【 ဆောင်းပါး 】 မန္တလေးဖြစ် အမျိုးသားနေ့ (၃)

【 ဆောင်းပါး 】 မန္တလေးဖြစ် အမျိုးသားနေ့ (၃)

ဗြူရိုကရက်တွေပေးတဲ့ ပညာရေးဟာ နိုင်ငံနဲ့ လူမျိုးအတွက် တိုးတက်စရာ ဘာမှမရှိတာကြောင့် ကောလိပ်ကျောင်းသားကြီးတွေ ဦးဆောင်ပြီး သပိတ်မှောက်လိုက်ကြတယ်၊ ကျောင်းသားသပိတ်အရှိန်က ဂျီစီဘီအေ အစည်းအဝေးမှာ အရောင်ဟပ်လို့ ဂျော့ဘုရင်အပေါ် ကြည်ညိုတာ ကျေးဇူးတင်တာတွေ မပါတော့ဘူး၊ တစ်ခုက တစ်ခုအပေါ် အကျိုးပြုပါတယ်၊ နောက်နောင်မှာ ကောလိပ်ကျောင်းသားကြီး (သူတို့လည်း လူငယ်ပဲ) တွေရဲ့ အယူအဆတွေ သဘောတရားတွေက ရှေ့ကဦးဆောင်လာတာ တွေ့ရမယ်။

အထက်ကပြောခဲ့တဲ့ ဘုရင်ခံနဲ့ ရင်းနှီးတယ်ဆိုပြီး ဂုဏ်လုပ်နေသူ ကုလားလွှတ်တော်အမတ်က မစူးမစမ်းဘဲ ဂျီစီဘီအေကို အားပေးနေတဲ့ ဗဟိုရ်စည်ဂျာနယ်ကို ထပြီးတရားစွဲတယ်၊ ဗမာတွေ သူ့ကို သာမှုနာမှုထိမသွားဖို့ အဖက်မလုပ်ဖို့ လူပုဂ္ဂိုလ်သပိတ်နဲ့ နှိပ်ထည့်လိုက်ရော၊ ဘာပြောကောင်းမလဲ နောက်တစ်နေ့ ရန်ကုန်ပြေးရော၊ ဘူတာမှာ အလိုတော်ရိတွေက ပန်းကုန်းစွပ်တယ်၊ သတင်းစာက မြင်းရထားနဲ့ ကားနဲ့ ဘူတာရုံလိုက်ပို့သူ ပန်းကုံးစွပ်သူ သူတို့တွေက ဘယ်နေရာက ဘယ်သူပေါ့၊ လိပ်စာအတိအကျနဲ့ သတင်းစာကထည့်ရော၊ အဲဒီမှာ လူထုအစွမ်းကို သိသွားတယ်၊ အိုးမလုံအုံပွင့် ကျနော်မှားမိပါရဲ့ ကျမမှားမိပါတယ် ဝန်ချကြတယ်၊ ဒီတစ်ခါဖြင့်ရှိစေပေါ့။

ဂျီစီဘီအေကို နှိမ့်ချပြီးပြောလို့ ဝန်ခံတောင်းပန်ရတာမျိုးဖြစ်ဖူးတဲ့ သာဓကရှိတယ်၊ သူလည်း ဘုရင်ခံနဲ့ ခင်မင်သူဆိုပြီး သိပ်ဂုဏ်လုပ်တာပဲ၊ မင်းသားဖိုးစိန်ပါ။

ဂရိတ်ဘွဲ့ရဖိုးစိန်၊ သူကတဲ့ဇာတ်တွေက “ဖိုးထောင်ဝါနု” ဇာတ်၊ “ချင်းကလေးဖဝေး” ဇာတ်၊ နောက်ပိုင်းဇာတ်လို့ခေါ်တယ်၊ အဆိုအငိုအသားပေးပေါ့၊ “ချင်းကလေးဖဝေး” ဇာတ်ဆိုရင် တိုင်းရင်းသားတွေ သွေးကွဲစေတယ်၊ ချောချောလှလှ မိန်းကလေးကို ဗမာဘုရင်တွေက အတင်းအဓမ္မတော်ကောက်တတ်လို့ မျက်နှာမှင်ပရဲထိုးရတယ်ဆိုတာမျိုးပေါ့၊ ဒါကဥပမာတစ်ခုသာပါ အများကြီးပြောစရာရှိပါတယ်။

