【 ဆောင်းပါး 】 “ကောင်းမွန်သည့် လူ့ပတ်ဝန်းကျင်”

【 ဆောင်းပါး 】 “ကောင်းမွန်သည့် လူ့ပတ်ဝန်းကျင်”

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ယခုတစ်လော ကလေးငယ်များ စွန့်ပစ်ခံရသည့် သတင်းများ၊ ကလေးသူငယ်များ အကြမ်းဖက်ခံရသည့် သတင်းများ၊ သက်ကြီးရွယ်အိုများကို စွန့်ပစ်သည့် သတင်းများ မကြာခဏဖတ်နေရသည်။ထိုသတင်းများကို ယခင်အချိန်က ဤကဲ့သို့ မကြာခဏကြားရလေ့မရှိသော်လည်း ယခုအချိန်တွင် ဒီလိုသတင်းမျိုး မကြာခဏကြားနေဖတ်နေရခြင်းက ငတ်ခြင်းပြတ်ခြင်းကြောင့်လား၊ မိသားစုတွေက တာဝန်မယူနိုင်တော့သည့်အထိ မေတ္တာစိတ်တွေ တုံးကုန်ကြတာလားဆိုပြီး တွေးတောစရာဖြစ်သည်။  

ဘယ်အရာကိုပဲပြောပြော နောက်ဆုံးသတ္တူချမည်ဆိုလျှင် စနစ်ကိုပဲ သတ္တူချရမည်ဖြစ်သော်လည်း အမှန်တစ်ကယ်အားဖြင့် ကျနော်တို့စိတ်ဓာတ်တွေ မေတ္တာစိတ်ခေါင်းပါးလာခြင်းက အခြေခံဖြစ်ပြီး ထို့နောက်တွင် တစ်ကိုယ်ကောင်းဆန်လာခြင်း၊ စိတ်ဓာတ်အင်အားပျော့ညံ့လာခြင်းနှင့် အားနည်းသူကို မှန်သူကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ကာကွယ်ရန် တာဝန်ပျက်ကွက်လာကြခြင်းပင်ဖြစ်သည်။ဆိုရလျှင် ရပ်ထဲရွာထဲ ပြောရမည့်စကားကို မပြော၊ ရပ်တည်ရမည့်ဘက်ကို မရပ်တည်၊ ကိုယ့်အကျိုးစီးပွားကို လာထိမှာစိုး၍  မတရားလုပ်သူ၊ မတရားလုပ်မည့်သူကို တားဆီးဟန့်တားရန် ပျက်ကွက်လာမှုကလည်း အကြောင်းတစ်စိတ်တစ်ပိုင်းလည်း ပါဝင်လေသည်။    

ယနေ့ခေတ်ဖြစ်နေသည့် လူ့အဖွဲ့အစည်းနှင့် ကျနော်တို့ခေတ် လူ့အဖွဲ့စည်းခြင်း တာဝန်ယူမှုက အကွာကြီးကွာနေပြီဖြစ်သည်။ကျွန်တော်တို့ငယ်စဉ်က ကလေးအချင်းချင်း ရန်ဖြစ်သည့်အခါ၊ ဒါမှမဟုတ် နေ့စဉ်လူနေမှုဘဝတွင် ကြီးသူက ငယ်သူကို အနိုင်ကျင့်သည့်အခါ၊ အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်သည့်အခါ လူကြီးသူမများက ဝင်ရောက်ဟန့်တားရသလို အမြင်မတော်သူများကလည်း ဝင်ရောက်ဟန့်တားသည့်ဓလေ့ တွင်ကျယ်ခဲ့သည်။ထိုသို့ အမြင်မတော်လို့ ဆုံးမခံရသူများ၏ အုပ်ထိန်းသူမိဘများကလည်း ဝင်ရောက်ဟန့်တား ဆုံးမသူများကို အပြစ်မမြင်၊ ငါ့သား၊ ငါ့တူ၊ ငါမြေး ကောင်းဖို့ စိတ်ထားကောင်းဖြင့် ဆုံးမပေးသူအဖြစ် လက်ခံကြသည်။ရပ်ရေးရွာရေး ဦးစီးဦးဆောင်ပြုသူကလည်း ရပ်ထဲရွာထဲ မတရားပြုသည့်ဖြစ်ရပ်များ သူအုပ်ချုပ်သော ရပ်ထဲရွာထဲ အဖြစ်မခံ။ထိုသို့သော ဓလေ့ထုံးစံကောင်းက ကျွန်တော်တို့ငယ်စဉ်က တွင်ကျယ်အားကောင်းနေခဲ့သော်လည်း နောက်ပိုင်း တစတစကွယ်ပျောက်ခဲ့ကာ လက်နက်အားကိုး၊ လက်ရုံးအားကိုး အုပ်ချုပ်မှုဖြစ်ခဲ့သည့်ကာလတစ်လျှောက်လုံးတွင် အာဏာရှိရင်ရှိ၊ အာဏာမရှိရင် ငွေရှိသူတို့ထင်သလို လုပ်ပိုင်ခွင့်ရလာသည့်ခေတ်မျိုးတွင် နှုတ်ဆိတ်ဆိတ်နေမှ ကိုယ့်ကိုယ်ကို အသက်အာမခံနိုင်သည့်အခါ ဓလေ့ကောင်းတွေ လောကပါလတရားတွေ ပျောက်ကွယ်လာခဲ့သည်။ယခု ထိုအကျိုးဆက်တွေကို တွေ့မြင်နေရပြီ။ကိုယ့်ရှေ့မှာ လွယ်လင့်တကူ တားဆီးကာကွယ်နိုင်သော ဖြစ်ရပ်များရှိလာလျှင်တောင် လူတိုင်းတားဆီးကန့်ကွက်ရန် ဝန်လေးလာကြသလို၊ ကူညီဆောင်မပေးရန်လည်း ကိုယ့်ဆီအမှုပတ်လာနိုင်သဖြင့် နောက်တွန့်လာကြသည်။

