【 ဆောင်းပါး 】 လူတွေကို ဘယ်လိုစီမံခန့်ခွဲကြမလဲ ?

【 ဆောင်းပါး 】 လူတွေကို ဘယ်လိုစီမံခန့်ခွဲကြမလဲ ?

စီမံအုပ်ချုပ်ရေးရာဆိုတာ ဘာကို ဆိုလိုတာလဲ ?

သူ့ကို အဓိပ္ပာယ်ဖွင့်ဆိုထားတာတွေ အမျိုးမျိုးအဖုံဖုံရှိပါတယ်။အနှစ်ချုပ်လိုက်ရင်တော့ “စီမံအုပ်ချုပ်ရေး Management ဆိုတာက ရည်မှန်းချက်ပန်းတိုင် တစ်စုံတရာကို ရောက်ရှိဖို့အတွက် မိမိမှာရှိတဲ့ အရင်းအမြစ်တွေကို အစွမ်းကုန်အသုံးချ၍ ဆောင်ရွက်ခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။

“မိမိအဖွဲ့အစည်းရဲ့  ရည်မှန်းချက် ပေါက်မြောက်ဖို့အတွက် မိမိရဲ့ ရင်းမြစ်တွေရဲ့ တစ်ဦးတစ်ယောက်ချင်း၊ တစ်စုံတစ်ခုချင်းရဲ့ စွမ်းအားတွေကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချပြီး ဆောင်ရွက်ခြင်း” ဆိုပြီး လူစီယာက ၂၀၂၁ က ဖွင့်ဆိုခဲ့ပါတယ်။စီမံအုပ်ချုပ်ခြင်းဆိုတဲ့ စကားရပ်အပေါ် ကျွန်တော်တို့ နားလည်သဘောပေါက်သလို အဓိပ္ပာယ်ဖွင့်ဆိုကြည့်မယ်ဆိုရင် “အခြားသူတွေရဲ့ စွမ်းအား/အရည်အချင်းနဲ့ မိမိရဲ့အဖွဲ့အစည်း ဒါမှမဟုတ် မိမိဆောင်ရွက်လိုတဲ့ အလုပ်များကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်း” ဆိုတဲ့ သဘောတရားက အဓိကဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။အဲဒီမှာ မန်နေဂျာတစ်ယောက်အတွက် လိုအပ်လာတဲ့ အရည်အချင်းက ကုမ္ပဏီ ဒါမှမဟုတ် ကိုယ့်အဖွဲ့အစည်းရဲ့ ရေတို ရေရှည် ရည်မှန်းချက်ပန်းတိုင်ကို ပေါက်မြောက် အောင်မြင်စေဖို့အတွက် ကိုယ့်အရင်းအမြစ် (လူအင်အား၊ ငွေအင်အား၊ အချိန်) တွေကို ဘယ်လိုအထိရောက်ဆုံး စီမံခန့်ခွဲမလဲ၊ အသုံးပြုမလဲ ဆိုတာပါပဲ။

ကျွန်တော် မန်နေဂျာဘဝကို စတင်ရောက်ရှိခဲ့တဲ့ ၁၉၉၅ ခုနှစ် မြန်မာ ဆမ်ပိုးနား တိုဘက်ကိုး ကုမ္ပဏီလိမိတက် ကာလတုန်းဆီက ကျွန်တော်ရဲ့ mentor ဖြစ်ခဲ့တဲ့ Mr. Patrick Wong သင်ပေးခဲ့တဲ့ လိုတိုရှင်းကတော့ Planning (အစီအစဉ် ရေးဆွဲခြင်း)၊ Implementing (အကောင်အထည်ဖော်ဆောင်ရွက်ခြင်း)၊ Monitoring/ Controlling (စောင့်ကြပ်ကြည့်ရှုခြင်း/ကြီးကြပ်ထိမ်းကွပ်ခြင်း)၊ Feedback (Report) (တုန့်ပြန် သတင်း ပေးပို့ခြင်း) ပါတဲ့၊ အဓိက Manager process (မန်နေဂျာလုပ်ငန်းစဉ်) ၄ ဆင့်လို့ အလွယ်တကူ မှတ်သားနိုင်ပါတယ်။