အင်္ဂလိပ်မင်းကြည်ညိုတာ ဘုရင်ခံလေးစားတာတွေ သိပ်ပြောသိပ်လုပ်တယ်၊ ဖိုးစိန်မှာ ပရိတ်သတ်ရှိတာ ဘုရင်ခံကသိတယ်၊ ဖိုးစိန် ဇာတ်ဘယ်မှာက ' က ပွဲမိန့်ပါမစ်ခံစရာမလိုဘူး၊ ဂရိတ် (မဟာ) ဘွဲ့ကို ဒါကြောင့် အင်္ဂလိပ်ကပေးတာပေါ့၊ အသားထဲကလောက်ထွက်တာလေ၊ ပရိတ်သတ်က နိုင်ငံရေးမကြွယ်ဝသေးတော့ မသိသေးဘူး၊ အဆိုအငိုအကလေးကောင်းလို့ စွဲမက်နေကြတာကိုး၊ ဂျီစီဘီအေက သပိတ်မှောက်
ကျောင်းသားတွေအတွက် အလှူခံတော့ “ဘာသနားစရာလဲ အိမ်ပြန်လွှတ်ပါလား ဒါမျိုးအားမပေးလိုဘူး” ဆိုတာမျိုး ပြောတယ်၊ သူ့ကို မန္တလေးလူထုက မကျေနပ်လို့ သပိတ်မှောက်တော့ မန္တလေးမကရ ဘာအရေးလဲ၊ ကိုယ်ပိုင်မီးသင်္ဘောကြီးနဲ့ ရွက်ထည်ရုံကြီးနဲ့ တခြားမြို့မှာကမယ်ပေါ့၊ မန္တလေးကို အာခံပြီးထွက်သလေ၊ ဝံသာနုစိတ်ကလည်းရှိနေကြတော့ကာ တစ်နယ်နဲ့ တစ်နယ် ကြေးနန်းရိုက်ထားကြလို့ ပွဲကလူမရှိဘူး၊ ဖိုးစိန်က လူကြီးသူမတွေရဲ့ အကြံဉာဏ်ယူပြီး မန္တလေးကို ပြန်တောင်းပန်ရတယ်၊ ၁၆ ဒီဇင်ဘာ ၂၀၂၀ လူထုအစည်းအဝေးပွဲကြီးလုပ်ပြီး လူထု
ရှေ့မှာ ဖိုးစိန်ကိုယ်တိုင် ဖတ်ကြားတောင်းပန်ရတယ်၊ လူထုကို မထီလေးစားမလုပ်ရဘူး၊ အနုပညာအလုပ်ကိုမှ လုပ်မယ်ဆိုရင် ဒီသာဓကကိုမှတ်ထားရမယ်၊ ဘုရင်ခံနဲ့ ရင်းနှီးတယ်ဆိုတဲ့ ကုလားအမတ် မောင်မောင်ဆင်လည်း ဗဟိုရ်စည်ဂျာနယ် ဦးဘဦးကို တရားစွဲလိုက်တာ မန္တလေးကပြေးရပါရောလား။

အမျိုးသားကျောင်းအခြေအနေကတော့ ဝိုင်အမ်ဘီအေမှာ စည်းဝေးတာ လူမျိုးပေါင်းစုံတက်တယ်၊ မတည်ငွေ ငါးသိန်းရတယ်၊ ကျောင်းသားတစ်ထောင်ကို ဆယ်တန်းအထိပြနိုင်တယ်လို့ ကျောင်းအုပ် ဦးဘတင်က ပြောတယ်၊ မိန်းကလေးကျောင်းလည်းဖွင့်နေပြီ၊ အမျိုးသားကျောင်းမှာ ဗမာရာဇဝင်သင်ပါလို့ တိုက်တွန်းတဲ့ ဆောင်းပါးကို ဆရာဒေါက်တာသန်းထွန်းက ထုတ်ပြပါတယ်။

