【 ဆောင်းပါး 】 မသောက်မစား ချောင်းဆုံသား

【 ဆောင်းပါး 】 မသောက်မစား ချောင်းဆုံသား

ကျနော်ငယ်ငယ်တုန်းက ဘီလူးကျွန်း၊ ချောင်းဆုံတွင် အစ်ကိုကာလသားတို့ သောက်စားစရာ အရက်ဆိုင် ပါးရှားလှသည်။ချောင်းဆုံအရှေ့ပိုင်း၊ သမဝါယမရုံး မျက်စောင်းထိုးလောက်တွင် အစိုးရ ဘီအီးဒီစီဆိုင်နှင့် ချောင်းဆုံအနောက် ကန်ပိုင်းတွင် ချက်အရက်ဆိုင်တစ်ဆိုင်။ဘီအီးက နည်းနည်းဈေးကြီးသဖြင့် ကျနော်တို့အရပ်သားအများစုက ပိုပြင်းပြီး ပိုဈေးချိုသော ချက်အရက်ကိုသာ မှီဝဲကြသည်။

ကျနော်ငယ်ငယ်တုန်းကဆိုသည်မှာ ၁၉၈၀ ပြည့်နှစ်ကျော်ကာလများဖြစ်သည်။အရက်ဆိုင်ထိုင်သောက်သူ သိပ်မရှိဟုထင်သည်။နေ့စဉ်သောက် အရက်သမားများသာ ဆိုင်သို့သွားသောက်လေ့ရှိသည်။ကျနော်တို့အရပ်သည် သူ့ဘာသာပိုက်ဆံချမ်းသာလည်း အရက်သမားဆို နှာခေါင်းရှုံ့ကြသဖြင့် အရက်ဆိုင်ထဲသို့ ကုပ်ကုပ်ဝင် ကုပ်ကုပ်ထွက်ကြရသည်။
များသောအားဖြင့် အရက်ဖိုမှာ အရက်သွားဝယ်ပြီး အိမ်မှာခွက်ပုန်းချကြသည်။အပေါင်းအသင်းများ စုဝေးသောက်ကြလျှင် ခွက်လှည့်စနစ်ဖြင့် သောက်လေ့ရှိသည်။ခွက်လှည့်စနစ်ဆိုတာက ခွက်တစ်ခွက်တည်းဖြင့် အလှည့်ကျသောက်ခြင်းဖြစ်သည်။ကိုယ့်အလှည့်ရောက်လျှင် ကိုယ်သောက်။တစ်ယောက်က အရက်ငှဲ့ပေးလေ့ရှိသည်။ကိုယ့်ရှေ့ခွက်ရောက်ပြီး ဟိုလှည့်ဒီလှည့်ဖြင့် ကြာနေလျှင် မကြိုက်။မသောက်နိုင်လျှင် ခွက်ကျော်ခွင့်ပြုရန် တောင်းပန်ရသည်။ဘာ့ကြောင့် ခွက်လှည့်စနစ်ကို ကျင့်သုံးရတာလဲဆိုတော့ အရက်ပြင်းတာကြောင့်လည်းပါမည်။ဆတူမူးစေချင်သည့် စေတနာလည်းပါမည်ဟု ထင်မိသည်။အရက်နှင့်မြည်းစရာ အမြည်းမှာမူ ကြုံရာသင့်ရာ။
ကျနော်သိသမျှ ချောင်းဆုံနှင့် အရက်သည် ထိုမျှသာဆိုတော့ ပင်စင်ယူပြီးနောက် ချောင်းဆုံသားကြီးပြန်လုပ်နေသော အဖေ့ထံ ဖုန်းဆက်မေးကြည့်သည်။ကျနော့်အဖေတို့ လူငယ်ဘဝ အရက်ဆိုင်များအကြောင်း။

‘ဟေ့ကောင်၊ ငါတို့က ဒါမျိုးဝါသနာလည်းမပါဘူး။သိလည်းမသိဘူး’ ဟု အဖေက သူ့စတိုင်အတိုင်း ခပ်ဆတ်ဆတ်ပြန်ပြောသည်။ပြီးတော့မှ လေသံနည်းနည်းပြန်လျှော့ကာ ‘ဖေဖေ၊ လူပျိုဘဝကတည်းက ရန်ကုန်မှာသွားအလုပ်လုပ်တာကြောင့်လည်းပါတယ်’ ဟု သူမသိရခြင်းအကြောင်းကို ထပ်ပြောသည်။