ထင်သလိုအုပ်ချုပ်သည့်ခေတ်တွင် ဟန့်တားခွင့်ရှိသူ၊ တားဆီးနိုင်ခွင့်ရှိသူတို့မှာလည်း ကိုယ်နှင့်သက်ဆိုင်သည့် အကြောင်းအရာမှတပါး တားဆီးရန်ခက်ခဲခဲ့မှုတို့ကြောင့် ရပ်ထဲရွာထဲနှင့် ပြင်ပလောကတွင်ပါ တရားခြင်း/မတရားခြင်းထက် ဘယ်သူနဲ့သိနေသလဲ၊ ဘယ်သူနှင့်ထိပ်တိုက်တွေ့နိုင်သလဲဆိုတာကို စဉ်းစားလုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် အင်အားကြီးသူတို့လုပ်သမျှ ခေါင်းငုံ့ကာ ကျေနပ်လည်းခံ၊ မကျေနပ်လည်းခံရသည့် တောရိုင်းဝါဒ (ဝါ) တိရိစ္ဆာန်ဝါဒက ကြီးစိုးလာခဲ့သည်။အသိပညာ အတတ်ပညာနှင့် ယဉ်ကျေးမှုမြင့်မားသော ယနေ့ခေတ်တွင် ထိုသို့သော အားကြီးသူနိုင်စတမ်းဆိုသည့် အယူဝါဒ အားကောင်းလာနေခြင်း၊ တွင်ကျယ်နေခြင်းက ကျနော်တို့မှာလည်း အပြစ်ရှိလေသည်။

ဆိုလိုသည်မှာ အကြောက်တရားကို လက်ခံလိုက်ခြင်းပင်ဖြစ်သည်။တောင့်ခံနိုင်သူတို့က လွယ်လင့်တကူ လိုက်လျောပေးလိုက်သည့်အခါ မတရားတာတွေ၊ မလုပ်သင့်တာတွေ၊ မဖြစ်သင့်တာတွေက သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတွေ ဖြစ်လာခဲ့ပြီး ဟန့်တားရန်စိတ်ဆန္ဒရှိသူ စိတ်ကောင်းနှလုံးကောင်းနှင့် ဟန့်တားရဲသည့်သူများအနေဖြင့် ကိုယ်ဟန့်တားမှုနောက်တွင် ပြဿနာဖြစ်လာပါက အများစုက ကိုယ့်ဘက်ကမရပ်တည်ဘဲ ကိုယ်နှင့်မဆိုင်သလိုနေကြသည့်အခါ မတရားတာကို ဟန့်တားသည့် ဓလေ့ကောင်းမှာ ပျောက်ကွယ်လာခဲ့ရသည်။

