【 ဆောင်းပါး 】 လွမ်းမောဖွယ်ရာ ဘူးသီးကြော်ဆိုင်

【 ဆောင်းပါး 】 လွမ်းမောဖွယ်ရာ ဘူးသီးကြော်ဆိုင်

ကျနော်တို့မြို့မှာ နာမည်ကျော် ဘူးသီးကြော်ဆိုင်တစ်ဆိုင် ရှိခဲ့ဖူးတယ်။ဘယ်လောက်တောင် နာမည်ကြီးသလဲဆို နေ့ခင်း ၁ နာရီကျော်လောက် အကြော်ဆိုင်စဖွင့်တာ ည ၆ နာရီကျော်အထိ တစ်ချက်အနားမရအောင်အထိပဲ။

ဆိုင်မဖွင့်ခင် နေ့ခင်း ၁၂ နာရီလောက်ကတည်းက ဘူးသီးကြော်ပါဆယ် လာမှာထားသူက ပုံမှန် ၂ ဦး၊ ၃ ဦးမက။ရုံးပိတ်ရက်တွေဆို ကြိုတင်အမှာ ၄-၅ ဦးထက်မနည်း။ပထမဒယ်တစ်အိုးထဲနဲ့ အကြော်ကြော်နေရာကနေ အလျင်မမီတော့လို့ ဒယ်အိုး ၂ လုံးနဲ့ ကြော်ရတဲ့အထိကို လက်မလည်။သမီးကြီး ၂ ယောက်က တစ်ယောက် တစ်ဒယ် အကြော်ကြော်၊အမေလုပ်သူက ဘူးသီးလှီး၊ မုန့်နှစ်နဲ့ သမအောင်မွှေ။အငယ်မနဲ့ အလတ်ကောင်က ဆိုင်မှာထိုင်စားတဲ့သူတွေအတွက် စားပွဲထိုး။

ဘူးသီးကြော်ဆိုင်က လမ်းမတန်းနဲ့လှမ်းတဲ့ တောင်ခြေတစ်နေရာမှာ။တောင်ခြေဆိုတော့ သစ်ရိပ်ဝါးရိပ်က ပေါလှသမို့ အကြော်ကြော်နေသူ ၂ ဦးကလွဲလို့ ကျန်တဲ့သူတွေအတွက်က တကယ့်အပန်းဖြေနားချင်စရာ အေးရိပ်သာ။

သူတို့ ဘူးသီးကြော်ဆိုင် နာမည်ကြီးလာရခြင်းအကြောင်းက ကျနော့်ဘကြီးကြောင့်လို့ သူတို့ကိုယ်တိုင် ခံယူထားကြတယ်။သူတို့မိသားစုတွေ နှစ်တော်တော်ကြာ ဘူးသီးကြော်ဆိုင်ဖွင့်ထားတာ သိပ်ရောင်းရခဲ့တာမှ မဟုတ်တာ။တစ်ခါတရံ မိသားစုဖျားနာလာလို့ ဆိုင် ၂ ရက်လောက် မဖွင့်နိုင်တော့ရင် အကြွေးတွေတောင် တင်လို့။

သူတို့ ဘူးသီးကြော်လက်ရာက ကျနော်တို့တောမြို့လေးအကြိုက် အပျံစား။တို့စားရတဲ့ အချဉ်ရည်ကလည်း မန်ကျည်းသီးနဲ့ ငံပြာရည် စပ်ထားပြီး မွှေးနေအောင် ကြက်သွန်ဖြူထောင်းထည့်ထားတဲ့ အချဉ်ရည်။ပြီးတော့ သူတို့ဆိုင်ရဲ့ ထိုင်ခုံတိုင်းမှာ ငရုပ်သီးအကျက်မှုန့်တစ်ဗူးနဲ့ ပဲမှုန့်တစ်ဗူး အဆင်သင့်။အချဉ်ရည်ရောက်လာပြီဆို ကိုယ့်ဘာသာ စားချင်သလောက် ငရုပ်သီးမှုန့်ထည့်၊ ပဲမှုန့်ထည့်။အချဉ်ရည်ထဲ ပဲမှုန့်ထည့်လိုက်တော့ အချဉ်ရည်က ခပ်ပျစ်ပျစ်လေးနဲ့ အရသာသစ်တစ်မျိုး။