ရန်ကုန်မှာ သွားအလုပ်မလုပ်လည်း ချောင်းဆုံနှင့် အရက်အကြောင်း အဖေသိမည်ဟုမထင်။အဖေ၏ အဖေ ကျနော်တို့အဘိုးက လူပျိုဘဝတွင် သောက်ခဲ့စားခဲ့သလောက် အဖေ့ခမျာ အရက်၊ ဘီယာ လျှာပေါ်တင်မိလျှင် လူဖြစ်ရှုံးတော့မည့်နှယ် အတတ်နိုင်ဆုံး လုံးဝ။လုံး၀မသောက်မစားတာတော့မဟုတ်။အင်မတန်ရှားရှားပါးပါး တစ်သက်မှာ တစ်ခါ၊ နှစ်ခါတော့ရှိမည်။ထိုတစ်ခါ၊ နှစ်ခါသည်လည်း အရက်နည်းနည်း ရေများများရောထားသောတစ်ခွက်ကို အရက်ဝိုင်းမပြီးမချင်း ဇိမ်ဆွဲသောက်ကာ ၁၀ ခွက်စာမက မူးနေမည်ဟု ထင်သည်။ကျနော်ကတော့ အဖေအရက်ခွက်ကိုင်တာ တစ်ခါမှမမြင်ဖူး။အဖေအရက်မူးပြီးပြန်လာတာ တစ်ခါမှမတွေ့ဖူး။ကံကောင်းလွန်းလှသော ကျနော့်ညီကတော့ အဖေအရက်မူးလာတာ တစ်ခါမြင်ခဲ့ဖူးသည်။

လှည်းကူး၊ အင်းတိုင်တွင် အဖေတာဝန်ကျစဉ်ကဖြစ်သည်။သူ့ဌာနသို့ စာရင်းစစ်ဝင်သဖြင့် ဌာနဆိုင်ရာတို့၏ထုံးစံအတိုင်း စာရင်းစစ်များကို တိုက်ကျွေးရသည်။အဖေက လိုက်ဧည့်ခံရသဖြင့် မည်သို့မျှမလွန်ဆန်နိုင်၍ နည်းနည်းကစ်လာပုံရသည်။အိမ်ပြန်ရောက်ပြီးနောက် အိမ်ပေါ်သို့ စက်ဘီးတင်တော့ ခပ်ယိုင်ယိုင်။တူအောင်တုတတ်သော ကျနော့်ညီက နောက်ရက်တွင် အဖေမရှိခိုက် ညက အဖေမူးပြီး စက်ဘီးတင်သည့်ဟန်လုပ်ပြရာ ကျနော်တို့အမေ တဟားဟားရယ်ခဲ့ရသည်။အဖေပြန်သိတော့ မကြည်။သားသမီးသည် မိဘကို မနောက်ရ မပြောင်ရဟု ရှေးအစဉ်အလာအတိုင်း အဖေကခံယူထားသူမို့ မကြည်ခြင်းဖြစ်သည်။

အဖေက သားသမီးများကိုချစ်သည်။ညတရေးနိုးတိုင်း ကျနော်တို့အခန်းထဲသို့လာကာ စောင်လွတ်နေလျှင် စောင်လာခြုံပေးလေ့ရှိသည်။မျက်နှာချင်းဆိုင် ဆက်ဆံရေးတွင်မူ ခပ်တည်တည် ခပ်တင်းတင်း။မနောက်တတ် မပြောင်တတ်။သားသမီးက အရိုအသေတန်မည်ဟု ထင်တာမှန်သမျှ သားသမီးရှေ့ ဘာမှမလုပ်။သားသမီးကိုချစ်လျှင် အိပ်ပျော်နေသည့်အချိန်မှ နမ်းပါဆိုသည့်အတိုင်း။ကျနော် ဂျီတီအိုင်တက်သည့် ၁၉၉၅-၉၈ ခုနှစ်တွင် အဖေစာရင်းစစ်ရာထူးရသည်။သထုံတွင်အခြေစိုက်ကာ ကရင်နှင့် မွန်ပြည်နယ်တကြော ဧရိယာခပ်ကျယ်ကျယ် စာရင်းစစ်ရခြင်းဖြစ်သည်။စာရင်းစစ်ထုံးစံအတိုင်း ကျနော်တို့မိသားစုအိတ်ကပ်သည် ဖောင်းကားလို့။

