【 ဆောင်းပါး 】 “ကတိကဝတ်ရဲ့ အသီးအပွင့်”

【 ဆောင်းပါး 】 “ကတိကဝတ်ရဲ့ အသီးအပွင့်”

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အမေရိကန်ဝေး ဆိုတဲ့ မဂ္ဂဇင်းက နှစ်သက်စရာ အင်တာဗျူးတစ်ခုကို ရောင်း အား အကောင်းဆုံးစာရေးဆရာဒေးဗစ်ဘော်ဒါချီနဲ့ တွေ့ဆုံမေးမြန်းခဲ့တယ်။ ဘော်ဒါချီက အကြီးအကျယ်အောင် မြင်မှုရခဲ့တဲ့ ဝတ္ထုများ ဖြစ်တဲ့ “Absolute Power (အတိုင်းအဆမဲ့ စွမ်းအား), Total Control (အလုံးစုံထိန်းချုပ် ခြင်း) နဲ့ The Winner (အောင်မြင်သူ)” စတဲ့ စာအုပ်တွေကို ရေးခဲ့သူဖြစ်ပါတယ်။ သူ့စာအုပ်တွေကို အုပ်ရေသန်း နဲ့ချီ ရောင်းချခဲ့ရတယ်။

သင့်ကို တစ်ခုတော့ ပြောပြပါရစေ၊ အဲဒီလို ဘော်ဒါချီရဲ့ ‌အောင်မြင်မှုဟာ နေ့ချင်းညချင်း နေ့တွင်းချင်း ဖြစ်ခဲ့တာတော့ မဟုတ်ဘူး ဆိုတာပါ။ သူ့ရဲ့ ပြီးမြောက်အောင်မြင်မှုတွေ နဲ့ ငွေကြေးအောင်မြင်မှုတွေဟာ သူ့ရဲ့ စာရေးသားမှု အရည်အချင်း ကို တိုးတက်အောင်လုပ်မယ် ဆိုတဲ့ မဆုတ်မနစ်ထားရှိခဲ့တဲ့ ကတိကဝတ်ရဲ့ ရလာဘ် ပါပဲ။ ဘော်ဒါချီ ဟာ ကျွန်တော့်လိုပဲ ရှေ့နေအဖြစ်နဲ့ စခဲ့သူပါ။ သူက ဥပဒေကျောင်းကို ၁၉၈၃ ခုနှစ်မှာ စတင် တက်ရောက်ခဲ့ပြီး ရောင်းအားအကောင်းဆုံး စာရေးဆရာ လုပ်ဖို့ စိတ်တောင် မကူးခဲ့ဖူးပေ့ါ။ သူက ရိုးစင်းစွာပဲ စာရေးတာကို ပျော်ခဲ့တယ်။ ဒါပေမယ့် သူ စာ စရေးရေးချင်းမှာ ဘော်ဒါချီ က သူ့မှာ လုံလောက်တဲ့ စာရေးသား အ ရည်အချင်း မပြည့်သေးဘူးဆိုတာ သိခဲ့တယ်။ အဲ့ဒီတော့ သူ ကတိကဝတ်တစ်ခုပြုခဲ့တာက စာရေးခြင်း အနုပညာ ကို လေ့လာ သင်ယူမယ်လို့ပါ။ ပထမ ငါးနှစ်မှာ သူ့ စီမံကိန်းတွေ ကို လုံးဝ ပြီးအောင် မလုပ်ခဲ့နိုင်ဘူး။ နေ့တိုင်း သူလုပ်တာကတော့ သရုပ်ဆောင်တွေရဲ့ စရိုက် ဖန်တီးတာ၊ ဇာတ်လမ်း ဇာတ်ကွက် တိုးတက်အောင်လုပ်တာ၊ စတဲ့ စာရေးသားမှု  အခြေခံတွေကိုပဲ လေ့ကျင့်နေခဲ့တာပါ။

