【 ဆောင်းပါး 】 “ကုသိုလ်ရမယ့် ကူညီမှုဆိုတာ”

【 ဆောင်းပါး 】 “ကုသိုလ်ရမယ့် ကူညီမှုဆိုတာ”

ပြောင်းလဲမှုတွေများနေတဲ့ ယနေ့အချိန်ခါမှာ နေရာတကာ ကိုယ့်အပေါ် စေတနာအမှန်နဲ့ ဆက်ဆံမယ့်သူဆိုတာ အတော်ကိုရှားပါတယ်။အစစ်တစ်ခု အယောင်ဆောင်တစ်သိန်း ဆိုသကဲ့သို့ ကဏ္ဍစုံမှာ လူအထွေထွေလို့ ဆိုရမလိုဖြစ်နေတတ်ပါတယ်။တကယ်တော့ ဒါတွေဟာ သမိုင်းတကျော့ပြန်တာလား၊ လူတွေကဖန်တီးလို့ ဖြစ်ရတာလားဆိုတာ ပြောရခက်သလို တစ်ချိန်တုန်းကအခြေအနေ၊ခေတ်ကာလအနေအထားနဲ့ သိပ်မကွာလှတာကို တွေ့နေရပါတယ်။
 
ပြီးခဲ့တဲ့တစ်ပတ်က လမ်းထဲက အလုပ်အကိုင်ကောင်းကောင်းနဲ့ အတော်လေးအဆင်ပြေနေတဲ့ အသိတစ်ယောက်က လဘက်ရည်ဆိုင်မှာတွေ့ရင်း သူ့အလုပ်အကြောင်း အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့ပါတယ်။သူချည်းဘဲပြောတဲ့ စကားတွေထဲမှာ သူဘယ်လောက်ကြပ်တည်းနေကြောင်း၊ အလုပ်က လစာတစ်ဝက်ဘဲပေးတဲ့ အတွက် သူသွင်းရမည့်ကားဖိုးအတွက် မနည်းခြိုးခြံနေရကြောင်း၊  အလုပ်ရှင်က နိုင်ငံခြားသားဖြစ်တဲ့ အတွက် အခြေအနေမကောင်းရင် ဒီကနေအပြီးထွက်တော့မှာဖြစ်လို့ သူ့မှာ ဘာလုပ်စားရမလဲတောင် မသိတော့ကြောင်း ခြူသံပါအောင် ငြီးပါတယ်။
 
ဒီလိုငြီးရင်း သူတော်ကြောင်းတတ်ကြောင်းပြောရင်း စကားတွေကျွံကာ ကပ်ဘေးကာလမှာ အောက်ဆီဂျင်ကပ်ဘေးဖြစ်နိုင်ကြောင်း ကြိုတင်တွက်ဆ သိတဲ့အတွက် အောက်ဆီဂျင်အိုးတွေ တစ်သိန်းဝန်းကျင်ဖြင့် အိုးနှစ်ဆယ်လောက်ဝယ်ထားပြီး အသိတွေလိုသည့်အခါ ပြင်ပစျေးထက်လျှော့ပြီး ၇ သိန်းခန့်ဖြင့် ကူညီနိုင်ခဲ့တာကို ဂုဏ်ယူစွာ အာ၀ဇွန်းရွှင်စွာဖြင့် ပြောခဲ့ပါတယ်။ဒီအတွက် သူကယ်ခဲ့တဲ့အသက်က မရှိဘူးဆို ၂၀ လောက်ရှိတဲ့အတွက် ကုသိုလ်အတော်ရခဲ့လို့ တိုင်းပြည်ဘယ်လို အခြေအနေဖြစ်ဖြစ် သူဒုက္ခရောက်မှာမဟုတ်ဘူးလို့ ပါဋ္ဌိသံ၊ တရားသံနဲ့ ကျွန်တော့်ကိုပြောခဲ့ပါတယ်။
 