ပြောချင်တာက အဖေနှင့် အရက်အကြောင်းဖြစ်သည်။စာရင်းစစ်တို့၏ထုံးစံအတိုင်း ညစဉ်စားပွဲသောက်ပွဲရှိသည်။ဘလက်လေဘယ်တွေ ဝီခေါ်နေသည့်ဝိုင်းဖြစ်သည်။အနိမ့်ဆုံးအဆင့်ဧည့်ခံမှုက ဘီယာ။စာရင်းစစ်တာဝန်ကျသဖြင့် ရန်ကုန်ရုံးချုပ်မှရောက်လာကြကုန်သော အဖေနှင့် ရာထူးတူနှင့် အဖေ့တပည့်တစ်ဝက်ကျော်တို့သည် အရက်၊ ဘီယာ သိပ်မသောက်တတ်ကြသူများဖြစ်သည်။သို့သော်၊ ညစဉ်အမြည်းကောင်းကောင်း၊ အရက်ကောင်းကောင်း အလကားရသည့်ဝိုင်းက ဆီးကြိုနေသဖြင့် တချို့က နည်းနည်းမှအစပြုကာ များများ။များများသမားများမှာ ဆက်များ။မသောက်သူဆိုလို့ အဖေတို့စာရင်းစစ်ထဲတွင် အဖေနှင့် နောက်တစ်ဦးကိုသာ တွေ့ခဲ့ဖူးသည်။ရာခိုင်နှုန်း ၈၀ ကျော်သော စာရင်းစစ်တို့သည် ၃ နှစ်တာ သောက်စားခွင့်ရပြီးနောက် ရုံးချုပ်ပြန်ရချိန်ကျတော့ ကိုယ့်ပိုက်ဆံနှင့်ကိုယ်သောက်ကြသည့် နေ့စဉ်သောက် အရက်သမားဖြစ်သွားကြသည်။

ကျနော်တို့အဖေကတော့ လုပ်ငန်းသဘောအရ ညစဉ်သောက်ဝိုင်းစားဝိုင်းတို့ကိုလည်းမငြင်း။သို့သော်၊ သူ့လျှာပေါ် အရက်၊ ဘီယာတစ်စက်မျှပင်မတင်။သောက်ဝိုင်းတိုင်းတွင် အဖေ့လက်ထဲ Pokka လိမ္မော်ရည်ဗူးသာရှိပြီး သူ့တပည့်များ အရှိန်မလွန်အောင် ထိန်းလေ့ရှိသည်။ထို့ကြောင့် ကျနော့်အဖေသည် အလကားရသော အရက်ခပ်ကောင်းကောင်းကိုပင် ၃ နှစ်စလုံးငြင်းနိုင်ခဲ့သူအဖြစ် သူ့ဌာနတွင်း ကျော်ကြားခဲ့သည်။အလကားရလည်း ကိုယ်မကြိုက်လျှင် မလုပ်ခြင်းသည် အဖေ့စတိုင်။

ထိုသို့သော ကျနော်တို့အဖေသည် ယနေ့ထိတိုင် အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစား။အဖေအရွယ်ကောင်းတုန်းသော သက္ကရာဇ် ၂၀၀၀ တွင် ကျနော်တို့အမေ ကွယ်လွန်သွားခဲ့သော်လည်း နောက်မိန်းမမယူ။မိန်းမမရှိ အထီးကျန်ခြင်းကြောင့် အလိုမကျတာလည်းများလာပုံရသည်။အထူးသဖြင့် အဖေအလိုမကျတာက ကျနော့်ကိုဖြစ်သည်။ကျနော်က လူပျိုသက်ရှည်ပြီး အဖေနှင့်တောက်လျှောက်နေခဲ့တာလည်းပါမည်။ထင်ရာမြင်ရာ ခပ်ရမ်းရမ်းလုပ်တတ်တာလည်းပါမည်။ကိုယ့်စာအုပ်နဲ့ကိုယ်နေပြီး အလိုက်မသိတာလည်းပါမည်။ပြီးတော့ အဖေမကြိုက်သောအရက်ကို ရံဖန်ရံခါသောက်တတ်တာလည်းပါမည်။

‘မင်းတို့ကိုးကွယ်နေတဲ့ ဆရာဒဂုန်တာရာဆို ဘယ်လိုလုပ်မလဲ။အရက်တစ်စက်မသောက်ဘဲ ရေးလိုက်တဲ့စာတွေ။အရက်သောက်မှ စာရေးလို့ရတာမဟုတ်ဘူး။ဟိုကောင် စံသိန်းဆိုလည်း ကဗျာဆရာဆိုတာ နည်းနည်းတော့လုပ်ရတယ် လာလိုက်သေးတယ်’ ဟု အဖေကပြောလေ့ရှိသည်။

