【 ဆောင်းပါး 】 တစ်ခါက ခရီးသွား

【 ဆောင်းပါး 】 တစ်ခါက ခရီးသွား

ခရီးသွားရခြင်းကို ကျနော်နှစ်သက်သည်။သို့သော် သီးသီးသန့်သန့် ခရီးထွက်ရခြင်းက ရှားသည်။ချင်းဘက်၊ ရခိုင်ဘက် ဆယ်တန်းစာမေးပွဲနီးချိန် ဆရာတွေစုပြီး ပညာဒါနအဖြစ် စာသွားသင်ဖို့ အစီအစဉ်ပျက်သွားသဖြင့် ခရီးဝေးကို ရက်ကြာကြာသွားရမည့် အခွင့်အရေးလက်လွှတ်ခဲ့ရသည်။ထို့ကြောင့်  စိတ်ထဲ ခရီးထွက်ဖို့ကို အာသီအာသကမပျောက်။လူတွေ ခရီးကနေပြန်လာတိုင်း ကျနော့်စိတ်က ထိုလူတွေကို အားကျစိတ်ဖြစ်သည်။ထို့ကြောင့် ခရီးသွားရဖို့ကို အမြဲတမ်းမျှော်နေမိသည်။

ခရီးထွက်ကြသည့်အကြောင်းပြောတော့ ယခင်အချိန်တုန်းက ခရီးသွားရတာတွေကို ပြန်သတိရမိသည်။ထိုစဉ်က ကျနော်အသက်ရှိလှမှ လေးငါးနှစ်။ကားတွေက ယခုလို ဘုရားဖူးကားဆိုပြီး သက်သက်ပြေးဆွဲတာမရှိသလို ဘယ်သူမှ အပန်းဖြေဆိုပြီး ခရီးထွက်ကြတာလည်းမရှိ။အလျဉ်းမရှိလို့ မဆိုလိုနိုင်သော်လည်း အတော်နည်းသည်။သို့သော် ကျနော်တက်သည့်ကျောင်းက ဆရာမမှာ ခရစ်ယာန်တစ်ဦးဖြစ်ရာ နွေရာသီကျောင်းပိတ်ပြီဆိုလျှင် ဆရာမက  မိသားစုနှင့် မြန်မာပြည်တစ်နေရာရာကို ခရီးထွက်လေ့ရှိရာ ကျောင်းဖွင့်သည်နှင့် ဒီအကြောင်းကို ပြောပြလေ့ရှိသည်။ထိုစဉ်က ကျောင်းများတွင် ဆရာ၊ ဆရာမများမှာ သူငယ်တန်းကနေ တောက်လျှောက် အတန်းကိုတက်ကြရလေ့ရှိသဖြင့် ကျောင်းသားတစ်ဦးအဖို့ ဆရာ၊ ဆရာမက ငယ်စဉ် သူငယ်တန်းကနေ ၈ တန်းအထိ ငယ်ဆရာ၊ ဆရာမတွေနှင့်သာ တောက်လျှောက်သင်ရလေ့ရှိသည်။ကျနော်လည်း ဆရာတွေ ဆရာမတွေကို တသမတ်တည်း ၈ တန်းအထိ သင်ခဲ့ရဖူးသည်။

