【 ဆောင်းပါး 】 မျက်နှာထားချိုခြင်း နှင့် စိတ်ရင်း

【 ဆောင်းပါး 】 မျက်နှာထားချိုခြင်း နှင့် စိတ်ရင်း

လောကတွင် တစ်ဦးနှင့် တစ်ဦး ဆက်ဆံရာ၌ လောကဝတ်ကျေပြွန်ရန်အလို့ငှာ ပြုံးပြ၊ ရယ်ပြကြသည်။ထိုသို့ ပြုံးပြ ရယ်ပြရာတွင် စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ချိုသာစွာဆက်ဆံနိုင်သူတို့ကို ဒီလူက ဖော်ရွေသည် ဒီအမျိုးသမီးက ဖော်ရွေသည် စသဖြင့် သတ်မှတ်ယူဆကြလေ့ရှိသည်။သို့သော် ထိုသူ ထိုအမျိုးသမီး၏ စိတ်က ဘယ်လိုရှိသလဲဆိုတာကို တစ်ဦးနှင့် တစ်ဦး ရေရှည်ဆက်ဆံလေ့ရှိလာသည့်အခါမှသာ ဘယ်လိုဘယ်ဝါဆိုပြီး မှတ်ချက်ပြုကြတာဖြစ်သည်။ဒီနေ့ ကျနော်ပြောချင်သည်က မျက်နှာထားချိုတိုင်း စိတ်ရင်းကောင်းသည်ဟု ယူဆလို့မရသည့်အကြောင်းဖြစ်သည်။

ကျနော်တို့ ပတ်ဝန်းကျင်တွင် ထိုသို့သော လူတွေကို မကြာခဏမြင်ရလေ့ရှိမည်ဖြစ်သည်။မျက်နှာလေးပြုံးပြုံးဖြင့် နောက်ကွယ်တွင် ဘယ်လိုမှ မစဉ်းစားတတ်အောင် ရက်စက်လှသည့် လူတွေ၊ စိတ်ဓာတ်ယုတ်သည့် လူတွေအကြောင်းကို ကြားမိကြရမည်ဖြစ်သည်။

ကျနော်တို့ငယ်ငယ်က ရပ်ကွက်ထဲက လူကြီးမှာ ဦးချစ်မောင် ဖြစ်သည်။ထိုသူမျက်နှာကိုကြည့်လျှင် အမြဲပြုံးပြုံးဖြင့်။သို့သော် အဆိုပါလူကြီးကို သူ့အိမ်က တုန်နေအောင် ကြောက်ရသည်။သူ့ဘေးတွင်ရှိသည့် နေအိမ်မှသူများကလည်း ထိုလူကြီးကို သတိထားနေရသည်။ကျနော်တို့က ငယ်သေးသဖြင့် ဦးချစ်မောင်အကြောင်းကို မသိတော့ မကြောက်တတ်။
ဒီလောက်ခင်ဖို့ကောင်းတဲ့ လူကြီးကို ဘာကြောင့် တစ်လမ်းလုံးကြောက်ကြရပါသလဲဟု မစဉ်းစားတတ်တော့။ ၁၉၈၈ ခုနှစ် အရေးအခင်းနောက် ရပ်ကွက်ဥက္ကဋ္ဌအဖြစ် တာဝန်ယူရသည့်အခါ လမ်းထဲ သူကြည့်မရသည့် လူငယ်တွေကို ဘိန်းဖြူရောင်းသည်ဆိုပြီး တစ်လမ်းလုံးရှိ လူငယ်မှန်သမျှဖမ်းခိုင်းမှ ဒီလူအတော်ကြောက်စရာကောင်းမှန်း သိသည်။ထိုလူကြီးမှာ ၁၉၈၉ ခုနှစ်တွင် သူ့ကြောင့် ထိခိုက်ခဲ့ရဖူးသည့် လူတစ်ယောက်က ချောင်းပြီး ဓားနှင့်ထိုးသဖြင့် သေခဲ့ပြီဖြစ်သည်။ဦးချစ်မောင် သေတော့ လမ်းထဲ သိပ်ပြီးမသနားကြ။သူ့အိမ်လည်း သူမရှိမှ အရပ်နှင့် ချစ်ချစ်ခင်ခင်နေလို့ရတော့သည်။