စံသိန်းဆိုသည်မှာ အဖေနှင့် တစ်ရုံးတည်း သူငယ်ချင်း ကဗျာဆရာနီအောင် (ကွယ်လွန်)။သူ့သူငယ်ချင်း၏ ရီဝေရောင်ညများကိုပင် အဖေ ဘဝင်မကျသဖြင့် သူ့သားကျနော် အရောင်ဝေ့လာပြီဆို လုံးဝမကြည်။

တစ်ည၊ ကျနော်မူးပြီးပြန်လာသည်။အဖေက ည ၉ နာရီဆို အိပ်ပြီမို့ ည ၁၀ နာရီကျော်ဆိုတော့ အေးဆေး။မော်လမြိုင်တက္ကသိုလ်တက်နေသော ညီမ ခေတ္တအိမ်ပြန်လာခိုက်မို့ ညီမတံခါးဖွင့်ပေးမှာသေချာသဖြင့် သောက်ခဲ့ခြင်းဖြစ်သည်။တီဗီမှ သီချင်းလာနေသဖြင့် ညီမနှင့် အစ်မဝမ်းကွဲကို တစ်ပိုဒ်လောက်ကပြနေစဉ် အဖေအပေါ့သွားထွက်လာတာနဲ့ တည့်တည့်တိုးတော့သည်။ဘာမှမပြော။ကျနော့်ကို မိုက်ကြည့် ကြည့်သွားသည်။မနက် ကျနော်အိပ်ယာကနိုးလာတော့ ဧည့်ခန်းတွင် စူစူကြီးထိုင်နေသော အဖေက ‘ဟေ့ကောင်၊ ငါ့အိမ်မှာနေမယ်ဆို ငါ့စည်းကမ်းအတိုင်း နေနိုင်ရင်နေ၊ မူးရူးပြီးပြန်လာတာမျိုး လာမလုပ်နဲ့။မင်းဘယ်လိုလုပ်မှာလဲ အပြတ်ပြော’ မူးလာတာအပြင် မူးပြီး ကပါကသဖြင့် အပြစ်ကနှစ်ပြစ်မို့ ပွဲကြမ်းခြင်းဖြစ်သည်။ကျနော်ကဘာမှပြန်မပြော။ကိုယ်လက်သန့်စင်ပြီး အိမ်ရှေ့ပြန်ရောက်တော့ ‘မင်းအိမ်ပေါ်ကဆင်းမလား၊ ငါဆင်းရမလား’ ဟု အဖေကထပ်မေးသည်။

‘ကျနော်ကတော့ မဆင်းနိုင်ဘူး’ ဟု ပြန်ပြောလိုက်တော့ ကျနော့်ကို မိုက်ကြည့် ကြည့်ကာ သူ့အခန်းထဲဝင်သွားသည်။ညီမကကြိတ်ရယ်တော့ ကျနော်ကစပ်ဖြဲဖြဲ။အဖေ ဘယ်လိုနေသလဲမသိ၊ ကျနော့်အတွက် အပျင်းတော့ပြေသား။ထိုသို့သောတိုက်ပွဲများက မကြာခဏဆိုသလို။အဖေနှင့်ဖြစ်သည့် တိုက်ပွဲတိုင်းတွင် အိမ်ပေါ်မှမောင်းချခံရလေ့ရှိသည်။အိမ်ပေါ်မှမောင်းချလျှင် တကယ်ဆင်းတတ်သော ကျနော့်ညီကိုမူ အဖေမောင်းချလေ့မရှိ။ပြီးတော့ အဖေက ကျနော်ရည်းစားများတာကိုလည်းမကြိုက်။တောင်ဥက္ကလာတွင်နေစဉ်က တစ်ညနေ ရည်းစားကိုလက်တွဲပြီး ပလီနေသော ကျနော်နှင့် အဖေတို့ တည့်တည့်တိုးသည်။အဖေကရှက်တတ်သဖြင့် အမြန်မမြင်ချင်ယောင်ဆောင်လိုက်သည်။ကျနော်ကတော့ ချစ်သူကို ပလီမပျက်။ကျနော်အိမ်ပြန်ရောက်တော့ အဖေ့အဆဲအဆိုခံရသည်။သူကိုယ်တိုင်ကလည်း အမေတစ်ဦးတည်းကိုသာအချစ်ဟု ယုံမှတ်ခဲ့လေတော့ ကျနော်ငမိုက်သားဖြစ်ရသည်ပေါ့။