အဲဒီတုန်းက သူက ရှေ့နေဖြစ်ဖို့လည်း လေ့ကျင့်နေချိန်ဖြစ်ပါတယ်။ နောက်ပြီး သူတို့ လင်မယားမှာ ကလေးငယ် နှစ်ယောက်ရှိခဲ့ပါတယ်။ သူ စာရေးဖို့ အချိန်ဘယ်လို ရှာခဲ့ပါသလဲ။ ဘော်ဒါချီ က စာရေးခြင်း ကို ညစဉ် ၁၀ နာရီ ကနေ သန်းခေါင်ကျော် ၂ နာရီ လုပ်ခဲ့ပါတယ်။

အဲဒါက ဘာပဲ လုပ်ရလုပ်ရ ဘာပဲဖြစ်ဖြစ်လုပ်မယ် ဆိုတဲ့ ကတိကဝတ်ပဲပေါ့။ သူက ပြောသေးတယ် စာ ရေးတာက သူ့အဖို့ ပျော်စရာတစ်ခုပဲ ညည်းငွေ့ စရာကောင်းတဲ့ အလုပ်တစ်ခု မဟုတ်ဘူးတဲ့။ ဒါနဲ့ ကျွန်တော်က သင့်ကို ညဉ့်နက်ကြီး အထိ မအိပ်ပဲနေပြီး သင့် ရည်မှန်းချက် ပန်းတိုင်ရောက်အောင် ကြိုးစား ရမယ်လို့ အကြံပေး နေတာ မဟုတ်ဘူးနော်။  ကျွန်တော့်အဖို့တော့ ည ၁၀နာရီကနေ သန်းခေါင်ကျော် ၂နာရီ အထိ ဆိုတာ လုံးဝ အ လုပ်မဖြစ်နိုင်တဲ့ ကိစ္စပါ၊ သင့် အဖို့လည်း အလုပ်ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

(၁၀) နှစ်ကျော် စာရေးပြီးတဲ့ နောက်မှာ ဘော်ဒါချီက ဝတ္ထုတို တချို့ နဲ့ ဇာတ်ညွှန်း အနည်းငယ် ရေးပြီး နေပါတယ်။ သူ့ရောင်းအားကတော့ သုညပါ။ သူအစွမ်းပြခဲ့သမျှက အယ်ဒီတာ ဖြစ်သူရဲ့ များများ အပယ်ခံရဖို့ပဲ ဖြစ်ခဲ့ရပါတယ်။

၁၉၉၆ ခုနှစ်မှာတော့ ဘော်ဒါချီ ကြိုးစားခဲ့သမျှရဲ့ အသီးအပွင့် ကို ခံစားရမယ့် အချိန်ရောက်ခဲ့ပါပြီ။ အ ရေးပါတဲ့ အချိန်ပါ။ သူက သူ့ရဲ့ အကြီးအကျယ်ပေါက်ခဲ့တဲ့ လျှို့ဝှက်သည်းဖို ဇာတ်လမ်း “Absolute Power” အတွက် စာပေနဲ့ ရုပ်ရှင် မူပိုင်ခွင့် ‌ဒေါ်လာသန်းချီ ရခဲ့ပါတယ်။ အဲ့ဒီ ရုပ်ရှင်ရဲ့ အဓိက သရုပ်ဆောင် ကတော့ မင်းသား ကလင့်အိစ်ဝုဒ် ဖြစ်ပါတယ်။  ဒါကတော့ ကတိကဝတ်ထားရှိတဲ့ လူတစ်ယောက်ရဲ့ စွမ်းအားပဲ ဖြစ်ပါတယ်။

ကိုယ့် ကတိကဝတ် ကို မပျက်မကွက် ပြီးဆုံးအောင်မြင်အောင် ဘာပဲဖြစ်ဖြစ် ဘာပဲလုပ်ရလုပ်ရ လုပ်တဲ့ သူ က ရလာဒ်ကောင်းကောင်းတွေကို ရရှိတဲ့ သာဓက ကို စာရေးဆရာ ဒေးဗစ် ဘော်ဒါချီ ရဲ့ အဖြစ်နဲ့ စိတ်ဓာတ် တက်ကြွအောင် တင်ပြခဲ့ သလို၊ နောက်ထပ် သန်းကြွယ် သူဌေး ဖြစ်သွားခဲ့တဲ့ ဂျယ်ရီ ဂလက်စတုန်း ရဲ့ အကြောင်း ကိုလည်း အောက်ပါအတိုင်း ပြောပြပါတယ်။