ပြဿနာက ဘူးသီးကြော် ကြော်တာကောင်းပြီး အချဉ်ရည်ကောင်းပေမယ့် ဘူးသီးက မကောင်းတော့ အရင်က သိပ်နာမည်မရခဲ့တာလို့ ဘကြီးက ကောက်ချက်ချတယ်။

‘နင်တို့ ဘူးသီးတွေက မလတ်လို့ ဘူးသီးကြော်အရသာ သိပ်မကောင်းတာ’ လို့ ဘကြီးကပြောတော့ သူတို့သိပ်နားမလည်။သူတို့ ဘူးသီးရိရော်နေတာတွေ မသုံးဘူးလို့ ပြန်ပြောတယ်။

ဘကြီးက သူဘူးသီးကြော်စားချင်ပြီဆို သူ့ခြံထဲ ၁၂ လရာသီ သီးနေတဲ့ ဘူးစင်ကနေ ဘူးသီးအနေ တော်တစ်လုံးခူးပြီး သူ့ဘူးသီးနဲ့ ကြော်ခိုင်းလေ့ရှိတယ်။အခုချက်ချက်ခူးလာတဲ့ ဘူးသီးကို အခု အခွံခွာ၊ အခုပဲ ဆန်နှစ်နဲ့ရောပြီး ကြော်ခိုင်းတဲ့ ဘူးသီးကြော်။

ပြီးတော့ ဘကြီးက သူ့ဘူးသီးကြော်နဲ့ ဆိုင်ကဘူးသီးကြော် ဘယ်ဟာပိုကောင်းသလဲဆိုတာ သိရအောင် သူတို့ကိုပါ စားခိုင်းကြည့်။ဘူးသီးချင်းတူပေမယ့် အရသာက အပြတ်အသတ်။အဲဒါဘာကြောင့်လဲဆိုတော့ အခုပဲအပင်ကနေ လတ်လတ်ဆတ်ဆတ်ခူးတဲ့ ဘူးသီးနဲ့ ကြော်တာကြောင့်လို့ ဘကြီးက ရှင်းပြတယ်။

ဘကြီးက သူ့ခြံထဲမှာရော သူ့လယ်ထဲမှာရော စိုက်ထားတဲ့ ဘူးစင်က ဟီးထနေရော။ဘူးစင်က သိပ်ကြီးတော့ အပင်ပေါ်မှာ ဘူးသီးတွေက အမြဲလိုလိုသီးနေတော့တာ။လယ်ယာလုပ်ငန်းခွင်သိမ်းပြီးခါစ အေးစက်နေတဲ့ ဆောင်းတွင်းမှာ တစ်နှစ်တစ်ခါ ဘကြီးက ဘူးသီးကြော် အလှူအတန်းလုပ်တယ်။အိမ်မှာစိုက်ထားတဲ့ ဘူးသီးရော လယ်မှာစိုက်ထားတာရော သူ့ဦးလေးလယ်မှာစိုက်ထားတဲ့ ဘူးပင်ကရော ဘူးသီးခပ်များများ ပြိုင်တူဆွတ်နိုင်တဲ့ တစ်ရက်ပေါ့။

အဲဒီတစ်ရက်ရဲ့ မနက်မှာ ဘူးသီးကြော်ဆိုင်မိသားစု အကုန်လုံးကိုခေါ်၊အခုအပင်ကဆွတ်ပြီးစ ဘူးသီးကို ဒယ် ၅ အိုးလောက်နဲ့ ကြော်။ကျနော်တို့အိမ်ပတ်လည် တောင်ခြေရင်းမှာ တည်ထားတဲ့ ဘုန်းကြီးကျောင်း ၅ ကျောင်းကို မနက်ဆွမ်းအမီ ဘူးသီးကြော်ကပ်။ပြီးရင် အိမ်နီးချင်းနဲ့ ဆွေမျိုးတွေဆီပို့။ခြံထွက်ဘူးသီးက အဲလောက်ဆိုကုန်ပြီ။

မနက်မိုးလင်းရုံရှိသေး ဘကြီးရဲ့ လုပ်ငန်းသုံးကားက လယ်ကွင်းထဲသွားကာ လယ် ၂ တဲက ဘူးသီးတွေ သွားခူးခိုင်းပြီ။မနေ့ညနေကတည်းက ဘူးသီးခူးထားရင်ရပေမယ့် မလတ်ဆတ်ဘူးလို့ ယူဆတဲ့အတွက် မနက်ကျမှ တကူးတက သွားခူးခိုင်းတာတဲ့။