ဒီနေရာမှာ တစ်ခုပြောစရာရှိတာက မန်နေဂျာလို့ဆိုလိုက်ရင် ကြီးကြပ်ရေးမှူးတို့၊ အဖွဲ့ခေါင်းဆောင်တို့က စလို့၊ မန်းနေးဂျင်းဒါရိုက်တာ၊ အထွေထွေမန်နေဂျာတို့လို ရာထူးတာဝန်အထိ အကျုံးဝင်ပါတယ်။နောက်ပြီး အသင်းအဖွဲ့တစ်ခုကို စီမံအုပ်ချုပ်ရတဲ့ တာဝန်အပြင် မိမိကိုယ်ကိုယ် စီမံအုပ်ချုပ်ရတဲ့ တာဝန်လည်း အကျုံးဝင်နိုင်ပါတယ်။အဲဒီ မန်နေဂျာအဆင့်တိုင်းရဲ့ ကဏ္ဍမှာ မိမိအထက်နဲ့ အောက် လူတွေကြားမှာ ပေါင်းကူးဆောင်ရွက်ပေးရမယ့် တာဝန်ရှိတယ်ဆိုတာကို အမြဲသတိထားသင့်ပါတယ်။မိမိအထက်လူက သိချင်သမျှ၊ မိမိအောက်လူက သိချင်သမျှ မိမိကိုပဲ မေးမြန်းစုံစမ်းမယ်၊ အကြံဉာဏ်တောင်းမယ်ဆိုတာကို အစဉ်သတိချပ်နေပြီး အဲဒီအတွက် အမြဲအသင့်ဖြစ်အောင် နေသင့်ပါတယ်။

Planning (အစီအစဉ် ရေးဆွဲခြင်း)

အစီအစဉ်ရေးဆွဲ (Planning) တယ် ဆိုတာက အလုပ်တစ်ခုကို စလယ်ဆုံး ကျကျနန ဆောင်ရွက်နိုင်ဖို့အတွက် လက်တွေ့မလုပ်ဆောင်မီ အရင်ဦးစွာ စိတ်ကူးနဲ့လုပ်ကြည့်ခြင်းပင်ဖြစ်ပါတယ်။မိမိရဲ့ကုမ္ပဏီအဖွဲ့အစည်း ဖြစ်စေချင်တဲ့ ဦးတည်ချက်အတိုင်း ဖြစ်ပေါ်လာစေဖို့အတွက် ရှေ့ရေးကို ကြိုတင်မျှော်တွေးပြီး၊ ဖြစ်မြောက် အောင်မြင်စေနိုင်လောက်သော လုပ်ငန်းစဉ်များကို စဉ်းစားရေးဆွဲခြင်းကို ဆိုလိုပါတယ်။

