【 ဆောင်းပါး 】 “ကောင်းသောစိတ်ဓာတ် ကိန်းအောင်းစေဖို့”

【 ဆောင်းပါး 】 “ကောင်းသောစိတ်ဓာတ် ကိန်းအောင်းစေဖို့”

အသိဇနီးမောင်နှံ သားဦးမွေးလို့ သတင်းမေးသွားတဲ့အခါကျတော့ ဝင်ဝင်ချင်း ဧည့်ခန်းမှာ ဗိုလ်ချုပ်ဓာတ်ပုံက ခန့်ခန့်ညားညား ဝင့်ဝင့်ထည်ထည်နဲ့ ထင်းလို့။
 
ကလေးထားတဲ့အခန်းထဲ ကလေးမျက်စိရောက်ရာ နေရာ တစ်ခုမှာလည်း ဗိုလ်ချုပ်ရဲ့ အားမာန်ပါတဲ့ ဓားရှည်ကိုင်မြှောက်ထားတဲ့ပုံကို ဗီနိုင်းနဲ့ထုတ်ထားပြီး ပုံကြီးကပ် ထားတာ အခန်းနံရံရဲ့ တစ်ဝက်နီးပါးပါပဲ။
 
အမှန်ကိုပြောရရင် စာရေးသူရဲ့ စိတ်ထဲ ခံစားချက်နှစ်ခု တစ်ပြိုင်နက်ဖြစ်ပေါ်လာပါတယ်။တစ်ခုက ကြက်သီးထတဲ့အထိဖြစ်ရတဲ့ “ဝမ်းသာပီတိ ဂွမ်းဆီထိ ́ ဆိုသလို စိတ်ထဲ ရင်ထဲက ကြည်နူးဝမ်းသာရတဲ့ခံစားချက်၊ နောက်တစ်ခုက ဒီလိုမျိုး ခုမှဘာလို့လုပ်တာလဲဆိုတဲ့ အကြောင်းရင်းမှန်ကိုမသိခင် ဝင်ရောက်လာတတ်တဲ့ သံသယဝင်တဲ့ ခံစားချက်ပါ။
 
တကယ်တော့ ကျနော်ဟာ ဒီလူရဲ့အကြောင်းကို၊ စိတ်ရင်းသဘောထားကို တစ်ဝက်လောက်သာသာသိတဲ့သူဖြစ်သလို ဒီလူဖြတ်သန်းလာခဲ့ရတဲ့ ဘဝဖြစ်စဉ်တွေကို လည်း တော်တော်လေးသိထားခဲ့သူဖြစ်ပါတယ်။ဒီလူရဲ့ အခြေခံစိတ်ဓာတ်ဟာ မဆိုးလှပါဘူး။သူ့အဘိုးရဲ့အရှိန်အဝါ ယခင်က ကိုလိုနီခေတ် ဗြိတိသျှစစ်တပ်မှာ အရာခံသာသာလောက် ထမ်းဆောင်ခဲ့ရတဲ့ အနေအထားနဲ့ ယခုလက်ရှိ သူ့ဖအေဖြစ်သူလည်သလို စီးပွားဖြစ် အောင်ရှာဖွေခဲ့တဲ့ ဥစ္စာဓနအနေအထားတွေကြောင့် “လက်တွေ့ဝါဒ' ကိုသာ ကိုးကွယ်တဲ့ လူစားမျိုးဖြစ်ပါတယ်။
 
ဘာသာရေးဆိုတာလည်း မိရိုးဖလာဆိုတဲ့အနေအထားထက် မပိုပါဘူး။ဒါပေမယ့် ဒီလူမှာ ကောင်းတဲ့အချက်ကတော့ မှားတယ်လို့ထင်ရင် ပြင်ဖို့ဝန်မလေးတတ်တဲ့ ဓလေ့ဗီဇလေးရှိနေတာပါပဲ။ဒီဗီဇလေးကြောင့်ပဲ သူ့ဘဝ မှာ ဆိုးဆိုးရွားရွား တွေ့ကြုံခဲ့ရတာမျိုး မရှိခဲ့ပါဘူး။ဒါကြောင့်မို့ ဒီလူရဲ့ဘဝ ခုလိုသာသာယာယာ ရှိနေနိုင်တာပါ။
 
