【 ဆောင်းပါး 】" အစစ်နဲ့အတု "

【 ဆောင်းပါး 】" အစစ်နဲ့အတု "

လောကမှာ အစစ်နှင့်အတုကဆန့်ကျင်ဘက်ဖြစ်သော်လည်း လူတွေကသူတို့နှစ်ခုကို အမြဲနှိုင်း ယှဉ်တတ် ကြသည်။ အစစ်နှင့်အတုဘာရွေးမလဲဆိုရင်လည်း အစစ်ကိုသာရွေးချယ်တတ်ကြသည်။ သို့သော်လည်း အစစ်ကို နှိုင်းယှဉ်သောအတုကလည်းမကြာခဏဆိုသလိုပေါ်ပေါက်လာတတ်မြဲဖြစ် သည်။
လူတွေကြားမှာအလွယ်တကူမြင်သာသော ရှေးခေတ်ကာလတွေများမှယနေ့အထိအတုအမြဲရှိ နေတတ် သည်က ရွှေဖြစ်သည်။ ရွှေအစစ်သည်တန်ဖိုးကြီးမားသလို ထိုတန်ဖိုးကြီးမားသောရွှေကိုအတု လုပ်သူများကလည်း အမြဲရှိနေတတ်သည်။ အတုကိုအစစ်နှင့်မှား၍သုံးစွဲသူများရှိသလို အစစ်ကိုမသုံး နိုင်၍သိသိနှင့်အစစ်အစားအတု ကိုသာသုံးစွဲနေသူများလည်းရှိသည်။ သို့သော်လည်းမှတ်ကျောက်တင် ခံနိုင်သောရွှေအစစ်နှင့်မှတ် ကျောက်တင် မခံနိုင်သောရွှေအတုသည် ဘယ်လိုမှနှိုင်းယှဉ်မရနိုင်တာက တော့အမှန်တရားပါ။
မျက်မှောက်အချိန်ကာလမှာလည်း ဆေးအတု ငွေစက္ကူအတု ဟင်းခတ်အချိုမှုန့်အတု စသည် ဖြင့်အတု တွေများစွာပေါ်လာသည်။ တကယ်တော့အစစ်နှင့်အတုသည် သေသေချာချာခွဲခြားကြည့်ရင် အလွယ်တကူ ကွဲပြား ပါသည်။ အရည်အသွေးချင်းမတူသလို အကျိုးအာနိသင်ချင်းလည်းမတူပါ။ ဆေး အတုနှင့်စားစရာ အတုများဆို လျှင် အစစ်နှင့်လုံးဝဆန့်ကျင်နေလေပြီ။ အစစ်ကကျန်းမာရေးအတွက်များ စွာအထောက်အကူဖြစ်စေသော်လည်း အတုကတော့ကျန်းမာရေးအတွက် ဆိုးကျိုးများဖြစ်စေပါသည်။
ထိုအတုအပတွေအားလုံးက သက်မဲ့အရာဝတ္ထုအတုတွေဖြစ်ပြီး သက်ရှိလူသားတွေကဖန်တီး ထားကြ ခြင်းဖြစ်သည်။ 
ပိုဆိုးလာတာက သက်ရှိလူသားများကိုယ်တိုင်ကပါ သူတို့ကိုယ်သူတို့အတုလုပ်လာကြခြင်းဖြစ် သည်။ ရဲအတု ဝန်ထမ်းအတု သူဌေးအတု ကုမ္ပဏီပိုင်ရှင်အတု အရာရှိအတုတွေဖန်တီးပြီး တခြားသူ များကို လိမ်လည် လှည့်ဖျားကာ စီးပွားရှာလာကြသည်။ အလိမ်မပေါ်မချင်းအတုလုပ်နေတာဆိုတော့ အချိန်ကြာလာသောအခါ သူတို့ကိုယ်သူတို့တကယ့်အစစ်လို့ထင်တတ်လာကြသည်။
