【 ဆောင်းပါး 】 ဥစ္စာခြောက်သူများ

【 ဆောင်းပါး 】 ဥစ္စာခြောက်သူများ

ဥစ္စာခြောက်တယ်ဆိုတာ ယခုခေတ်အသုံးအနှုန်းဖြစ်သည်။ နှမြောတွန့်တိုသည့်သဘောဖြစ် သည်။ မိမိ ပိုင်ဆိုင် သောပစ္စည်းကို ဖြစ်နိုင်လျှင် မိမိတစ်ယောက်တည်းသာသုံးချင်သည်။ ဘယ်သူ့ကိုမှ မပေးချင်သည့် သဘောပါ။

ပါဠိလိုတော့ မစ္ဆရိယစိတ်ပေါ့။ မြန်မာလိုဆိုရင်တော့ ဝန်တိုစိတ်ဖြစ်သည်။ မိမိကြီးပွားချမ်းသာ မှု၊ ပိုင်ဆိုင် မှု၊ တိုးတက်အောင်မြင်မှုတွေကို အခြားသူတစ်ယောက်ယောက်က လာရောက်ခံစားမှာ လာရောက်ပတ်သက်မှာ လာရောက်ယူဆောင်သွားမှာ နှမြောတွန့်တိုသည့်သဘော သဝန်တိုငြိုငြင် သည့် သဘောပါ။

ကိုယ်ပိုင်သည့် ပစ္စည်းတစ်ခု၊ နေရာတစ်နေရာကို ဟိုလူယူနိုး သည်လူယူနိုး ဟိုလူ့မသင်္ကာ သည်လူ့ မသင်္ကာနှင့်နေစရာမရှိအောင် ခြောက်လှန့်ခံနေရသလိုပူပန်နေရသည့် သောက စိတ်ပါ။  ဖတ်ဖူးသည့်ဟာသလေး တစ်ခုကိုပြောပြချင်သည်။

တစ်နေ့ ရထားတစ်စီးပေါ်မှာခရီးသွားရင်း အမျိုးသားကြီးတစ်ယောက်နှင့် လူငယ်လေးတစ် ယောက်တို့ မျက်နှာချင်းဆိုင်ခုံများမှာထိုင်မိသည်။ အတန်ကြာလာသောအခါ လူငယ်လေးကအချိန်သိ ချင်လာသည်။ လူငယ် လေးကသူ့မှာနာရီမရှိသောကြောင့် နာရီပတ်ထားသောလူကြီးကို ဘယ်နှနာရီ ထိုးပြီလဲမေးလိုက်သည်။

လူကြီးကတစ်ချက်စဉ်းစားပြီး နာရီကိုလည်းမကြည့် ဘာမှလည်းပြန်မပြောဘဲ မသိသလိုနေ လေသည်။ လူငယ်လေးခမျာ နားမလည်နိုင်သလိုဖြစ်မိသည်။ ဘာကြောင့် သူ့အမေးကို မဖြေတာလဲ ဆိုတာ သူသိချင်မိသည်။ သူဘာအပြစ်လုပ်မိလဲပေါ့။ နာရီလေးကြည့်ပြီး အလွယ်တကူဖြေလို့ရနိုင် တာပဲ။ လူငယ်က နောက်တစ်ခါ အချိန် ထပ်မေးလိုက်ပြန်သည်။ လူကြီးကဘာမှပြန်မပြောဘဲ မသိသလို နေနေပြန်သည်။

လူငယ်က တောင်းတောင်းပန်ပန်နှင့် မေးလွန်းမကမေးတော့မှ အဖိုးကြီးက ပညာရှိလေသံနှင့် ပိုင်ပိုင် နိုင် နိုင် ပြန်ဖြေသည်။

