【 ဆောင်းပါး 】 “ကြီးဆရာမ”

【 ဆောင်းပါး 】 “ကြီးဆရာမ”

မှတ်မှတ်ရရ ဇူလိုင် ၂၄ ရက်နေ့ကဖြစ်သည်။မက်ဆင်ဂျာကနေတစ်ဆင့် ကျနော့်ညီမက သတင်းပေးပို့ခဲ့သည်။‘ကြီးဆရာမ ဆေးရုံတင်ထားရ’ ဟူ၍ တိုတိုတုတ်တုတ်။ညီမတို့တစ်အိမ်လုံး ကိုဗစ်ဖြစ်နေသဖြင့် သိပ်စကားအများကြီးပြောနိုင်ဟန်မတူ။သေချာချင်သောစိတ်ကြောင့် ညီမဆီ ဖုန်းဆက်မေးကြည့်ကာ သေချာလားဟု ထပ်မေးကြည့်မိ။ ‘သေချာတယ် မမီးပြောတာ’ တဲ့။

မမီးဆိုတာက ကျနော်တို့အဖေဘက်၊ အဘိုး၏အမျိုး။ကျနော်တို့နဲ့ဆို သုံးဝမ်းလောက်ကွဲမည်ထင်ရ။ကိုဗစ်တိုက်ပွဲအဆက်ဆက်တွင် ချောင်းဆုံမြို့နယ်ကိုယ်စားပြု ဦးဆောင်တော်လှန် နေသူများထဲက တစ်ယောက်။သူက ကျနော့်ထက် တစ်နှစ်ကြီးပြီး ကျနော့်အစ်ကိုဝမ်းကွဲ၏ ဘော်ဒါဖြစ်သော်လည်း ကျနော်က မီးမီးဟုသာ နှုတ်ကျိုးနေခဲ့သည်။မီးမီးပြောသည်ဆိုတော့ မှားစရာအကြောင်းမရှိ။ကိုယ်က ဟိုး…အဝေးမှာမို့ ကိုယ်တတ်နိုင်တာက ကြီးဆရာမ မြန်မြန်ကျန်းမာပါစေကြောင်း ဆုတောင်းနိုင်ရုံ။

ဇူလိုင် ၂၇ ရက်နေ့ရောက်တော့ ကြီးဆရာမ ကွယ်လွန်သွားခဲ့ပြီတဲ့။ချောင်းဆုံပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့ပုံရသည်။မီးမီးဆီ ဖုန်းဆက်မေးကြည့်မိ။ကြီးဆရာမ သမီး မညိုခက်ဖုန်း မီးမီးထံတောင်းမိ။မညိုခက်မှာ ကြီးဆရာမနှင့် တစ်သက်လုံးအတူနေ၊ ကြီးဆရာမအပေါ် သံယောဇဉ်ကြီးစွာဖြင့် စောင့်ရှောက်လာခဲ့သူ။ယခုလိုအချိန် ဖုန်းဆက်လျှင် မညိုခက်အတွက် ပိုစိတ်ပင်ပန်း ဝမ်းနည်းရမည်ဟု တွေးမိကာ ဖုန်းမဆက်ဖြစ်။ထို့ကြောင့် မက်ဆင်ဂျာမှသာ မညိုခက်ထံ ဝမ်းနည်းကြောင်းစာ ပေးပို့ခဲ့။

‘မညိုခက်ရေ ချောင်းဆုံလာရင် ကြီးဆရာမကို ကန်တော့ရဦးမယ်ထင်ထားခဲ့တာ။စိတ်မကောင်းဖြစ်ရပါတယ်’ ဟူ၍။

ဇူလိုင် ၃၀ ရက်နေ့ရောက်တော့ မညိုခက် စာပြန်ပို့သည်။အစွမ်းကုန်ကုသသော်လည်း ကိုယ့်ဘက်ပါမလာ၍ ဖြေမဆည်နိုင်ဖြစ်ရကြောင်း။ဘာပဲဖြစ်ဖြစ် ကြီးဆရာမ ကွယ်လွန်ချိန်တွင် ၈၇ နှစ်မို့ မပူပင်ရသောဘ၀ဖြင့် အသက်ရှည်ရှည်နေခဲ့ရသည်ဟု ‌ဖြေမယ်ဆို ဖြေလို့ရသည့်အနေအထား။ဘာပဲဖြစ်ဖြစ် ယခုလို ကျနော်လူလတ်ပိုင်းအရွယ်ရောက်ချိန်တွင် အပြန်အလှန် မေတ္တာစိတ်ကြီးနိုင်သူ ပါးရှားလွန်းလှပြီမို့ ကိုယ်ချစ်ခင်ရသူ အသက်ဘယ်လောက်ကြီးကြီး မသေစေချင်သည့်ဆန္ဒ။ဘာပဲဖြစ်ဖြစ် နေဖို့ရော သေဖို့ပါ ခက်ခက်ခဲခဲရုန်းကန်နေရသော ယခုလိုခေတ်ပျက်ကြီးထဲတွင် ကြီးဆရာမ၏ နောက်ဆုံးခရီးကို လိုက်မပို့နိုင်သဖြင့် ဝမ်းနည်းရ။