ထိုဆရာမကြောင့် ကျနော်ခရီးထွက်တာကို ခုံမင်ခြင်းဖြစ်နိုင်သည်။ဆရာမက အင်္ဂလိပ်စာသင်သည်။သင်သည့်အခါ ကျောင်းသားတွေ မငြီးစီအောင် နွေရာသီတုန်းက မိသားစုခရီးထွက်တာကို ပြောပြလေ့ရှိသည်။ဆရာမအပြောကြောင့် တစ်ခါမှ ခရီးမထွက်ဘူးသည့် ကျနော်တို့ မူလတန်း၊ အလယ်တန်း ကျောင်းသားတွေမှာ မြန်မာနိုင်ငံအနှံ့ကို စိတ်ဖြင့် ပုံဖော်ကာ ရောက်ဖူးသည်။ထိုထဲတွင် မြစ်ကြီးနား၊ ကလော၊ မေမြို့။နောက် အလယ်ပိုင်းဒေသက ချောက်လို၊ ကျောက်ပန်းတောင်းလို၊ မြင်းခြံလိုနေရာတွေ၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသက မော်လမြိုင်၊ ဘားအံ စသည့်နေရာတွေ အစုံအလင်။ကျနော်တို့မှာ ဆရာမစာသင်သည်ထက် ဒီလိုပြောသည့်အချိန်တွေကို ပိုကြိုက်သည်။အထက်တန်းရောက်လာတော့ ကျောင်းပြောင်းရမှ ထိုဆရာမနှင့် ဝေးသွားသည်။ယခုထိ တချို့နေရာတွေကို ရောက်သည့်အခါ ကိုယ်ရောက်ဖူးနေသလိုဖြစ်နေသည်က ဆရာမပြောစကားကြောင့် စိတ်ထဲရင်းနှီးနေတာတွေကြောင့်ဖြစ်သည်။

ခရီးထွက်ခြင်းမှာ ငယ်ရွယ်သူများကို လျင်လျင်မြန်မြန် ရင့်ကျက်စေသည်။ထို့ပြင် ဒေသန္တရဗဟုသုတနှင့် အမြင်ကိုကျယ်စေသည်။ပေါင်းသင်းဆက်ဆံရေးကို ပိုမိုကောင်းစေသည်။ထို့ကြောင့် ဆရာမက ခရီးသွားခြင်းကို အားပေးလေ့ရှိသည်။ကလေးတွေ လူငယ်တွေ ခရီးသွားပါများပါက ကျဉ်းမြောင်းသည့် ဒေသစွဲ၊ လူမျိုးစွဲ၊ ဇာတိစွဲ နည်းသွားမည်ဖြစ်သလို ဘဝအခက်အခဲများကို ရင်ဆိုင်ရာတွင်လည်း စိန်ခေါ်မှုကို ပိုမိုလက်ခံလာနိုင်မည်ဟု ဆိုသည်။

တကယ်တော့ ကျနော်စတင်သွားရသည့် အထက်မြန်မာပြည်ဘုရားဖူးခရီးက ယခုခေတ်လိုမဟုတ်။မှတ်မှတ်ရရ ဘီအမ်ဟုခေါ်သည့် ကားဖြင့် သွားရသည့်ခရီးဖြစ်သည်။ထိုစဉ်က ကျနော့်အသက်က လေးငါးဆယ်နှစ်။လမ်းထဲမှ လူကြီးတွေက အညာဘုရားဖူးအဖြစ် လူစုကာ သွားကြခြင်းဖြစ်သည်။မသွားခင်ကတည်းက လမ်းမှာစားဖို့ပြင်ရ၊ ဟိုရောက်ရင်စားဖို့ ချက်ကြပြုတ်ကြဖြင့် မသွားခင်ကတည်းက ပျော်ရသည်။အထူးသဖြင့် ကျနော်တို့ ကလေးတွေမှာ လမ်းထဲရှိ ရွယ်တူများကြား ဘုရားဖူးလိုက်ရသဖြင့် အထူးအခွင့်အရေးရသူများနှယ် မျက်နှာပန်းပွင့်ကြသည်။

ခရီးထွက်သည့်အချိန်မှာ ကျောင်းပိတ်ချိန် နွေရာသီဖြစ်သဖြင့် ထိုအချိန်ကို တမင်ရွေးကာ သွားသဖြင့် လမ်းခရီးမှာ ပူလှသော်လည်း ကျနော်တို့မှာ ပျော်နေရသဖြင့် ပူလို့ပူမှန်းမသိ။ကားပြတင်းပေါက်ဘေးမှာ ကလေးတွေကိုထားသဖြင့် လမ်းမှာ ကားချင်းတွေ့ပါက အော်ရသည့် အရသာက အခုထိ တသသပင်။

