထားပေးလို့ အင်ဂျင်နီယာဖြစ်သွားသည်။နောက် အိမ်ထောင်တွေကျ။ယခုတိုင် သူ့မိဘတွေက ကျနော့်ကို ကျေးဇူးတင်နေဆဲ။နှစ်တိုင်း သီတင်းကျွတ်လျှင် တပည့်မ မိသားစုက ကျနော်ကို မပျက်မကွက် လာကန်တော့နေကြဆဲ။

ဒီအကြောင်း ကျနော်တွေးမိသည့်အခါ ကြယ်ငါးကောက်သူအကြောင်းရေးတာကို သွားသတိရမိသည်။အများထဲမှ တစ်ခုကိုကောက်မိပေမယ့် အကောက်ခံရသူအတွက်တော့ ထိုသူ၏ကမ္ဘာကြီး ပြောင်းလဲသွားတတ်ပါလားဆိုတာကိုပင်။ယခုထိ ကျနော်တွေးတိုင်း ပိတီကိုစားနေရဆဲဖြစ်သည်။ဆရာအဖြစ် စာသင်ပြီး ရပ်တည်နေရတာကို ဂုဏ်ယူနေဆဲ။

ဆရာကျော်
အောက်တိုဘာ - ၇