【 ဆောင်းပါး 】 ဘဝရဲ့ရန်သူ

【 ဆောင်းပါး 】 ဘဝရဲ့ရန်သူ

ကိုယ့်ဘဝကို ဖျက်ဆီးသောသူသည် ကိုယ့်ရန်သူပါပဲ။

လူ့ဘဝဆိုတာ အလွန်ရခဲပါသည်။ထိုသို့ရခဲလှသော ကိုယ့်ဘဝကို နှောင့်ယှက်ဖျက်စီးသည့်သူသည် ကိုယ့်အတွက် ရန်သူပါပဲ။ကိုယ့်ဘဝပြေးလမ်းမှာ ခြေထိုးခံသူတွေ ဝင်တိုက်သူတွေ ရှိတတ်သလို ဘဝတက်လမ်းမှာ ကိုယ့်ကိုအောက်ဆွဲချသူတွေရှိသည်။ဘာပဲဖြစ်ဖြစ် ကိုယ့်ဘဝကို အနှောင့်အယှက်ပေးသူမှန်သမျှ ကိုယ့်ရန်သူပဲဖြစ်ရပေမည်။

လူငယ်ဘဝ ဘောလုံးကစားရင်း အရမ်းညစ်သည့်သူကိုတွေ့တော့ သူနှင့်ရန်ဖြစ်သည်။ရည်းစားလုဖက်တွေ့တော့ ရန်သူတစ်ယောက်တိုးပြန်သည်။ရုပ်ရှင်ကြည့်ဖို့ တန်းစီနေစဉ် ရှေ့မှကြားဖြတ်တိုးလာသောအုပ်စုနှင့် ရန်ဖြစ်သည်။သမဝါယမရုံးမှာ အလုပ်ဝင်တော့ ဥက္ကဋ္ဌကို မျက်နှာလုပ်၍ ဝန်ထမ်းအချင်းချင်းအပေါ် သစ္စာဖောက်သည့်ကောင်ကို ဆွဲထိုးလိုက်သည်။အဂတိလိုက်စားပြီး ရာထူးတိုးပေးတတ်သည့် ဥက္ကဋ္ဌကိုလည်း မျက်နှာချင်းဆိုင်ပြီး စိန်ခေါ်သည်။ကျွန်တော့်ဘဝမှာ ကျွန်တော့်ကို စိတ်အနှောင့်အယှက်အမျိုးမျိုး ပေးကြသောသူတွေကို ရန်သူအဖြစ် သတ်မှတ်ခဲ့သည်။

အသက်အရွယ်ရလာပြီး အတွေ့အကြုံတွေများလာလို့ အတွေးသစ် အမြင်သစ်နှင့် ပြန်လည်သုံးသပ်မိသောအခါ ကိုယ့်ဘဝကို ဖျက်ဆီးခဲ့သည့် ရန်သူအစစ်ကို သေသေချာချာ တွေ့လိုက်ရသည်။ထိုရန်သူအစစ်ကတော့ ကျွန်တော်ကိုယ်တိုင်ပါပဲ။

ကျွန်တော့်ဘဝတစ်လျှောက်မှာ အတွေးအခေါ်မှားခဲ့တာတွေကို သတိပြုမိသည်။အထူးသဖြင့် ကျွန်တော်က သာမန်ထက်ပိုပြီး ဒေါသကြီးသူပါ။စိတ်အလွန်တိုပါသည်။အိပ်တာ စားတာနှင့်ပတ်သက်ပြီး ပြဿနာမရှိပါ။ဘယ်လိုစားရစားရ ဘယ်လိုအိပ်ရအိပ်ရ ကျွန်တော်သည်းခံနိုင်သည်။ကျွန်တော့်ကို နားလည်မှုမပေးတာမျိုး ကျွန်တော့်ကို ဂရုမစိုက်သည့်ပုံစံမျိုး ကျွန်တော့်ကို အထင်သေးသည့်ပုံစံမျိုး ကိုယ်ချင်းစာတရားမရှိဘဲ ငွေအားကိုး ရာထူးအာဏာအားကိုး အုပ်စုအားကိုးနှင့် အနိုင်ကျင့်တာမျိုးကိုတော့ လုံးဝသည်းမခံနိုင်ပါ။ထိုသို့ခံစားချက်ကို ဦးစားပေးခြင်း သည်းခံစိတ်မထားခြင်း စိတ်မြန်လက်မြန်ဆုံးဖြတ်ခြင်းတွေက ကျွန်တော့်ဘဝလျှောက်လမ်းမှာ အခက်အခဲများဖြစ်စေခဲ့သည်။

