【 ဆောင်းပါး 】 “ငယ်ငယ်က တန်ဆောင်တိုင်”

【 ဆောင်းပါး 】 “ငယ်ငယ်က တန်ဆောင်တိုင်”

ကျနော့်အတွက် အရာရာဟာ လွမ်းစရာချည်းဖြစ်သည်။
 
ဘီလူးကျွန်းနှင့်ပတ်သက်လာလျှင် အရာအားလုံးကို လွမ်းလွမ်းဆွေးဆွေးနဲ့ ငေးမိမြဲဖြစ်သည်။အခုလည်း တန်ဆောင်တိုင်လပြည့်နေ့၊ ကိုယ့်အနီးဝန်းကျင် ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သွားဖြတ်လာကလေးတွေကို မြင်ရတော့ ကျနော့်ငယ်ဘဝ တန်ဆောင်တိုင်ကို တအားလွမ်းမိသည်။
 
ကျနော့်ငယ်ဘဝ ဘီလူးကျွန်းတွင် လျှပ်စစ်မီးဆိုတာ ရှိတယ်ဆိုရုံ၊ ဘီလူးကျွန်းလျှပ်စစ်သည် အမှည့်လွန်နေသည့် ခရမ်းချဉ်သီးလောက်ပင် မလင်းနိုင်ရှာသည့်အဖြစ်၊ နောက်ပိုင်း ဆတ်ခနဲတစ်ချက်မှာပင် စူးစူးရဲရဲလင်းသည့် သင်္ဘောသားမီးလုံးပေါ်လာမှသာ အလုပ်ဖြစ်သည့်လျှပ်စစ်။
 
ထို့ကြောင့် ကျနော်တို့ တန်ဆောင်တိုင်တွင် လျှပ်စစ်မီး ပြိုးပြိုးပြက်ပြက်ရယ်မရှိ။စတိတ်ရှိုးတွေ ဘာတွေမရှိ။သို့သော် အလှူအတန်းရက်ရောသော မွန်တို့ထုံးစံအတိုင်း စတုဒီသာအကျွေးအမွေးက လှိုက်လှဲလွန်းလှသည်။
 
ကလေးတို့၏ထုံးစံအတိုင်း သူများအိမ်ကလာပေးသော အစားအစာ၊ သူများအိမ်ကကျွေးသော အစာနဲ့ စတုဒီသာဆိုလျှင် ကြိုက်မှကြိုက်။ထို့ကြောင့် တန်ဆောင်တိုင်ရောက်ပြီဟေ့ဆို ကျနော်တို့ကလေးတစ်သိုက် အုပ်စုလိုက် စတုဒီသာလိုက်စားခြင်းမှာ ကျနော်တို့ကျေးလက်တွင် ရှေးနှစ်များစွာကတည်းက ထွန်းကားခဲ့သော ယဉ်ကျေးမှုတစ်ခုပမာဖြစ်သည်။
 
‘အဘိုးတို့ငယ်ငယ်တုန်းကလည်း တန်ဆောင်တိုင်ဆို သိပ်ကျွေးတာ’တဲ့။ယခု ၂၀၂၁ ခုနှစ်တွင် ၉၆ နှစ်ကျော်ပြီဖြစ်သော အဘိုးလေးက ပြောပြခဲ့ဖူးလေတော့ ကျနော်တို့ဘီလူးကျွန်းတို့ တန်ဆောင်တိုင် စတုဒီသာယဉ်ကျေးမှုသည် မရှိဘူးဆို အနည်းလေး နှစ် ၁၀၀ သက်တမ်းကျော်။
 
အဘိုးတို့ငယ်ဘဝတုန်းက ဘယ်လောက်ထိအကျွေးအမွေးကောင်းခဲ့သလဲတော့မသိ။ကျနော့်ငယ်ဘဝ မဆလခေတ် ၁၉၈၀ ပြည့်နှစ်ကာလများတွင် တိုင်းပြည်က ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်အောင် ရွပ်ရွပ်ချွံချွံ ချီတက်နေပြီဖြစ်သလို ကျနော်တို့ကျေးလက်သည်လည်း စီးပွားရေးမသောင်သာတော့သည့်အခြေမို့ အဘိုးတို့ငယ်ဘဝလောက် ကျွေးနိုင်မွေးနိုင်အားရှိမည်ဟု မထင်။သို့သော် ကျနော်တို့ကလေးများအတွက် မစားနိုင်သည်အထိ နင့်နေအောင် စတုဒီသာပေါလှသည်။
 
