【 ဆောင်းပါး 】 "အမှတ်တမဲ့မှ အမှတ်တရဆရာဘဝ"

【 ဆောင်းပါး 】 "အမှတ်တမဲ့မှ အမှတ်တရဆရာဘဝ"

ကျွန်တော်ကျောင်းဆရာတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့်ကျူရှင်ဆရာတစ်ယောက်ပါ။

ကျွန်တော့်ကျူရှင်ဆရာဘဝကို စတင်ပေးခဲ့သူက ကျွန်တော့်ညီဝမ်းကွဲကျူရှင်ဆရာပါ။ သူက အင်္ဂလိပ် စာသင်တယ်။ ကျွန်တော်က ကဗျာသမား စာသမားလည်းဖြစ် မြန်မာစာအဓိကဘွဲ့ရလည်းဖြစ်တော့ တစ်နှစ်၌ အတန်းတင်စာမေးပွဲကြီး နီးလာတဲ့ တစ်နေ့မှာ သူ့ ဆယ်တန်းကလေးတွေကို စာစီစာကုံးသင်ပေးဖို့ အကူအညီ တောင်းတယ်။

အစိုးရဝန်ထမ်းအလုပ်ကရှိနေတော့ အလုပ်ပိတ်ရက်ဖြစ်တဲ့ စနေနဲ့တနင်္ဂနွေနေ့တွေမှာသင် ပေးဖို့ပြောကြတယ်။

ကျွန်တော်လည်း တစ်ပတ်တစ်ချိန် သင်မယ်လို့ပြောလိုက်တယ်။ တနင်္ဂနွေတစ်ရက်ကို အချိန်ပေးပြီး သူ့ ကျောင်းသားတွေကို စာစီစာကုံးရေးတတ်အောင်သင်ပေးဖြစ်တယ်။ တစ်ချိန်ကိုတစ်နာရီခွဲ သတ်မှတ်ပေမယ့် ကျွန်တော့်စာသင်ချိန်က တစ်နာရီတောင်မကြာပါဘူး။ စာသင်တဲ့အလေ့အကျင့်မရှိတော့ အချိန်ကိုကျွန်တော်က မနိုင်ဘဲ အချိန်ကကျွန်တော့်ကိုနိုင်သွားတယ်။ စာသင်နေရင်း ဆက်ပြောစရာစကားမရှိ အောင်ဖြစ်ဖြစ်သွားတယ်။ ကျောင်းသားတွေ မငြိမ်တာလည်းပါတယ်။ သူတို့ကတော့ သိမှာမဟုတ်ဘူး။ သူတို့ကို စာသင်နေရင်း ကျွန်တော်မကြာခဏဒေါသထွက်မိလို့ စိတ်ကိုအတော်ထိန်းခဲ့ရတယ်။

နှစ်ပတ်သင်ပြီး သုံးပတ်မြောက်စာသင်ချိန်မှာကျွန်တော်စာသွားမသင်ဖြစ်ဘူး။ ညီဖြစ်သူကိုတော့ မအားလို့ ပါလို့ ပြောလိုက်ရတာပေါ့။ အမှန်အတိုင်းပြောရရင် စာဆက်သင်ဖို့ အတော်ကြောက် အတော်စိတ်ပျက်သွားတာ။

တစ်နေ့ကျွန်တော်တို့ရပ်ကွက်ထဲက လမ်းတစ်လမ်းကိုဖြတ်သွားရင်း ပိတောက်ပင်ကြီးတစ်ပင်အောက်မှာ လူငယ်တချို့ဖဲ ကစားနေတာလှမ်းတွေ့ရတယ်။ ဒါမျိုးက မကြာခဏတွေ့နေကျမို့ သိပ်တော့မထူးဆန်းပါဘူး။ အဲထူးဆန်းတာက ကျွန်တော်သူတို့အနားက ဖြတ်သွားတော့ သူတို့ထဲက တစ်ယောက်က ဟေ့ကောင်မင်း အလှည့်လေကွာလို့ပြောတော့ နောက်တစ်ယောက်က ခေါင်းကိုငုံ့ထား ပြီး ခဏနေဦးကွ ငါတို့မြန်မာစာဆရာကြီး လာနေတယ်တဲ့လေ။ ကျွန်တော့်ညီကျူရှင်ကကျောင်းသားတွေကို ကျွန်တော်တစ်ယောက်မှ မမှတ်မိပါဘူး။ ဒါပေမယ့် သေချာတာက အဲဒီခေါင်းငုံ့ထားတဲ့ကျောင်းသားက ကျွန်တော်စာသင်ခဲ့တဲ့ကျောင်းသားတွေထဲက တစ်ယောက် ဆိုတာပဲ။ ဘဝင်မြင့်သွားတာလား ပီတိဖြစ်မိတာလား ရှက်ခဲ့တာလားကျွန်တော်သေချာမသိဘူး။

