【 ဆောင်းပါး 】 ရန်ကုန် အကြောင်း

【 ဆောင်းပါး 】 ရန်ကုန် အကြောင်း

   ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဘယ်လိုဖြစ်လာသလဲဆိုတာ ဒီရက်ပိုင်းမှာ လူမှုကွန်ရက်တွင် ပေါ်ထွက်လာနေသည့် ပို့စ်တစ်ခုကို တွေ့ရသည်။
   ထိုပို့စ်ကို အတော်များများက ရှယ်ထားသလို အတော်လည်း ဝင်ကြည့်ခဲ့ကြသည်။ကျနော်ကိုယ်တိုင်လည်း ထိုပို့စ်ကို ဝင်ကြည့်သလို မသိတာလေးတွေ အတော်များများကို သမိုင်းကြောင်းနှင့်နွယ်ပြီး သိရသဖြင့် အတော်လေးကို သဘောကျနှစ်ခြိုက်မိသည်။
   ရန်ကုန်မှာနေပြီး ရန်ကုန်အကြောင်းကို သေသေချာချာမသိတာတော့ အမှန်။ကိုယ်နေသည့်မြို့နယ်၏ သမိုင်းကြောင်းကို သေသေချာချာတောင် မသိ။ထိုပို့စ်လေးဖတ်ပြီး ရန်ကုန်မြို့၏ မြို့နယ်တွေ၊ ရပ်ကွက်တွေအကြောင်းကို သိဖို့ လိုက်ရှာမိသည်။ 
   ၁၇၅၅ ခုနှစ်တွင် စတည်ထားသည်ဟုဆိုသော ရန်ကုန်သည် ထိုအချိန်က ပင်လယ်ဆိပ်ကမ်းက တံငါရွာလေးသာသာရှိခဲ့သည်။ခန့်မှန်းဖော်ပြမှုများအရဆိုလျှင် ရန်ကုန်ဆိုပြီး စတင်တည်ထောင်စဉ် လူဦးရေက တစ်ထောင်သာသာရှိခဲ့ကြောင်းဆိုသည်။ထိုခေတ်သည့် မြန်မာဘုရင် ကုန်းဘောင် မင်းဆက် စတည်ထောင်သူ အလောင်းမင်းတရားလက်ထက်ဖြစ်ပြီး ထိုစဉ်က မြို့ဧရိယာအကျယ်မှာ နှစ်မိုင်ခန့်သာရှိကြောင်း ဆိုသည်။ထိုနှစ်မိုင်ခန့်ဆိုသည်မှာ စတုရန်းမိုင်တစ်မိုင်၏ ရှစ်ပုံတစ်ပုံခန့်ရှိသည်ဆိုရာ ရွာကြီးတစ်ရွာ၏ အကျယ်အဝန်းလောက်သာရှိသည့် သဘောဖြစ်သည်။ 
   အစောပိုင်းသမိုင်းများတွင်တော့ ရန်ကုန်ရှိရာ အရပ်မှာ ပင်လယ်ဆိပ်ကမ်းအဖြစ် လှေသမ္မာန်များနှင့် သင်္ဘောများ ဆိုက်ကပ်ရာ ဆိပ်ခံတစ်ခုသာဖြစ်ပြီး မွန်လူမျိုးများက အေဒီ ၆ ရာစုလောက်ကတည်းက ဒဂုံအဖြစ် တည်ထောင်ခဲ့ကြတာဟု ဆိုထားသည်။ထိုအချိန်တွင် ရွှေတိဂုံစေတီတော်ရှိနေပြီဖြစ်ပြီး ဒဂုံဆိုသည်မှာလည်း ဒဂုင်လွုင်ဟူသော ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့အမည်မှ ဆင်းသက်လာတာဖြစ်ကြောင်း ဆိုထားသည်။
   ထိုခေတ်ကျော်ပြီး အလောင်းမင်းတရားအောက်သို့စုန်ဆင်းရာတွင် ထိုအရပ်ကို အောင်နိုင်ခဲ့သဖြင့် ရန်ကုန်ဟု သမုတ်ကာ မြို့အဖြစ် သတ်မှတ်ခဲ့ကြောင်း ဖော်ပြခဲ့တာကို တွေ့ရသည်။ထိုနှစ်ကို သမိုင်းမှတ်တမ်းများတွင် အေဒီ ၁၇ ရာစုအလယ် (၁၇၅၅ ခုနှစ်) ဟု ဖော်ပြထားရာ ရန်ကုန်တွင် မွန်လူမျိုးများက နှစ်တစ်ရာ‌ကျော်စောကာ အခြေချနေထိုင်ခဲ့ကြသည့် သဘောပင်ဖြစ်သည်။