လက်လျော့အရှုံးပေးဖို့ ငြင်းတဲ့ သူ

ကတိကဝတ်ထားရှိခြင်းရဲ့ မှော်အစွမ်းကို ကျွန်တော်အများကြီး သင်ယူ နိုင်ခဲ့သူကတော့ ကျွန်တော့် သူငယ်ချင်းကောင်း ဖြစ်တဲ့ ဂျယ်ရီ ဂလက်စတုန်း ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ဂျယ်ရီ က “အမေရိကန် ရိုင်ရယ် အတ်” ဆိုတဲ့ အမှတ်တရစုဆောင်းဖို့ ပစ္စည်း‌လေးတွေရောင်းတဲ့ ကိုယ်ပိုင်ကုမ္ပဏီ တစ်ခု စလုပ်ခဲ့တယ်။ နောက် တစ်နှစ်ကြာတဲ့အခါကျ သူက ဖန်တီးအသက်သွင်းအနုပညာပစ္စည်း ရောင်းဖို့ ဆုံးဖြတ်ပြီး Warner Brothers, Hanna Barbera နဲ့ အခြား စတူဒီယို အသေးလေးတွေ ဆီက လိုင်စင်ယူပြီး ဇောက်ချလုပ်ကိုင်ခဲ့တယ်။ ဒါပေမယ့် သူသတိပြုမိသွားတာက သူ့လုပ်ငန်းစီးပွားကို ပိုကြီးပွားစေချင်ရင် ဒစ္စနေ ရဲ့  အနုပညာ ပစ္စည်းတွေပါ ရောင်းဖို့လို တယ် ဆိုတာ သိလာတယ်။

သုံးနှစ်လောက်ကြာအောင် သူ ဒစ္စနေ ရုံးချုပ်ကို ဒစ္စနေရဲ့ အနုပညာ ပစ္စည်းတွေ ရောင်းချခွင့်ပြု အောင် စာလည်းရေး ဖုန်းလည်း ဆက်ခဲ့တယ်။ ဆက်သွယ်တိုင်း ဒစ္စနေဆီက တသမတ်တည်း သူရခဲ့တဲ့ အဖြေက No ပါတဲ့။

ဒါလောက်နဲ့တော့ ဂျယ်ရီ့ကို ရပ်သွားအောင် လုပ်လို့မရပါဘူး။ သူက ဒစ္စနေက အမှုဆောင်အရာရှိတွေကို ဆက်တိုက် ဆက်သွယ်ခဲ့တယ်၊ တိုတိုပြောရရင် နောက်ဆုံးတော့ အမှုဆောင် အရာရှိတစ်ယောက်က ဂျယ်ရီ့ကို လက်ခံ တွေ့ဆုံခဲ့တယ်။ သူမက သူ့ကို Sleeping Beauty ကားထဲက Maleficent၊ Snow White ကားထဲက ကဝေ ဘုရင်မ၊ 101 Dalmatians ကားထဲက Cruella DeVil တို့အားလုံးရဲ့ လေသံမျိုးနဲ့ ပြောလိုက်တာက “ရှင် ဘယ် တော့မှ ဒစ္စနေ လိုင်စင်ရမှာ မဟုတ်ဘူး” တဲ့။