ခရီးသည်ပို့ဆောင်ရေးဌာနခွဲတွင် အလုပ်လုပ်စဉ်ကဖြစ်သည်။ကျွန်တော်က ကားတာယာနှင့် ဘက်ထရီ စတိုတာဝန်ခံပါ။ထိုအချိန်က ကားတာယာအသစ်များ လက်ကျန်နည်းနေ၍ အသေအချာစိစစ်ပြီးမှ ထုတ်ပေးရန် ရုံးချုပ်မှ ညွှန်ကြားထားသည်။ထိုညွှန်ကြားချက်အရ တာယာတပ်ဆင်မည့် ကားတွင်ရှိသော တာယာများကို မော်တော်ယာဉ်ဌာနစိတ်အကူအညီနှင့် အသေအချာစစ်ဆေးရသည်။တကယ်လိုအပ်ပါမှ အများဆုံး နှစ်လုံးသာ ထုတ်ပေးရပါသည်။ထိုတာယာနှစ်လုံးကိုလည်း ရှေ့ဘီးနှစ်လုံးအဖြစ် တပ်ဆင်ရသည်။

တစ်ရက်တွင် ယာဉ်မောင်းတစ်ယောက်က သူ့ကားအတွက် တာယာလာထုတ်သည်။သူ့လျှောက်လွှာထဲမှာ တာယာခုနစ်လုံး လျှောက်ထား၏။သူ့ကားကို သွားစစ်ဆေးတော့ တာယာခြောက်လုံးစလုံး ဟောင်းနေသော်လည်း တာယာပန်းများက ကောင်းသေးသည်ကို တွေ့ရသဖြင့် ထုတ်ပေးလို့မရကြောင်း ရှင်းပြလိုက်သည်။ထိုယာဉ်မောင်းက ကျွန်တော့်ကို မကျေမနပ်နှင့် ဌာနခွဲမှူးကိုတိုင်မည်ဟုပြောပြီး ဒေါသတကြီးထွက်သွားခဲ့သည်။

ဆယ့်ငါးမိနစ်ခန့်အကြာတွင် ထိုယာဉ်မောင်း ပြန်ရောက်လာသည်။သူ့လျှောက်လွှာကိုလည်း ကျွန်တော့်စားပွဲပေါ်ပစ်တင်လိုက်ပြီး တာယာခုနစ်လုံး အမြန်ထုတ်ပေးဖို့ ပြောသည်။သူ့မျက်နှာထားကလည်း မထီမဲ့မြင်ပုံစံ သူ့အကြည့်ကလည်း ဘာတတ်နိုင်သေးလဲဟူသောပုံစံ။သူ့လျှောက်လွှာကိုကြည့်လိုက်တော့ တာယာခုနစ်လုံးထုတ်ပေးပါဟုရေးပြီး ဌာနခွဲမှူး လက်မှတ်ထိုးထားသည်ကို တွေ့ရသည်။ယာဉ်မောင်း၏ပုံစံကို မကြိုက်သော်လည်း ဌာနခွဲမှူး လက်မှတ်ပါနေ၍ အခက်တွေ့ရသည်။သို့သော်လည်း အစည်းအဝေးမှတ်တမ်းအတိုင်း ခွင့်ပြုရင်တောင်မှ နှစ်လုံးသာ ထုတ်ပေးခွင့်ရှိသည်။လက်ရှိတာယာများက ဟောင်းနေသော်လည်း ကောင်းနေသေးသည်။ဌာနခွဲမှူးတစ်ယောက်အနေနှင့် ရှေ့ဘီးနှစ်လုံးနှင့် နောက်အတွင်း ဘီးနှစ်လုံးပေါင်း လေးလုံးထုတ်ပေးမည်ဆို တော်သေးသည်။အဆုံးအထိ စဉ်းစားကြည့်သည်။ကားတစ်စီးမှာ ဘီးခြောက်လုံးပဲရှိတာဆိုတော့ ခြောက်လုံးသာ ခွင့်ပြုသင့်သည်။အခုတော့ အပိုဘီးတစ်လုံးပါ ဆောင်ထားမည့်ပုံရှိသည်။လျှောက်သည့်သူကလည်း လျှောက်သည်။
ခွင့်ပြုသည့်သူကလည်း ခွင့်ပြုသည်။