ထုံးစံအတိုင်း ကလေးကြည့်၊ သာကြောင်းမှာ မာကြောင်းတွေပြောပြီးတော့ ဧည့်ခန်းမှာ သူဧည့်ခံတဲ့ ကော်ဖီသောက်ရင်းနဲ့ မနေနိုင်ဘဲ မေးမိပါတယ်။ 
 
“ခုမှ ဘာဖြစ်လို့ ဒီပုံတွေချိတ်ဖို့ ဖြစ်လာရတာလဲ” ဆိုတာပါ။ဒီတော့ သူပြောတဲ့ စကားလေးတစ်ခွန်းက သိပ်မှတ်သားဖို့ကောင်းပါတယ်။အဲဒီစကားလေးတစ်ခွန်းကြောင့်ပဲ ယခင်ကသိပေမယ့် မေ့ထားခဲ့ကြတဲ့ စိတ်အားတစ်ခုကို ပြန်သတိထားမိခဲ့ရသလို ဒီဆောင်းပါးလည်း ရေးဖြစ်ခဲ့မိပါတယ်။သူပြောတဲ့စကားက ဒီလိုပါ။
 
“ငါ အိမ်နီးချင်းနိုင်ငံ အတော်များများကို ရောက်ဖူးတယ်၊ အဲဒီနိုင်ငံတွေမှာ သူတို့တိုင်းပြည်ကို ကိုလိုနီဘဝ၊ သူတစ်ပါးကျူးကျော်ခံဘဝကနေလွတ်ဖို့ ဘဝကိုရင်းပြီး ကိုယ်ကျိုးစွန့် ရှေ့ဆောင်ရှေ့ရွက်ပြုခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ပုံကို ဧည့်ခန်းတွေမှာ တခမ်းတနား ချိတ်ဆွဲထားကြတယ်။ဥပမာ ဖိလစ်ပိုင်ဆို ဟိုဆေးရီဇော်၊ အိန္ဒိယဆို ဂန္ဒီ၊ တရုတ်ဆို ဆွန်ယက်ဆင်၊ ပါကစ္စတန်ဆို မိုဟာမက်ဂျင်းနား၊ ဗီယက်နမ်ဆို ဟိုချီမင်း ဒီလိုမျိုးတွေပေါ့။လေးလေးစားစားလည်း တန်ဖိုးထားကြတယ်။မင်းလည်းသိတဲ့အတိုင်း ငါက အရင်ကတည်းက ဒီလိုအယူအဆတွေကို ခပ်ကြောင်ကြောင်လို့ သဘောထားတာ၊ ဒါပေမယ့် သူတို့ပြောကြလေ့ရှိတဲ့ အတော်များများတူတဲ့ စကားတစ်ခွန်းရှိတယ်။ဒါ ဘာလဲဆိုတော့ လူတစ်ယောက်အဖို့ ငယ်စဉ်ကတည်းက မြင့်မြတ်တဲ့ အတုယူ စရာ စံပြစိတ်ဓာတ်လွှမ်းမိုးမှု၊ အားကျမှုရှိခဲ့ရင် ဒီလူအဖို့ ဘယ်တော့မှ ဘယ်လိုစိတ်ကွယ်ရာပဲရရ၊ ဘယ်လိုတန်ခိုးအာဏာအရှိန်ဝါတွေရရှိပါစေ၊ ဒါတွေကို ငါ့အတွက် အခွင့်အရေးပဲ ငါလုပ်ချင်သလို ငါဖြစ်ချင်သလို ဖြစ်ရမယ်ဆိုတဲ့ လုပ်ရပ်မျိုး၊ ယုတ်ညံ့တဲ့လုပ်ရပ်မျိုး မလုပ်ဖြစ်အောင်၊ လုပ်ရဖို့လည်း ကိုယ်နဲ့မအပ်စပ်တဲ့ ကိစ္စတစ်ခုလိုပဲလို့ တွေးတောင်မတွေးဖြစ်တဲ့အထိ ထိန်းသိမ်းနိုင်တယ်ဆိုတာပဲ။
 