လယ်ထဲက ဘူးသီးကျတော့ ဘကြီးဖိတ်ထားတဲ့ မိတ်ဆွေတွေကို တည်ခင်းဖို့အတွက်။ဘူးသီးကြော်၊ ကောက်ညှင်းပေါင်း၊ ကော်ဖီခပ်ကျကျနဲ့။ ဘကြီးဘော်ဒါတွေက အဲဒီဘူးသီးကြော်ကို ကြိုက်လွန်းလို့ နှစ်စဉ်မပျက် အားပါးတရကို လာအားပေးကြတာ။

ငါ့ဘူးသီးကြော်လို နာမည်ကြီးချင်ရင် ငါ့လိုလုပ်တဲ့။ဘကြီးက အကြော်ဆိုင်မိသားစုခြံထဲ ဘကြီးရဲ့ ဘူးသီးမျိုးနဲ့ ဘူးစင်အကြီးကြီး တည်ပေးခဲ့တယ်။အဲဒီအကြော်ဆိုင်ဟာ ဘူးသီးတွေ စတင်သီးလာချိန်ကစပြီး ဘူးသီးတွေ စဉ်ဆက်မပြတ်အောင် စိုက်တော့တယ်။အခုချက်ချင်းခူးထားတဲ့ ဘူးသီးနဲ့ အခုကြော်တဲ့ ဘူးသီးကြော်။အဲဒီအချိန်ကစလို့ ဘူးသီးကြော်ဆိုင် နာမည်ကြီးလာလိုက်တာ လွန်ရော။

တချို့ရက်တွေမှာ သူတို့စိုက်ထားတဲ့ ဘူးသီးကုန်သွားတယ်ဆို ဘကြီးဆီကနေ ဘူးသီးလာချေး။ဘယ်လိုမှ မဟန်တော့ဘူးဆို တခြားဘူးသီးစိုက်ထားတဲ့ အိမ်တွေဆီက အပင်ပေါ် မြင်နေရတဲ့ ဘူးသီးကို တောင်းတောင်းပန်ပန်နဲ့ လိုက်ဝယ်။ဘယ်နေရာမှာမှ ဝယ်လို့မရတော့ဘူးဆို ဆိုင်ကိုပိတ်။ခူးထားပြီးသား ဘူးသီးကိုတော့ သူတို့ကြော်မရောင်းတော့ဘူး။

အရင့်အရင်နှစ်တွေက ဘကြီး ဘူးသီးကြော် အလှူလုပ်ပြီဆို သူတို့မိသားစုကို အကြော်ကြော်ခပေးပြီး ကြော်ခိုင်းလေ့ရှိတယ်။ဘကြီး ဘူးစင်တည်ပေးပြီးတဲ့နောက် တစ်နှစ်တစ်ခါ အကြော်ကြော်ခမယူဘဲ သူတို့မိသားစု အခမဲ့လာကြော်ပေးတဲ့အပြင် အခါကြီးရက်ကြီးရောက်တိုင်း ဘကြီးကို လာကန်တော့လေ့ရှိကြတယ်။

ဘကြီးက သူတို့မိသားစုရဲ့ ကျေးဇူးရှင်။သူတို့မိသားစု ရွှေတွဲလဲ ငွေတွဲလဲနဲ့။အခု သူတို့ကျေးဇူးရှင် ဘကြီးမသေသေးပေမယ့် လွန်ခဲ့တဲ့ အနှစ် ၂၀ ဝန်းကျင် သူတို့အမေသေပြီးတဲ့နောက် သူတို့မောင်နှမတွေ တကွဲတပြားနဲ့  အကြော်ဆိုင်လည်း ပျက်သွားတော့တယ်။

ဒါပေမဲ့ အဲဒီအကြော်ဆိုင်က သူတို့မောင်နှမအားလုံးကို သီးခြားရပ်တည်နိုင်အောင် အရင်းအနှီးထုတ်ပေးခဲ့သလိုမို့ အဝေးမရောက်သေးတဲ့ သူတို့မောင်နှမတွေ ဘကြီးကို နှစ်စဉ်လာကန်တော့တုန်း။ဘကြီးလည်း ဘူးသီးကြော် အလှူမလုပ်နိုင်တော့တာ ကြာပေါ့။

တကယ့်ကို လွမ်းလောက်တဲ့ ဘူးသီးကြော်ဆိုင်လို့ ဘကြီးက ဆိုရဲ့။

ငြိမ်းဆက်