တစ်ခုခုတော့ခံစားမိခဲ့တာ သေချာတယ်။

စကားစပ်မိလို့ပြောပြစရာရှိပါတယ်။ ကျွန်တော့်ဘဝကို အတော်လေးပြောင်းလဲစေခဲ့တဲ့ ဆရာ တစ်ယောက်ရှိတယ်။ စာသင်ပေးတဲ့ ဆရာတော့မဟုတ်ပါဘူး။ အသိပညာပေးခဲ့တဲ့ဆရာပါ။ ဆရာကြောင့် ကျွန်တော်အရက် ပြတ်ခဲ့တယ်။ ဘုရားရှိခိုး ပရိတ်ရွတ် ပုတီးစိတ်တဲ့အကျင့်တွေရလာတယ်။ ပရိတ်ကြီးဆယ့်တစ်သုတ်ကိုလည်း နေ့တိုင်းရွတ်ဖြစ်ပြီး နောက်ဆုံးအလွတ်ရတဲ့အထိပါပဲ။ ဇိနတ္ထပကာ သဏီကျမ်း ငါးရာ့ငါးဆယ်ဇာတ် ဓမ္မပဒဝတ္ထု လယ်တီဆရာတော်ရဲ့ကျမ်းတွေလည်း ဖတ်ဖြစ်ခဲ့တယ်။

ဆရာနဲ့ ကျူရှင်သင်တဲ့ကိစ္စပြောဖြစ်တော့ ဆရာက ကျွန်တော့်ကိုကျူရှင်ဆက်သင်ဖို့ တိုက်တွန်းတယ်။ အဓိက အချက်တစ်ချက်က လောင်းကစားလုပ်နေတဲ့ကျောင်းသားလေးက ကျွန်တော်လာလို့ သူ့အလှည့်ရောက်နေတာတောင်မကစားဖြစ်ဘဲ ကျွန်တော်သူ့ကို မမြင်အောင်ပုန်းကွယ်နေတာကို ထောက်ပြတယ်။ကလေးတွေကို အတတ်ပညာသင်ပေးရင်း အသိပညာပါပေးလို့ရကြောင်း ရှင်းပြပါတယ်။ ကျွန်တော်လည်း မြန်မာစာဆက်သင် ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော် ကျူရှင်ဆရာဖြစ်လာခဲ့ပါတယ်။

အဲဒါက မရည်ရွယ်ဘဲ ဝါသနာမပါဘဲ တစ်ခါဖူးမှစိတ်ကူးမယဉ်ခဲ့တဲ့ စာသင်ဆရာဘဝကို အမှတ်တမဲ့ရရှိခဲ့တာပါ။

ငယ်ငယ်တုန်းက ဗေဒင်ဆရာတစ်ယောက်အပေါ် မကျေမနပ်ဖြစ်ခဲ့ဖူးတာကိုပြန်သတိရမိတယ်။ ကျွန်တော် ကစာရေးဆရာ သီချင်း ရေးဆရာသိပ်ဖြစ်ချင်ခဲ့တာ။ စာရေးဆရာဖြစ်ဖို့က ကျွန်တော့်အိပ်မက်ကိုး။ ဗေဒင်ဆရာ ဟောတာက စာသင်တဲ့ဆရာဖြစ်မယ်တဲ့လေ။ ကျွန်တော်က စာသင်တဲ့ဆရာတော့ ဖြစ်နိုင်မယ်မထင်ဘူး ကျွန် တော်မှဝါသနာလုံးဝမပါတာကိုးလို့ပြောလိုက်တယ်။ သူကပြန်ပြောတယ်။ စာရေးဆရာလည်းဖြစ်နိုင်ပေမယ့် သိပ်မသေချာဘူးတဲ့။ သူ့ဗေဒင်ကိန်းခန်းအရ အသေအချာပြောနိုင်တာက စာသင်တဲ့ဆရာဖြစ်ကို ဖြစ်ရမယ်တဲ့။