ပြီးတော့ သူဆက်ပြောတဲ့စကားက ရှေ့ကစကားထက် စာရေးသူရင်ထဲ ပိုထိခဲ့ပါတယ်။
 
“ငါ့သားရဲ့စိတ်ထဲမှာ ဒီလိုမြင့်မြတ်တဲ့လူတွေရဲ့ စိတ်ဓာတ်ပဲ ကိန်းအောင်းစေချင်တယ်၊ အားကျစေချင်တယ်၊ တစ်အိမ်လုံး တစ်ရွာလုံး၊ တစ်နယ်လုံး တစ်နိုင်ငံလုံး။တစ်ကမ္ဘာလုံး ရွံ့မုန်းရတဲ့ လူဆိုးလူယုတ်တွေရဲ့ နိမ့်ကျတဲ့စိတ်ဓာတ်မျိုး၊ မကိန်းအောင်းစေချင်ဘူးကွာ” လို့ စာရေးသူစိတ်ထဲ အဲဒီအိမ်ကပြန်လာတဲ့အထိ ဒီစကားလေးက ပဲ့တင်ထပ်နေခဲ့ပါတယ်။
 
ပြီးတော့ ဒီလူပြောတဲ့စကား ယေဘုယျ ချုံပြောရရင် မြင့်မြတ်တဲ့ခေါင်းဆောင်တွေရဲ့ ပုံရိပ် (National Figure) ကနေ သက်ရောက်တဲ့ လောကကို အကျိုးပြုတဲ့ သက်ရောက်မှုကိုလည်း ဆင့်ကဲတွေ့နေမိခဲ့ပါတယ်။
 
မြန်မာစကားပုံရှိပါတယ်။တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” ဆိုတဲ့ ကိုယ်ကျင်လည်တဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက် ခတ်ပုံသွင်းမှုအတိုင်း လူတွေရဲ့ ကောင်းသောဗီဇအခံတွေဟာ ကောင်းတာနဲ့နေရရင် ကောင်းတာတွေလုပ်ဖြစ်ပြီး ဆိုးတာတွေ ရက်စက်တာတွေနဲ့ နေကြပတ်သက်မိကြရင် ရက်စက်ဆိုးယုတ်တဲ့လူတွေ ဖြစ်လာကြတယ်။ဒါကြောင့်မို့ မိဘတွေက သားသမီးတွေကို ကောင်းမွန်သောအသိုင်းအဝိုင်းတွေရှိရာသို့သာ ကိုယ့်ကိုယ်ကိုယ် ဒုက္ခခံပြီး ပို့နေကြတာ။ဒီလိုပဲ နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့ မူလတန်းအဆင့် စိတ်ဓာတ်တည်ဆောက်ခါစ ကလေးငယ်တွေရဲ့ အရည်တည်ကာလ မှတ်စိတ်ထဲကို ကဗျာတွေ၊ ပုံပြင်တွေနဲ့ ပြည်သူတွေ လေးစားချစ်ခင်မြတ်နိုးရတဲ့ အမျိုးသားခေါင်းဆောင်တွေရဲ့ ဘဝနဲ့ စိတ်ထားတွေကို တခုတ်တရ သင်ကြားပေးလေ့ရှိပါတယ်။ဒါ နိုင်ငံတိုင်းမှာလုပ်ကြတဲ့ စိတ်ဓာတ်တည်ဆောက်ရေး (Mind Building) တစ်ခုပါ။
 