တကယ်တော့ သူတို့သည် အဝတ်အစားနှင့်အတုလုပ်နေခြင်း အသုံးအဆောင်ပစ္စည်းအချို့နှင့် အတု လုပ်နေခြင်း အပြောအဆိုဟန်ပန်အမူအရာကိုအတုလုပ်နေခြင်းသာဖြစ်သည်။ အရေးကြီးသည့် ပင်ကိုယ်စိတ် ဓာတ် အကျင့်စရိုက် အတတ်ပညာ အတွေ့အကြုံနှင့်ယုံကြည်ချက်တွေက အလွယ်တကူ အစစ်မဖြစ်နိုင် သည့် အချက်များဖြစ်သည်။
စကားစပ်၍ ခြင်္သေ့၏အမူအရာအလေ့အထတချို့ကိုတုပကာ သူ့ကိုယ်သူခြင်္သေ့လိုလုပ်နိုင်ပြီ ထင်ကာ ဘဝင်မြင့်ခဲ့သည့် မြေခွေးအကြောင်းပြောချင်ပါသည်။
ငါးရာ့ငါးဆယ် ဝိရောစနဇာတ်မှာ ဘုရားလောင်းသည် ကေသရာဇာခြင်္သေ့မင်းဖြစ်၍ ဟိမဝန္တာ တော အတွင်းရှိ ရွှေဂူ၌နေသည်။ တစ်နေ့တွင် ခြင်္သေ့မင်းသည် ရွှေဂူအဝသို့ထွက်ကာ အရပ်လေးမျက် နှာကိုကြည့်ပြီး ခြင်္သေ့ဟောက်သံပေးလေသည်။ ထို့နောက်ရွှေဂူကထွက်ခွာကာ မကြာမီမှာပင် ကျွဲကြီး တစ်ကောင်ကို တွေ့ သည်။ထိုကျွဲကိုဖမ်းယူစားသောက်ပြီးရေအိုင်မှာရေဆင်းသောက်သည်။ရေသောက် ပြီးသော် သူ၏ရွှေဂူသို့ပြန်၏။ ရွှေဂူအနားရောက်သောအခါ အစာရှာထွက်လာသောမြေခွေးတစ်ကောင် နှင့်ဆုံသည်။
မြေခွေးက ခြင်္သေ့ကိုမြင်၍ ပြေးဖို့ကြံသေးသော်လည်း မျက်နှာချင်းဆိုင်နီးနီးကပ်ကပ်လေးဖြစ် နေသဖြင့် ထွက်ပြေးဖို့ မကြိုးစားတော့ဘဲ ခြင်္သေ့၏ရှေ့မှာလက်နှစ်ဖက်ဖြင့်ရှိခိုးကာ မြေမှာအသာလေး ဝပ်နေလိုက်သည်။ ခြင်္သေ့သည် မြေခွေးကိုဘာကြောင့်သူ့ကိုအရိုအသေပေးနေတာလဲဟု မေးသော အခါ မြေခွေးက အရှင့်ခြေရင်း မှာအလုပ်အကျွေးပြုခွင့်ပေးပါဟုတောင်းဆိုသည်။ ခြင်္သေ့လည်း ရိုကျိုး သောမြေခွေးကို ရွှေဂူထဲ မှာအတူ နေ ကာသူ့ကိုခစားစေသည်။ သူစားသောအသားကောင်းများကို လည်းမြေခွေးကိုစားစေသည်။ ခြင်္သေ့သတ်ပြီး သော အသားများကိုနေ့စဉ်စားနေရသောမြေခွေးမှာ ရက် ပိုင်းအတွင်းမှာပင် ခန္ဓာကိုယ်ဝဖြိုးလာသည်။
