【 ဆောင်းပါး 】 "မေတ္တာလွှမ်းခြုံ"

【 ဆောင်းပါး 】 "မေတ္တာလွှမ်းခြုံ"

ယနေ့ကမ္ဘာကြီးမှာ ကိုဗစ်ကပ်ရောဂါကြီးကြောင့် ကမ္ဘာသူ ကမ္ဘာသားတို့ ကျန်းမာရေး စီးပွားရေး စားရေးသောက်ရေး သွားရေးလာရေး အကုန်ဒုက္ခရောက်နေခဲ့ကြရသည်။ကိုယ့်အသက် ကိုယ့် မိသားစုအသက် ဘယ်အချိန်ပေးလိုက်ရမလဲ အချိန်ပြည့်စိုးရိမ်ကြောင့်ကြနေကြရပါသည်။ခေတ်အမီဆုံး ကမ္ဘာ့နိုင်ငံကြီးများတောင် ထိုကပ်ရောဂါဆိုးကြီးဒဏ်ကို အလူးအလဲခံကြရသည်။
 
တစ်စုံတစ်ယောက်၏ပရောဂကြောင့် နိုင်ငံတစ်နိုင်ငံ၏ပရောဂကြောင့် မဟုတ်ဘဲ ရုတ်တရက်ပေါ် ပေါက်လာခဲ့သော ရောဂါဆိုးကြီးကို ဘယ်သူ ဘယ်နိုင်ငံမှ မတားဆီးနိုင်ခဲ့ကြပါ။ထိုရောဂါဆိုး မကူး စက်ရန်သာ တစ်ဦးချင်း တစ်နိုင်ငံချင်း အတတ်နိုင်ဆုံးကာကွယ်နေခဲ့ရသည်။ဖွံ့ဖြိုးပြီးနိုင်ငံအချို့က ကာကွယ်ဆေးများ စမ်းသပ်ထုတ်လုပ်ကာ ရောဂါဆိုးကြီးကို အနိုင်မခံ အရှုံးမပေးဘဲ ကာကွယ်ခဲ့ကြသည်။
 
အရေးကြီးတော့ သွေးနီးသည် ဆိုစကားအရ ကပ်ရောဂါကို ကြောက်ရွံ့နေသော လူသားအားလုံးက ညီညွတ်စွာ ကာကွယ်ကြသည်။နည်းမျိုးစုံဖြင့် ဟန့်တားရန်ကြိုးစားကြသည်ကို တွေ့မြင်နေရ သည်။သိသိသာသာမြင်နေရသည်က လူသားအချင်းချင်းထားရှိလာသည့် မေတ္တာတရားဖြစ်ပါသည်။
 
ကျွန်တော်တို့နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်ယှဉ်လျှင် မဖွံ့ဖြိုးသော ဆင်းရဲသော နိုင်ငံတစ်နိုင်ငဖ့ဖြစ်သည်။ထို့ကြောင့် ငွေကြေးအရ သိပ္ပံနည်းပညာအရ ဆင်းရဲချို့တဲ့သော်လည်း လူအချင်းချင်း ရိုင်းပင်းကူညီမှုက အားကောင်းလှသည်။ဆေးပညာဝန်ထမ်းများက သူတို့၏အသက်ကိုရင်းကာ ရောဂါကူးစက်ခံနေရသူများကို ဂရုတစိုက်ကုသစောင့်ရှောက်ကြသလို ပရဟိတပုဂ္ဂိုလ်များ အသင်းများကလည်း အနစ်နာခံ ကူညီစောင့်ရှောက်ပေးခဲ့ကြသည်။
 