လူတစ်ယောက် ရယ်ပြသည်ကိုကြည့်ပြီး ဒီလူကတော့ သဘောကောင်းသည်ဟု ကျိန်းသေကာ မသတ်မှတ်လို့မရသလို မျက်နှာကျောတင်းပြီး ဘုဘောက်ပြောနေလို့လဲ ဒီလူအပေါက်ဆိုးလိုက်တာ သဘောထားယုတ်မည်ဟုလည်း ခန့်မှန်းလို့ရမည် မဟုတ်ပေ။ရပ်ထဲရွာထဲ လူမှန်၊ လူဖြောင့်မှန်သမျှမှာ အပိုစကားပြောတာရှားပြီး လူချစ်လူခင်နည်းသည် ထင်သော်လည်း တကယ်အရေးရယ်အကြောင်းရယ် ကိစ္စပေါ်သည့်အခါ ထိုသူတွေက ဖြောင့်မတ်စွာလုပ်ကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

တစ်ခါက အလုပ်ထဲတွင် အရမ်းသဘောကောင်းသည့် လူတစ်ယောက်ကို ကြုံရဖူးသည်။ထိုသူက မနက် အလုပ်သို့လာသည်နှင့် မျက်နှာချိုချိုဖြင့် တွေ့သည့်ဝန်ထမ်းကို ရယ်ပြလေ့ရှိသည်။ထိုသူနှင့် ရာထူးတူတစ်ယောက်မှာမူ ဆန့်ကျင်ဘက်။သူလုပ်ပေးစရာရှိတာ လုပ်ပေးသည်။ဆိုပါစို့။ဝန်ထမ်းထဲ သာရေးနာရေးပေါ်ပါက သာရေးဆို ဘယ်လောက်ဖိတ်ဖိတ်လာဖို့ မသေချာသော်လည်း နာရေးဆို မဖိတ်သော်လည်း ရောက်အောင်လာလေ့ရှိသည်။ထိုသူနှစ်ယောက်အတွက် ရာထူးတိုးပေါ်သည့်အခါ လူကြီးက မျက်နှာထားတည်တည်နှင့်လူကို ရာထူးတိုးပေးသဖြင့် ကျနော်တို့ ဝန်ထမ်းအများစုက လူကြီးမတရားဘူးဟု ထင်သည်။နောက်တော့ ရုံးမှာ ဌာနပစ္စည်း အလွဲသုံးစားလုပ်နေတာတွေ လုပ်နေသည်ဆိုပြီး ရုံးချုပ်သို့ အတိုင်ခံရသည်။နောက်ဆုံး ရုံးချုပ်ကဆင်းစစ်တော့ မတွေ့သဖြင့် ဘယ်သူမှအရေးယူမခံရ။နောက်တော့မှ ဘယ်သူ့လက်ချက်မှန်းသိသည်။မျက်နှာချိုချိုဖြင့် ရာထူးမရသည့် ကျနော်တို့ခင်သည့် အရာရှိဖြစ်နေသည်။ဒီလိုဖြစ်ပြီးနောက်ပိုင်း ထိုအရာရှိကို ကျနော်တို့က ရုံးမှာ ကြောင်ချီးဟုသာ ခေါ်ကြသည်။

ပြန်စဉ်းစားကြည့်သည့်အခါ အကျိုးလိုလို့ မျက်နှာချိုပြနေခြင်းဖြစ်ပြီး ဝမ်းထဲက ကောက်ကျစ်သည့်စိတ်ကို မပေါ်အောင် အပြုံးဖြင့် ဖုံးအုပ်ထားခြင်းဖြစ်သည်။ဒီတော့မှ လူကြီးဖြစ်သူက ဘာကြောင့် မျက်နှာထားခပ်မှန်မှန် အနေတည်သည့် အရာရှိကို ရာထူးတိုးဖို့ ထောက်ခံပေးရတာလဲဆိုတာ နားလည်မိတော့သည်။သဘောကတော့ ကိုယ့်အတွက် အဆင်ပြေနေသရွေ့ မျက်နှာဖုံးမကျွတ်ကျဘဲ  အဆင်မပြေတော့သည့်အခါမှ ပင်ကိုယ်စိတ်ရင်းက ပေါ်လာခြင်းဖြစ်သည်။

ထိုသို့သော ဟန်ဆောင်သဘောကောင်းခြင်းတွေ ဘုရားရှင်လက်ထက်ကလည်းရှိခဲ့သဖြင့် ဇာတက၀တ္တုတိုဖြင့် ဘုရားရှင်က ဟောခဲ့သည်။

ဘုရားဟောကြားခဲ့သည့်  ကကစူပမသုတ္တန်၊ ဝေဒေဟိကာ ဝတ္ထုကို ကြည့်ပါက ထင်ရှားစွာမြင်ရမည်ဖြစ်သည်။မြတ်စွာဘုရားက၊ ဝေဒေဟိကာ ဝတ္ထု၌ ...