   ရန်ကုန်နှင့်ပတ်သက်ပြီး ပထမဆုံးမြင်ရသည်က ရန်ကုန်မြစ်ကနေ ရွှေတိဂုံစေတီတော်ကို ရေးဆွဲထား သည့် ပန်းချီကားဖြစ်ပြီး ထိုပန်းချီကားအရဆိုလျှင် ယခု ရန်ကုန်မြို့၏ ဗဟိုချက်အဖြစ် ထားကြသည့် ရွှေတိဂုံစေတီတော်ကို ဆိပ်ကမ်းနှင့် အရမ်းမဝေးကွာသည်ကို တွေ့ရသည်။
   အစောပိုင်းမြင်ရသည့် ဓာတ်ပုံတွင် ဆူးလေစေတီမှာ ရေစပ်စပ်နှင့် ကပ်နေသည်ကို တွေ့ရသည်ဖြစ်ရာ ယခုအနေအထားနှင့် ပြန်ကြည့်ပါက မြို့မှာ ပင်လယ်ဘက်သို့ ချဲ့ထွင်လာသည့် သဘောဖြစ်လေသည်။
   ထိုကာလဆိုလျှင် မြန်မာနိုင်ငံအောက်ပိုင်းဒေသများ အင်္ဂလိပ်လက်အောက် ကျရောက်နေသည့် ကာလ ဖြစ်နိုင်ပြီး ၁၈၅၃ ခုနှစ်ဝန်းကျင် ဖြစ်နိုင်ပေသည်။နှစ်တစ်ရာအတွင်း ရန်ကုန်သည် မြို့ပြပုံစံမျိုးဖြစ်လာစပြုနေသည်ကို ရိုက်ကူးသည့် ခုနှစ်သက္ကရာဇ် မဖော်ပြထားသည့် ထိုဓာတ်ပုံတွင် အထင်အရှားမြင်ရသည်။
   ယခင်က ရန်ကုန်မှာ ရွှေတိဂုံဘုရားကို ဗဟိုပြုထားပြီး သေးငယ်သော ငါးဖမ်းရွာလေးတစ်ရွာသာဖြစ်ခဲ့ရာမှ ၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်တွင် အင်္ဂလိပ်များက ရန်ကုန်နှင့် အောက်မြန်မာပြည် အားလုံးကိုသိမ်းယူကာ စစ်အင်ဂျင်နီယာဗိုလ် အလက်ဇန္ဒားဖရေဇာ၏ ဒီဇိုင်းပုံစံကို အခြေပြု၍ ဂရစ်စီမံချက်ဖြင့် မြို့တော်သစ်တစ်ခု တည်ဆောက်ခဲ့ သည်။ထိုမြို့တော်သစ်ကို အရှေ့ဘက်၌ ပုစွန်တောင်ချောင်းငယ်၊ အနောက်ဘက်တွင် ရန်ကုန်မြစ်ကို နယ်နိမိတ် သတ်မှတ်ပြီး တည်ဆောက်ခဲ့ရာ ၁၈၉၀ ခုနှစ်များတွင် ရန်ကုန်မြို့မှာ လူဦးရေတိုးပွားလာမှုနှင့် အခြားကုန်သွယ်မှုကြောင့် တိုးတက်ဖွံ့ဖြိုးလာခဲ့ရာ တော်ဝင်ကန် (ယခု ကန်တော်ကြီး) နှင့် အင်းယားကန်မြောက်ဘက်ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် ချမ်းသာကြွယ်ဝသည့် လူနေအိမ်ခြေများရှိလာခဲ့သည်။