ကြီးဆရာမ၏အမည်မှာ ဒေါ်အေးညွန့်ဖြစ်သည်။ကျနော့်အဖေနှင့် အမေ နှစ်ဦးစလုံး၏ ဆရာမမို့ ကျနော်တို့ဘီလူးကျွန်း၏ သက်တော်ရှည်ဆရာမတစ်ဦး။စည်းကမ်းကြီးပြီး မေတ္တာစိတ်လည်းကြီးသူ။ပြီးတော့ ကွယ်လွန်သွားပြီဖြစ်သော ကျနော့်အကြီး၏ သူငယ်ချင်း။ကျနော့်အကြီးက သင်္ချာဆရာမ။ကြီးဆရာမက အင်္ဂလိပ်စာဆရာမ။သူတို့နှစ်ဦးစလုံးမှာ ချောင်းဆုံ အထကကျောင်းတွင် စာအသင်အပြကောင်းသော အထက်တန်းပြဆရာမများအဖြစ် ကျော်ကြားခဲ့ကြ။
သူတို့၏တပည့်တပန်းများမှာ ချောင်းဆုံတခွင်တွင် လက်ညှိုးထိုးမလွဲလောက်အောင်များပြား။အကြီး၏ သူငယ်ချင်းဖြစ်ခြင်းကြောင့်ပင် ကျနော်မူလတန်းအရွယ်ကတည်းက ကြီးဆရာမကို ကိုယ့်အကြီးတစ်ယောက်လို ကျွမ်းဝင်ခဲ့သည်။

ကြီးဆရာမအိမ်က ခရိုက်သစ်ရွာထိပ်တွင် ရဲတိုက်ကြီးပမာ နှစ်ထပ်တိုက်။အိမ်ကိုမြင်ရုံဖြင့် တစ်ချိန်က သူဌေးများဖြစ်ကြောင်း အလိုအလျောက်သိသော အိမ်မျိုး။ကြီးဆရာမတို့ အဘိုးအဘွားလက်ထက်ကတည်းက တည်ဆောက်ခဲ့သောအိမ်မို့ ယခုဆို မရှိဘူးဆို နှစ် ၂၀၀ သက်တမ်းတောင် ကျော်လွန်ခဲ့ပြီဖြစ်သည့် သမိုင်းတန်ဖိုးရှိသော အိမ်ကြီး။

ထိုသို့သော ရှေးဟောင်းအိမ်မျိုး ချောင်းဆုံနှင့်အနီးဝန်းကျင်ရွာတို့တွင် သိပ်မရှိ။ချောင်းဆုံအနောက်ပိုင်းတွင် ကျနော်တို့ငယ်ငယ်က တိုက်အိမ်ဟုခေါ်သော နှစ်ထပ်တိုက်ကြီးတစ်လုံး။ထိုတိုက်အိမ်မှာ ကြီးဆရာမတို့ အိမ်ကဲ့သို့ အကြီးကြီး။တိုက်အိမ်ခြံမှာလည်း ချောင်းဆုံမူလတန်းကျောင်း ခြံစည်းရိုးရောက်သည်အထိ သစ်ပင်ကြီးများထူထူထဲထဲဖြင့် ကျယ်လည်းကျယ် ကြောက်လည်းကြောက်စရာ။အိမ်ရောခြံပါ ကျနော်ငယ်ငယ်ကတည်းက အထိန်းအသိမ်းအားနည်းနေသည့်ပုံ။ထိုခြံဘေးတွင် ကျနော်တို့ကစားနေကြ ကလေးဘောလုံးကွင်းငယ်။ခြံအစပ်နားသို့ ဘောလုံးဝင်လျှင် သွားကောက်ဖူး။ရံဖန်ရံခါ ခြံအတွင်းပိုင်းဝင်ကာ သစ်တိုသီးသွားပစ်ချဖူး။ခြံကနက်သဖြင့် တစ်ယောက်တည်းတော့ မဝင်ရဲ။အိမ်ထဲကိုမူ လုံးဝမရောက်ဖူး။