စာရေးသူတို့ ယခုထိ မှတ်မိနေတဲ့စာတွေ ရှိပါတယ်။ 
 
စာရေးသူတို့ခေတ် မူလတန်းအဆင့်လောက်မှာ သင် ကြားခဲ့ရတဲ့ ဗိုလ်ချုပ်ရဲ့ ငယ်စဉ်ဘဝအဖြစ်လေးပါ။ဗိုလ်ချုပ်ရဲ့ အမေက ဗိုလ်ချုပ်ရဲ့ရှေ့မှာ ပစ္စည်းတစ်ခုကို ဈေးသည်သဘာဝမျိုး အမြတ်ကျန်အောင် ပြောမိတာမျိုးကို ဗိုလ်ချုပ်ကမခံဘဲ ဟုတ်မှန်တဲ့အတိုင်းပြောလို့ အဆူအငေါက်ခံရတဲ့ ဗိုလ်ချုပ်ရဲ့ မလိမ်မကောက် ရိုးဖြောင့်တဲ့စိတ်ထားကို ဖော်ပြတဲ့ အဖြစ်လေးပါ။နှစ်ကာလကြာလို့ ပြန်ရှာဖို့မလွယ်လို့ လုံးစေ့ပတ်စေ့ မပြော နိုင်ပေမယ့် အဓိကဆိုလိုရင်းဖြစ်တဲ့ ဗိုလ်ချုပ်ရဲ့ စိတ်ထားမျိုး၊ တန်ဖိုးကြောင့် ရောင်းရေးဝယ်တာမှာ အကြောင်းတိုက်ဆိုင်လာရင် ဒီအဖြစ်အပျက်လေးကို ပြန်ပြန်သတိရနေမိတာကြောင့် ကျနော့်ဘဝမှာ ဘယ်တော့မှ မတရားအမြတ်တင် ပြောမိတာမျိုး မဖြစ်အောင် ထိန်းနိုင်ခဲ့ပါတယ်။
 
တကယ်တော့ ဆိုရှယ်လစ်ခေတ်က မကောင်းတာတွေ များခဲ့ပေမယ့် ကျေးဇူးတရားကို သိတတ်ဖို့၊ ကောင်းမြတ်တဲ့ စံပြစိတ်ထားကို မွေးမြူပေးနိုင်ခဲ့လို့ ကျနော်တို့ခေတ်မှာ မွေးလာခဲ့သူတွေအဖို့ အတော်အသင့် စိတ်ထားနူးညံ့ သိမ်မွေ့ခဲ့ကြ၊ 'ပရ' သမားတွေ ဖြစ်လွန်းလာခဲ့ကြပါတယ်။
 
မဟုတ်တာကို ကိုယ့်ရှေ့မှာလုပ်ရင်၊ လူတစ်ဦးတစ်ယောက် အနိုင်ကျင့်စော်ကားခံနေရင် ကိုယ့်အရေးမ ဟုတ်ပါဘဲ မျက်နှာမလွှဲ ဝင်ရောက်ဆောင်ရွက်တတ်တဲ့ ဗီဇစိတ်မျိုးဟာ နိုင်ငံကြီးသားတွေရဲ့ စိတ် (ဝါ) လူချွန် လူကောင်းတွေရဲ့ စိတ်ဓာတ်ပဲဖြစ်ပါတယ်။ဒါကို တစ်နည်းပြောရရင် မြင့်မြတ်တဲ့စိတ်ထားလို့ ခေါ်ရမှာဖြစ်ပါ တယ်။ဒီလိုစိတ်ထားမျိုးရဖို့ဆိုတာ စောစောကပြောသလို “ဖအေ ဗောင်းတော်ငြိတ် မအေ သာရာနား” ဆိုတဲ့ စိတ်ဓာတ်စံမမီတဲ့ လူစားမျိုးတွေက မွေးဖွားလာတဲ့သူ၊တောရိုင်းဝါဒတိရစ္ဆာန်အမူအကျင့်ရှိသူ မိသားစုတွေက ပေါက်ဖွားလာတဲ့သူတွေ အဝန်းအဝိုင်းက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
 
ဒီလိုစိတ်မျိုးရှိဖို့ဆိုတာ ငယ်စဉ်ကလေးဘဝ သိတတ်စအချိန်ကတည်းက မြင့်မြတ်တဲ့ ကိုယ်ကျိုးမဖက်တဲ့ လူများစုအကျိုးကိုဆောင်တဲ့ အမျိုးသားခေါင်းဆောင်တွေရဲ့ စွန့်လွှတ်အနစ်နာခံပုံတွေ ကိုယ်ကျိုးစွန့်ပုံတွေကို တရင်းတနှီးကြားသိလာခွင့်ရအောင် ပြုစုပျိုးထောင်ပေးတဲ့ မိဘအသိုင်းအဝိုင်းမျိုးမှာပဲ ရှိနိုင်မှာပါ။
 