ကျွန်တော် ဘယ်လိုမှသည်းမခံနိုင်တော့သဖြင့် အစည်းအဝေးဆုံးဖြတ်ချက်နှင့် မကိုက်ညီလို့ ထုတ်မပေးနိုင်ကြောင်း ခပ်တင်းတင်းပင်ပြောလိုက်သည်။ထိုယာဉ်မောင်းလည်း စိတ်ဆိုးမာန်ဆိုးနှင့် ထွက်သွားပြန်သည်။နာရီဝက်ခန့်အကြာတွင် ထိုယာဉ်မောင်းက လျှောက်လွှာကိုင်ပြီး မျက်နှာထားတင်းတင်းနှင့် ပြန်ရောက်လာသည်။သူ့နောက်တွင် ဌာနခွဲမှူးပါလာသည်။ကျွန်တော်လည်း ထုတ်မပေးလိုက်သည့်အကြောင်းကို သေသေချာချာရှင်းပြလိုက်သည်။ကျွန်တော့်စကားလည်းဆုံးရော ဌာနခွဲမှူးက ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်ပြီး သူရေးထားသည့်အတိုင်း တာယာခုနစ်လုံး ချက်ချင်းထုတ်ပေးရန် အမိန့်ပေးသည်။ကျွန်တော်က မထုတ်ပေးနိုင်ကြောင်း ကိုယ့်ဘာသာကိုယ် လက်မှတ်ထိုးပြီး ထုတ်ချင်ထုတ်သွားလို့ပြောတော့ သူကိုယ်တိုင်လက်မှတ်ထိုးပြီး ထုတ်သွားသည်။
ကျွန်တော်လည်း နောက်နေ့မှာပဲ ထွက်စာတင်ပြီး အလုပ်ထွက်လာခဲ့သည်။

ကိုယ့်စိတ်နှင့်ကိုယ် လုပ်သက် ဆယ်နှစ်နီးပါးရှိသော အလုပ်မှ မာနတစ်ခွဲသားနှင့် ထွက်လာခဲ့သော်လည်း စားဝတ်နေရေးအခက်အခဲကိုတော့ အလူးအလဲရင်ဆိုင်ခဲ့ရသည်။ဆုံးဖြတ်ချက်ကို ကျွန်တော့်မာနနှင့် ချခဲ့သော်လည်း လောကဓံကိုရင်ဆိုင်ရတော့ မိသားစုကပါ အတူရင်ဆိုင်ခဲ့ကြရသည်။ထိုအချိန်မှစပြီး ဝန်ထမ်းအလုပ်မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။

စာနယ်ဇင်းမှာ ကဗျာတွေ ဝတ္ထုတိုတွေ ပိုရေးဖြစ်ခဲ့သည်။စာရေးဖော် ပန်းချီဆရာတွေဆီမှာ ရုပ်ပြဇာတ်လမ်းတွေ ရေးဖြစ်ခဲ့သည်။ထို့နောက် ဗီဒီယိုဇာတ်ညွှန်းတွေပါ ရေးခဲ့သည်။ညီဝမ်းကွဲတစ်ယောက်၏ ကျူရှင်မှာ ဝင်ကူညီရင်း ကျူရှင်ဆရာတစ်ပိုင်းလည်း ဖြစ်လာခဲ့ပြန်သည်။