ဆိုလိုသည်မှာ မှားယွင်းလာသည့် စနစ်ဆိုးကို ကြံ့ကြံ့ခံတားဆီးရန် ပျက်ကွက်မှုများက မတရားသော လူနေမှုစနစ်တွေ၊ မှားယွင်းသော တရားစီရင်မှုတွေ၊ မကြားဝံ့မနာသာ လူမဆန်မှုတွေကို ဖြစ်ပွားခွင့်ပေးလာခဲ့ခြင်းပင်ဖြစ်သည်။တားရမည်ကို မတား၊ မတားရမည်ကို တားဆိုသည်များက လူတစ်ယောက်တွင် မှန်ကန်သည့် စဉ်းစားဆင်ခြင်နိုင်စွမ်းမည်မျှ ယုတ်လျော့လာသည်၊ မည်မျှ အကြောက်တရားဖိစီးလာသည်၊ ခေတ်ကို ဘာတရားတွေက ခြိမ်းခြောက်နေသလဲဆိုသည်တွေကို ထင်ထင်ရှားရှားပြနေခြင်းပင်။

မကြာမီက လိုင်းကားတစ်စီးပေါ်တွင် ခါးပိုက်နှိုက်လေးငါးယောက်က အုပ်စုဖြင့် အမျိုးသမီးတစ်ဦးကို ခါးပိုက်နှိုက်သည်။ဘေးကနေမြင်ရသည့် အမျိုးသားအချို့က သူတို့ကိုလှည့်ရန်ရှာမည်စိုးသဖြင့် မသိချင်ယောင်ဆောင်သည်။ခါးပိုက်နှိုက်ခံရသည့် အမျိုးသမီးမှာ ဘယ်သူ့ကိုအကူအညီတောင်းရမှန်းမသိ။အမြင်မတော်သည့် အဒေါ်ကြီးတစ်ယောက်က ထမြင်ပြီးအော်မှ ကားပေါ်မှဆင်းကာ ဝင်အော်ပေးသည့် အဒေါ်ကြီးကို ဓားကိုပြသွားသည်။ဒီမှာတွင် အဒေါ်ကြီးက ကားပေါ်ကလူတွေကို ဒီလောက်ကြောက်နေရင်ထမိန်ဝတ်ထားကြဟု တုပ်လေသည်။ဒီဖြစ်ရပ်ကို တစ်ဆင့်စကား တစ်ဆင့်ကြားရခြင်းဖြစ်သည်။ပြောပြသူက ရယ်စရာအနေဖြင့်ပြောသော်လည်း ကြားရသည့် ကျနော်တို့အဖို့ စိတ်မချမ်းသာစရာဖြစ်သည်။

ဒီသဘောတရားအတိုင်းပဲဖြစ်သည်။ဖြစ်လာရင် တားမည့်သူမရှိသည့်ပြဿနာ၊ တစ်နည်းအားဖြင့် မဖြစ်သင့်သည့်အရာကို မဖြစ်အောင် တားဆီးရမည့်အရာကို မဖြစ်ဖြစ်အောင် တားဆီးမည့်သူ (ဝါ) မတရားမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်မည့်သူတွေ သာမန်လူထုအလွှာထဲ မရှိသလောက်ရှားသွားခြင်းပဲဖြစ်သည်။မဟုတ်တာကို အဟုတ်၊ ဂုဏ်မယူသင့်တာကို ဂုဏ်ယူနေကြသည့်ခေတ်ထဲတွင် နှစ်ဖက်စလုံးနစ်နာရသည့် လူသတ်မှုတွေ၊ နှစ်ဖက်စလုံးဆုံးရှုံးရသည့် ရာဇဝတ်မှုတွေ၊ တားဆီးကာကွယ်နိုင်စွမ်းရှိပါလျှက်နှင့် ကြောင်တောင် တာဝန်မဲ့နေမိသဖြင့် ဆုံးရှုံးခဲ့ရသည့်သူတွေ၊ ဘဝပျက်ခဲ့ရသည့်သူတွေ အဘယ်မျှရှိသလဲဆိုတာကို တွက်၍ပင်ရမည်တော့ မထင်။

တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီခြင်းဆိုသည့်က မြန်မာတိုင်းရင်းသားများ၏ အခြေခံစိတ်ရင်းပင်ဖြစ်သည်။ယခုတော့ ဒီလိုမဟုတ်တော့။တားဆီးရမည့်အရာတွေ၊ အခြေအနေတွေကို တားဆီးကန့်ကွက်ရန် ပျက်ကွက်နေကြပြီး မတားဆီးရမည့်အရာတွေကို တားဆီးနေကြသည့် ဖြစ်ရပ်တွေကို တွေ့မြင်နေရပြီဆိုလျှင် မြန်မာဆိုသည့် ဖြစ်တည်မှုကော သေချာရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပြီ။လမ်းပေါ်မှာ အဘိုးကြီး အဘွားကြီးပဲဖြစ်ဖြစ် လူငယ်လူရွယ်ပဲဖြစ်ဖြစ် ကျန်းမာရေးကြောင့် သို့မဟုတ် တစ်စုံတစ်ခုသော အကြောင်းတစ်ခုကြောင့် မူးလဲနေပြီဆိုလျှင် အပြေးအလွှားသွားရောက်ကူညီမည့်သူဆိုတာ ယနေ့ခေတ်တွင် ရှားနေပြီဖြစ်သည်။