ဒီလိုစိတ်ဓာတ်မျိုးရှိတဲ့လူဟာ ဟောဒီ လူမှုအဝန်းအဝိုင်းမှာတော့ 'ရွှေ' ပါပဲ။ဒီခေတ်မှာက အတ္တသမားက  တစ်ကမ္ဘာလုံးပြည့်နေတော့ 'ပရ' သမားစစ်စစ် ဆိုတာက ရှားပါးပစ္စည်းမဟုတ်ပါလား။
 
အမေရိကန်ပြည်သူတို့ နှစ်တွေရာချီကြာနေတာတောင် သမ္မတကြီး အေဗရာဟမ်လင်ကွန်း ကို ဘာကြောင့် မမေ့ကြတာလဲ။
 
ကျနော်တို့ ပြည်သူတွေကကော ဗိုလ်ချုပ်အောင်ဆန်း ကို ဘာကြောင့် နှလုံးသားထဲက ထုတ်လို့မရသေးတာလဲ။သေချာတာကတော့ သူတို့ သူတို့ ခေါင်းဆောင်တွေမှန်သမျှ ၎င်းတို့ကို ယုံကြည်ကိုးစားတဲ့ ပြည်သူတွေကို ရုပ်နဲ့ဖမ်းစားတာ၊ အပြောနဲ့ဖမ်းစားတာ၊ အမြင်လှရုံသက်သက်မဟုတ်ဘဲ တကယ့်ကိုလုပ်ရပ်များနဲ့ သူတို့ထားရှိတဲ့ စေတနာကို ပြသခဲ့ကြလို့ပဲဖြစ်ပါတယ်။
 
ဒါကြောင့်မို့ ဒီခေါင်းဆောင်တွေရဲ့ ပုံရိပ်ဟာ သူ့လူမျိုးတိုင်း လူမျိုးတိုင်းရဲ့စိတ်ထဲ ဘယ်တော့မှ ဖျောက်ဖျက်လို့ မလွယ်နိုင်ပါဘူး။အမြဲတမ်း သူ့လူမျိုး သူ့တိုင်းပြည်ရဲ့ ပုံရိပ်ဖြစ်နေမှာပါ။
 
ဒါကို စာရေးသူအသိဖြစ်သူကလည်း ပညာတတ်ပီပီ သိဟန်တူပါတယ်။သူ့သားကို သူ့လောကအတွက် ကောင်း ကျိုးဆောင်ရွက်ပေးနိုင်တဲ့ လူတစ်ယောက်၊ တန်ဖိုးကြီးမားတဲ့ လူတစ်ယောက် ဖြစ်စေချင်ဟန် တူပါတယ်။ 
 
လူဆိုသောသတ္တဝါရဲ့ စိတ်မှာ ထူးခြားဆန်းကြယ်လှပါတယ်။အားကြီးလာရင်ဖြစ်စေ၊ ဆိတ်ကွယ်ရာသို့ ရောက်ရင်ဖြစ်စေ ဘယ်လောက်တော်တဲ့ မှန်ကန်တဲ့လူဖြစ်စေကာမူ အနိုင်ကျင့်တတ်၊ ဗိုလ်ကျတတ်သလို လက်ရှိ ဂုဏ်သိက္ခာမှ မထောက်မညှာ ယုတ်ညံ့စွာ ပြုမူဆောင်ရွက်လေ့ရှိတာကိုလည်း တွေ့ရတတ်ပါတယ်။
 