တစ်နေ့ သူငယ်ချင်း ဗီဒီယိုဒါရိုက်တာက ဇာတ်လမ်းအကျဉ်းတစ်ခုလာပေးပြီး ဇာတ်ညွှန်းခွဲပေးရန် ပြောသည်။ကျွန်တော်လည်း အခန်းစဉ်ဇာတ်ညွှန်းရော ရိုက်ကွင်းဇာတ်ညွှန်းပါ တစ်ခါတည်းခွဲပေးလိုက်သည်။ထိုဇာတ်ကို မွန်ပြည်နယ် ပေါင်မြို့မှာ သွားရိုက်မည်ဖြစ်ကြောင်း သိရသည်။သို့သော်လည်း ခရီးထွက်မည့်နေ့ မနက်စောစော သူငယ်ချင်းဒါရိုက်တာရောက်လာပြီး အတင်းခေါ်သဖြင့် ကျွန်တော်လည်း သူတို့ဗီဒီယိုရိုက်ကူးရေးအဖွဲ့နှင့်အတူ လိုက်သွားခဲ့သည်။

ပေါင်မြို့ရောက်တော့ ဗီဒီယိုအဖွဲ့သားတွေ ဘန့်ဘွေးကုန်းရွာ ဘုန်းကြီးကျောင်းမှာ တည်းခိုကြသည်။နောက်တစ်နေ့မှစ၍ ဗီဒီယိုစရိုက်ကြသည်။ဗီဒီယိုစရိုက်ပြီး သုံးရက်အကြာမှာ ပရိုဂျူဆာရောက်လာသည်။သူနှင့်အတူ လူတစ်ယောက်ပါလာသည်။ဒါရိုက်တာတစ်ယောက်ဖြစ်မှန်း စက်ဆရာတွေပြောလို့ သိရသည်။

ထိုအချိန်မှစ၍ ကျွန်တော့်စိတ်တွေ လှုပ်ရှားလာတော့သည်။ကျွန်တော့်သူငယ်ချင်း ဒါရိုက်တာရှိပါလျက်နှင့် ဘာလို့ နောက်ဒါရိုက်တာတစ်ယောက် ပါလာသလဲဆိုသော အတွေးက ကျွန်တော့်ကို ကောင်းကောင်းနှိပ်စက်ပါတော့သည်။သူငယ်ချင်းက သူဘာမှမဖြစ်ကြောင်းပြောသည်။ထင်သည့်အတိုင်း ထိုပုဂ္ဂိုလ်က နောက်တစ်နေ့ ရိုက်ကွင်းကစပြီး သူငယ်ချင်းကို ဆရာလုပ်ပါတော့သည်။
ပရိုဂျူဆာမျက်နှာကြောင့်လည်းပါ ပင်ကိုယ်ကလည်း သည်းခံတတ်သော ကျွန်တော့်သူငယ်ချင်းကတော့ မကြာမီအချိန်အတွင်းမှာပဲ လက်ထောက်ဒါရိုက်တာဘဝသို့ ရောက်မှန်းမသိ ရောက်သွားလေ၏။

အိုးကမပူ စလောင်းကပူဆိုသလို သူငယ်ချင်းက အေးဆေးနေနိုင်သော်လည်း ကျွန်တော်က မနေနိုင်ခဲ့ပါ။ရိုက်ကွင်းမှာ သူတို့ကိုဂွတိုက်ကာ ဇာတ်ညွှန်းကိုင်ပြီး သရုပ်ဆောင်တွေစကားပြောတာကို အကြောင်းအမျိုးမျိုးပြ၍ ထပ်တလဲလဲပြန်ပြောခိုင်းသည်။ပိုဆိုးသည်မှာ ကျွန်တော့်အမူအရာတွေက လူမိုက်ဆန်ဆန် ဘုဂလန့်လုပ်နေမှန်း သိသာလွန်းနေသည်။ညရောက်တော့ သူငယ်ချင်းက ကျွန်တော့်ကို ခုလိုဆက်မလုပ်ဖို့ပြောသည်။ကျွန်တော်လည်း သူငယ်ချင်းကိုပါ ဒေါသတကြီး အပြစ်တင်လိုက်သည်။သူငယ်ချင်း အတန်တန်တားနေသည့်ကြားမှ နောက်တစ်နေ့ မနက်စောစော ကားနှင့် ကျွန်တော်တစ်ယောက်ထဲ ရန်ကုန်ပြန်ခဲ့ပါသည်။

