【 ဆောင်းပါး 】 ဇာမဏီမြို့ဟောင်း

【 ဆောင်းပါး 】 ဇာမဏီမြို့ဟောင်း

တရုတ်နိုင်ငံထဲက ဟူနန် (Hunan) ပြည်နယ်ဟာ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နေရာတွေ များစွာတည်ရှိတဲ့ ဒေသဖြစ်ပါတယ်။

ဟူနန်ပြည်နယ်ဟာ တောတောင်ရေမြေများ သာယာလှပသလို သမိုင်းကြောင်းယဉ်ကျေးမှုများ ကျယ်ပြန့်နက်ရှိုင်းစွာ တည်ရှိနေပါတယ်။ဒီဒေသတွင် ကမ္ဘာ့သဘာဝအမွေအနှစ်ဖြစ်သော ဝူလင်ယွမ် (Wulingyuan) အထင်ကရ ရှုမျှော်ခင်းနေရာနှင့် လန့်စန်းတောင် (Langshan)၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော လောင်စီးချန် (Laosicheng) ရှေးဟောင်းအမွေအနှစ်နေရာ၊ တရုတ်နိုင်ငံ၏ အထင်ကရပုဂ္ဂိုလ် မော်စီတုန်း (Mao Zedong) ၏ မွေးရပ်ဇာတိမြေဖြစ်သော ရှောင်စန်းမြို့ (Shaoshan)၊ နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော ယွဲ့လုစာသင်ကျောင်း (Yuelu) တို့လည်း တည်ရှိနေပါတယ်။

ဟူနန်ပြည်နယ်ကို ရောက်လာတဲ့သူတိုင်း မဖြစ်မနေသွားရောက်လည်ပတ်သင့်သော နာမည်ကြီး ဇာမဏီရှေးဟောင်းမြို့လည်း တည်ရှိနေပါသေးတယ်။ဇာမဏီမြို့ဟောင်းဟာ ဟူနန်ပြည်နယ်၊ ရှန်းရှီးမြို့နယ်မှာ တည်ရှိတာဖြစ်ပြီး ဒီမြို့ဟောင်းကို ဖုန်းယွီပျန်းချိန်ဟုလည်း ခေါ်ဝေါ်လေ့ရှိပါတယ်။မြို့ဟောင်းအား ချင်းမင်းဆက် ခန်းရှီးဘုရင်လက်ထက်တွင် စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။အဲဒီဒေသမှာ မြောင်၊ ထူကျား တိုင်းရင်းသားလူမျိုးစု စသည့် တိုင်းရင်းသားလူမျိုးစုများ စုစည်းနေထိုင်ကြပါတယ်။ဒီမြို့ဟောင်းဟာ တောတောင်ရေမြေအစပ်တွင် တည်ရှိပြီး ထော်မြစ်မှ ဖြတ်သန်းစီးဆင်းလျက်ရှိပါတယ်။အနီရောင်သဲကျောက်များခွဲဖြတ်၍ စီရီထားသော မြို့အုတ်ရိုးမှာ ကမ်းစပ်ဘေးတွင် ကာလပေါင်းများစွာကတည်းကပင် တည်ရှိနေတာဖြစ်ပါတယ်။နန်ဟွာတောင်မှာ ချင်းမင်းဆက်ကတည်းက တည်ရှိခဲ့သည့် မြို့အုတ်ရိုးနှင့်အပြိုင် တည်ရှိနေပါတယ်။မြို့ဟောင်းအတွင်း မြောက်ဘက်မြို့အဝင်ဂိတ်အောက်ရှိ ချောင်းရေမျက်နှာပြင်တွင် ကျဉ်းမြောင်းလှသော သစ်သားတံတားတစ်စင်း တည်ဆောက်ထားပြီး ကျောက်တုံးကြီးများဖြင့် အထိုင်ချထားပါတယ်။

စာရေးဆရာရှိန်ချုန်ဝိန်၏ “ပျန်းချိန်” ဝတ္ထုတွင် စာရေးသူ၏ အိပ်မက်ဝိညာဉ်အား ရစ်ပတ်ချည်နှောင်ထားစေသည့် ဇာတိမြေကို ကဗျာလိုတဖန် ပန်းချီလိုတဖုန်၊ အိပ်မက်လိုတဖန် သီချင်းလိုတဖုန်၊ ပြောင်မြောက်သော အရေးအသားများဖြင့် ပုံဖော်ရေးသားခဲ့ခြင်းကြောင့် ဇာမဏီမြို့ဟောင်းမှာလည်း ကမ္ဘာတစ်လွှား ထင်ပေါ်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။

ဇာမဏီမြို့ဟောင်းအတွင်းရှိ ကျောက်ချောလမ်းဈေးတန်း၊ ထော်မြစ်ကမ်းဘေးမှ ခြေတံရှည်အိမ်၊ မြို့အောက်ဘက်ရှိ အနုပညာနန်းတော် ချီလျန်ဂူ၊ ထန်မင်းဆက်ကတည်းက တည်ဆောက်ခဲ့သည့် ဟွန်စီးချောင်မြို့ဟောင်းနှင့် ကြွယ်ဝစုံလင်သည့် မြောင်တိုင်းရင်းသားတို့၏ ထုံးတမ်းဓလေ့များကြောင့် မြို့ဟောင်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်တွေကို နှစ်သက်သဘောကျစေတာဖြစ်ပါတယ်။

ဇာမဏီမြို့ဟောင်း၏ ဥတုရာသီလေးခုလုံးမှာ သင့်တင့်မျှတပြီး ခရီးသွားတွေအနေနဲ့ မြို့ဟောင်းတွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကာလတိုနေထိုင်ရန် အထူးသင့်လျော်ပါတယ်။နွေဦးရာသီမှာဆိုရင် အစိမ်းရောင်ရှုခင်းများကို မျက်စိတစ်ဆုံးတွေ့မြင်နိုင်ပြီး နံနက်ခင်းချိန်မှာတော့ မြူများထူထပ် အုံ့မှိုင်းလျက်ရှိသော ထော်မြစ်အလှကိုလည်း တွေ့မြင်နိုင်သေးတယ်။

တကယ်လို့ ဇူလိုင်လ (သို့မဟုတ်) စက်တင်ဘာလတွင် ရှန်းရှီးဒေသသို့ သွားရောက်လည်ပတ်ပါက တရုတ်ပြက္ခဒိန် ၆ လပိုင်း ၆ ရက်နေ့တွင် ကျင်းပသည့် မြောင်တိုင်းရင်းသားလူမျိုးစုတို့၏ ကြီးကျယ်ခမ်းနားသော တေးသီချင်းပွဲတော် (သို့မဟုတ်) ဆောင်းဦးဝင်စ ဆောင်းဦးကူးပြောင်းပွဲတော်ကို မှီနိုင်ပါတယ်။

တိုင်းရင်းသားလူမျိုးစုတို့၏ ထူးခြားသော အထိမ်းအမှတ်ပွဲတော်တွင် ပါဝင်ဆင်နွှဲရင်း တိုင်းရင်းသားရိုးရာ၊ တိုင်းရင်းသားဓလေ့များကို ကိုယ်တိုင်ကိုယ်ကျခံစားနိုင်မှာဖြစ်ပါတယ်။

စာဆိုအတိုင်း မြူခိုးနှင့် မိုးများအုံ့ဆိုင်းလျက်ရှိသော ဇာမဏီမြို့ဟောင်းကတော့ ရောက်လာတဲ့ လူတိုင်းကို လန်းဆန်းမှုအသစ်တွေ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ခန့်မောင်