Plan Your Work, Work Your Plan ဆိုတဲ့ စကားအတိုင်း မိမိလုပ်မယ့် အလုပ်ကို အစီအစဉ်ရေးဆွဲပြီး၊ ထိုအစီအစဉ်အတိုင်း လုပ်ဆောင်သွားရုံဖြစ်ပါတယ်။ Plan တစ်ခု ရေးဆွဲရာမှာ လိုက်နာ လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်းများစွာရှိပါတယ်။ဝန်ထမ်းတော်တော်များများဆီက ကြားရလေ့ရှိတဲ့ စကားကတော့ “Plan လုပ်တာက လုပ်တာပဲ၊ လက်တွေ့မှာ အဲဒီအတိုင်းဖြစ်ဖို့ ခဲယဉ်းတယ်” ဆိုတဲ့ သဘောမျိုးရှိတဲ့ စကားတွေပဲဖြစ်တယ်။ဒါအမှန်ပဲလား။လုပ်ငန်းကြီးတွေမှာဆိုရင် တစ်နှစ် Plan ကစလို့ ၃ နှစ်၊ ၅ နှစ်၊ ၁၀ နှစ်၊ နှစ် ၂၀ Plan တွေ ရေးဆွဲကြတယ်။ Plan တွေကောင်းသလောက် တိကျမှုရှိသလောက် ကုမ္ပဏီတွေက တိုးတက်ဖွံ့ဖြိုးပြီး သက်ဆိုးရှည်ကြတယ်။အစီအစဉ် အစီအမံ မကောင်းတဲ့ ကုမ္ပဏီတွေကျတော့ မျှော်မှန်းသလောက် မအောင်မြင်၊ ငွေကုန် လူပမ်းသလောက် အရာမထင်ဘဲ ကျရှူံးသွားကြရတယ်။ဆိုတော့ အဲလိုမကျရှုံးအောင် ရေးဆွဲသင့်တဲ့ လမ်းညွှန် (ကျွန်တော် သဘောကျတဲ့ လမ်းညွှန်) လေးကတော့... “သင် အခု ဘယ်မှာရောက်နေသလဲ” >>> “သင် ဘယ်ကိုသွားချင်တာလဲ” >>> “အဲဒီကိုသွားဖို့ ဘာတွေလိုအပ်သလဲ၊ ဘာတွေလုပ်ရမှာလဲ” >>>> “ကိုယ့်လိုရာပန်းတိုင်ကို ရောက်ပြီဆိုတာ ဘယ်လိုသိနိုင်မလဲ” တဲ့။ပေးထားတဲ့ ဥပမာလေးက မိမိက အခု ရန်ကုန်မှာ၊ မန္တလေးကို သွားချင်တယ် ဆိုပါစို့၊ မန္တလေးကို သွားနိုင်တဲ့ လမ်းဘယ်နှစ်မျိုးရှိလဲ (ရထား၊ express ကား၊ လေယာဉ်ပျံ စသည်)၊ ဘယ်နည်းနဲ့သွားချင်ရင် ကုန်ကျစရိတ်၊ အချိန်ဘယ်လောက်သုံးရမလဲ၊ ဘယ်နည်းကို ရွေးချယ်မလဲ။မိမိသွားချင်တဲ့ မန္တလေးကို ရောက်ပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။ဒီအခြေခံလေးကို စဉ်းစားပြီး မိမိရဲ့ plan အစီအစဉ်ကို ရေးဆွဲမယ်ဆိုရင် လုပ်ငန်းစဉ်အဆင့်ဆင့် မှတ်ရတာလည်း လွယ်သလို၊ လုပ်ရမယ့်ကိစ္စ ကျန်ခဲ့တာမျိုး၊ တစ်ဝက်တစ်ပျက်နဲ့ ရပ်ဆိုင်းသွားတာမျိုး မရှိသလောက်နည်းအောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်။

Plan အစီအစဉ်ဆွဲတိုင်း အမြဲမမေ့မလျော့ ထည့်စဉ်းစားရမှာကတော့ 3Ms လို့ အလွယ်တကူ မှတ်သားနိုင်တဲ့ Man (လူအင်အားရင်းမြစ်)၊ Money (လိုငွေ ဘတ်ဂျက်)၊ နဲ့  Minute (ဘယ်အလုပ်ကို ဘယ်တော့စလုပ်မယ်၊ အချိန်ဘယ်လောက်အတွင်း ပြီးအောင်လုပ်မယ်၊ စတဲ့ လိုအပ်တဲ့အချိန် timeline) တို့ ဖြစ်ပါတယ်။ Plan တိုင်းမှာ အဲဒီ M ၃ ခု အတိအကျပါမှ လက်တွေ့လုပ်နိုင်မှာဖြစ်ပါတယ်။အခုခေတ်တော့ Plan လုပ်တဲ့ software applications/tools တွေ အများကြီးရှိနေပြီမို့ ကိုယ့်အလုပ်နဲ့ ကိုက်ညီမယ့်ဟာကို ရွေးချယ်ပြီး အလွယ်တကူလုပ်လို့ရနေပါပြီ။ခုနက ပြောခဲ့တဲ့ အခြေခံအချက်လေးတွေ မမေ့အောင် ထည့်စဉ်းစားပြီး လုပ်မယ်ဆိုရင် သပ်ရပ်ကောင်းမွန်တဲ့ Plan အစီအစဉ်လေးတွေ ရေးဆွဲနိုင်မှာပါ။

Implementing (အကောင်အထည်ဖော် ဆောင်ရွက်ခြင်း)