ထိုတိုက်အိမ်နှင့် ၃၊ ၄ အိမ်လောက်အကွာတွင် နောက်ထပ်နှစ်ထပ်တိုက်တစ်လုံး။ယခု မန်ကျီးပင်လက်ဖက်ရည်ဆိုင်အိမ်။ထိုတိုက်အိမ်ကိုယခင်က မည်သူပိုင်သလဲမသိသော်လည်း ဂျပန်မဝင်မီ အင်္ဂလိပ်ခေတ်ကတည်းက ကျနော့်အဘိုး၏အစ်မ ဘွားပုတို့လင်မယားက အင်္ဂလိပ်ငွေ ၁၀၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း ကျနော့်အဖေက ပြောပြသည်။ကိုယ့်အဘွားအိမ်မို့ ကျနော်ငယ်စဉ်ကတည်းက အပေါ်ထပ်အထိ မကြာခဏရောက်လေ့ရှိသည်။

ချောင်းဆုံအနောက်ပိုင်းတွင်ပင် နောက်ထပ်တိုက်အိမ်တစ်လုံးလည်းရှိသေးသည်။ဦးစောမောင်တိုက်ဟု ခေါ်ကြသည်။သူတို့က ဟိန္ဒူ၊ ဗုဒ္ဓဘာသာ။ဦးစောမောင်၏ မြေးမနှစ်ဦးမှာ ကျနော်နှင့်အသက်မကွာ။မြေးအကြီးမှာ ကျနော့်အောက် ၂ နှစ်ခန့်သာငယ်မည်။မန်ကျည်းပင်တိုက်ရော ဦးစောမောင်တိုက်ပါ ကြီးဆရာမတို့ တိုက်လောက်မကြီး။

ကြီးဆရာမတိုက်က ကြီးလည်းကြီးပြီး ပြုပြင်ထိန်းသိမ်းမှု သေချာလုပ်လို့လားမသိ။ယနေ့တိုင် မာမာထန်ထန်ရှိမြဲ၊ ခန့်ထည်မြဲဖြစ်သည်။ပြီးတော့ ကြီးဆရာမခြံကလည်း တိုက်အိမ်ခြံကဲ့သို့ပင် တကယ့်ကိုအကျယ်ကြီး။ခြံကကျယ်ပြီး သစ်ပင်များလည်းရှိသည့်တိုင် ကျနော်ရောက်သည့်အချိန်တိုင်း ကြွေကျသစ်ရွက်အမှိုက်များမရှိ။ခြံက ကုန်းအမြင့်ပိုင်းတွင်မို့ ရေမတင်သလို မြေသားကလည်း ဂဝံရောင်စွေးလို့။

ကျနော် ထိုအိမ်သို့ အကြိမ်ကြိမ်ရောက်ခဲ့ဖူးသည်။ကြီးဆရာမသင်ပေးသော အင်္ဂလိပ်စာ အကြိမ်ကြိမ်တက်ခဲ့ဖူးသည်။ဘယ်တော့မဆို အခမဲ့။ကျနော်မှမဟုတ်။ကျနော့် အစ်မဝမ်းကွဲ၊ အစ်ကိုဝမ်းကွဲ၊ ကျနော့်ညီ။

ကျနော် ၈ တန်းနှစ် ရန်ကုန်ပြောင်းတော့လည်း ကျနော့်အကြီးနှင့် ကြီးဆရာမက နွေဆို နှစ်စဉ် ၁၀ တန်းအဖြေလွှာ လာစစ်နေကြမို့ တွေ့ရသည်။သူတို့တက္ကသိုလ်ဆရာမအဆောင်တွင်နေသော်လည်း ရုံးပိတ်ရက်ဆို ကျနော်တို့အိမ်ရောက်မြဲ။ကျနော့်အမေက ကြီးဆရာမ ကို သိပ်ဂရုစိုက်လေးစားသလို ကြီးဆရာမကလည်း ချစ်သဖြင့် မကြာခဏအိမ်သို့လာခြင်းဖြစ်သည်။

ကျနော် ရန်ကုန်မှာနေပြီးနောက် အနည်းဆုံး တစ်နှစ်တစ်ခေါက် နွေကျောင်းပိတ်ရက်တိုင်း ဘီလူးကျွန်းပြန်မြဲဖြစ်သည်။ဘီလူးကျွန်းပြန်တိုင်း အနည်းဆုံး ရောက်ရောက်ချင်းတစ်ခေါက်နှင့် ပြန်ခါနီးတစ်ခေါက် ကြီးဆရာမဆီ ရောက်လေ့ရှိသည်။ပြန်ခါနီးတွင် သွားရောက်ကန်တော့ခြင်းဖြစ်ပြီး ကျနော်အလုပ်အကိုင်မရမချင်း ကြီးဆရာမ က မုန့်ဖိုးပေးခဲ့သည်။