နားလည်တတ်ကျွမ်းတဲ့ စိတ်ပညာရှင်တစ်ယောက်ကတော့ “လူတွေရဲ့စိတ်ကို အမြဲတစေစောင့်ကြည့် ထိန်းသိမ်းနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ဒီတော့ ငယ်စဉ်ကတည်းက မြင့်မြတ်ဖြူစင်တဲ့ ဘာသာရေးခေါင်းဆောင် တွေ၊ အမျိုးသားရေးခေါင်းဆောင်တွေရဲ့ အတ္ထုပ္ပတ္တိတွေကို လေးစားအားကျ ကျင့်ကြံဖွယ်ဖြစ်အောင် ပုံပြော သလိုပြောပြီး သူတို့ရဲ့မသိစိတ်ထဲ ကိန်းအောင်းနေအောင်၊ စွဲနေအောင် လုပ်ထားရတယ်။ဒီလိုလုပ်ထား ခြင်းအားဖြင့် ဒီလိုလူတွေရဲ့စိတ်ထဲ ဘယ်လိုဆိတ်ကွယ်ရာကိုပဲရောက်ရောက် သူတို့လေးစားကြည် ညိုခဲ့ရတဲ့လူရဲ့ ကျင့်ကြံနေထိုင်ဆက်ဆံပုံက အမြဲတမ်း ရင်ထဲမှာစီးဆင်းနေတာမို့ ကိုယ်ကျိုးအတွက်၊ မတရားလုပ်ဖို့ အခွင့်အရေးရတာတောင် ကိုယ်နဲ့မအပ်စပ်တဲ့ ကိစ္စလို့ထင်ထားတော့ တွေးတောင်တွေးမိကြတာမဟုတ်ဘူး။
 
သူတို့ရဲ့စိတ်ထဲ ဘယ်လောက်များ ဒီပုံရိပ်တွေ တည်မြဲနေ သလဲဆို ဘယ်လိုပဲအင်အားသုံးပြီး ဖျောက်ဖျက် ဖျောက်ဖျက် မသိမသာ တဖြည်းဖြည်းပဲ ဖယ်ရှား ဖယ်ရှား ကြာလေခိုင်မြဲလေ၊ ဖိလေပိုသိပ်သည်းလေဆိုတဲ့သဘောလို ပိုပြီး ပိုပြီး စွဲမြဲလေဆိုသလိုပါပဲ” လို့ လေးလေးနက်နက် ဆိုပါတယ်။
 
ဒါကြောင့်မို့ ပုံရိပ်များက သူတို့ဘဝဆိုးကောင်းကို ဆုံးဖြတ်နိုင်တဲ့ခွန်အား မဟုတ်ပါလား။ဒါကြောင့် ကိုယ့် အိမ်ကိုယ့်ရာမှာ ပုံရိပ်တစ်ခုရှိရင် ကိုယ့်မျိုးဆက်သစ်တွေ အတွက် ကောင်းတဲ့စိတ်ဓာတ်အမွေပေးနိုင်ဖို့ အခွင့်အလမ်း ဖန်တီးနိုင်ပါမယ်။
 
ဒါပေမယ့် တစ်ခုတော့ သတိပြုရပါမယ်။တခြားတော့မဟုတ်ပါဘူး။ကမ္ဘာ့သမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကြားတာနဲ့ အော့နှလုံးနာဖွယ် အဒေါ့ဖ် ဟစ်တလာတို့လို၊ မူဆိုလီနီတိုလို၊ လူသတ်သမားခေါင်းဆောင်မျိုးကို ချိတ်ဆွဲမိမှာကိုပါပဲ။
 
ကျနော်တို့ ငယ်စဉ်ဘဝမှာတော့ ဗိုလ်ချုပ်အောင်ဆန်းတို့၊ သခင်ကိုယ်တော်မှိုင်းတို့၊ ဗိုလ်အောင်ကျော်တို့ ဆရာစံတို့၊ သခင်ဖိုးလှကြီး စသူတို့ရဲ့ အတ္ထုပ္ပတ္တိများ၊ ကဗျာများ၊ သမိုင်းကြောင်းများနဲ့ ပုံရိပ်ကောင်းမွန်တဲ့စိတ်ဓာတ်ကို ပေးတဲ့ ပုံရိပ်တွေနဲ့ ကြီးပြင်းခဲ့ရတယ်။ယခုတိုင် စွဲမြဲနေသေးတာကြောင့် မဟုတ်တာလုပ်ရမှာ ရှက်ရမှန်း သိနေပါတယ်။ဒါဟာ သူတို့ရဲ့ကျေးဇူးတွေပါပဲ။
 
နွယ်ဦး
ဒီဇင်ဘာ - ၉