နောက်ပိုင်းတွင်ခြင်္သေ့က အိပ်ရာမှမထသေးဘဲ မြေခွေးကိုတောင်ထိပ်ပေါ်မှနေ၍ တောင်ခြေရင်း၌သွား လာ လှုပ်ရှားနေသောဆင် မြင်း ကျွဲ နွားစသောသားကောင်များကိုကြည့်စေသည်။ ထိုအထဲ မှစားကောင်းမည့် သားကောင်ကိုမှတ်ထား၍ ရွှေဂူထဲမှခြင်္သေ့ရှေ့သို့လာကာ ရှိခိုးပြီး ထိုသားကောင်ကို စားချင်သည် အရှင်၏စွမ်းအား ဖြင့်နေမင်းကဲ့သို့ထွန်းပပါတော့ဟုပြောစေသည်။ ထိုအခါ ခြင်္သေ့က ရွှေဂူအပြင်သို့ထွက်ကာ အရပ် လေးမျက်နှာသို့ တစ်လှည့်စီမျက်နှာမူ၍ ဟိန်းဟောက်ပြီးနောက် သားကောင်ကိုခုန်အုပ်သတ်ဖြတ် ကာသူလည်းစားသည် မြေခွေး ကိုလည်းကျွေးသည်။
ထိုသို့နေလာရင်း အချိန်တွေကြာလာသောအခါ မြေခွေးသည် အကောင်ကြီးတွေ၏အသားများ ကိုသာ နေ့စဉ်စားသောက်နေရသဖြင့်စိတ်ကြီးဝင်လာသည်။ ငါသည်လည်းခြေလေးချောင်းရှိသည် သူသည်လည်းခြေလေးချောင်းရှိသည် အဘယ်ကြောင့်သူများခိုင်းတာလုပ်၍ သူများပေးစာကမ်းစာ စားနေရမည်နည်း ငါသည်လည်းခြင်္သေ့ကို ထွန်းပပါတော့ဟုဆိုစေ၍ သားကောင်တို့ကိုသတ်မည် ငါစားပြီးတော့မှခြင်္သေ့ကိုစားစေမည်ဟုစဉ်းစားဆုံးဖြတ်သည်။ မာန်တက်နေသောမြေခွေးသည် ခြင်္သေ့ ထံသို့သွား၍ အရှင်ခြင်္သေ့မင်း အချိန်တော်တော်ကြာသည်အထိသင်သတ်ပေးသောဆင်သားကို ငါစား လာခဲ့သည်။ ယခုငါကအရှင့်ကိုတစ်လှည့်သားသတ်ကျွေးမှာမို့ ရွေဂူထဲရှိသင်၏အိပ်ရာမှာငါအိပ်မည်။ သင်က တောင်ထိပ်ပေါ်မှနေ၍ တောင်ခြေရင်းမှာသွားလာနေသောဆင်များကိုကြည့်ပြီး စိတ်ကြိုက် ရွေးချယ်ပါ။ ပြီးရင်ငါ့ဆီလာပြီး အသင်မြေခွေး သင်၏စွမ်းအားဖြင့်နေမင်းကဲ့သို့ထွန်းပပါတော့လို့ပြော ပါ။ ကျန်တာငါ့တာဝန်ထားပါ။ ငါကသည်လိုပြောလို့ ငါ့ပေါ်ဝန်တိုခြင်းမဖြစ်ပါနဲ့။ သင့်ကို ငါတစ်လှည့် ကျွေးချင်လို့ပါဟု ခြင်္သေ့ကိုပြောဆိုလိုက်သည်။
ထိုအခါ ခြင်္သေ့ကအသင်မြေခွေးသင်သည်ဆင်တို့ကိုသတ်နိုင်မည်မဟုတ်ပါ။ ငါရှာကျွေးသော အသားကိုသာ အေးအေးဆေးဆေးစားစမ်းပါ။ ဆင်ကိုသတ်နိုင်သောမြေခွေးသည်လောကမှာမရှိပါဟု ရှင်းပြသည်။ ခြင်္သေ့က မည်သို့ပင်သတိပေးပြောဆိုသော်လည်း မြေခွေးကလက်မခံပါ။ နောက်ဆုံးတွင် ခြင်္သေ့မင်းလည်း မြေခွေး သဘောအတိုင်း သူ့အိပ်ရာမှာအိပ်စေပြီး သူကတောင်အောက်မှအမုန်ယစ် သောဆင်ကိုတွေ့သည်နှင့်မြေခွေးထံသွားကာ အသင်မြေခွေး