အခုလဲ စတုတ္ထလှိုင်းနှင့် စစ်မက်ဘေးသတင်းကြားနေသဖြင့် လူတွေကိုကယ်ဖို့ ဘာလှောင်ရင်ကောင်း မလဲဆိုတာ စဉ်းစားနေကြောင်း၊ လက်ရှိ သူ့တွင်အပေါင်ခံထားသည့် တိုက်ခန်း ၃၊ ၄ ခန်းကို သိမ်းရန် စဉ်းစားနေကြောင်း၊ ဘာကြောင့်ဆို ပေါင်ထားသည့်သူတွေမှာ အတိုးလဲမပေးနိုင်တဲ့အတွက် ကြာလျှင် တိုက်ခန်းတန်ဖိုးထက် ပြန်ရွေးရတာများသွားနိုင်တဲ့ အတွင် လက်ရှိပေါက်စျေးအောက်ဖြတ်ပြီး သိမ်းဝယ်ရန် တိုက်ခန်းပေါင်သည့်သူတွေကို ပြောထားကြောင်း၊ ဒါ သူတို့ကိုကူညီတာဖြစ်ပြီး တကယ်လို့ဝယ်ဖြစ်ခဲ့ရင် ဒီတိုက်ခန်းတွေ အိမ်ငှားတင်ဖို့ တတ်နိုင်သလောက် ကူရှာပေးဖို့ သူ့အကျိုးအမြတ်ရှိမယ့်ကိစ္စတွေကို ပြောခဲ့ပါတယ်။
 
ဒါ့အပြင် ကျွန်တော့်ကိုလည်း ဒီအတိုင်းမနေဖို့၊ ရသည့်အခွင့်အရေးကို မလွတ်အောင်ယူဖို့၊ ကိုယ်ရှိမှ သူများပေးနိုင်မှာဖြစ်သဖြင့် ပထမဆုံး ကိုယ့်မှာရှိရန် လုပ်သင့်တာ လုပ်ရမည်ဖြစ်ကြောင်း၊ နေရာတကာ ကိုယ်ချင်းစာစိတ်ထားပါက ငတ်မည်ဖြစ်ကြောင်း၊  ကိုယ်မလုပ်လဲ သူများလုပ်မှာဖြစ်တဲ့အတွက် ကိုယ်လုပ်တာက တော်သေးမည်ဖြစ်ကြောင်း  ဘေးဝုိင်းကလူတွေ အထင်သေးသည့်အကြည့်ဖြင့် လှည့်ကြည့်အထင်ရသည်အထိ ငါ့စကားနွားရသဘောမျိုး ပြောပါလေတယ်။
 
သူ့စကားနားထောင်ရင်း ဒီလူ အရင်က ဘုရားတရားစကားသိပ်ပြောပြီး အခုခေတ်ပျက်မှ ဘယ်လိုတွေ ဖြစ်ကုန်တာလဲဟု နားမလည်နိုင်အောင်ဖြစ်ရပါတယ်။
 