စတုဒီသာမစားနိုင်မှာစိုးသဖြင့် နေ့ခင်းဘက် ဗိုက်ဆာလျှင်လည်း ဘာမှမစားဘဲ ကြိတ်ခံထားသည်။ကျနော်တို့ကျေးလက်မှာက မနက်စောစော ၆ နာရီထ၊ အဆာပြေ ထမင်းကြမ်းသို့မဟုတ် မုန့်တစ်ခုခုစား။ ၈ နာရီထိုးပြီဆို ဘုန်းကြီးနဲ့ ကိုရင်တွေ ဆွမ်းခံကြွပြီမို့ ဆွမ်းထမင်းလောင်း။ဆွမ်းထမင်းကို ဇွန်းနည်းနည်းလေးကြီးတာနဲ့ တစ်ပါးတစ်ဇွန်းကျလောင်းသည့်တိုင် ဆွမ်းလောင်းသူများသဖြင့် သပိတ်အပြည့်ရကြသည်။ဘယ်အချိန်ထိ ဆွမ်းလောင်းရသလဲဆိုတော့ ၉ နာရီအထိ။ ၉ နာရီဝန်းကျင်တွင် နောက်ဆုံးဆွမ်းခံကြွသူမှာ ကျနော်တို့ ကိုးကွယ်သည့် မြင့်မိုရ်တောင်ဘုန်းကြီးကျောင်းက ဦးဇင်းပါနောက်။သူ့ကို ကျနော်တို့က ဦးဇင်းကြီးဟုခေါ်သည်။
 
ဆွမ်းလောင်းပြီးပြီဆိုမှ ကျနော်တို့ရွာသားတွေ နေ့ခင်းစာ ထမင်းစားကြသည်။ဆိုတော့ ကျနော်တို့၏ နေ့ခင်းစာသည် မနက် ၉ နာရီ ၁၅ မိနစ်လောက်ဆို စားကြပြီ။ထို့ကြောင့် နေ့ခင်းပိုင်းဆို ကျနော်တို့ဗိုက်ဆာလေ့ရှိ သည်။အထူးသဖြင့် ကျောင်းပိတ်ရက်လို ငယ်သံပါအောင်ကစားသည့်ရက်မျိုးတွင် ပို၍ဆာသည်။ထားတော့။
 
ဘယ်လိုပဲဖြစ်ဖြစ် တန်ဆောင်တိုင်လပြည့်နေ့ဆိုလျှင်တော့ နေ့ခင်းပိုင်း ဗိုက်ဆာလျှင်လည်း ကြိတ်ခံကြသည်မှာ ကျနော်တို့၏ ဘဝပေးအသိဖြစ်သည်။
 
မွန်းလွဲ ၂ နာရီဆို အဘွားဆင်ထားပေးသည့် အင်္ကျီအသစ်၊ မျက်နှာတစ်ပြင်လုံး သနပ်ခါးတွေဖွေးလို့။
 
ကျနော်တို့သူငယ်ချင်းတစ်သိုက် ပထမဆုံးစချီတက်သည့်နေရာမှာ ခြံထဲလို့ အမည်ရသည့် နေရာဖြစ်သည်။ခြံထဲဆိုတာက ကျနော်တို့ ချောင်းဆုံအရှေ့ပိုင်း ရပ်ကွက်ထဲက သီးခြားရွာတစ်ရွာလိုဖြစ်နေသောနေရာ။ချောင်းဆုံပြည်သူ့ဆေးရုံကိုကျော်ကာ နီရဲနေပြီး ဖုန်မထသော ဂဝံမြေသားလမ်းအတိုင်း သွားရသည်။ခြံထဲက စိမ့်စမ်းတွေပေါသောနေရာမို့ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံတွေ စိုက်ကြပျိုးကြသည်။
 
ကျနော်တို့လမ်းထဲကနေ ခြံထဲသို့ ၁၀ မိနစ်လောက် လမ်းလျှောက်လျှင် ရောက်သည်။ကလေးဆိုတော့ ငတ်ကြီးကျတာရော ဗိုက်ဆာနေတာရောကြောင့် နှစ်စဉ်သုတ်သုတ်လျှောက်ကြမြဲဖြစ်သည်။တချို့နှစ်များဆို ကိုယ်တွေက ရောက်တာစောနေသေးသဖြင့် ထိုင်စောင့်ရသေးသည်။ကျွေးပြီဟေ့ဆိုတာနဲ့ သွက်သွက်စား၊ အများကြီးမစားနဲ့။
 
ခြံထဲမှာစားပြီးတာနဲ့ ဘုရားကြီးကုန်းကို ပြေးရသည်။ခြံထဲနှင့် ဘုရားကြီးကုန်းဆိုတာက ကလေးလျှောက် ၁၅ မိနစ်လောက်တော့ လျှောက်ရသည်။ဘုရားကြီးကုန်းမှာလည်း နှစ်စဉ်မပျက်။ဘုရားကြီးကုန်းပြီးနောက် တိုးချဲ့၊အောက်လမ်း၊ ကန်ပိုင်း၊ ရဲစခန်းဝင်း အဲဒီနောက် ကိုယ့်အပိုင်းထဲကျွေးသော စတုဒီသာ။
 
