【 ဆောင်းပါး 】 ဆေးလိပ်နဲ့ ကွမ်း သံသရာ

【 ဆောင်းပါး 】 ဆေးလိပ်နဲ့ ကွမ်း သံသရာ

တခြားသူတွေတော့မသိ။ကျနော့်အတွက်တော့ နှစ်လရှည်ကြာသောက်ခဲ့တဲ့ ဆေးလိပ်ကိုဖြတ်ရတာ ခက်ခက်ခဲခဲ မရှိလှပါဘူး။စိတ်ထဲ တစ်ခုခုဆာလောင်နေသလိုရှိလှ ၃ ရက်ထက်မပို။ကွမ်းမစား၊ ပူရှိန်းသကြားလုံးတွေမငုံဘဲ ဒုံးတိဖြတ်ရင်တောင် တချို့သူတွေလို ခြေတုန်လက်တုန် အစားအသောက်ပျက်ဆိုတာမျိုး လုံးဝမရှိတာကြောင့် တော်တော်တောင့်ခံနိုင်တဲ့အစားထဲကလို့ ဆိုရမလား။

တချို့က ဆေးလိပ်ဖြတ်ပြီးရင် ဆေးလိပ်သောက်နေတဲ့နေရာ မသွားနဲ့၊ဆေးလိပ်နံ့ မရှူမိအောင်နေ စသဖြင့် လမ်းညွှန်မှုပေးတတ်တယ်။ငယ်ငယ်တုန်းကတစ်ခါ ထောင်ထဲရောက်တုန်းက ခင်မင်ရတဲ့ နံပါတ်ဖိုး ဘိန်းဖြူသမား မိတ်ဆွေက ဖိုးသမား ဖိုးဖြတ်ပြီးရင် နံပါတ်ဖိုးလုံးဝမရနိုင်တဲ့နေရာမှာနေမှ တကယ်ဖိုးပြတ်တာလို့ ပြောပြဖူးတယ်။သူကိုယ်တိုင်ကိုက ဝက်ထီးကန်မူးယစ်ဆေးဖြတ်စခန်းဆိုလား၊ အဲဒီမှာ ဆေးသွားဖြတ်ခဲ့တာ ၂ ခေါက်တောင်မကဘူးဆိုလား။

“ဝက်ထီးကန်မှာ ဆေးပြတ်နေတုန်းက နောင်တတွေ အကြီးအကျယ်ရလို့ပေါ့ဗျာ။ဝက်ထီးကန်ကပြန်ရင် ဘယ်လိုစိတ်သစ်လူသစ်နဲ့ ဘဝသစ်စမယ်ပေါ့ဗျာ။စိတ်ကူးတွေယဉ်လိုက်တာမောလို့။ဝက်ထီးကန်ကနေ ပြန်လာပြီးတော့ ၆ လလောက်က တကယ့်ကိုစိတ်သစ်လူသစ်ပဲ။ ၆ လ ဒီဘက် အရင်ဘော်ဒါဟောင်းတွေနဲ့ ပြန်တွေ့တော့ ဆေးသမားသံသရာထဲ ပြန်ရောက်တော့တာပဲ” လို့ ထောင်တွင်းမိတ်ဆွေက ပြောပြခဲ့ဖူး။

လုပ်ငန်းဖော် မိတ်ဆွေတစ်ဦးဆိုရင်လည်း မူးယစ်ဆေးပေါတဲ့ဒေသမှာ ကြီးပြင်းခဲ့သူမို့ ငယ်ဘဝ ၁၇၊ ၁၈ နှစ်လောက်ကတည်းက ဟီးရိုးအင်းလို့ခေါ်တဲ့ နံပါတ်ဖိုးသမားဖြစ်။သူ့မိဘတွေက မူးယစ်ဆေးအလွယ်တကူမရနိုင်တဲ့ ရန်ကုန်ကိုပို့တော့ ရန်ကုန်မှာ ဖိုးရှာရခက်ပြီး ဈေးကြီးလို့ မသုံးနိုင်ပေမဲ့ ဆေးခြောက်တွေ ဆေးပြားတွေ ရရင်ရသလို သုံးစွဲကာ ထောင်ထဲရောက်ရပြန်ရော။