လက်လျှော့လိုက်သင့်ပြီ၊ ဟုတ်တယ်မလား။ ဂျယ်ရီ အတွက်တော့ မဟုတ်ဘူး။ အဲ့ဒီ ငြင်းဆိုမှုတွေအားလုံး ကြားမှာ သူက စိတ်သဘောထား ကြီးကြီး ကိုင်စွဲထားတယ်။ သူက ဒစ္စနေက နောက်ထပ် အမှုဆောင်တွေကို ထပ် ဆက်သွယ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ဒစ္စနေက လူကြီးတစ်ယောက်က ဂျယ်ရီ့ကို တစ်ခါတည်း အပြတ်ဖြတ် လိုက် မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောလာတာက “‌ကောင်းပြီ၊ ကျွန်တော်တို့က ဒစ္စနေရဲ့ အနုပညာ ပစ္စည်းတွေကို ဂယ်လာရီ ဖွင့်ပြီးရောင်းချမယ်ဆိုရင် မင်နီဆိုတာ ပြည်နယ် သို့မဟုတ် မက်ဆာချူးဆက် ပြည်နယ် တစ်နေရာရာ မှာပဲ ဖွင့်ခွင့်ပြုဖို့ စဉ်းစားမှာ ဖြစ်တယ်”။ ဂျယ်ရီ့ အလုပ်က နယူးယောက်မှာ ဖွင့်ထားတာပါ၊ သူ့အနေနဲ့ အရောင်း ပြခန်းကို နယ်စွန်နယ်ဖျား မှာဖွင့်ဖို့ မလိုလားပါဘူး။ ဂျယ်ရီ ဘာလုပ်မယ်ထင်သလဲ။ သူနောက်နေ့မှာ ဘော့စတွန် ကို လေယာဉ်ပျံနဲ့ သွားတယ်။ အဲ့ဒီနေ့ ညမှာပဲ ဘော့စတွန် ရဲ့  နယူးဘရီ လမ်းပေါ်က တစ်နေရာကို ငှားဖို့ စာချုပ် ချုပ်လိုက်တယ်။ ပြီးတာနဲ့ ဒစ္စနေ အမှုဆောင်အရာရှိကို သူ မက်ဆာချူးဆက် မှာ နေရာရ ထားပြီလို့ သတင်းပို့ လိုက်တယ်။ (ဘော့စတွန်က  မက်ဆာချူးဆက်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်။ စာရေးသူ)

သူတို့ နှစ်ယောက်စလုံး စိတ်လွတ်ကိုယ်လွတ် ရယ်လိုက်ကြတယ်။ နောက်ပြီး အဲ့ဒီ အမှုဆောင်က ဂျယ်ရီ ကို ပြောတယ်”တကယ်လို့ ခင်ဗျားမှာ နောက်နေ့ ဘော့စတွန်ကို သွားပြီး နေရာတစ်နေရာမှာ အခုလို ဖွင့်ရဲမယ် ဆို ရင် ခင်ဗျားကို ဒစ္စနေ အစီအစဉ်ထဲမှာ ထည့်ပေးမယ်။” ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ ဂျယ်ရီ က ဒစ္စနေ ပုံတွေနဲ့ ဆင်ယင် ထားတဲ့ ဂယ်လာရီ ကို ဘော့စတွန်မှာ ဖွင့်လှစ်လိုက်တယ်။

တစ်နှစ်အတွင်းမှာပဲ ဒစ္စနေလိုင်း အနုပညာ အမှတ်တရ ပစ္စည်း တွေကို သူ့ နယူးယောက် ဆိုင်က နေတ ဆင့် ဖြန့်ချိ ရောင်းချခွင့် ရခဲ့ပါတယ်။ အခုဆိုရင် ဂျယ်ရီ က ဒစ္စနေ နဲ့ စီးပွားလုပ်တာ (၁၀) နှစ် ရှိခဲ့ပါပြီ။ ဒစ္စနေရဲ့  အနုပညာပစ္စည်း တွေကို ‌ဒေါ်လာ သန်းပေါင်းများစွာဖိုး ရောင်းချနိုင်ခဲ့ပြီး ဒစ္စနေ ဇာတ်ကောင်တွေကိုအသက်သွင်း ဖန်တီးထားတဲ့ အနုပညာပစ္စည်း တွေကို ကမ္ဘာပေါ်မှာ အများဆုံး‌ ရောင်းချနိုင်တဲ့ စီးပွားရေးသမား တစ်ယောက် အဖြစ် ရပ်တည်နေပါပြီ။ ကတိကဝတ်အကြောင်းပြောကြရင်၊ ငြင်းဆိုခံရမှုတွေ များ နေတဲ့ကြားက အကောင်းမြင် စိတ် ထားနိုင်တဲ့အကြောင်း ပြောကြရင်၊ ဂျယ်ရီက ဒစ္စနေ ရဲ့ လိုင်စင်ရဖို့ ဘာပဲဖြစ်ဖြစ်လုပ်မယ် ဆိုတဲ့ ကတိက ဝတ်၊ အကောင်းမြင်စိတ်ဓါတ်နဲ့ ရအောင် ယူခဲ့နိုင်တယ်။ ဂျယ်ရီ့ကိုသာ မေးကြည့်ပါ၊ သူက “စိတ်နေသဘောထား သည် သာ အရာရာ” လို့ (နယူးယောက်မြို့မှာ သွားတဲ့ ခြေလှမ်းထက် မြန်တဲ့နှုန်းနဲ့) လျှပ်တပျက် ပြောပြပါလိမ့် မယ်။