စနစ်တစ်ခုကို လက်ခံခြင်း လက်မခံခြင်းဆိုသည်မှာ ကျနော်တို့၏ အခြေခံသန္ဓေစိတ်နှင့် အများကြီးသက်ဆိုင်သည်။ယုတ်မာသည့် စိတ်အခြေခံ၊ ဗိုလ်ကျအနိုင်ကျင့်လိုသည့် စိတ်အခြေခံရှိသူတို့အနေဖြင့် ဆိုးယုတ်သည့် လူမှုဝန်းကျင်ဓလေ့နှင့် အလေ့အထကို လက်ခံနိုင်မည်ဖြစ်ပြီး စိတ်ထားကောင်းဖြင့် တစ်ဦးနှင့် တစ်ဦး ဖေးဖေးမမ ကြိုးစားအားထုတ်ကာ လူ့ဘောင်ကိုသာယာစေချင်သည့်သူတို့အဖို့ ဓလေ့ကောင်းနှင့် တစ်ဦးနှင့်‌ တစ်ဦး နားလည်ပေးသည့် အမှန်တရားကကြီးစိုးသည့် လောကပါလတရားထွန်းကားသည့် လူ့ပတ်ဝန်းကျင်ကိုသာ လက်ခံမည်ဖြစ်သည်။  

ယနေ့အချိန်အခါတွင် ကျနော်တို့ပတ်ဝန်းကျင်မှာ ဖြစ်နေသည့်အရာတွေ မျှတမှုရှိစေဖို့၊ မတရားမှုတွေကင်းစင်ဖို့ အားကိုးရာမဲ့နေသူတွေအတွက် အားကိုးရာရှိစေဖို့၊ ကျောခင်းဖို့ နေရာတစ်နေရာစာမဲ့နေသူတွေ ကြောင့်ကြမဲ့စွာ ကျောခင်းစရာ နေရာတစ်ခုရှိစေဖို့၊ ကိုယ့်နိုင်ငံသားတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ဖို့ တာဝန်ယူစိတ်ရှိသည့် လူမှုရေးစိတ်အပြည့်ရှိသည့်၊ လူစိတ်အပြည့်ရှိသည့် လူတွေ ကျွန်တော်တို့လူ့အဖွဲ့အစည်းထဲ များလာစေဖို့ အသက်တမျှ အရေးကြီးနေပြီဆိုသည်ကို အားလုံးသဘောပေါက်ကြမည် ထင်ပါသည်။

လွတ်လပ်ရေးရပြီးကတည်းက ဆိုးဝါးသည့်စနစ်ကို ကျနော်တို့ ဖြတ်သန်းခဲ့ရဖူးပြီ။ထိုစနစ်ထဲ ကျနော်တို့ခင်သော၊ ကျနော်တို့မြတ်နိုးသော ကျွန်တော်တို့တန်ဖိုးထားသော သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေ၊ ဆရာသမားတွေကို ဆုံးရှုံးခဲ့ရဖူးပြီ။

ဒါတွေကို နောက်ထပ် ကျွန်တော်တို့ ထပ်အဖြစ်ခံလို့ မဖြစ်တော့။ကောင်းမွန်သော လူဆန်သော စိတ်ဓာတ်ထွန်းကားမှသာ ကျွန်တော်တို့၏ လူမမည်ကလေးငယ်များအတွက်၊ ကျွန်တော်တို့မျိုးဆက်များအတွက် ခိုင်မာမှုရှိသည့် ဘဝအာမခံချက်ကို ပေးနိုင်မည်ဖြစ်သည်။ဒီအတွက် လူတော်ကိုချီးမြှောက်တတ်သည့်၊ မှားမှန်းသိလျှင် တားရဲသောစိတ်ရှိသည့်၊ ပညာရှင်ကို တန်ဖိုးထားတတ်သည့်၊ အကျင့်စာရိတ္တကောင်းမွန်သည့် မျိုးဆက်သစ်တွေ ပေါ်ပေါက်အောင် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရတော့မည်ဖြစ်သည်။

မောင်ဦးလွင်
နိုဝင်ဘာ - ၂၄