မှတ်မိသလောက်ဆို ရွှေစက်တော်သို့ ဦးတည်သွားခြင်းဖြစ်သည်။လမ်းခရီးတစ်လျှောက် ဘုရားတွေကို ဝင်ဖူးသည်။ညဘက်ဆို ထိုဘုရားစေတီများရှိ ဇရပ်များ၊ ဘုန်းကြီးကျောင်းများတွင် ကားထိုးကာ ဝင်အိပ်ကြသည်။တချို့ဘုရားစေတီများတွင် ဘုရားဖူးများအတွက် အကျွေးအမွေးကို စီစဉ်ထားသဖြင့် ထိုသို့ ဘုရားစေတီမျိုးဆို ကျနော်တို့ ကလေးတွေမှာ ပွဲတော်တိုးသလို ဝမ်းဟာဟာနှင့် စားလို့ကောင်းသည်ဖြစ်ခြင်း။ထိုသို့အကျွေးအမွေးမရှိပါက အနီးနားရှိ ဘုန်းကြီးကျောင်းမှ အိုးခွက်ပန်းကန်ငှားကာ တည်းခိုသည့် ဇရပ်နားမှာ ချက်ကြပြုတ်ကြဖြင့် ပျော်စရာကောင်းလှသည်။

ယခုတိုင်မှတ်မိနေသေးသည်က မန်းချောင်းတွင် ရေချိုးရခြင်းကိုဖြစ်သည်။နွေရာသီဖြစ်သဖြင့် ရေက ချောင်းအောက်ခြေကို မြင်နေရသည်။ရေက အေးအေးနှင့် ကျနော်တို့တော်တော်နှင့် ရေထဲကမတက်။ညဘက် တောင်ပေါ်တက်ကာ ရင်ပြင်မှာ ကျနော်တို့ ပြေးကြလွှားကြ။ထိုစဉ်က ယခုခေတ်လို ဓာတ်လှေကားလဲမရှိ။ဒါကြောင့် တောင်ပေါ်တက်ရတာက ကျနော်တို့ကလေးတွေအတွက် တကယ်အရသာပင်။

အညာဘုရားဖူးက ထိုစဉ်က ၁၉၈၀ ဝန်းကျင်ကာလဖြစ်သဖြင့် အတော်လေးကို သဘာဝအတိုင်းပင်ရှိသေးသည်။လှည်းတွေနှင့် လာတာကိုလည်း တွေ့ရသည်။လှည်းတွေဝိုင်းပြီး ချက်ကြပြုတ်ကြ။ကျနော်တို့ဘက်က သူတို့ဆီကူးလူးကာ စကားပြောကြ။ညဘက် လှည်းဝိုင်းက လူကြီးတွေ မန်းချောင်းထဲဆင်းကာ ရေချိုးကြတာကိုလည်း မှတ်မိသည်။ပြန်မည့် မနက်စောစော ထိုလှည်းဝိုင်းမှ ကောင်ညှင်းကျည်ထောက်တွေထဲက ပြန်ပေါင်းမွှေးမွှေးလေးကို ဝါးနံ့သင်းသင်းနှင့် စားရတာကိုလည်း မှတ်မိသည်။

ကျနော်၏ ပထမဆုံးခရီးဖြစ်သည့် အညာဘုရားဖူးတွင် တခြားသော ဘုရားတွေကို ဝင်ဖူးသော်လည်း ညနေဘက်ဝင် မနက်ဘက်ပြန်ထွက်ဖြစ်သဖြင့် ဘယ်ဘုရားတွေကို ရောက်လို့ရောက်မှန်းလည်းမသိ။သို့သော် ရွှေစက်တော် မန်းချောင်းနှင့် ချောင်းနှင့်အပြိုင် လှည်းလမ်းလေးက ငယ်စဉ်ဘဝမှာ မကြာခဏဆိုသလို အိပ်မက်ထဲရောက်သည်အထိ စွဲလမ်းခဲ့ရသည်။ငယ်ဘဝ ခရီးသွားရခြင်းက ကျနော့်အတွက်တော့ ယနေ့တိုင် မမေ့နိုင်။

မောင်ဦးလွင်