“နံပါတ်ဖိုးကတော့ မရှိလို့ ပြတ်တာ။ရှိရင် ပြတ်မှာမဟုတ်ဘူး” တဲ့။

နံပါတ်ဖိုးက ကြောက်မက်ဖွယ် ဆွဲဆောင်မှုကြီးတယ်လို့ဆိုတော့ စမ်းကောင်းတဲ့အရာမဟုတ်လို့ မစမ်းမိပေမဲ့ ကျနော်နားမလည်။ဘာပဲဖြစ်ဖြစ် ဆေးလိပ်ဆိုတာ နံပါတ်ဖိုးမဟုတ်တော့ တည့်တည့်ဖြတ်နိုင်ရမယ်လို့ ကျနော်ယုံတယ်။ဒါကြောင့် ဆေးလိပ်ဖြတ်ခါစ ဆေးလိပ်နံ့မရှူမိအောင် ရှောင်တာတို့ဘာတို့ကို ကျနော်မကြိုက်။တည့်တည့်ရင်ဆိုင်၊ တည့်တည့်ဖြတ်။ဆေးလိပ်ကို ရှောင်ပြေးနေရအောင် ဆေးလိပ်က ဘာမို့လဲဆိုပြီး မေးခွန်းထုတ်။

ကျနော် ဒုတိယအကြိမ်မြောက် ဆေးလိပ်ဖြတ်တော့ အင်မတန့်၊အင်မတန် ဝမ်းသာကြတာက ကျနော်နဲ့တစ်ခန်းတည်း လုပ်ဖော်ကိုင်ဖက်တွေပါပဲ။အဲကွန်းခန်းထဲမှာအတူ ဒီလောက်ဆေးလိပ်နံ့ နံနေတဲ့ ခန္ဓာကိုယ်ကြီးဝင်လာရင် ဘယ်မနံဘဲရှိပါ့မလဲ။ပြီးတော့ မီးမလာလို့ အဲကွန်းမဖွင့်ဘဲ ပြတင်းပေါက်အကျယ်ကြီးတွေကို ဖွင့်ထားတဲ့အချိန် ပြတင်းပေါက်ဖွင့်ထားတာပဲဆိုပြီး အခန်းထဲ အနံ့ဆိုးလှတဲ့ ဆေးပေါ့လိပ်ထိုင်သောက်နေတာမျိုးက သူတို့အတွက် ဘယ်အဆင်ပြေပါ့မလဲ။

ကျနော်က သူတို့ရဲ့အထက်အရာရှိဆိုတော့ မပြောသာ။ကျနော်ကလည်း တမင်ဗိုလ်ကျတာမဟုတ်ပေမဲ့ ဗိုလ်ကျနေသလိုပါပဲ။ကိုယ့်လုပ်ရပ်ကြောင့် တစ်ခန်းလုံးကို အနံ့ဆိုးပေးနေရုံမက သူတို့ကျန်းမာရေးကိုပါ ဆိုးကျိုးပေးစေတဲ့လုပ်ရပ်။အဲဒီလိုဆေးလိပ်ကပေးတဲ့ဒုက္ခကနေ လွတ်ကင်းသွားပြီဆိုတော့ ကျနော့်လုပ်ဖော်ကိုင်ဖက်တွေ မပျော်ဘဲ ဘယ်ရှိပါ့။

သူတို့နဲ့ထပ်တူ ဝမ်းမြောက်နေတာက ဒေါင်ဒေါင်မြည် ဆေးလိပ်ဆန့်ကျင်ရေးသမားကြီး ကျနော့်ရဲ့ဘကြီး။အဲဒီ ၂၀၁၀ ပြည့်လွန်ကာလ ဖုန်းတွေဘာတွေ နည်းနည်းပေါလာပြီး ဆက်သွယ်ရေးယန္တရားက နည်းနည်းသွက်လာပြီမို့ ဘကြီးက တောကနေ ရန်ကုန်ဆီ ဖုန်းလှမ်းဆက်ကာ ဂုဏ်ပြု။ငါတူကြီးကို ဂုဏ်ပြုတာ ဘီယာသောက်ဆိုပြီး တောသူဌေးဘကြီးက ပိုက်ဆံ ၅ သိန်းတောင် လှမ်းပို့လိုက်သေး။ဒီတစ်ခါတော့ ဆေးလိပ်နဲ့ ကျနော် ရာသက်ပန်ပြတ်စဲပြီလို့တောင် ကြီးကြီးကျယ်ကျယ် ပြန်ပြောလိုက်သေး။

ဒီတစ်ခါ ဆေးလိပ်ဖြတ်တာ ဆေးလိပ်နေရာမှာ ကွမ်းအစားထိုးလိုက်တဲ့သဘောမို့ ထမင်းစားပြီးခါစ ဆေးလိပ်ကို ငွေ့ငွေ့လေးတောင့်တရုံ ၂ ရက်၊ ၃ ရက်ထက် မပို။ကိုယ့်အလုပ်က ထိုင်ခုံမှာ အမြဲတမ်းဖင်ကပ်ထားရသလို အဲကွန်းကြိုက်သလောက်ဖွင့် ကွမ်းလေးမြုံ့နေရတာ ဘယ်သူ့ကိုမှ အားနာဖို့မလို။အဲ … ကိုယ့်ဘေးက အမှိုက်ခြင်းထဲ ကွမ်းတံတွေးတွေက တခြားသူတွေအတွက် ရွံရှာစရာမို့ လူသွားလမ်းဘက်ခြမ်းထားထားတဲ့ အမှိုက်ခြင်းကို လူမမြင်တဲ့ဘက်ရွှေ့။ကွမ်းလေးတမြုံ့မြုံ့နဲ့ အရင်လို ဆေးလိပ်သောက်ချင်လို့ အခန်းအပြင်ထွက်ရတာမျိုးမရှိတော့ အလုပ်တွင်ကျယ်လိုက်လေခြင်း။