လူငယ်လေး၏အကြံအစည်ကို ကြိုသိနေသည့် ပုံစံနှင့်ပြောပြသည်။ လူငယ်လေးက အချိန်မေး ပြီး သူ့အ ပေါ်ရင်းနှီးမှုယူမည်။ စာစောင် မဂ္ဂဇင်း ငှားမည်။ စားစရာသောက်စရာများဝယ်ကျွေးမည်။ နောက်ဆုံး အိမ်လိပ်စာ မေးမည်။ ကိုယ့်အိမ်ကိုယ်ရောက်ပြီးကြရင် လိပ်စာအတိုင်း အိမ်အလည်လာ မည်။ သူ့သမီးကိုတွေ့မည်။ သမီးနှင့် ပါရင်းနှီးလာမည်။ သမီးကို ရည်းစားစကားပြောမည်။ သမီးနှင့်ချစ် ကြိုက်ပြီးရင် သူ့ဆီမှာ သမီးနှင့် လက်ထပ်ခွင့် တောင်းမည်။ သူ့အနေနှင့်လည်း သူ့သမီးကို ဘယ်သူနှင့် မှ သဘောမတူနိုင်သောကြောင့် နာရီမေးတာကို ပြန် မဖြေ တာဖြစ်ကြောင်းရှင်းပြသည်။

လူငယ်လေး ငုတ်တုတ်မေ့သွားသည်။ ဘာဆက်ပြောရမှန်းမသိတော့။ ထိုလူကြီးကိုဒေါသ လည်းဖြစ် သည် ရယ်လည်းရယ်ချင်သည်။ သမီးနှင့်ပတ်သက်ပြီး အတော်ဥစ္စာခြောက်တဲ့အဖိုးကြီးပဲလို့ သာ မှတ်ချက်ချ လိုက်မိသည်။

တချို့လူတွေဥစ္စာခြောက်ပုံကတော့ မိသားစုအပေါ်မှာတောင် အကုန်အကျမခံဘဲ လျစ်လျူရှု နေတတ်ကြ သည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူစဉ်ကဖြစ်သည်။ မြတ်စွာဘုရားရှင်သည်သာဝတ္ထိပြည် ဇေတဝန်ကျောင်း တော်တွင်သီတင်းသုံးနေတော်မူ၏။ ထိုသာဝတ္ထိပြည်မှာ အဒိန္နပုဗ္ဗက ဟု ထင်ရှားသော ပုဏ္ဏားသူကြွယ်ရှိ၏။

ပုဏ္ဏားကြီးတွင် မဋ္ဌကုဏ္ဍလီ မည်သောသားတစ်ယောက်ရှိ၏။  သူကြွယ်သည်ငွေကြေးဥစ္စာ ချမ်းသာ ကြွယ်ဝသော်လည်း အလွန်နှမြောတွန့်တိုသူဖြစ်သည်။ သူ၏စည်းစိမ်ဥစ္စာလျော့ပါးသွားမှာ အလွန်စိုးရိမ်သည်။

            ပေးကမ်း လှူဒါန်းခြင်းသည် သက်သက်မဲ့ဥစ္စာဖြုန်းတီးခြင်းဖြစ်သည်ဟု ခံယူထားသူဖြစ်သည်။ သူက တော့ သူများကိုကူညီပေးကမ်းဖို့နေနေသာသာ သူကိုယ်တိုင်တောင်မစားရက် မသောက်ရက် အောင်တွန့်တို သူ ဖြစ်သည်။ သူ၏ တစ်ဦးတည်းသောသားလေးကိုလည်းအလှူဒါနမပြုတတ်အောင် နှမြောတွန့်တိုတတ်အောင် ငယ်စဉ်ကပင် သင်ကြားဩဝါဒပေးထား၏။

တစ်ခါသော် ထိုသားလေးသည်နေထိုင်မကောင်းဖြစ်လေသည်။ ပိုက်ဆံတတ်နိုင်သော်လည်း ဆေးဖိုးဝါးခ အတွက် ငွေကြေးကုန်ကျမည်စိုးသဖြင့် ဆေးဆရာမခေါ်ခဲ့ပေ။ ဆေးလည်းမဝယ်ခဲ့ပေ။ သူ့နည်းနှင့်သူ အခကြေး ငွေမပေးရသည့် ဆေးမြီးတိုများဖြင့်သာကုသသည်။