ကိုယ့် ကတိကဝတ် ကို မပျက်မကွက် ပြီးဆုံးအောင်မြင်အောင် ဘာပဲဖြစ်ဖြစ် ဘာပဲလုပ်ရလုပ်ရ လုပ်တဲ့ သူ က ရလာဒ်ကောင်းကောင်းတွေကို ရရှိတဲ့ သာဓက ကို စာရေးဆရာ ဒေးဗစ် ဘော်ဒါချီ ရဲ့ အဖြစ်နဲ့ သန်းကြွယ် သူဌေး ဖြစ်သွားခဲ့တဲ့ ဂျယ်ရီ ဂလက်စတုန်း တို့နဲ့ အားကျစရာကောင်း‌အောင် ပြောပြပြီးတဲ့ နောက်၊ နောက်ထပ် ဘာပဲ လုပ်ရလုပ်ရ မဆုတ်မနစ်လုပ်ခဲ့တဲ့ အရွယ်လွန်ပုဂ္ဂိုလ်တစ်ဦး ရဲ့ အံ့မခန်း စိတ်ဓါတ်ခိုင်မာ ဇွဲကောင်းကောင်းနဲ့ မတွန့် မဆုတ် ကြိုးစားရင်း အသီးအပွင့်ကောင်း ဆွတ်ခူးရပုံကို ဆက်ပြောပြပါသေးတယ်။

ဘာပဲ လုပ်ရလုပ်ရ

ကယ်လီဖိုးနီးယားပြည်နယ် နယူးပို့ ဘိချ် မှာ နေတဲ့ ဘင်ဂျီမင်ရိုး အကြောင်းကိုလည်း ပြောပြချင်ပါ သေး တယ်။ ၁၉၉၀ ခုနှစ် သူ့အသက် ၆၇ နှစ်မှာ ရိုးလ်က ဥပဒေကျောင်းကနေ ဘွဲ့ရခဲ့တယ်။ လုပ်ရိုးလုပ်စဉ်အရဆိုရင် ရှေ့နေဖြစ်ဖို့ မလေ့ကျင့်ခင်၊ ကယ်လီဖိုးနီးယား ရှေ့နေ (Bar) စာမေးပွဲကို ‌အောင်ဖို့လိုပါတယ်။ သူ့ရဲ့ ပထမဆုံး အ ကြိမ် ကြိုးစား စာမေးပွဲ ဖြေခဲ့တုန်းက သူစာမေးပွဲ ကျခဲ့ပါတယ်။ ဒုတိယအကြိမ် ဖြေတုန်းကလည်း ကျခဲ့ပါတယ်။ တတိယ အကြိမ်လည်း ကျပြန်တယ်။

နောက် စတုတ္ထ၊ ပဉ္စမ၊ ဆဌမ၊ သတ္တမ၊ အဌမ၊ နဝမ၊ ဒဿမ၊ ဧကဒဿမ၊ ဒွာဒဿမ၊ တေရသ အကြိမ်... (၁၃ကြိမ်တိုင်တိုင်- စာရေးသူ)