“ရှေးဟောင်းဖြစ်သော ရာဇဝင်ပညာများကို ယခုအခါ ကောင်းစွာသင်ကြားထိုက်သော ညအချိန်သို့ ရောက်ပြီဖြစ်ကြောင်း ------- ရာဇဝင်ပညာမှာ မိမိတို့မျိုးရိုးဂုဏ်သတင်း အခြေအမြစ် အနှစ်သာဓကများကိုပြသဖြင့် မြင့်မြတ်သော စိတ်နေစိတ်ထားကိုဖြစ်စေခြင်း၊ မိမိတို့မျိုးရိုးကို မြတ်နိုးစုံမက်တတ်ခြင်း၊ မိမိတို့အမျိုးကို မြတ်နိုးနှစ်သက်မှ တခြားဘာသာဘက်များကို မပါဝင်စေခြင်း၊ အမိုးမပျက်စီးမှ ဗုဒ္ဓသာသနာတော်ကြီးကို ပွားစီးတည်တံ့နိုင်ခြင်း စသောဂုဏ်နှင့် ပြဆိုစေတတ်ကြောင်း” (၂၉ ဂျန်နဝါရီ ၁၉၂၁) စသည် တွေ့တယ်။

အရင်က အစိုးရကျောင်းတွေ “ဘုရင်မင်းမြတ်ကို ဘုရားသခင် စောင်မပါစေ” လို့ ရွတ်ဆိုရတယ်၊ နေမဝင်အင်ယာကြီးဆိုတာကိုသိဖို့ အင်္ဂလိပ်ရာဇဝင်ကိုသင်ရတယ်၊ ဟော အခု ကိုယ့်ရာဇဝင်ကိုယ်သင်ရပြီ၊ မျိုးချစ်စိတ်လည်းပါတယ်၊ ဗုဒ္ဓသာသနာထိလည်းသွားလို့လည်းရတယ်၊ အမျိုးသားကျောင်းများအတွက် ရန်ပုံငွေရဖို့ ကျောင်းစာရင်းတွေတင်ပြတယ်  (၁) ရတနာဘုမ္မိနယ် မလွန်ဈေးရပ်
(၂) ကဉ္ဇနမဟီနယ် တရုတ်တန်းရပ်
(၃) ပုလဲငွေရောင်နယ် ညောင်ပင်ဈေးရပ်
(၄) အမရပူရမြို့ စံရွေးရပ်
(၅) သိရိဟေမာ သိရိမာလာနယ် ဆိုင်းတန်းရပ်၊

ကျောင်းသား နောင်လာနောင်သား ထွန်းကားရန် အဲသလိုတွေ့ပါတယ်၊ အမျိုးသားပညာရေးက အောင်မြင်နေတဲ့နေတဲ့အခါ ဗုဒ္ဓဘာသာစာသင်ကျောင်းတွေကနေ အမျိုးသားကျောင်းတွေဖြစ်သွားမှာ အင်္ဂလိပ်ကကြောက်ပါတယ်၊ ဒါကြောင့်လည်း နည်းလမ်းစုံသုံးပြီး ဖြိုခွဲဖို့ ကြိုးစားပါတယ်၊ ဗြူရိုကရက်လုပ်နည်းလုပ်ဟန်တွေ သုံးတာပေါ့လေ၊