နောက်ဆုံးတွင်သားဖြစ်သူသည် ဆေးဝါးများနှင့်အသေအချာကုသမှုကိုမခံယူရခြင်း အာဟာရ ချို့တဲ့ ခြင်း တို့ကြောင့် ရောဂါပြင်းထန်လာကာ အိပ်ရာမှမထနိုင် လှုပ်တောင်မလှုပ်နိုင်အောင်ဖြစ်ခဲ့ရ လေသည်။

ပုဏ္ဏားကြီးသည် သေလုမျောပါးဖြစ်နေသောသားကို အိပ်ခန်းထဲမှာမထားတော့ဘဲ အိမ်အပြင် သို့ထုတ် ထားသည်။ ဧည့်သည်များလာ၍ လူနာသတင်းမေးလျှင် ကျွေးမွေးဧည့်ခံရမှာစိုးသည်။ အထူးသဖြင့် သူပိုင်သော စည်းစိမ်ဥစ္စာတစ်စွန်းတစ်စမြင်ပြီး လိုချင်တပ်မက်စိတ်တွေဖြစ်လာမှာကို ပို၍စိုးရိမ် နေလေသည်။

မကြာမီမှာပင် သားဖြစ်သူ မဋ္ဌကုဏ္ဍလီသည်သေဆုံးသွားလေတော့သည်။ သားဖြစ်သူသေဆုံး သွားသော အခါမှ ပုဏ္ဏားကြီးသည်နေ့စဉ်နေ့တိုင်း သားဖြစ်သူမြှုပ်နှံရာ သုဿာန်သို့ငိုကြွေးနေလေသည်။

ဥစ္စာပစ္စည်းအပေါ်တပ်မက်စိတ်လွန်ကဲသူသည် တခြားသူစိမ်းကိုမဆိုထားနှင့် သူ့ရင်သွေး အတွက်တောင် ပေးဖို့ဝန်လေးနေသည်အထိ ဝန်တိုစိတ်ထားသည်မှာ အတော်စိတ်ဓာတ်နိမ့်ကျလွန်း ပေသည်။

ဝန်တိုမစ္ဆရိယစိတ်ကို မစွန့်လွှတ်ဘဲ မွေးထားခဲ့ရင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ မတရားမှုတွေ ကျူးလွန်လာ နိုင်ပါသည်။ တစ်ဖက်လူကို အရှက်ရအောင်၊ အခက်ကြုံအောင်၊ ဘဝပျက်အောင်၊ အသက်သေအောင် ကြံစည် သည်အထိ ပေါက်ကွဲမှုတွေ ပြင်းထန်တတ်ပါသည်။ လူတစ်ယောက်၏ မစ္ဆရိယစိတ်သည် သူ၏အင်အားကြီးလျှင် ကြီးသလောက် တစ်ဖက်သားကို ဒုက္ခပေးနိုင်ပါသည်။ 

မစ္ဆရိယ စိတ်ကြီးမားသော တကောင်းဘုရင်အကြောင်းပြောချင်ပါသေးသည်။

တကောင်းပြည်၌ ပန်းပဲဆရာကြီး ဦးတင့်တော်၏သားဖြစ်သူ မောင်တင့်တယ်သည် အားခွန် ဗလကြီးမား သည်။ ဆင်ပြောင်ကြီးကို လက်နက်မပါဘဲ ရင်ဆိုင်နိုင်၍ အစွယ်ကိုပင် ချိုးပစ်နိုင်သည် အထိ စွမ်းအားရှိသည်။ ခွန် အားဗလကောင်းသောပန်းပဲမောင်တင့်တယ်၏ သတင်းက တကောင်း ဘုရင်၏နားသို့ရောက်လာသည်။ ထိုသ တင်းသည် တကောင်းဘုရင်အတွက် အအိပ်အစားမမှန်တော့ အောင် ပူပန်သောကဖြစ်စေလေသည်။ မောင် တင့် တယ်သည် သူ၏ထီးနန်းကို လုယူသိမ်း ပိုက်နိုင် သည်ဟုတွေးမိသည်။ ထိုဝန်တိုစိတ်ကြောင့် မောင်တင့်တယ်ကို ချက်ချင်းဖမ်းဆီးပြီး သတ်ဖြတ်ပစ်ရန် မှူးမတ်များကို အမိန့်ချမှတ်သည်။