ထိုစေတနာမေတ္တာတရားကြောင့်ပင် ကျွန်တော်တို့နိုင်ငံသည် ရောဂါကူးစက်မှုအနည်းဆုံးနှင့် အသေ အပျောက်အနည်းဆုံး နိုင်ငံထဲမှာပါခဲ့သည်။ကိုဗစ်တတိယလှိုင်းကာလမှာတော့ လူတွေအတော်ဒုက္ခရောက်ကြသည်။နိုင်ငံရေးမတည်မငြိမ်နှင့် အပစ်အခတ်တွေလည်းရှိနေပြန်သည်။ရောဂါကူးစက်ခံရမှာအပြင် ကိုယ်ရောက်ရှိသည့်နေရာတွင် ဗုံးကွဲမှာ သေနတ်ပစ်ခံရမှာတို့ကြောင့် အပြင်ထွက်သွားလာဖို့ လုံးဝကိုမလွယ်ကူသည့် အခြေအနေပါ။ဆေးရုံသွားဖို့လည်း အခက်အခဲများစွာရှိနေပြန်သည်။ဆေးရုံမှာ လူပြည့်နေ၍ အောက်စီဂျင်မလုံလောက်၍ လက်ခံကုသမှု မပေးနိုင်ကြ။သည်ကြားထဲ နှာစေးလာရင် ကိုယ်နည်းနည်းပူလာရင် အသက်ရှူရတာ အားမရသလိုဖြစ်လာရင် ဝမ်းနှစ်ခါသုံးခါသွားလာရင် ကိုဗစ် ဟုတ်၊ မဟုတ် မသိသေးခင်မှာဘဲ စိတ်အတော်ဖိစီးမှုခံနေကြရပြီ။
 
လုပ်ငန်းတွေရပ်ဆိုင်းထားရပြီး ဝင်ငွေပုံမှန်မရှိ၍ စားရေးသောက်ရေးတွေ ပိုမိုခက်ခဲလာသည်။ဆွေမျိုးတွေ သူငယ်ချင်း မိတ်ဆွေတွေ မဆိုထားနှင့် အိမ်ခွဲနေကြသော မိသားစုအရင်းအချာတွေပင် တစ်အိမ်နှင့် တစ်အိမ် သွားလာဆက်ဆံရေး လွန်စွာခက်ခဲနေသည်။မိဘအိမ်ကို သားသမီးကဝင်ထွက်ဖို့ လွန်စွာချိန်ဆနေကြရသည့်အခါလည်းဖြစ်သည်။
 
ထိုအချိန်တွင် ကျွန်တော်တို့အတွက် တကယ့်အင်အားအစစ်ကို သိသိသာသာမြင်လာရသည်။တစ်ယောက်နှင့် တစ်ယောက် ထားရှိသည့် စေတနာ မေတ္တာတရားပင်ဖြစ်သည်။တယ်လီဖုန်းတွေ လူမှုကွန်ရက်စာမျက်နှာတွေက ဆိုင်ကယ်တွေ အငှားယာဉ်တွေက ကြားခံ မေတ္တာလှိုင်းများဟု ဆိုရမည်။ထိုလှိုင်းများမှ အကူအညီတောင်းကြသည်။အကူအညီပေးကြသည်။
 
ဆေးကုသပေးသည့် ဆရာဝန်တချို့၏လိပ်စာ ဖုန်းနံပါတ် ရေးတင်ကြသည်။အောက်စီဂျင်အိုးရနိုင်မည့်နေရာများ အောက်စီဂျင်ဖြည့်ပေးသည့်နေရာများကို ညွှန်ပေးကြသည်။မိမိအိမ်မှာနေရင်း သတိထားဖို့ လုပ်ဆောင်ဖို့ကိုလည်း အကြံဉာဏ်ပေးသည်။အတတ်ပညာရှင်အချို့နှင့် လက်တွေ့ ရောဂါကူးစက်ခံရပြီး ပျောက်ကင်း သွားသူတို့၏ အတွေ့အကြုံတို့ကိုလည်း မျှဝေကာ သိစေသည်။
 