ဒီနေရာမှာ အရေးကြီးတာတစ်ခု ထည့်ပြောချင်တာက၊ ရှေ့နေ (Bar) စာမေးပွဲက တစ်နှစ် နှစ်ကြိမ် ဖြေ ခွင့်ပေးပါတယ်၊ ဆိုတော့ သူ တစ်ဆယ့်သုံးကြိမ်မြောက် စာမေးပွဲကျပြီးချိန်မှာ သူ့အသက်က ၇၃ နှစ်ရှိနေပါပြီ။ လူ အားလုံးလိုလိုက ဆက်ဖြေကြတော့မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဘန်ဂျမင် ရိုး ကတော့ ထွက်မပြေးပါဘူး။ သူ စာမေးပွဲကို ၁၄ကြိမ်မြောက် ဆက်ဖြေပါတယ်။ အဲဒီကျမှ ‌အောင်ပါတယ်။ ၁၉၉၇ ခုနှစ် သူ့အသက် ၇၄ နှစ် မှာ ရိုးလ်က ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှေ့နေလေ့ကျင့်ဖို့ ဝင်ခွင့် တင်သွင်းခဲ့ပါတယ်။ ကဲ ဒီလူကလည်း ကတိက ဝတ်ပြုပြီး ဘာပဲ ဖြစ်ဖြစ် စိတ်လိုလက်ရလုပ်တဲ့သူ တစ်ယောက်ပါ။ ရိုးလ် ရှင်းပြတာက “ကျွန်တော် လုံလောက်တဲ့ အချိန်အထိ အသက်ရှည်မယ်ဆိုရင် ဒီ ဝါဂွမ်းခူးတဲ့ အလုပ်လို လက်ဝင်တဲ့ စာမေးပွဲကို အောင်ကို အောင်မှာပါ လို့ တွက်ခဲ့တယ်။ အခု အောင်ပြီလေ။”

 ဒီဇာတ်လမ်းလေးက သင့်ကို စိတ်နေသဘောထားရဲ့ အရေးကြီးပုံကို သိသာမြင်သာစေရဲ့လား။ ဘယ် သူ မှ အသက် ၆၀ မှာ ဥပဒေကျောင်း တက်ဖို့တော့ စိတ်တောင်ကူးမှာ မဟုတ်ပါဘူး။ ခုအဖြစ်ကတော့ လူတစ် ယောက်က ဥပဒေကျောင်းတက်ဖို့ ကျောင်းအပ် ယုံသာမက ဘွဲ့ရပြီးနောက် ရှေ့နေ (Bar) စာမေးပွဲ ဖြေဖို့ လေ့ လာကျက်မှတ်ဖို့ အချိန်ကို (၆)နှစ်တာ လိုလိုလားလား အသုံးပြုခဲ့တယ်။ အလိုလေး.... ဘင်ဂျီမင် ရိုးလ် ရဲ့ ဇာတ် လမ်းက “စိတ်နေသဘောထားသည် အရာရာ” ဆိုတာကို နောက်ထပ် သက်သေ ပြမယ့် ဖြစ်ရပ် တစ်ခုပါပဲ လား။

ခုလို လက်တွေ့သာဓကတွေနဲ့ အားကျ လာအောင် ဆွဲဆောင် ပြောကြား လမ်းညွှန်ပြီးတဲ့ နောက်မှာ ဂျက်ဖ် ကီလာ က ဒီ အခန်းရဲ့ အဆုံးသတ်အနေနဲ့ ကတိကဝတ်တစ်ခု မြန်မြန်ပြုဖို့၊ အဲဒီ ကတိကဝတ်ကို အ ကောင်အထည်ဖော်ဖို့ (အိပ်မက်တွေကို လက်တွေ့ဖြစ်လာစေဖို့) ဘာပဲနေနေ ဘာပဲလုပ်ရလုပ်ရ နောက်မဆုတ် တမ်း မမှိတ်မသုန် မဆုတ်မနစ် လုပ်ဖို့ စိတ်ဓာတ်တက်ကြွလာအောင် ခုလို ထပ်တိုက်တွန်းထားပါသေးတယ်။

ကတိတစ်ခု ပြုဖို့ အချိန်ကျပြီ

ကဲအခု သင့်မှာ ပန်းတိုင်တစ်ခုရှိနေတယ်လို့ ထားကြည့်ကြရအောင်။ ကိုယ်ကိုယ်ကိုမေးကြည့်ရမယ့် နောက်ထပ် မေးခွန်းတစ်ခုက “ငါ ဒီ ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင်သွားဖို့  ဘာပဲလုပ်ရလုပ်ရ စိတ်ပါ လက်ပါ လုပ်မှာလား” ဆိုတာပါ။ သင့် အဖြေက “ငါ အားလုံးလိုလိုလုပ်မယ်၊ ______ က လွဲလို့” လို့ ဖြစ်ခဲ့ရင် သင် ကတိကဝတ် ပြုတာမဟုတ်ဘူးလို့ ‌ဆိုရမှာပါ။