အဲဒီတုန်းက ဗေဒင်ဆရာကို ကျွန်တော် အတော်မကျေနပ်ခဲ့တာ။ ဗေဒင်အဟောခံရတဲ့ အဲဒီ အချိန်က အရက် လေးတမြမြနဲ့ ကဗျာ လေးဝတ္ထုလေးတသသနဲ့ ဆယ်တန်းနှစ်နှစ်ကျထားတဲ့ အနေ အထားလည်းဖြစ်တယ်။ ဆယ် တန်း ပြန်ဖြေဖို့လည်းလုံးဝစိတ်မပါတဲ့ အ ချိန်လည်းဖြစ်တယ်။ ကျွန်တော်ငယ်စဉ်ကတည်းက လုံးဝစိတ်မကူး ဝါသနာလုံးဝမပါတာနှစ်ခုပဲရှိတယ်။ အဲဒါက ကျောင်းဆရာနဲ့ဆရာဝန်ပါ။

ဒါပေမယ့်လည်း ဆရာဇာတာကျွန်တော့်မှာပါလာတာဖြစ်ရမယ်။ အိမ်ထောင်ကျပြီးမှဆယ်တန်း အောင်ထား တဲ့ကျွန်တော်က မြန်မာစာနဲ့ဘွဲ့ရထားပြီးပြီလေ။ မဂ္ဂဇင်းတွေမှာလည်း ဝတ္ထုတိုလေးတွေပါ နေကျဖြစ်တဲ့ အချိန် ပေါ့။ ကျွန်တော့်ဆရာကျေးဇူးကြောင့် ကလေးတွေကို အတတ်ပညာနဲ့တံတားခင်း ကူညီရင်း အသိအလိမ္မာပေးဖို့ ဆန္ဒကလည်းပြင်းပြင်းပြပြဖြစ်လာပြီလေ။

ကျွန်တော်ကျူရှင်ဆရာဘဝမှာ ဇွဲကောင်းကောင်း သတ္တိကောင်းကောင်းနဲ့ လျှောက်နိုင်ခဲ့တဲ့ စိတ်ခွန်အား တစ်ခု ရှိတယ်။ ကျွန်တော့် ကိုဆရာလို့ခေါ်ပြီး အသိရောအတတ်ရော ဘာမှမဟုတ်သေးတဲ့ ကျွန်တော့်လိုကောင်ကို အားကိုးတကြီးနဲ့ကြည့် ကျွန်တော်ပြောသမျှ ခေါင်းညိတ် ကျွန်တော်ခိုင်းတဲ့ အတိုင်းလိုက်လုပ်နေကြတဲ့ ကျွန်တော့် တပည့်တွေကို ကျေးဇူးတင်ပြီးလေးစားမိတဲ့စိတ်ပါ။ သူတို့စာသင်သားဘဝမှာ သူတို့အတွက်ကြီးမားတဲ့ အကူအညီဖြစ်ချင်ခဲ့တယ်။ သူတို့လေးတွေ ကျွန်တော့်လို စာမေးပွဲကျတဲ့ အရှုံးသမား မဖြစ်စေချင်ဘူး။ စိတ်မလေလွင့် စေချင်ဘူး။ သူတို့တွေအမြဲတမ်း အားနဲ့မာန်နဲ့ ပျော်ရွှင်နေတာမြင်ချင်တယ်။

 စိတ်တိုပြီး ဒေါသထွက်လွယ်တဲ့ ကျွန်တော့်ကို စိတ်ရှည်ပြီးသည်းခံတတ်သူ တစ်ယောက်ဖြစ်လာအောင် စာတွေ့ သင်ပေးသူတွေက ကျွန်တော့်ဆရာတွေဖြစ်သလို လက်တွေ့သင်ပေးသူတွေက ကျွန်တော့်တပည့်တွေပါပဲ။

ကျွန်တော်ဆိုတဲ့ကျွန်တော်က ငွေရေးကြေးရေးမှာသာ လောဘနည်းတာ သူငယ်ချင်းအပေါင်း အသင်းအ ပေါ် မှာ တော့တကယ် လောဘကြီးခဲ့တာပါ။ သူတို့နဲ့မျက်နှာချင်းဆိုင်ပြီး အရေးကြီးတာရော အရေးမကြီးတာရော ဟို အကြောင်း ဒီအကြောင်းတွေ ပွင့်ပွင့် လင်းလင်းစကားပြောချင်တယ်။ သူတို့ အခက်အခဲတွေကို ကျွန်တော် အရမ်း ကူညီချင်တယ်။ တကယ်လည်းကူညီခဲ့တာပါ။ ကျူရှင်ဆရာ ဘဝ ရောက်ပြီးမကြာခင်မှာပဲ ကျွန်တော့် လောဘ က တပည့်တွေအပေါ်ဖြစ်သွားပါပြီ။ ကျွန်တော့်ကျောင်း သားတွေက ကျွန်တော့် တပည့်တွေ ဖြစ်သလို သူငယ်ချင်း တွေလည်းဖြစ်လာတယ်။

ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်တော်ကျူရှင်ဆရာအစစ်မဖြစ်သေးပါဘူး။ ဆိုလိုတာက အစိုးရဝန်ထမ်းတစ်ဝက် ကျူရှင်ဆရာ တစ်ဝက်လုပ်နေခဲ့လို့ပါ။

တစ်နေ့မှာ သင်္ချာဆရာတစ်ယောက်နဲ့ ကျွန်တော်နဲ့စကားပြော အဆင်မပြေဖြစ်ခဲ့တယ်။ သူက စိတ်ကြီးတဲ့သူပဲလေ။ ကျွန်တော့်ကို သူ့ ကျူရှင်ကရော သူ့ဝိုင်းတစ်ဝိုင်းကပါဖယ်ပြီး တခြားမြန်မာစာ ဆရာတစ်ယောက်ကို အစားထိုးခဲ့တယ်။ ဝိုင်းသင်တဲ့တပည့်လေးနဲ့ တွေ့ တော့ သူတို့ စကားကြားပြီးတော့ ကျွန်တော်အတော်ခံစားခဲ့ရတယ်။ သူတို့က ကျွန်တော်နဲ့ပဲဆက်သင်ချင်တယ်ပြောတော့ သူတို့ မိဘတွေက မြန်မာစာနဲ့သင်္ချာဘယ်ဘာသာက အရေးကြီးလဲလို့ ပြန်မေးတယ်တဲ့လေ။ကျွန်တော်လည်း အတော်တင်းသွားတာပေါ့။ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ သူတို့ ပေးတဲ့ဆင်ခြေက ဟုတ်နေတာပဲကို။

ဘာရမလဲ ကျွန်တော်လည်းကျွန်တော်တတ်နိုင်တာလုပ်တော့တာပေါ့။ နောက်တစ်နှစ်ကစပြီး မြန်မာစာမသင်တော့ဘူး။ ဆယ်တန်း အင်္ဂလိပ်ဆရာလုပ်လိုက်တယ်။ စိတ်ကတော့ကြီးသလားမမေးနဲ့ ဆိုင်လားမဆိုင်လားမသိဘူး အစိုးရဝန်ထမ်း အလုပ်ကပါထွက် လိုက်တယ်လေ။ ကျွန်တော်ကျူရှင်ဆရာ စစ်စစ်ဖြစ်သွားပြီပေါ့။

အင်္ဂလိပ်စာပြောင်းသင်လိုက်လို့ ကျွန်တော့်မှာ ကြီးကြီးမားမားအခက်အခဲမရှိခဲ့ပါဘူး။ ငယ်ဆရာတွေကောင်းခဲ့လို့ အခြေခံကောင်းခဲ့တယ်လေ။ ကျွန်တော်ကစာကျက်ပျင်းတဲ့သူဆိုတော့ မေးခွန်းတိုနဲ့ မေးခွန်းရှည်တွေ ပေးစာနဲ့စာစီစာကုံးတွေကို ကိုယ်ပိုင်ရေးခဲ့တာပါ။ တက္ကသိုလ်မှာလည်း ပထမနှစ်က နောက်ဆုံးနှစ်အထိ အင်္ဂလိပ်စာကို မိုင်နာယူခဲ့တာလည်းပါတယ်။ လစဉ်ထွက်တဲ့ English for All စာစောင်ဖတ်ဖြစ်တာလည်းပါတယ်။ အဲဒီစာစောင်ကို ဖတ်နေကျဆိုတော့ အင်္ဂလိပ်စာနဲ့ ရင်းနှီးနေတာပေါ့။ အထူးသဖြင့် ဆရာဦးချစ်သိန်းဦး (C.T.O) ရဲ့ self-study အခန်းလေးကို လစဉ်ဖတ်ပြီးလေ့ကျင့်ထားမိတာက အတော်လေးကို အထောက်အကူဖြစ်ပါတယ်။