ဆွေမျိုးသားချင်းတွေ မိတ်ဆွေအပေါင်းအသင်းတွေ လုပ်ဖေါ်ကိုင်ဖက်တွေဆိုလျှင်လည်း တတ်နိုင်သလောက် ကူညီကြသည်။အစားအသောက်များ ဆေးဝါးများယူလာကာ အိမ်တံခါးမှာ လာချိတ်ပေးထားကြသည်။ငွေကြေးများလည်း ပို့ပေးကြသည်။သတင်းမေးကြသည်။အားပေးကြသည်။
 
စစ်ရှောင်စခန်းတွေမှာဆို ဆေးဝါးမရှိ စားစရာမရှိကြပါ။အချင်းချင်းမျှတ စားသောက်ကြသည်။ပရဟိတအသင်းတချို့၏ ထောက်ပံ့မှုများ ပရဟိတစိတ်ရှိသော လူပုဂ္ဂိုလ်အချို့၏ ထောက်ပံ့မှုများနှင့် အသက်ဆက်ခွင့်ရခဲ့သည်။ဘာသာလူမျိုး ဆင်းရဲချမ်းသာမခွဲဘဲ လူသားအချင်းချင်း မေတ္တာ ထားကြသည်ကို တွေ့နိုင်ပါသည်။
 
ဗုဒ္ဓဘုရား၏အဆိုအရကြည့်လျှင် ထိုမေတ္တာတရားသည် လူ့ကျန်းမာရေး လူ့သက်တမ်းကို များစွာအ ထောက်အကူပြုပါသည်။တိတိကျကျပြောရလျှင် ဗြဟ္မစိုရ်တရားလေးပါး တစ်နည်းအားဖြင့် လောကကိုစောင့်ရှောက်သော မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တရားလေးပါးပင်ဖြစ်သည်။
 
မေတ္တာဆိုသည်မှာ မိမိအတ္တအတွက်မကြည့်ဘဲ တခြားသူများကို ကောင်းစားစေချင်သည့် စေတနာဖြစ်သည်။
 
ကရုဏာသည် အခက်အခဲတစ်စုံတစ်ခုကြောင့် ဒုက္ခရောက်နေသော တခြားသူများကို ထိုအခက်အခဲ ထိုဒုက္ခများမှ လွတ် မြောက်စေလိုသော စေတနာဖြစ်သည်။
 
မုဒိတာသည် အခြေအနေကောင်း၍ ပျော်ရွှင်ကြည်နူးနေသော တခြားသူများကိုကြည့်ပြီး ထိုအခြေအနေမျိုးကို အမြဲပိုင်ဆိုင်စေချင်သော စေတနာဖြစ်သည်။
 
ဥပေက္ခာသည် တစ်စုံတစ်ယောက်သော ဒုက္ခရောက်နေသူကို ဘယ်သူကမှ အကူအညီမပေးနိုင်သည့်အခြေအနေတွင် ဪ သူ့ကုသိုလ် အကုသိုလ်က သူ့ကိုအကျိုးပေးနေပြီပဲ၊ ရှေ့ဆက်ခရီးမှာ ကုသိုလ်ကောင်းမှုများလုပ်နိုင်၍ ထိုကုသိုလ်ကောင်းမှုများ၏အကျိုးကို စံစားနိုင်ပါစေဟူသော စေတနာပင်ဖြစ်သည်။
 
အနာဂတဝံသကျမ်းအရ ယခုဆိုလျှင် ဂေါတမမြတ်စွာဘုရား၏ သာသနာသည် ထက်ဝက်ကျော်လာခဲ့ပြီဖြစ်သည်။လူတို့သည် တစ်ယောက်နှင့် တစ်ယောက် မေတ္တာတရားတွေ ခန်းခြောက်လာမည်။တစ်ယောက်နှင့် တစ်ယောက် ကြင်နာသနားမှု ညှာတာထောက်ထားမှုတွေ တစ်စ တစ်စ ကင်းဝေးလာမည်။တဖြည်းဖြည်း အတ္တတွေ ကြီးမားလာကာ မည်သူ့မျက်နှာ မည်သူ့ဘဝကိုမှမကြည့်ဘဲ မိမိတစ်ယောက်ထဲကောင်းစားရေး မိမိ၏မိသားစုကောင်းစားရေး မိမိ၏အဖွဲ့အစည်းကောင်းစားရေးအတွက် သက်သက်သာ ကြည့်ရှုလုပ်ကိုင်လာကြလေမည်။
 