အခုချိန်က အားလုံးကျပ်တည်းနေတာမှန်သောလည်း တစ်ယောက်တည်းအဆင်ပြေဖို့ မကြည့်ကြဘဲ ရှိတာဝေစားမျှစားလုပ်နေရသလို အတတ်နိုင်ဆုံး ကူညီထောက်မနေကြရတဲ့အချိန်ဖြစ်လို့ ကျွန်တော့်အသိစကားက လူကြားထဲ လက်မခံချင်စရာ စကားပါပဲ။အခုချိန်မှာ ဆင်လဲ ဆင်အထွာ၊ သမင်လဲ သမင်အထွာဆိုသလို လူတိုင်းက ကိုယ့်အတိုင်းအထွာအရ ဒုက္ခရောက်နေကြရတဲ့အချိန်ပါ။လူတွေ ဘယ်လောက်ကျပ်တည်းနေသလဲဆိုရင် ကျွန်တော့်အိမ်ခေါင်းရင်းမှာ ကန်စွန်းအလေ့ကျပေါက်နေတဲ့ ရေအိုင်ငယ်လေးရှိပါတယ်။အဲ့ဒီရေအိုင်ထဲက ကန်စွန်းကို အရင်တုန်းကဆိုရင် လမ်းထဲလာတဲ့ အမှိုက်ကောက်တဲ့သူတွေ၊ တောင်းစားတဲ့သူတွေနဲ့ လမ်းထဲက ဆောက်လုပ်ရေးဆိုက်က အလုပ်သမားတွေသာ ဆင်းခူးလေ့ရှိတာပါ။လမ်းထဲမှာနေတဲ့သူတွေကတော့ ဒီအိုင်ထဲက ကန်စွန်းရွက်ကို ခူးဖို့ဝေးစွ ကြုံရင် အပေါ့ပါးတောင်သွားကြတာပါ။အဲဒီကန်စွန်းကန် ယခုကာလမှာ အရပ်ထဲ လမ်းထဲက လူတွေ ခူးကြလွန်းလို့ ကန်စွန်းတောင် အရွက်မထွက်နိုင်အောင် တုန်းတဲ့အထိပါပဲ။ဒီလိုအနေအထားမှာ ဒေါ်လာစားတစ်ယောက်က အရင်လို အလုပ်အကိုင်မကောင်းလို့၊ လစာတစ်ဝက်သာရလို့  အောက်ဆီဂျင်ဗူးတွေလှောင်၊ အမြတ်တင်ပြီးရောင်းတာ၊ လူတွေကျပ်တည်းတာကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်တာကို သူကပဲ လူတွေကိုကူညီနေတဲ့ပုံစံမျိုးပြောတာ အတော်လေးစိတ်ပျက်စရာပါပဲ။သူ့အတွက် အကျိုးအမြတ် အဆပေါင်းများစွာရတဲ့ကူညီမှုက သူ့အတွက် ကုသိုလ်ရမယ်လို့ ယုံကြည်နေတာ ဘယ်လိုပါလိမ့်လို့ နားမလည်အောင်လဲ ဖြစ်ရပါတယ်။ကန်စွန်းရွက်ခူးစားရအောင် လမ်းထဲ ဒုက္ခရောက်နေတဲ့သူတွေရှိနေချိန်မှာ ကိုယ့်ဝင်ငွေ တစ်ဝက်လောက် အလုပ်မလုပ်ရပဲ ရနေတာကို ငြီး နေတဲ့ ဒီလူစိတ်ကိုလည်း အံဩမိပါတယ်။သူ့ငြီးငြူမှုက ကျွန်တော်လို့ ဝင်ငွေ တစ်နှစ်ကျော်မရှိတဲ့ အသက် ၅၀ ကျော် ကျူရှင်ဆရာတစ်ယောက်အဖို့ ဘာပြောရမှန်းတောင်မသိအောင် ဆွံ့အသွားရပါတယ်။ 
 
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကိုယ့်အပူသာ ကိုယ်သိတဲ့ လူတစ်ချို့ကြောင့် ကျပ်တည်းမှုက ပိုပြီးဆိုးဝါးလာသလိုပါပဲ။အောက်ခြေမှာရှိတဲ့သူတွေက တစ်ယောက်နဲ့ တစ်ယောက် မျှကြဝေကြ၊ ခွဲဝေကြနဲ့ ရိုင်းပင်းတဲ့ စိတ်ကောင်းနှလုံးကောင်းမွေးပြီး ခေတ်ဆိုးကိုဖြတ်နေကြချိန်မှာ အချို့က စေတနာစကားတွေ ဖောင်ဖွဲ့အောင်ပြောပြီး လူ့အသက်တွေကိုရင်းပြီး စီးပွားဖြစ်ဖို့ကြံနေကြတာ၊ အမြတ်ထုတ်နေကြတာ ရွံစရာပါဘဲ။ဒီလိုလူတွေအဖို့ လောကကြီးပေါ်  အကောင်းမြင်တဲ့စိတ်က နည်းလွန်းလှပါတယ်။
 