Plan အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ကြတဲ့ နေရာမှာ အဖွဲ့ဝင်တိုင်းက ဆောင်ရွက်မယ့် လုပ်ငန်းနဲ့ မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို သိနေရမယ်။မိမိလုပ်ရမယ့်အလုပ်၊ မိမိတာဝန်၊ လုပ်ငန်းစဉ်အဆင့်ဆင့်၊ မိမိလုပ်ပိုင်ခွင့် စတာတွေကို အတိအကျ သိနေရမယ်။မသိရင် သေချာသိအောင် လုပ်သင့်ပြီး၊ တတ်ယောင်ကားနဲ့ အဲဒီလိုထင်လို့ လုပ်လိုက်တာပဲဆိုတာမျိုး မဖြစ်သင့်ဘူး။အမိန့်ပေးမှ ထလုပ်တာမျိုးလည်း မဖြစ်အောင် လုပ်ထားဖို့ လိုတယ်။ဒီလိုဖြစ်နေအောင် အစီအစဉ်မှာပါတဲ့သူတိုင်းက မိမိအသိစိတ်နဲ့ မိမိပြင်ဆင် လုပ်ဆောင်ထားရမှာဖြစ်သလို၊ ဦးဆောင်တဲ့သူကလည်း သေချာအောင် (အစည်းအဝေးခေါ်ပြီး ရှင်းပြတာ၊ တစ်ဦးချင်းလုပ်ရမယ့် တာဝန်ကို သေချာပေးအပ်တာ၊ line of command လို့ ခေါ်တဲ့ ဘယ်သူက ဘယ်သူညွှန်ကြားတာကို နာခံရမယ်၊ ဘယ်သူက ဘယ်သူ့ကို လုပ်ငန်းအခြေအနေ အစီရင်ခံတင်ပြရမယ်ဆိုတာကို) တိတိကျကျ လုပ်ပေးထားသင့်တယ်။ အလုပ်တာဝန်အလိုက် ကျွမ်းကျင်သင့်လျော်တဲ့ ဝန်ထမ်းကို လူမှန် နေရာမှန် တာဝန်ပေးတတ်ဖို့လည်း အလွန်အရေးကြီးပါတယ်။

တစ်ဦးချင်းစီ တာဝန်အပြင် check list လို့ ခေါ်တဲ့ လုပ်ရမယ့် အလုပ်စာရင်းနဲ့ ပြီးစီးကြောင်း အမှန်ခြစ် မှတ်သားတဲ့ ဇယားတွေ ပေးအပ်ထားသင့်ပါတယ်။အစီအစဉ် Plan ကို အကောင်အထည်ဖော်ရာမှာ ပါဝင်ရမယ့် လူတိုင်းက ဖော်ပြခဲ့တဲ့ 3Ms ကို အလေအလွင့်မရှိအောင် ထိန်းသိမ်းလုပ်ဆောင်ရမယ်ဆိုတဲ့ အသိစိတ်ဓာတ်မျိုးထားအောင် လုပ်ဆောင်သင့်ပါတယ်။ရံဖန်ရံခါ လုပ်ငန်းအောင်မြင်ပေမယ့်၊ ကုန်ကျစရိတ်များလို့၊ လူပိုတွေများနေလို့၊ လုပ်ရမယ့် အလုပ်ကို သေချာမသိလို့ အချိန်ကုန် လူပမ်းဖြစ်လို့ စသဖြင့် အဆုံးအရှုံးနဲ့ ရင်ဆိုင်ရတာမျိုး၊ အကျိုးအမြတ်ရသင့်သလောက် မရတာမျိုးတွေ ဖြစ်တတ်လို့ပါ။

Monitoring/Controlling (စောင့်ကြပ်ကြည့်ရှုခြင်း/ကြီးကြပ်ထိန်းကွပ်ခြင်း)