အရင့်အရင်တုန်းက ကြီးဆရာမအိမ် ဧည့်ခန်းသည် ကျူရှင်သင်သည့်အခန်း။ဧည့်ခန်းက ခပ်ကျယ်ကျယ်မို့ ကျောင်းသား ၃-၄၀ အေးဆေး။ကြီးဆရာမဆီ သွားကန်တော့လျှင် စာသင်သည့်နေရာ (သို့မဟုတ်) အိမ်ဝရန်တာ ခုံတန်းရှည်၌ ကန်တော့ခံလေ့ရှိသည်။

ဒီဘက်နောက်ပိုင်း ကျူရှင်မသင်တော့သည့်နောက် ကြီးဆရာမနှင့်တွေ့ချင်လျှင် အိမ်နောက်ဘက်ကဝင်။အိမ်အနောက်ခန်းသည် ကြီးဆရာမအိပ်သည့်နေရာ၊ ဧည့်တွေ့သည့်နေရာနှင့် ထမင်းစားသည့်နေရာ။အသက်ကြီးလာပြီမို့ ကြမ်းခင်းပါသောနေရာတွင်သာ နေတော့သည့်သဘော။အိမ်ရှေ့ဘက်ခြမ်းက သံမံတလင်းမို့ အသွားအလာပင်နည်းမည့်ပုံ။အပေါ်ထပ်တက်ဖို့ရာ လှေကားကခပ်မြင့်မြင့်မို့ တက်တော့မည့်ပုံမပေါ်။အိမ်အပေါ်ထပ်အကျယ်ကြီးတွင် ဘယ်သူနေသလဲမသိ။

၂၀၁၉ ခုနှစ် သင်္ကြန်၊ ကျနော်ဘီလူးကျွန်းပြန်တော့ ကျနော်နှင့် အဖေတို့ ကြီးဆရာမ ကို သွားကန်တော့ကြသေးသည်။အသက် ၈၀ ကျော်သည့်တိုင် ကြီးဆရာမသည် ယခင်အတိုင်းနုပျိုမြဲ။ကျနော်တို့သားအဖကိုမြင်တာနဲ့ တစ်ချက်စဉ်းစားစရာမလိုသဖြင့် ကြီးဆရာမ၏ မှတ်ဉာဏ်သည်လည်း ယခင်လိုနုပျိုမြဲ။ယခင်အဆက်ဆက် ကျနော်လာကန်တော့သည့်အခါတိုင်းလို လှိုက်လှဲစွာဝမ်းသာမြဲ။ပြီးတော့ လှလှ ကို သတိရလိုက်တာဟု ကွယ်လွန်ခဲ့ပြီဖြစ်သော ကျနော့်အမေကို တမ်းတမြဲ။

ကျနော့်စိတ်ထဲ နောက်ထပ် ၁၀ နှစ်မက ကြီးဆရာမ ကို ကန်တော့ခွင့်ရဦးမည်ဟု ထင်ခဲ့သည်။သို့သော် အနှောက်ကြီးနှောက်နေသော ကိုဗစ်နှင့် ခေတ်ကြောင့် ၂၀၂၀၊ ၂၀၂၁ ကျနော်ဘီလူးကျွန်းမပြန်နိုင်။ဘာပဲဖြစ်ဖြစ် နောက်တစ်နှစ်အေးဆေးခဲ့လျှင် ဘီလူးကျွန်းပြန်မည်ဟု ကျနော့်စိတ်ထဲတေးထားခဲ့သည်။ဘီလူးကျွန်းတွင် ကျနော်စိတ်ပါလက်ပါ ကန်တော့ရမည့်သူက ကြီးဆရာမအပါအဝင် သုံး၊ လေးဦးထက်မပို။

ယခုတော့ ကန်တော့ခံပုဂ္ဂိုလ်တစ်ဦးလျော့ခဲ့ပြီ။သေတယ်ဆိုတာ မည်သို့သောအကြောင်းနှင့်မျှ ပြန်မတွေ့တော့ခြင်းဖြစ်သည်။ကိုယ်ချစ်ခင်ရသော ဆရာသမားများ၊ မိတ်ဆွေများ တစ်ယောက်ပြီး တစ်ယောက် ဘယ်တော့မှပြန်မတွေ့တော့အောင် ချိုးကွေ့သွားကြသည်။ချစ်ခင်ရသူတို့၏ နောက်ဆုံးခရီးကိုပင် ဆွေးဆွေးငွေ့ငွေ့ လိုက်မပို့နိုင်သည့်အဖြစ်က ရင်နာစရာ။
ပုံမှန်အခြေအနေဆို ကြီးဆရာမ၏ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်သူ သိပ်များမှာပဲဟု ကျနော်တွေးမိသည်။

ကျနော်တို့ သန်းခေါင်ထက်နက်ခဲ့ပြီ။ပြီးလျှင် ရောင်နီကို မလွဲမသွေတွေ့ရမည်ဟု ကျနော်ယုံကြည်သည်။

ငြိမ်းဆက်
စက်တင်ဘာ - ၄