သည်လိုနှင့် လူတို့၏သက်တမ်းသည် တဖြည်းဖြည်းကျဆင်းလာပြီး ငါးနှစ် ဆယ်နှစ်သက်တမ်း ရောက်သောအခါ လူတို့သည် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားများ လုံးဝမရှိကြတော့ပေ။တစ်ယောက်နှင့် တစ်ယောက် စာနာထောက်ထားမှု ကိုယ်ချင်းစာတရားများ မရှိကြတော့ဘဲ တစ်ကိုယ်ကောင်းဆန်စွာ ပြုမူကျင့်ကြံကြလိမ့်မည်။
 
အစာငတ်မွတ် ခေါင်းပါးသော ဒုဗ္ဘိဗ္ကန္တရကပ်၊ ရောဂါထူပြောသော ရောဂန္တရကပ်၊ တစ်ယောက် နှင့် တစ်ယောက် ရက်ရက်စက်စက် သတ်ဖြတ်ကြသော သတ္တန္တရကပ်တို့ ဆက်တိုက်ဖြစ်ပွားလိမ့်မည်။ 
 
ထိုကပ်ကြီးသုံးပါး ဆက်တိုက်ဖြစ်ပွားပြီးနောက် လူ့ပြည် လူ့လောကမှာ လူတော်တော်များများ သေကြေပျက်စီးကြပေမည်။ဟိုနေရာ တစ်ယောက် နှစ်ယောက် ဒီနေရာ တစ်ယောက် နှစ်ယောက်ခန့်သာ ကျန်ရှိပါတော့မည်။
 
ထိုအခါ ကျန်ရှိနေသောလူတို့သည် အစားအစာများ ဝေမျှစားသောက်လာကြမည်။ကူညီရိုင်းပင်းလာ ကြမည်။တစ်ဦးပေါ် တစ်ဦး စေတနာထားလာကြသဖြင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားများ ထားရှိလာကြမည်။လူတို့၏သက်တမ်းသည်လည်း တစ်ထောင် တစ်သောင်း တစ်သိန်း အသင်္ချေတိုးတက်လာပေလိမ့်မည်။
 
ဆိုလိုသည်မှာ လူသားအချင်းချင်း မေတ္တာတရားတွေ လွှမ်းခြုံထားလျှင် လူ့သက်တမ်းရှည်၍ လူသားအချင်းချင်း မေတ္တာတရားတွေ ခန်းခြောက်ကုန်လျှင် လူ့သက်တမ်းတိုတော့မည်ဖြစ်သည်။
 
အတိတ်က မေတ္တာတရားခန်းခြောက်ခဲ့၍ ယခုအခါ ရောဂါဘေး၊ လက်နက်ဘေး၊ အစာငတ်မွတ်ဘေး ကြုံခဲ့ရသည်ဆိုလျှင် ယခုအခါ လူသားအချင်းချင်း မေတ္တာတရားထားကြမည် မေတ္တာလွှမ်းခြုံထားကြမည်ဆိုလျှင် မနက်ဖြန် အနာဂတ်ကာလမှာ သက်တမ်းရှည်၍ ရောဂါဘေး လက်နက်ဘေး အစာငတ်မွတ်ဘေးမှ ကင်းဝေးပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြမည်မှာ သေချာပါသည်။အထူးသဖြင့် ညီညွတ်သော မေတ္တာသမားတွေ ဘေးလွတ်ရာမှာ ကျန်ရှိနေမှာဖြစ်ပါသည်။
 
ရိုက်မောင်း
စက်တင်ဘာ - ၁၄