မိမိရေးဆွဲထားတဲ့ ရေတို ရေရှည် Plan အစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ စီစဉ်သလိုမဖြစ်၊ စီစဉ်တာနဲ့ လက်တွေ့မြေပြင်ဖြစ်ရပ်တွေက တလွဲစီဖြစ်ပြီး အစီအစဉ်တွေ ဖယိုဖရဲ မအောင်မမြင်ဖြစ်ကြတာ အများစုရဲ့ အဓိကအကြောင်းရင်းက အခုပြောမယ့် Monitoring/ Controlling (စောင့်ကြပ်ကြည့်ရှုခြင်း/ကြီးကြပ်ထိန်းကွပ်ခြင်း) အပိုင်းမှာ လစ်ဟာသွားလို့၊ သေသေချာချာ မလုပ်မိလို့ ဖြစ်ရတာပါ။မန်နေဂျာ တော်တော်များများက Planning ပြီးလို့ Implementing အပိုင်းတွေ စလုပ်ပြီဆိုတာနဲ့ တာဝန်ပြီးပြီလို့ ခံစားရတယ် ထင်တယ်။နောက်ဆက်တွဲ စောင့်ကြပ်ကြည့်ရှူတာ၊ ကြီးကြပ်ထိန်းကွပ်တာတွေ ဆက်လုပ်ဖို့ လစ်ဟင်းတတ်ကြတယ်။အမှန်တော့ Plan အစီအစဉ်ဆိုတာက အရင်အတွေ့အကြုံတွေ၊ စာရင်းဇယားမှတ်တမ်းတွေအရ ဖြစ်တန်စွမ်းရည်များတဲ့ အချက်တွေပေါ်မှာသာ အခြေခံပြီး ရေးဆွဲထားတာဖြစ်လို့ လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ ကိုယ့်အစီအစဉ်အတိုင်း လုပ်ကြရဲ့လား (လုပ်လို့ရရဲ့လား) ဖြစ်ရဲ့လားဆိုတာ စောင့်ကြပ်ကြည့်ရှူဖို့ အလွန်အရေးကြီးပါတယ်။ Plan B ဆိုတာ ကြားဖူးမှာပေါ့။ကိုယ်စီစဉ်သမျှဟာ စိတ်ကူးထားတဲ့အတိုင်း အတိအကျအောင်မြင်မယ်၊ လုပ်ဆောင်နိုင်မယ်ဆိုတာ ရာနှုန်းပြည့်ကြီးတော့ သေချာတဲ့ကိစ္စ မဟုတ်ပါဘူး။လက်တွေ့ မြေပြင်မှာ ဖြစ်လာတဲ့ အခြေအနေပေါ် မူတည်ပြီး၊ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကနေ သွေဖယ်မသွားအောင် လိုတိုးပိုလျှော့ လုပ်ရတာတွေကို Plan B ဒါမှမဟုတ် contingency plan ဆိုပြီး ကြိုတင်ပြင်ဆင် ရံထားသင့်တယ်၊ ဒါမှမဟုတ် အရေးပေါ် ပြောင်းလဲတည့်မတ်ပေးဖို့ စောင့်ကြည့်ဆောင်ရွက်ဖို့လည်း အရေးကြီးပါတယ်။

Feedback (Report) (တုံ့ပြန် သတင်းပေးပို့ခြင်း)

Plan အစီအစဉ်တစ်ခု အကောင်အထည်ဖော်ရာမှာ အောင်မြင်ပေါက်မြောက်ဖို့အတွက်က အချိန်နဲ့တစ်ပြေးညီ မြေပြင်အခြေအနေကို သိနေဖို့ အရေးကြီးပါတယ်။ဒီအတွက် အဓိကလိုအပ်ချက်ကတော့ Feedback (Report) (တုံ့ပြန် သတင်းပေးပို့ခြင်း) ပဲ ဖြစ်ပါတယ်။သတင်းပေးပို့ feedback/report ပေးတဲ့ နေရာမှာ Numeric Report လို့ ခေါ်တဲ့ ကိန်းဂဏန်း/ ဇယား Graph တွေ၊ ဓာတ်ပုံသက်သေတွေနဲ့ တင်ပြအစီရင်ခံတဲ့နည်းဟာ အစီအစဉ်ကို ကြီးကြပ်သူရော အကောင်အထည်ဖော်သူရောအတွက်ပါ အချိန်ကုန်သက်သာစွာနဲ့ သိနားလည်နိုင်တာဖြစ်သလို၊ တစ်ခါတလေလည်း Narrative Report လို့ခေါ်တဲ့ ဖြစ်စဉ်အကျိုးအကြောင်းကို သေသေချာချာရေးသား အစီရင်ခံဖို့လည်း လိုအပ်ပါတယ်။ဒီနှစ်နည်းကို မျှတအောင် သုံးစွဲရင် ဦးဆောင်အကောင်အထည်ဖော်သူတွေ သိရှိဖို့နဲ့ တစ်စုံတရာ ပြောင်းလဲဆောင်ရွက်စရာရှိရင် ချက်ခြင်းဆောင်ရွက် ညွှန်ကြားနိုင်ဖို့ ထိရောက်တဲ့ အစီရင်ခံတင်ပြခြင်းဖြစ်မှာပါ။