“ရဟန်းတို့ --- ရှေး၌ဖြစ်ဖူးသည်ကား - ဤသာဝတ္ထိမြို့၌ပင် ဝေဒေဟိကာဟူသော တစ်ယောက် ရှိခဲ့ဖူး၏။ရဟန်းတို့ --- ထိုဝေဒေဟိကာ အိမ်ရှင်မ၏ ကောင်းသတင်းသည် 'ဝေဒေသည် သိမ်မွေ့ နူးညံ့သူဖြစ်၏။မိမိကိုယ်ကို နှိမ့်ချသူဖြစ်၏၊ ငြိမ်းအေးသူဖြစ်၏' ဟု ကျော်စောသည်။ရဟန်းတို့ --- ထိုဝေဒေဟိကာ အိမ်ရှင်မမှာ ကာဠိ-ဟူသော ကျွန်မလေးတစ်ယောက်ရှိ၏။ထိုကာသင့် ကျွမ်းကျင်သူ၊ မပျင်းရိသူ၊ အိမ်မှုကိစ္စတို့ကို ကောင်းစွာပြု စီရင်တတ်သူဖြစ်၏။

ရဟန်းတို့ --- တစ်နေ့၌ ကာဠိဟူသော ကျွန်မသည် 'ငါ့အရှင်မ၏ ကောင်းသတင်းသည် အတော်ကျော်စောနေ၏၊ ငါ့အရှင်မ၏ သန္တာန်၌ အမျက်ဒေါသရှိပါလျက် အပြင်မထွက်လေသလော သို့မဟုတ် အမျက်ဒေါသ တကယ်မရှိ၍ အပြင်မထွက်လေသလော သို့မဟုတ် အိမ်မှုကိစ္စတို့ကို ငါကကောင်းစွာပြု စီရင်ပေးသောကြောင့် သူ့သန္တာန်၌ အမျက်ဒေါသရှိပါလျက် အပြင်မထွက်လေသလော သို့မဟုတ် အမျက်ဒေါသ တကယ်မရှိ၍ အပြင် မထွက်လေသလော ထိုအကြောင်းကို သေချာသိရအောင် အရှင်မကို ငါစမ်းကြည့်ရလျှင် ကောင်းမည်' ဟု စဉ်းစား၏။ရဟန်းတို့ --- ကာဠိကျွန်မသည် ထိုသို့စမ်းကြည့်လိုသည့်အတွက် တစ်နေ့၌ နေမြင့်မှ အိပ်ရာထ၏။ထိုအခါ၌ ဝေဒေဟိကာက ကာဠိအား ဤသို့မေး၏

“ဟို ကာဠိ ---”

“ရှင် ---”

“ဟဲ့ ဘာဖြစ်လို့ နေမြင့်မှ အိပ်ရာထသလဲ”

“ဘာမှ မဖြစ်ပါဘူး”

“ဘာမှမဖြစ်ဘဲနှင့်များ၊ ကျွန်ယုတ်မနှယ် နေမြင့်မှ အိပ်ရာထရတယ်လို့” ဟု ပြောကာ စိတ်ဆိုးမာန်ဆိုးဖြင့် မျက်မှောင်ကြုတ်ပြ၏။

ရဟန်းတို့ --- ထိုအခါ၌ ကာဠိသည် “ငါ့အရှင်မ၏ သန္တာန်၌ အမျက်ဒေါသရှိပါလျက် အပြင်မထွက်ခြင်းဖြစ်၏။တကယ်မရှိ၍ မဟုတ်။တကယ်တော့ ငါက အိမ်မှုကိစ္စများကို ကောင်းစွာပြု စီရင်ပေးနေသောကြောင့်သာ သူ့သန္တာန်၌ရှိသော ဒေါသအမျက် အပြင်မထွက်ခြင်းဖြစ်၏။ဒေါသအမျက် တကယ်မရှိ၍ အပြင်မထွက်ခြင်း မဟုတ်။သေချာအောင် ငါ့အရှင်မကို တိုးပြီးစမ်းရလျှင် ကောင်းမည်” ဟု စဉ်းစားပြန်၏။