ဘုရင့်အမိန့်အရ မှူးမတ်များက မောင်တင့်တယ်ကို သွားဖမ်းသော်လည်း မောင်တင့်တယ်က အဖမ်းမ ခံဘဲ တောထဲသို့ ထွက်ပြေး ပုန်းရှောင်သွားသဖြင့် ဖမ်းမမိခဲ့ပေ။ မစ္ဆရိယ စိတ်ကြီးမားသော ဘုရင်က သူ့ထီးနန်းကို လုယူနိုင်သော မောင်တင့်တယ်ကို ဖမ်းမိစေရန် ရေရှည်စီမံ ကိန်း ပြုလုပ်လေ တော့သည်။

မကြာခင်မှာပင် ဘုရင်ကြီးက မောင်တင့်တယ်၏နှမ မမြတ်လှကို မိဖုရားမြှောက်သည်။ မိဖုရား မြှောက် ပြီး အချိန် အတော်ကြာလာသောအခါ သူ့အပေါ်အစစ ယုံကြည်လာပြီဖြစ်သော မိဖုရားအား တစ်ဖက်လှည့်နှင့် မောင်တင့်တယ်ကို ခေါ်ခိုင်း သည်။ မောင်တင့်တယ်ကို အစွမ်းအစရှိသူလည်းဖြစ်၊ ယောက်ဖ တော်စပ်နေသူ လည်းဖြစ်၍ မြို့စားခန့် အပ်လိုကြောင်းပြောသည်။ မမြတ်လှကလည်းအားရ ဝမ်းသာနှင့် အစ်ကိုဖြစ်သူကို လိုက် ခေါ် သည်။

မောင်တင့်တယ်ကလည်း နှမဖြစ်သူကိုယ်တိုင်ခေါ်သည်တစ်ကြောင်း သူ့ကိုလိုက်ဖမ်းခဲ့သည့် အချိန် ကာ လကလည်း ကြာခဲ့ပြီတစ်ကြောင်းမို့ ရိုးသားသောအတွေးနှင့်အေးအေးဆေးဆေး လိုက်လာခဲ့သည်။ ဘုရင်ကြီး သည် မောင်တင့်တယ်တစ်ယောက် သူ့ရှေ့မှောက်သို့ ရောက်သည်နှင့် ချက်ချင်း ဖမ်းကာ စကားပင်၌ အရှင်လတ် လတ် မီးရှို့သတ်လိုက်လေသည်။

နှမဖြစ်သူ မမြတ်လှလည်း သူ့ကြောင့် အစ်ကိုဖြစ်သူ သေရတယ်ဆိုပြီး သူကိုယ်တိုင် မီးပုံထဲ ခုန်ဆင်းကာ အသေခံလိုက်တော့သည်။

မိမိပိုင်ဆိုင်မှုကို တခြားလူတစ်ယောက်ယောက်ယူမည်ဆိုသော သံသယနှင့်ဝန်တိုမစ္ဆရိယစိတ် ထားခြင်း သည် မိမိအတွက်ရော မိမိမိသားစုအတွက်ရော ပတ်ဝန်းကျင်အတွက်ပါဆိုးကျိုးများဖြစ်လာ နိုင်ပေသည်။ ထိုဆိုး ကျိုးများသည် အနည်းငယ်လည်းဖြစ်နိုင်သလို အကန့်အသတ်မရှိလည်းများပြားနိုင်လေသည်။

                                                     ရိုက်မောင်း