ဗဟုသုတအသင်း (The Burmese Literary Association) ကို ၆ ဖေဖော်ဝါရီ ၁၉၂၁ မှာ ဖွဲ့တယ်၊ အတိုက်အခံအဖွဲ့ဆိုပါတော့၊ ကျောက်စာဝန်တော် စိန်ခိုကို ဥက္ကဌထားတယ်၊ အင်္ဂလိပ်ဘွဲ့ထူးဂုဏ်ထူးရထားသူတွေနဲ့ အရာရှိတွေပါတယ်၊ တော်စိန်ခိုကိုတော့ ဒီလူ “ဆာဘွဲ့” လိုချင်လို့ဆိုပြီး သတင်းစာကမေးတယ်၊ အပြင်မှာ မေးငေါ့ကြတယ်၊ ဒီအသင်းက အရင်ဗုဒ္ဓဘာသာစာသင်ကျောင်းကို လက်လွှဲယူတယ်၊ အစိုးရနဲ့ပေါင်း အစိုးရအထောက်အပံ့ခံဖြစ်သွားတယ်၊ အစိုးရနဲ့ပေါင်း အစိုးရလူဖြစ် အမှန်ကလည်း အရာရှိတွေချည်းပဲလေ၊ ဂျီစီဘီအေက အစည်းအဝေးခေါ်ပြီး ကန့်ကွက်ဖို့စီစဉ်တာ ခွင့်မပြုဘူး။

ဝံသာနုဘက်အခြမ်းမှာတော့ ထက်သန်နိုးကြားနေတယ်၊ နိုင်ငံခြားဖြစ်မသုံးဖို့ အမျိုးသားဖြစ်သုံးစွဲကြဖို့၊ အယူအဆတစ်ခုဟာ လူထုထဲအထိစီးဝင်သွားရင် အားဖြစ်သွားတယ်၊ ဗမာဖြစ်ကုန်စည်ကို သတင်းစာတွေက ကြော်ငြာသာသာထိုးထိုးရေးပေးတယ်၊ကိုယ့်နိုင်ငံရာသီဥတုနဲ့ ကိုယ့်ထွက်ကုန်က ပိုကောင်းကြောင်း၊ ငွေကုန်ကြေးကျလည်းသက်သာကြောင်း၊ အဲဒီတုန်းက တာဖက်တာအင်္ကျီ  ခုနှစ်ကျပ်ခွဲ၊ ပင်နီဖျင်အင်္ကျီက သုံးကျပ်တစ်မတ်၊ ဒီလိုလည်း တွက်ခြေကိုက်ကြောင်း တွက်ပြ၊ အမျိုးသားကုန်ပစ္စည်းပြီးပြန်တော့ မြန်မာဆိုင်တွေမှာသာ ဝယ်ကြဖို့ လှုံ့ဆော်ပြန်တယ်၊ အဲဒီမှာ မြန်မာပိုင် ကျူရယာဆိုင်ဆိုတာလည်းပေါ်တယ်၊ ကုလားဖြူရယ် ကုလားမည်းရယ် ခွဲမနေနှိုင်ဘူး၊ တိုင်းရင်းသားအကျိုးရှိရေးဟာ လိုရင်းပဲ၊ ဒါပေါ့ ညီညွတ်ရင် ဘာမဆိုအောင်မြင်အောင် လုပ်လို့ရတာပဲ။

ဒီမှာ ဆရာတော် ဦးဥတ္တမ ကျေးဇူးက သိပ်ကြီးတာပဲ၊ ဆရာတော်က နိုင်ငံတကာလှည့်လာတယ်၊ လေ့လာတယ်၊ ကိုယ့်ပြန်ကြည့်တော့ ဖိနှိပ်ခံနေရတာ အောက်ကျနောက်ကျဖြစ်နေရတာ တွေ့တယ်၊ မသိလို့တော့မဖြစ်ဘူး၊ မသိရင် သိအောင်လုပ်ပေးရမယ်၊ မမြင်တာကို မြင်လာအောင် မျက်စိဖွင့်ပေးရမယ်၊ ဒီမှာ ပြည်တွင်းဖြစ်သုံးဖို့ မြန်မာဆိုင်ဝယ်ဖို့ ဟောပြောလာတယ်၊ အမှန်က ဆရာတော့်အစွမ်းက အဲဒီလောက်ဘယ်ကလေမလဲ။

လင်းထင်