ထိုအချိန်က သူငယ်ချင်း ဒါရိုက်တာအတွက် မစဉ်းစားပေးမိခဲ့ပါ။ကျန်သည့်အဖွဲ့သားတွေကိုလည်း အားမနာနိုင်ခဲ့ပါ။ကလေးဆန်လွန်းသည့် ကိုယ့်အဖြစ်ကိုလည်း မရှက်တတ်ခဲ့ပါ။ကျွန်တော့်ဘဝ ရှေ့ခရီးအတွက်လည်း မတွေးဖြစ်ခဲ့ပါ။ကျွန်တော့်မိသားစုအတွက်လည်း မပူပင်မိခဲ့ပါ။ကျူရှင်အလုပ်လုပ်ရင်း တပည့်များနှင့် ထိတွေ့ မှုတွေများလာတော့ ကျွန်တော့်အသိ ကျွန်တော့်အတွေးတွေ နည်းနည်းတော့ပျော့သလိုရှိလာသည်။ခက်တာက အကျင့်ဆိုတာ ပြင်လို့ရနိုင်သော်လည်း ပြင်ရခက်တာ အမှန်ပဲလေ။

ရန်ကုန်ရှိ နာမည်ကြီးဘော်ဒါကျောင်းတစ်ခုတွင် ဆယ်တန်း အင်္ဂလိပ်စာသင်စဉ်ကဖြစ်သည်။အင်္ဂလိပ်စာဆရာ နှစ်ယောက်ရှိသည်။တစ်ယောက်က ကျွန်တော်ဖြစ်ပြီး နောက်တစ်ယောက်က နာမည်ကြီးဆရာဖြစ်၍ ကျွန်တော့်ထက် အသက်လည်းကြီး အတွေ့အကြုံလည်းများသူဖြစ်သည်။ကျွန်တော်က ဖတ်စာအုပ်သင်ရပြီး ဆရာကြီးက သဒ္ဒါနှင့် စာပိုဒ်အရေးအသား သင်သည်။ကျွန်တော်ရောက်သောအချိန်တွင် ကျောင်းသားနှစ်ဆယ်ကျော်ရှိသည်။ကိုးတန်းအောင် ကျောင်းသားများဖြစ်သည်။ဆယ်တန်းအောင်စာရင်းထွက်ပြီး တစ်လခန့်အကြာမှာတော့ ကျောင်းသားလေးဆယ်ပြည့်ပြီး နောက်ထပ်တန်းခွဲသစ်မှာပင် ကျောင်းသားဆယ်ယောက်ကျော်လာပြီဖြစ်သည်။

ကျွန်တော်သင်ရသော ကျောင်းသားများသည် ဘော်ဒါကျောင်းသားများဖြစ်၍ ပိုက်ဆံကောင်းကောင်းရပါသည်။ကျွန်တော်စာသင်ရတာလည်း နှစ်ရက်ထဲသင်ရတာပါ။ထိုနှစ်ရက်မှာ တစ်နာရီခွဲ နှစ်ချိန်စီ သင်ရသည်။အားလုံးအဆင်ပြေနေသော်လည်း ဘော်ဒါပိုင်ရှင်က ပုံစံပြောင်းလာသည်။

ကျွန်တော့်စာသင်ချိန်ပြီးတော့ သူကပြောစရာရှိတယ်ဆိုလို့ သူ့ရုံးခန်းထဲမှာ ခဏထိုင်စကားပြောသည်။သူက အရက်နည်းနည်းသောက်ထားသည်။စကားတွေအများကြီးပြောနေသော်လည်း ဘာအရေးကြီးတာမှမပါ။သူ့ဘော်ဒါ ဘယ်လိုအောင်မြင်ကြောင်း သူ့ဘော်ဒါမှာ သင်ချင်သည့် ဆရာတွေ ဘယ်လောက်များကြောင်းတွေပြောသည်။သူက အရက်မူးမူးနှင့် စကားကမပြတ်တော့ အပြန်ရခက်နေသဖြင့် အတော်ကြိတ်မှိတ်သည်းခံနေရသည်။ဒုတိယနေ့မှာတော့ ကျွန်တော်က တခြားကျူရှင်ချိန်ရှိသေးကြောင်းပြောကာ နှုတ်ဆက်ပြီး ပြန်ခဲ့သည်။နောက်တစ်ပတ် ကျွန်တော်စာသွားသင်တော့ တခြားကျူရှင်တွေထက် သူ့ကျူရှင်ကို ပို၍ဦးစားပေးသင့်ကြောင်း သူ့မှာလည်း အင်္ဂလိပ်စာသင်မည့် ဆရာတွေ အတော်များများလာနေကြောင်း ကျွန်တော့်ကို သွယ်ဝိုက်၍ ခြိမ်းခြောက်သည်။