ရဟန်းတို့ --- နောက်တစ်နေ့၌ ကာဠိသည် ပိုပြီးနေမြင့်မှ အိပ်ရာထ၏၊ ရဟန်းတို့ --- ထိုအခါ၌ ဝေဒေဟိကာ က ကာဠိအား ဤသို့ဆို၏။

“ဟဲ့ ကာဠိ --- ဘာဖြစ်လို့ နေမြင့်မှ အိပ်ရာထသလဲ”

“ဘာမှ မဖြစ်ပါဘူး”

“ဘာမှ မဖြစ်ဘဲနှင့်များ၊ ကျွန်ယုတ်မနှယ် နေမြင့်မှ အိပ်ရာထရတယ်လို့” ဟု ပြောကာ စိတ်ဆိုးမာန်ဆိုးဖြင့် ဆဲဆိုကြိမ်းမောင်း၏။

ရဟန်းတို့ --- ထိုအခါ၌ ကာဠိသည် “ငါ့အရှင်မ၏ သန္တာန်၌ အမျက်ဒေါသရှိပါလျက် အပြင်မထွက်ခြင်းဖြစ်၏။တကယ်မရှိ၍ မဟုတ်။တကယ်တော့ ငါက အိမ်မှုကိစ္စများကို ကောင်းစွာပြု စီရင်ပေးနေသောကြောင့်သာ သူ့သန္တာန်၌ရှိသော ဒေါသအမျက် အပြင်မထွက်ခြင်းဖြစ်၏၊ ဒေါသအမျက် တကယ်မရှိ၍ အပြင်မထွက်ခြင်း မဟုတ်။ပိုသေချာအောင် ငါ့အရှင်မကို တိုးပြီးစမ်းရလျှင် ကောင်းမည်” ဟု စဉ်းစားပြန်၏။

ရဟန်းတို့ --- နောက်တစ်နေ့၌ ကာဠိသည် ပိုပြီးနေမြင့်မှ အိပ်ရာထ၏။ရဟန်းတို့ --- ထိုအခါ၌ ဝေဒေဟိကာ က ကာဠိအား ဤသို့မေး၏

“ဟဲ့ ကာဠိ ----”

“ရှင် ----”

“ဟဲ့ ဘာဖြစ်လို့ နေမြင့်မှ အိပ်ရာထသလဲ”

“ဘာမှ မဖြစ်ပါဘူး”

“ဘာမှ မဖြစ်ဘဲနှင့်များ၊ ကျွန်ယုတ်မနယ် နေမြင့်မှ အိပ်ရာထရတယ်လို့” ဟု ပြောကာ စိတ်ဆိုးမာန်ဆိုးဖြင့် တံခါးကျင် (ကန့်လန့်ကျင်) ကို ယူပြီး ကာဠိ၏ ဦးခေါင်းကို ရိုက်ခွဲ၏။

ရဟန်းတို့ --- ထိုအခါ၌ ကာဠိသည် သွေးသံရဲရဲ ကွဲနေသော ဦးခေါင်းကြီးဖြင့် “အရပ်ကတို့ --- သိမ်မွေ့ နူးညံ့သူ၏လုပ်ရပ်ကို ကြည့်ကြပါဦး၊ မိမိကိုယ်ကိုနှိမ့်ချသူ၏လုပ်ရပ်ကို ကြည့်ကြပါဦး၊ ဘယ့်နှယ့်တော်၊ နေမြင့်မှ အိပ်ရာထရမလားဆိုပြီး စိတ်ဆိုးမာန်ဆိုးဖြင့် တံခါးကျင်ကိုယူပြီး ကျွန်မလေးတစ်ယောက်၏ ဦးခေါင်းကို ရက်ရက်စက်စက် ရိုက်ခွဲရတယ်လို့” ဟု အိမ်နီးချင်းတို့အား ပြောဆိုတိုင်တန်းရှာ၏။