မြန်မာစာဆရာလုပ်နေတဲ့အချိန်မှာပဲ ကျွန်တော့်ညီ သူ့အတန်းမဝင်ဖြစ်တဲ့အချိန်တွေမှာ သူ့ အစားအင်္ဂလိပ်စာဝင်သင်ပေးခဲ့တာတွေ အတန်းတင် စာမေးပွဲကြီးမှာ ကျွန်တော့်ညီကိုဝင်ကူရင်း အင်္ဂလိပ်စာအထိအတွေ့ ရှိနေခဲ့တာတွေကလည်း အတော်များများအထောက်အကူဖြစ်ခဲ့တယ်။

အင်္ဂလိပ်စာဆရာဘဝက ကျွန်တော့်အတွက် အဓိပ္ပါယ်အရှိဆုံးအချိန်တွေပါပဲ။ အင်္ဂလိပ်စာက ကျောင်းသားတွေရဲ့ အရေးကြီးတဲ့ ဘာသာဖြစ်တော့ ကျွန်တော်လည်းလုံ့လပိုစိုက်ရတယ်။ အခြေခံ အားနည်းတဲ့ကျောင်းသား တွေကို ဆယ်တန်းမှာရုတ်တရက် တွေ့ဆုံ သင်ကြားပေးရတာလေ။ နည်းနည်းလေးမှသတိမလစ်နိုင်အောင် အာရုံစိုက်ခဲ့ရတာပါ။ ကျွန်တော့်သင်ကြားမှုက အတိုင်းအတာတစ်ခုအထိ အောင်မြင်တယ်လို့ပြောလို့ရပါတယ်။ ကျွန်တော့် တပည့်တွေက အတန်းတင်စာမေးပွဲကြီး နီးလာတဲ့အခါ ခန့်မှန်းမေးခွန်းတွေကို ဂရုမစိုက်ပါဘူး။ ကိုယ်ပိုင်အတွေးကို ကိုယ်တိုင်ရေးနိုင်အောင်လေ့ကျင့် ပေးထားတာပဲ။

အခြေခံချင်းမတူ ဉာဏ်ရည်ချင်းမတူ ဘဝဖြတ်သန်းမှုချင်းမတူတဲ့ ကျောင်းသားတွေဆိုတော့ အားလုံးကိုစိတ်ချရပြီဆို လွှတ်ပေးလိုက်တာတော့မဟုတ်ပါဘူး။ စိတ်ချရတဲ့ကျောင်းသားရှိသလို သိပ် စိတ်မချရတဲ့ကျောင်းသားလည်းရှိတာပေါ့။ ကိုယ်စီအခြေခံ အချက်အလက်တွေမတူညီပေမယ့် တူညီတဲ့တစ်ချိန်တည်းမှာ တူညီတဲ့မေးခွန်းကိုဖြေကြရမှာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အင်အားချင်းတော့ ဘယ်တူမလဲ။ ဒါပေမယ့် ကျွန်တော့်တပည့် အားလုံးကိုသာ တူညီမျှပေးပြီး လေ့ကျင့်ထားတာတစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ ကျွန်တော့်တပည့်တွေအားလုံး မေးခွန်းကိုမကြောက်ဘဲ ဘာလာလာ ဖြေမှာပဲဆိုတဲ့စိတ်ခွန်အားပါပဲ။ သူတို့ကိုယ်သူတို့ယုံကြည်နေတာက အောင်မြင်ဖို့များနေတဲ့အချက်ပဲ မဟုတ်လား။

စာသင်နှစ်တစ်နှစ်လုံး တပည့်တွေကျွန်တော့်အပြုံးမပျက်တဲ့ မျက်နှာကိုပဲမြင်နေစေခဲ့ပါတယ်။ ကျွန်တော့် အရွယ် အရွှင် စကားလုံး တွေကိုပဲကြားစေခဲ့ပါတယ်။ အင်္ဂလိပ်စာဆိုတာ သူတို့အတွက် လှိုင်းကြီးလှေအောက် တောင်ကြီးဖဝါးအောက် ဆိုတာလိုဖြစ်ရမယ်ဆိုတဲ့ သဘောထားမျိုးကိုပဲ အမြဲပြသခဲ့ပါတယ်။

ကျွန်တော်သူတို့အတွက် အချိန်တိုင်းလို စိုးရိမ်နေခဲ့တာ မနက်ညဘုရားရှိခိုးတိုင်း သူတို့ကံကောင်းဖို့ ဉာဏ်ကောင်းဖို့ ဆုတောင်းခဲ့တာ မေတ္တာပို့ခဲ့တာ သစ္စာဆိုခဲ့တာတွေကိုသူတို့ မသိကြရှာဘူး။

                                                                                                                                                                                                  

ရိုက်မောင်း