သူပြောတဲ့စကားကို ပထမဆုံး အသေအချာစဉ်းစားကြည့်ပါတယ်။ပြီးတော့ သူ့အလုပ်ရဲ့ အမှန်တကယ် လုပ်ငန်းသဘော သဘာဝကြောင့် ဒီလိုဖြစ်ရတာလားလို့ တွေးကြည့်ပါတယ်။နောက် ဒီလူဖြတ်သန်းကြီးပြင်းလာတဲ့ သူ့သမိုင်းကို ပြန်ကြည့်ပါတယ်။အခုပြောနေတာသာ ကြာနေတာပါ။ စိတ်က ဒီကိစ္စတွေကို တွေးတောစဉ်းစားတဲ့အခါ မြန်ပါတယ်။ဒီနေရာမှာ ဒီလောက်အထိ အလေးအနက်ထားစဉ်းစားဖို့ လိုလို့လားဆိုတဲ့ မေးခွန်းလည်း စာဖတ်သူမေးလာနိုင်ပါတယ်။ဟုတ်ကဲ့ ... လိုပါတယ်။ဒီလိုအဖြစ်တွေက ဒီနေ့ခေတ် ဒီနေ့အချိန်အခါမှာ မကြာ ခဏမြင်နေရတဲ့ အများစုရဲ့ ပုံသဏ္ဍာန်ဖြစ်နေပါတယ်။တစ်ခုနဲ့ တစ်ခုက နည်းနည်းပဲ ကွဲပြားပါလိမ့်မယ်။နောင်ဆို ဒီလိုအဖြစ်မျိုးတွေက ရိုးသွားမှာတောင် စိုးရိမ်ရပါတယ်။လူတိုင်းကျပ်တည်းတာနဲ့ လုပ်ချင်ရာ လုပ်ခွင့်ရှိမယ်ဆိုရင်၊ ဘယ်သူဘာဖြစ်ဖြစ် ငါအဆင်ပြေဖို့က အရေးကြီးတယ်ဆိုတဲ့ “ကမ္ဘာမီးလောင်လို့ သားကောင်ချနင်းရတယ်” ဆိုတဲ့ စိတ်မျိုးဖြစ်နေရင် လောကကြီးက အားနည်းချို့တဲ့တဲ့သူတွေအတွက်၊ တရားမျှတမှုအတွက် တကယ့်အန္တရာယ်ကို လွယ်ထားမိနေသလိုပါပဲ။
 
လူ့အဖွဲ့အစည်းမှာ အောင်မြင်မှုရတဲ့သူက နှစ်မျိုးနှစ်စားပဲရှိတယ်လို့ ဆရာသမားတွေက ငယ်ငယ် တုန်းက ပြောခဲ့ဖူးပါတယ်။ဒီထဲမှာ တစ်မျိုးက ကိုယ်စွမ်းကိုယ်စနဲ့ ကိုယ်လိုချင်တဲ့ဘ၀ကို ကိုယ့်အရည်အချင်းနဲ့ တည်ဆောက်တဲ့သူဖြစ်ပါတယ်။
 
နောက်တစ်မျိုးက ကိုယ်စွမ်းကိုယ်စမရှိပေမယ့် အခြေအနေနဲ့ အချိန်အခါကို အသုံးချပြီး လူတွေချနင်းကာ လိုရာရောက်အောင် ကြိုးစားတတ်တဲ့သူဖြစ်ပါတယ်။
 
ဒီနှစ်မျိုးမှာ တစ်မျိုးက ဘယ်အခြေအနေဖြစ်ဖြစ် ရပ်တည်နိုင်ပြီး ခေါင်းဆောင်မှုကိုပေးနိုင်ပေမယ့် နောက်တစ်မျိုးကတော့ အခြေအနေကြောင့်‌ ကောင်းစားလာတဲ့လူဖြစ်တဲ့အတွက် အဲဒီအခြေအနေပျက်ပြားသွားရင် သူ့ရဲ့အခန်းကဏ္ဍ ပျောက်ကွယ်မသွားအောင်  ဘာမဆိုလုပ်တတ်တဲ့သူပါ။
 
တကယ်စဉ်းစားကြည့်မယ်ဆိုရင် အမှားက အမှန်ဖြစ်၊ အမှန်က အမှားဖြစ်ရတဲ့ခေတ်မှာ ကြီးပြင်း လာရတဲ့ ကျွန်တော်တို့အဖို့ တစ်ယောက်နဲ့ တစ်ယောက် နင်းချတာ၊ ချောက်တွန်းတာ၊ ကောက်ကျစ်ယုတ်မာတာကို အားမပေးတဲ့ မြန်မာလူ့အဖွဲ့အစည်းဟာ ကိုယ်သာရင်ပြီးရော ကိုယ်နိုင်ရင်ပြီးရောဆိုတဲ့ ငတေမာစိတ်ဓာတ်ကို ရှက်ရမှန်းမသိ ဂုဏ်ယူနေကြတာ အတော်လေးကို စိတ်ပျက်စရာပါ။
 
မောင်ဦးလွင်
Photo Credit - UCA News
စက်တင်ဘာ - ၇