ဆေးလိပ်ဖြတ်တာ ၆ လကျော်ကြာတော့ သွားရလာရ နည်းနည်းပိုသွက်လာသလို ခံစားရ။အရင်တုန်းက လိုင်းကားပေါ် လုယက်ပြေးတက်တိုင်း ကားပေါ်ရောက်တော့ ဟစိဟစိဖြစ်နေတာမျိုး လျော့ပါးသွားလေတော့ ဝမ်းသာရ။

လက်ဖက်ရည်ဆိုင်ထိုင်တဲ့အချိန် နှာခေါင်းထဲ ဆေးလိပ်ငွေ့တွေ အလုံးလိုက်ဝင်လာတိုင်း အလိုမကျမိတာတွေ၊ ဆေးလိပ်နံ့ နံရကောင်းမှန်း သိလာတာတွေ၊ ကားမှတ်တိုင်လိုနေရာမျိုးမှာ ဆေးလိပ်သောက်တဲ့သူတွေနဲ့ဆုံတိုင်း ဘဝင်မကျမိတာတွေ၊ ဆေးလိပ်သမားတစ်ယောက်နဲ့ တိုးကြိတ်နေတဲ့ လိုင်းကားပေါ် ဘေးချင်းကပ်ဆုံတဲ့အခါတိုင်း ပိုမွန်းကျပ်လာတာတွေနဲ့ ဆေးလိပ်မသောက်သူတွေရဲ့ ဒုက္ခကို ဆေးလိပ်မသောက်တာ ၁ နှစ်ကျော်ကြာတော့ ခံစားတတ်လာခဲ့တယ်။

သင်္ကြန်နားနီးတစ်ရက် ရန်ကုန်ကနေ ဇာတိရပ်ရွာသို့အပြန် အထက်တန်းတွဲရထားပေါ်မှာ အဆင်ခြင်မဲ့ ဆေးလိပ်သောက်နေသူတွေရဲ့ဒုက္ခကို ခံရလေတော့ တစ်ခုခုပြောလိုက်ချင်စိတ်ကို မနည်းထိန်းထားရ။အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ ရထားပေါ် ဆေးလိပ်၊ ကွမ်းယာနဲ့ အတိုအထွာတွေလျှောက်ရောင်းနေတာမြင်တော့ စိတ်မကောင်းဖြစ်ရ။

ဇာတိမြေက မိတ်ဆွေ လွှတ်တော်အမတ်နဲ့ဆုံတော့ ဆေးလိပ်ထုတ်လုပ်မှုကို အခွန်တိုးကောက်တာတွေ မလုပ်နိုင်သေးသည့်တိုင် စီးကရက်ကို အလိပ်လိုက်အရောင်းမခံတော့ဘဲ ဗူးလိုက်သာရောင်းခွင့်ပြုတဲ့စနစ် ပြဌာန်းသင့်ပြီး တင်းကျပ်စွာ ကိုင်တွယ်မယ်ဆိုပါက မြန်မာနိုင်ငံတွင်း ဆေးလိပ်သောက်သုံးမှု အတန်အသင့်လျော့ပါးလာနိုင်ကြောင်း ပြောပြဖြစ်။ကိုယ့်မိတ်ဆွေကြီးကတော့ အင်းမလုပ် အဲမလုပ်။

ဘယ်လိုပဲဖြစ်ဖြစ် ဆေးလိပ်ပြတ်သွားပြီဖြစ်တဲ့ ကျနော့်ကို ဆေးလိပ်ဆန့်ကျင်ရေးသမား ဘကြီးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုရှာတယ်။

‘ငါ့တူကြီး အသားအရေတောင် အရင်လို မွဲခြောက်ခြောက် မဟုတ်တော့ဘူး’ တဲ့။

ဘကြီးက ကြံကြံဖန်ဖန် ချီးကျူးရှာ။သူ့ရဲ့တူ ကျနော်က လုပ်လိုက်ရင် တစ်ဆုံးချည်းပဲမို့ ကွမ်းနဲ့ပါးစပ်မပြတ်၊ နီရဲလို့။သွားရာ လမ်းတစ်လျှောက် ကွမ်းသွေး တဗျစ်ဗျစ်နဲ့ စည်းကမ်းမဲ့ ညစ်ထေးလို့။

ငြိမ်းဆက်