   ကိုလိုနီခေတ် ရန်ကုန်ကို ၎င်း၏ကျယ်ပြန့်သောပန်းခြံများ၊ ရေကန်များ၊ ရောပြွမ်းနေသည့် ခေတ်မီအဆောက်အအုံများနှင့် ရှေးရိုးအတိုင်း သစ်သားတို့ဖြင့် ဆောက်လုပ်ထားသည့် ဗိသုကာလက်ရာများတို့ဖြင့် “အရှေ့တိုင်း၏ ဥယျာဉ်မြို့တော်” အဖြစ် သိရှိလာခဲ့ကြသည်။ ၂၀ ရာစုနှစ် အစောပိုင်းတွင် ရန်ကုန်မြို့၌ လန်ဒန်မြို့နှင့် တန်းတူ ပြည်သူလူထု ဝန်ဆောင်မှု လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံတို့ ရှိလာခဲ့သည်။
   ၁၉၄၈ လွတ်လပ်ရေးရသည့်အချိန်မှ စတင်၍ ရန်ကုန်မြို့ကို ပြင်ပသို့ ချဲ့ထွင်ခဲ့သည်။ ၁၉၅၀ ခုနှစ်များ၌ သာကေတ၊ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပမြို့နယ်တို့ကိုလည်းကောင်း၊ ၁၉၈၀ ခုနှစ်များ၌ လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ်မြို့နယ်ကို လည်းကောင်း တိုးချဲ့မြို့နယ်သစ်များကို တည်ဆောက်ခဲ့ကြသည်။ ၁၉၈၀ နှောင်းပိုင်းနှစ်များမှ စတင်၍ မြို့တော်သည် မြောက်ဘက် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ရှိနေသည့် နေရာအထိ လျင်မြန်စွာ ကျယ်ပြန့်လာသည်။ သို့ရာတွင် ထွက်ပေါ်လာသည့် အဖြေမှာ မြို့တော်ကို နောက်ပိုင်းသို့ ဖြန့်ချခြင်းဖြစ်သည်။ ၁၉၉၀ ခုနှစ် အလယ်နှစ်များတိုင်အောင် ရန်ကုန်သည် ပဲခူး၊ ရန်ကုန်နှင့် လှိုင်မြစ်တို့အကြား ရှေးရိုးကျွန်းဆွယ်နှင့်တူသော အသွင်သဏ္ဌာန်ဖြင့် ပင်ကိုအတိုင်း တည်ရှိနေခဲ့သည်။ လူအများအပြား ပြောင်းရွှေ့ဝင်ရောက်လာကြသော်လည်း မြို့တော်မှာ အပြင်ဘက်သို့ အနည်းငယ်မျှသာ ပြောင်းရွှေ့မှုရှိသည်။
   ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ရန်ကုန်မှာ အနောက်ဘက်နှင့် အရှေ့ဘက်သို့ ကျယ်ပြန့်လာရာ မြို့ဧရိ ယာမှာ ယခင်နှင့်မတူ လူဦးရေ ဆယ်သန်းအထက်ရှိသည့် ကမ္ဘာ့မြို့ကြီးများစာရင်းဝင် မြို့များအတိုင်း ကြီးမားလာခဲ့သည်။ မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့ စီးဝင်ရာ မုတ္တမပင်လယ်ကွေ့မှ ၃၀ ကီလိုမီတာ (၁၉ မိုင်) ကွာဝေးသည့် နေရာတွင်တည်ရှိသည့် ရန်ကုန်မြို့မှာ ၁၉၀၁ ခုနှစ်တွင် ၇၂.၅၂ စတုရန်းကီလိုမီတာမှ ၁၉၄၀ ခုနှစ်တွင် ၈၆.၂ စတုရန်းကီလိုမီတာ၊ ၁၉၇၄ ခုနှစ်တွင် ၂၀၈.၅၁ စတုရန်းကီလိုမီတာ၊ ၁၉၈၅ ခုနှစ်တွင် ၃၄၆.၁၃ စတုရန်းကီလိုမီတာနှင့် ၂၀၀၈ ခုနှစ်တွင် ၅၉၈.၇၅ စတုရန်းကီလိုမီတာသို့ တဖြည်းဖြည်းတိုးမြှင့်လာခဲ့ရာ ယခုအခါ  စတုရန်းကီလိုမီတာ ၆၀၀ ခန့် ကျယ်ဝန်းလာခဲ့ပြီဖြစ်လေသည်။
   ဖြိုးဝေလှ