ရဟန်းတို့ --- ထိုအခါမှစ၍ “ဝေဒေဟိကာ အိမ်ရှင်မသည် ကြမ်းတမ်း၏။ရိုင်းစိုင်း၏။ခက်ထန်၏” ဟု ဝေဒေဟိကာ၏ သတင်းဆိုးသည် ပျံ့နှံ့သွားတော့၏။

ရဟန်းတို့ --- ထို့အတူပင် ဤသာသနာတော်၌ တချို့ရဟန်းသည် မနှစ်သက်ဖွယ် မိမိကိုမထိသေးမီ အလွန်နူးညံ့သူ၊ မိမိကိုယ်ကို အလွန်နှိမ့်ချသူ၊ အလွန်ငြိမ်းအေးသူဖြစ်၏။ထိုရဟန်းကို တကယ်နူးညံ့သူ၊ တကယ် မိမိကိုယ်ကိုနှိမ့်ချသူ၊ တကယ်ငြိမ်းအေးသူ မထိုက်သေး။မနှစ်သက်ဖွယ်စကားများ မိမိကိုထိကြပါလျက် အလွန်နူးညံ့၊ မိမိကိုယ်ကို အလွန်များ အလွန်ငြိမ်းအေးသော ရဟန်းကိုသာ တကယ်နူးညံ့သူ၊ တကယ် မိမိကိုယ်ကိုနှိမ့်ချသူ၊ တည်ငြိမ်အေးချမ်းသူဟု ဆိုလိုက်၏။

ဘုရားဟောကဲ့သို့ပင် လောက၌ မိမိအကျိုးစီးပွားနှင့် သဘောကို မထိသမျှ မျက်နှာချိုရုံ၊ သဘောကောင်းရုံနှင့် ထိုသူမှာ ကောင်းသည်ဟုမှတ်ယူရန် ခက်သည်။ထိုသို့သောသူများသည် ဘုရားရှင်မပွင့်မီမှပင်  ယနေ့တိုင်အောင် ရှိကြသည်။ထိုသူများအတွက် မြန်မာ့လူ့ဘောင်တွင် နှုတ်ချိုပါက သတိထားဖို့၊ မျက်နှာထားချိုလေ ဝမ်းတွင်းကောက်တတ်လေဟု ဥပမာပေးကြသည်ကိုလည်း တွေ့ရသည်။ထိုထဲတွင် မျက်နှာထားလည်းချို၊ စိတ်ထားလည်းကောင်းသည့် လူတချို့တလေတော့ရှိသည်။သို့သော် ထိုသို့မျိုးကား ရှိခဲလှသည်။ကျနော်တို့ လုပ်ငန်းခွင်၊ ကျောင်းနှင့် ရပ်ကွက်ထဲ ကြုံသမျှ နှုတ်ချို၊ မျက်နှာချိုသူများမှာ စိတ်ထား သိပ်အကောင်းကြီးမဟုတ်သည်ကို သတိထားမိသည်။ထိုသူတွေ မျက်နှာချိုချို၊ အပြုံးချိုချိုအောက်က စိတ်တွင် ဘာတွေတွေးနေသည်၊ ဘယ်လိုစိတ်တွေမွေးနေသည်ကို ခန့်မှန်းရခက်လှသည်။ထိုအချက်ကတော့ ငြင်းမရနိုင်အောင် မှန်လှသည်။

တစ်ယောက်နှင့် တစ်ယောက် စိတ်ရင်းမှန်ဖြင့် ဆက်ဆံရန်ခက်နေသည်အချိန်တွင် ရုပ်ရှင်ဇာတ်ကားတစ်ကားအမည်ကိုသာ အကောင်းဆုံးသတိပေး ညွှန်းချင်ပါသည်။ထိုဇာတ်ကားအမည်မှာ “ပြုံးနေရင် သတိထား” ဆိုသည့် ရုပ်ရှင်ဇာတ်ကားသာဖြစ်သည်။ဆိုသည်က အကြောင်းမရှိဘဲ သိကျွမ်းခြင်းမရှိဘဲ ပြုံးနေပါက သတိသာထားဆိုသည့် သတင်းစကားပဲဖြစ်ပါသည်။

ဖြိုးဝေလှ
ဒီဇင်ဘာ - ၂