ညီအကိုလိုခင်သော အီကိုဆရာကို အကျိုးအကြောင်းပြောပြတော့ အီကိုဆရာက အတတ်နိုင်ဆုံးသည်းခံဖို့ သူ့ဆီကို အင်္ဂလိပ်ဆရာနှစ်ယောက် လက်ဆောင်များနှင့် မကြာခဏလာကြောင်း ဒီအချိန်မှာ ကိုယ့်အပေါ် သူမငြိုငြင်ဖို့ အရေးကြီးကြောင်း ပြောသည်။ကျွန်တော် ဘယ်လိုစဉ်းစားစဉ်းစား သူ့ကျောင်းကရသော ပိုက်ဆံက မက်လောက်စရာကောင်းသော်လည်း သူ့ဆီမှာဆက်ပြီး အောက်ကျမခံချင်တော့။သူ့ကိုလည်း အတော်ဒေါသထွက်မိသည်။မာနမရှိဘူးလားဆိုသော အတွေးကြောင့် ကျွန်တော့်ကိုယ် ကျွန်တော် ပို၍ဒေါသထွက်မိသည်။သိပ်မကြာခင်မှာပဲ ထိုဘော်ဒါကျောင်းမှ ထွက်ခဲ့ပြန်ပါသည်။လွမ်းကျန်ရစ်သည့် တပည့်များအတွက် မစဉ်းစားမိခဲ့ပါ။ကျွန်တော့်ကိုခေါ်ယူခဲ့သည့် အီကိုဆရာအတွက်လည်း မတွေးပေးမိခဲ့ပါ။ကျွန်တော့်မိသားစုအတွက်လည်း မပူပင်မိခဲ့ပါ။

ကိုယ့်ဘဝကို ဖျက်ဆီးသောသူသည် ကိုယ့်ရန်သူဆိုတာ အမှန်ပါ။ကျွန်တော့်ဘဝကို အနှောင့်အယှက်ပေးသူကတော့ ကျွန်တော်ကိုယ်တိုင်ဖြစ်နေ သည်။

လိုချင်တပ်မက်မှု လောဘ၊ အမျက်ထွက်မှု စိတ်ပျက်မှုဒေါသ၊ အမှန်တရားကိုမသိမှု မောဟ၊ ထောင်လွှားမှု မာန စသည့် ကိလေသာရန်သူများကို မမြင်နိုင်အောင် ကန်းနေခဲ့သောကြောင့် ခုခံနိုင်စွမ်းမရှိခဲ့ပါ။ခုခံရကောင်းမှန်းလည်း မသိခဲ့ပါ။ကိုယ့်စိတ် ကိုယ့်ဆန္ဒ ကိုယ့်လုပ်ရပ်များအားလုံး မှန်နေသည်ဟု ထင်ခဲ့မိသည်။ရန်သူတွေက ကိုယ့်ဦးနှောက်ထဲဝင်မွှေနေမှန်း လုံးဝမသိခဲ့ပါ။သိရှိသောအချိန်တွင် များစွာနောက်ကျနေပေပြီ။

သို့သော်လည်း မသေခင် ရသမျှအချိန်လေးမှာတော့ အတတ်နိုင်ဆုံး သတိထားနေရင်း ဖတ်ဖူးခဲ့သည့် ရာဘင်ဒြာနသ်တဂိုး၏ ကဗျာလေးကို သတိရမိသည်။

“ငါဟာ ငါသွားရာလမ်းတစ်လျှောက်မှာ
ငါ့ခွက်ထဲကရေတွေကို ဖိတ်စင်စေခဲ့တယ်
ငါ့အိမ်အတွက် နည်းနည်းလေးပဲကျန်ပါတော့လား”

ရိုက်မောင်း
ဒီဇင်ဘာ - ၂၁