နောက်ပြီး သင်က ကတိကဝတ်မပြုဘူး ဆိုရင် သင်ဟာ ဦးတည်ချက်ပြောင်းသွားနိုင်မှာ ဖြစ်ပြီး သင့်ရည် မှန်းချက် ပေါက်မြောက်မှာ မဟုတ်ပါဘူး။ ဥပမာ ပြရရင်- လူအများက စီးပွားရေးလုပ်ကြတဲ့ အခါ “ငါ ခြောက်လ ကြိုးစားလုပ်ကြည့်မယ်။ ခြောက်လ ပြည့်လို့မှ ဘာမှ ဖြစ်မလာဘူးဆိုရင် လက်လျှော့လိုက်တော့မယ်” ။ အဲ့ဒီ စိတ် သဘောထားမျိုးဟာ အောင်မြင်မှုကို ဦးတည်သွားစေမယ့် စိတ်မျိုးမဟုတ်ပါ။ အကယ်၍ စာရေးဆရာ ဒေးဗစ် ဘော်ဒါချီ ကသာ “ငါ တစ်နှစ် ကြိုးစားပြီးရေးကြည့်မယ်၊ အဲလိုနဲ့ တစ်ပုဒ်မှ မရောင်းရဘူးဆိုရင် ငါ ဆက်မလုပ် တော့ဘူး” လို့ ပြောခဲ့မယ်ဆိုရင်  သူချစ်တဲ့ အလုပ်ကို လုပ်ဖို့ အခွင့်အရေး လက်လွတ်သွားမယ့်အပြင် ငွေကြေး လွတ်မြောက်မှု နဲ့ သူ့အိပ်မက်ထဲမှာ သူနေခွင့် တွေပါ ဆုံးရှုံးသွားခဲ့မှာပါ။

အခုပြောပြနေတာတွေက သင့်အနေနဲ့ အစီအစဉ်တကျ ကြိုတင်ပြင်ဆင်မှု မရှိပဲ စိတ်ကူးဉာဏ် မသုံးပဲ အကောင်းဆုံးကို မျှော်လင့်လို့ရတယ်လို့ ဆိုလိုနေတာ မဟုတ်ပါ။ သင့်အနေနဲ့ အချိန်ဇယားချပြီး ပြီးဆုံးအောင် လုပ်ရမယ့် အချိန်တွေသတ်မှတ်ဖို့ တွေ၊ ငွေကြေးစီမံခန့်ခွဲဖို့တွေ လုပ်ဖို့ မလွဲမသွေလိုအပ်မှာပါ။ ဒါမှ လမ်းကြောင်း အမှန် အတိုင်း လျောက်လှမ်းပြီး အောင်မြင်မှုကို မြန်နိုင်သမျှ မြန်မြန် ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ သင် အစီအစဉ်တွေကို ဘယ်လောက် သေချာအောင် ချမှတ်ထားတာဖြစ်စေ သင့်အနေနဲ့ ပန်းတိုင် ကို အောင်မြင် စွာ ရောက်နိုင်ဖို့ အချိန်ဘယ်လောက်ယူရမယ်ဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး။ သင့် အနေနဲ့ အားလုံးကို ကြို မမြင် နိုင် ပါ။

ဒီစာစဉ်လေးတွေကို ဖတ်ခြင်းဖြင့် ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကို မလွဲမသွေ၊ မမှိတ်မသုန် “ဘာပဲ ဖြစ်ဖြစ်၊ ဘာပဲလုပ်ရလုပ်ရ” မဆုတ်မနစ်သော ဇွဲ လုံ့လ နဲ့ အောင်မြင် ပိုင်ပိုင် တက်လှမ်းနိုင်သူများ ဖြစ်ကြပါစေ။

                                            သက်ထွန်း (သျှမ်း)