ထိုသို့သော ကျနော်တို့အဖေ၏အမည်မှာ ဦးငွေညွန့်ဖြစ်သည်။အသက် ၂၀ ၀န်းကျင်အထိ ချောင်းဆုံတွင်နေ။တစ်ဦးတည်းသောသား၊ မိဘက အတန်အသင့်ငွေကြေးရှိသဖြင့် သူ့လူပျိုဘဝသည် ချောင်းဆုံတွင် စက်ဘီးစီးနိုင်၊ နာရီပတ်နိုင် မော်မော်ကြွားကြွား။အဖေကိုရှိန်ရသော်လည်း အမေက အင်မတန်အေးပြီး သားပြောသမျှမငြင်း။ထိုသို့ မောင်ငွေညွန့်၏ ပထမပိုင်းကာလသည် ချောင်းဆုံတွင် သက်သောင့်သက်သာဖြတ်သန်းခဲ့ပြီး နောက် အသက် ၆၀ ပြည့် ပင်စင်ယူ၊ ဦးငွေညွန့်အဖြစ် ချောင်းဆုံပြန်ရောက်လာ။မိန်းမမရှိ။သား ၂၊ သမီး ၁ က အဝေးမှာ သူ့အိမ်ထောင်နှင့်သူ။အမေ့အိမ်ပေါ် မိဘမဲ့တစ်ကိုယ်တော်အထီးကျန်။နည်းနည်းပျင်းလာလျှင် သူ့သမီးရှိရာ သထုံသို့သွားလိုက် ချောင်းဆုံပြန်လာလိုက်ဖြင့် ၇၆ နှစ်ဆိုသောအရွယ်။အဖေက အရက်မသောက်သလောက် သားကြီး ကျနော်ကအရက်ကြိုက်သည်။သို့သော်၊ အလုပ်ပျက်ပြီး ကျန်းမာရေးထိခိုက်နိုင်သဖြင့် ဘယ်တော့မှ နေ့စဉ်မသောက်။ငယ်တုန်းရွယ်တုန်းအချိန်က တစ်ပတ် သုံး၊ လေးရက်။ယခုနောက်ပိုင်း တစ်ပတ်လျှင် အလွန်ဆုံး ၂ ရက်။ကိုဗစ်တတိယလှိုင်းကာလတွင်မူ လုံး၀ရပ်။

အရက်ကိုကြိုက်သော်လည်း နေ့စဉ်မသောက်ခြင်းမှာ စိတ်ဓာတ်ခိုင်မာပြီး စည်းကမ်းကောင်းသော အဖေ့ကို အားကျအတုယူခြင်းကြောင့်ဖြစ်သည်။သို့သော်၊ ကျနော်က အဖေနှင့်မတူတာများသည်။ကျနော့်ညီမှာ အရက်ကို ခပ်စိပ်စိပ်သောက်တတ်တာကလွဲ အဖေနှင့်အတော်တူသည်။အဖေက ဘာသာရေးလည်းလိုက်စား၊ ဘုရားစာတွေလည်းရွတ်၊ ရက်ရက်ရောရောလည်းရှိ၊ ငယ်စဉ်က စကားမပြောသလောက် ကြီးလာတော့ စကားများလာသည်။နေ့စဉ် တစ်ကိုယ်တော်တိတ်ဆိတ်နေရသဖြင့် ပြောခွင့်ရလျှင် ခပ်များများပြောခြင်းဖြစ်မည်ဟု ထင်၏။

အဖေ၏ နေဝင်ချိန်သည် နေစရာ စားစရာ မပူပင်ရသော်လည်း အိမ်နောက်ဖေးသွားလိုက်၊ အိမ်ရှေ့လာလိုက်၊ ကုလားထိုင်ပေါ်ထိုင်လိုက်ဖြင့် အထီးကျန်ဘဝဆိုတာကလည်း သိပ်အခက်ကြီးမဟုတ်တောင် လွယ်တော့မလွယ်။ပျော်မည်ဟုမထင်။အဖေ့ဘဝသည် ရာခိုင်နှုန်းမည်မျှပျော်ခဲ့ပြီး မည်မျှမပျော်ခဲ့သလဲ ကျနော်မသိ။ထိုသို့ ဘဝနှင့်ချီသော အတည်ပေါက်မေးခွန်းမျိုးမေးခဲ့လျှင်လည်း အဖေဖြေမည်ဟုမထင်။

ငြိမ်းဆက်
စက်တင်ဘာ - ၂၅