ချောင်းဆုံမြို့ဆိုတာက ချောင်းဆုံအရှေ့ပိုင်းနဲ့ ချောင်းဆုံအနောက်ပိုင်းရပ်ကွက်ဆိုပြီး ရပ်ကွက် ၂ ခု နဲ့ ဖွဲ့စည်းထားသော ခပ်ကျဉ်းကျဉ်းမြို့လေးဖြစ်သည်။ဘုရားကြီးကုန်းဆိုတာက ချောင်းဆုံမြို့အဝင် လမ်းသုံးခွဆုံရာနေရာ။ကန်ပိုင်းဆိုတာက ချောင်းဆုံအနောက်ပိုင်းရပ်ကွက်အဆုံးနေရာ။ထို့ကြောင့် ကျနော်တို့ ကလေးသူ ငယ်ချင်းတစ်သိုက် တန်ဆောင်တိုင် စတုဒီသာ သွားစားကြခြင်းမှာ ချောင်းဆုံတစ်မြို့လုံးအနှံ့ဖြစ်သည်။
 
စတုဒီသာ ဘာတွေကျွေးသလဲဆိုတော့ ဘဲသားဆန်ပြုတ်၊ မယ်ဇလီဟင်းချို၊ မုန့်ဟင်းခါး၊ ပဲဟင်းခေါက် ဆွဲ၊ ပဲကုလားဟင်းနဲ့ ထမင်းနဲ့ မုန့်ကွန်က။ပဲဟင်းခေါက်ဆွဲဆိုတာက အုန်းနို့မပါ ကြက်သားရယ်၊ ကြက်သွန်ဥရယ်ပါသော ပဲဟင်း။ခေါက်ဆွဲကလည်း ရန်ကုန်ခေါက်ဆွဲနဲ့မတူ အလုံးကြီးကြီး။မုန့်ကွန်ကဆိုတာက ကောက်ညှင်းနဲ့လုပ်ထားတဲ့ မုန့်အတွန့်အလိမ် ခပ်သေးသေးတွေကို ထန်းလျက်ရည်နဲ့ ရောကြိုထားပြီး ခြစ်ထားသော အုန်းသီးခပ်များများလည်း ထည့်ထားသည့် မုန့်အချိုဖြစ်သည်။ချိုသဖြင့် အီပြီး သိပ်မစားနိုင်။ဘာကြောင့် မုန့်ကွန်ကလို့ခေါ်သလဲ ကျနော်မသိ။တခြားဒေသများမှာ မုန့်ကွန်ကဆိုတာကို မကြားဖူးသဖြင့် မွန်ပြည်နယ်မှာသာရှိသောမုန့်ဟု ထင်၏။
 
ကျနော်တို့ကလေးတွေ မြို့တစ်ပတ် ပတ်၊ ဗိုက်ကားနေအောင်စား၊ ၆ နာရီကျော်လောက်မှ အိမ်ပြန်ရောက်။ကျနော်တို့ငယ်စဉ်က ဘီလူးကျွန်းမှာ ကားတွေဘာတွေလည်း သိပ်မရှိသဖြင့် မြို့ပတ်စားတာကို လူကြီးတွေက စိတ်မပူဘဲ ခွင့်ပြုခြင်းဖြစ်သည်။
 
ညဦးပိုင်းရောက်လျှင် လမင်းကြီးကလည်း လင်းထိန်နေပြီမို့ ကျနော်တို့လမ်းထဲမှာ ထုပ်စည်းထိုးကြပြီ။တစ်လမ်းလုံး လူငယ်တွေရဲ့ အော်သံဟစ်သံ ရယ်မောသံတို့ မြိုင်မြိုင်ဆိုင်ဆိုင်။ပျော်ခဲ့ဖူးသောည။အခုလည်း စတုဒီသာအကျွေးအမွေးကရှိနေဆဲလို့ သိရပေမယ့် ထုပ်စည်းထိုးပွဲတော့ မရှိတော့။ထုပ်စည်းထိုးပွဲနေရာမှာ လူငယ်လေးတွေက ဂိမ်း။လူပျိုတွေက ဖေ့စ်ဘွတ်ခ်၊ လူကြီးတွေက မြန်မာဗီဒီယိုကား။အိုင်တီခေတ် အိုင်တီ ရေစီးကြောင်းထဲ ကျနော်တို့ရပ်ရွာသည်လည်း စိတ်ပါလက်ပါမျောပါလို့။
 
ငြိမ်းဆက်
ဒီဇင်ဘာ - ၁၈