သင်၏စွမ်းအားဖြင့် နေမင်းကဲ့သို့ထွန်းပ ပါတော့ဟုဆိုလိုက်သည်။ မြေခွေးလည်း ရွှေဂူတွင်းမှထွက်လာပြီး အရပ်လေး မျက်နှာကိုကြည့်ကာ သုံးခါဆက်ဟောင်လိုက်သည်။ ထို့နောက်ဆင်ရှိရာသို့တစ်ဟုတ်တိုးပြေးကာ ခုန်အုပ်လိုက်သည်။ ဆင်ပေါ်သို့ပင်မရောက်ရှိဘဲ ဆင်ခြေထောက်နားမှာကျသွား၏။ ဆင်ကမြေခွေး၏ ခေါင်းကိုနင်းကာ ဦးခေါင်းခွံကွဲကြေသွားသော မြေခွေးအပေါ်သို့မစင်များစွန့်ချပြီး တောထဲသို့ဝင်သွားလေတော့သည်။
မြေခွေးသည် သူနှင့်မတန်မရာ အကောင်ကြီးအသားများ အထူးသဖြင့် ဆင်သားစားပြီးပီတိဖြစ် ခဲ့သည်။ ခြင်္သေ့ကိုအားကျကာ ခြင်္သေ့လိုလုပ်ချင်လာသည်။ သို့သော်လည်း ခြင်္သေ့၏အင်အားအစစ် အရည်အချင်းအစစ်ကို သေချာမသိဘဲ သိအောင်လည်းမကြိုးစားဘဲ ဖြစ်ချင်စိတ်ကြီးမားကာ အပေါ်ယံ ကိုသာကြည့်ပြီး အတုခိုးခဲ့သည်။ ခြင်္သေ့၏အိပ်ရာထက်မှာအိပ်ဖို့ တစ်စုံတစ်ယောက်က သူ့နာမည်ကို အားကိုးတကြီးခေါ်ပြီးနေမင်းကဲ့သို့ထွန်းပပါတော့လို့ပြောဖို့ သူကစွမ်းအားရှင်အဖြစ် ရွှေဂူအပြင်ထွက် ကာအရပ်မျက်နှာအသီးသီးကိုဟိန်းဟောက်ကြုံးဝါးဖို့ သားကောင်ကိုအသာအယာခုန်အုပ်ဖမ်းလိုက်ဖို့ သာစဉ်းစားအတုခိုးခဲ့ခြင်းဖြစ်သည်။ အရေးမပါသည့်ဟိတ်ဟန်ထုတ်သည့်လှုပ်ရှားမှုတွေလိုက်လုပ်နိုင် ရုံနှင့်သူ့ကိုယ်သူအစစ်ဖြစ်ပြီထင်ခဲ့သည်။
တကယ်တော့ အတုကအတုသာဖြစ်ပြီးဘယ်လိုနည်းနှင့်မှအစစ်ကိုယှဉ်၍မရနိုင်ပါ။ အစစ်သည် ကိုယ်ပိုင်အရည်အချင်းနှင့်ရပ်တည်နေတာဖြစ်သည်။ အတုသည်ပင်ကိုယ်အရည်အချင်းမရှိဘဲအစစ်ကို အားကျရုံသက်သက်နှင့်ဘယ်လိုပင်ဟိတ်ဟန်ထုတ်နေသော်လည်း အစစ်ကိုတော့ ဘယ်လိုယှဉ်နိုင်ပါ မည်နည်း။
အတုအယောင်သမားများသည် ရိုးသားဖြောင့်မတ်မှုမရှိသူများဖြစ်သည်။ စဉ်းစားတွေးခေါ်မှု အသိဥာဏ်နည်းပါးလွန်းသူများဖြစ်သည်။ သူတောင်လုပ်နိုင်သေးတာ ငါဘာလို့မလုပ်နိုင်ရမှာလဲဆို သောမာနသံအပြည့်နှင့်ကြုံးဝါးဟိတ်ဟန်ထုတ်တိုင်းအစစ်ကိုယှဉ်နိုင်မည် အစစ်ကိုကျော်နိုင်မည်ဟု အထင်မူးမူးနှင့်ဘဝင်ရူးရူးနေသူများသာဖြစ်လေသည်။
ရိုက်မောင်း