ဒီ Feedback (Report) (တုံ့ပြန် သတင်းပေးပို့ခြင်း) ကိုလည်း ဘယ်သူက ဘယ်သူ့ကို ဘယ်အခြေအနေ ဘယ်အချိန်မှာ သတင်းပေးပို့ အစီရင်ခံရမယ်။ဦးဆောင်သူ ခေါင်းဆောင် မန်နေဂျာများကလည်း တစ်စုံတရာ ဆုံးဖြတ်လမ်းညွှန်ဖို့ လိုအပ်လာရင် ဘယ်အချိန်အတိုင်းအတာအတွင်းမှာ ဆောင်ရွက်ရမယ်ဆိုတဲ့ timeline သေချာစွာ ချမှတ်ထားဖို့ လိုအပ်ပါတယ်။အခုခေတ်မှာတော့ reporting/ presentation tools တွေ software application တွေ များစွာရှိနေပြီမို့ ပိုမိုကောင်းမွန် မြန်ဆန်အောင် မိမိအလုပ်နဲ့ သင့်လျော်ရာကို ရွေးချယ် (အဖွဲ့ အစည်းတစ်ခုလုံး တစ်ပြေးညီ) အသုံးပြုဖို့ပဲ လိုပါတယ်။

ဒီဆောင်းပါးမှာ Plan ရေးဆွဲပြီး အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ အကြံပေးတာတွေပဲ ပါနေတယ်။တကယ့်လက်တွေ့မှာ မိမိရဲ့ Plan အစီအစဉ်ကို အထက်လူကြီးက လက်ခံသဘောကျပြီး approval ပေးဖို့လည်း အလွန်အရေးကြီးပါတယ်။ဒီအတွက်ကတော့ မိမိရဲ့ Plan အစီအစဉ်က SMART GOAL လို့ ခေါ်တဲ့ အောက်ပါအချက်တွေနဲ့ ကိုက်ညီဖို့ အရေးကြီးတယ်ဆိုတာ သတိပေးလိုက်ပါရစေ။

•    Specific. - တိကျမှုရှိခြင်း။
•    Measurable. - တိုင်းတာနိုင်ခြင်း။
•    Attainable. - အောင်မြင်အောင် လုပ်ဆောင်နိုင်ဖွယ်ရာဖြစ်ခြင်း။
•    Relevant. - ဆက်စပ် ချိတ်ဆက် ပတ်သက်မှုရှိခြင်း။
•    Time Bound. - အချိန်ကန့်သတ် သတ်မှတ်မှုရှိခြင်း။

မိမိဟာ သူများကို စီမံအုပ်ချုပ်ရတဲ့ မန်နေဂျာပဲဖြစ်ဖြစ်၊ မိမိကိုယ်ကိုယ် စီမံအုပ်ချုပ်ရတဲ့ မန်နေဂျာပဲဖြစ်ဖြစ်၊ မိမိဟာ မိမိရဲ့ အထက်လူ၊ အောက်လူတွေ ရဲ့ ကြားခံ ပေါင်းကူးတံတားသဖွယ် (Information Center) သဖွယ် ဖြစ်တယ်ဆိုတာ မမေ့မလျော့ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ကြရင်း၊ အောင်မြင်တဲ့ Plan အစီအစဉ်တွေကို ရေးဆွဲပြီး လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သူတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

သက်ထွန်း (သျှမ်း)