【 ဆောင်းပါး 】 “စာရိတ္တ မှတ်ကျောက်တိုက်ချိန်”

ယခုလများအတွင်း စကားတစ်ခွန်းကို မကြာခဏဆိုသလို ကြားလာရသည်။ဝင်ငွေမရှိတော့လို့ လုပ်ရတာ ခွင့်လွှတ်ပေးပါဆိုသည့် စကားပင်ဖြစ်သည်။ထိုသို့ပြောလာကြသူများကိုကြည့်လျှင် အောက်ခြေလူတန်းစားမှမဟုတ်ပဲ အတန်အသင့် စုမိဆောင်းမိ၊ စားနိုင်သောက်နိုင်ကြသည့် လူလတ်တန်းစားနှင့် နဂိုကတည်းက ငါလုပ်မှ ငါစားရတာ၊ ဘယ်သူဘာဖြစ်ဖြစ်ဆိုသော အတ္တဝါဒကို ကျင့်သုံးကြသည့်သူတွေများသည်ကို တွေ့ရသည်။သိသိသာသာ သတိပြုမိသည်မှာ အောက်ခြေမှ လက်လုပ်လက်စားလို့ခေါ်သည့် လက်လှုပ်မှ ထမင်း၀သည့် အောက်ခြေလူတန်းစားတွေမပါသည်ကိုပင်ဖြစ်သည်။  

ကမ္ဘာတလွှား လူတန်းစားဖွဲ့စည်းပုံတွေကို လေ့လာကြည့်မည်ဆိုလျှင် အောက်ခြေလူတန်းစားမှာ ထုံထုံအအ၊ ပညာဉာဏ်ရည်နိမ့်ပါးသူအဖြစ်၊ အတန်းပညာတတ်သူနည်းပါးသူအဖြစ်၊ ပုံဖော်သတ်မှတ်လေ့ကျရှိသော်လည်း တစ်ကယ်တမ်းအားဖြင့် အများစုမှာ လူလည်ကျတတ်သည့်စိတ်နည်းပါးပြီး ရောင့်ရဲလွန်းသည့်စိတ်၊ မှန်ရာကို တသမတ်တည်းဒုက္ခခံပြီး ယုံကြည်ကြသည့်သူများဖြစ်ကြသည်။ထိုသို့သော ရိုးရှင်းသည့်စိတ်အခြေခံကြောင့် မမြဲသည့် ရုပ်၀တ္တုပစ္စည်းပိုင်ဆိုင်မှု တိုးတက်ရေးထက် အကျင့်စာရိတ္တနှင့် မဟုတ်မမှန်တာကို၊ သူတပါးမျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ရလာနိုင်သည့် ကိုယ့်စိတ်ချမ်းသာမှုကို မလိုချင်ကြပေ။ထို့ကြောင့် အောက်ခြေမှတက်လာပြီး သမားရိုးကျဘ၀ဖြင့် ချမ်းသာလာသူများတွင် အကျင့်စာရိတ္တပါကောင်းကြတာများသည်ကို တွေ့ရပြီး၊ လူလတ်တန်းစားနှင့် စာရေးစာချီဘ၀၊ ရုံးဝန်ထမ်းဘ၀မှ ချမ်းသာလာသူများတွင်  ကိုယ်ကျင့်တရားအကြောင်းကို ခါးခါးသီးသီးပစ်ပယ်ကြသည်ကို တွေ့ရသည်။

ထိုကဲ့သို့ ကိုယ်ကျင့်တရားကောင်းဖို့ရာကို ဘယ်လောက်ပဲသင်သင် လက်ဦးဆရာ မိနှင့်ဖအပြင် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကလည်း အကျင့်စာရိတ္တကောင်းသူတွေကို နေရာပေး တန်ဖိုးထားတတ်ပြီး စာရိတ္တမကောင်းသူများကို ပြင်းပြင်းထန်ထန် ဖယ်ကျဉ်တတ်သည့် စရိုက်လက္ခဏာရှိဖို့လည်းလိုသည်။

ငယ်စဉ်က မိဘဆရာသမားတွေ တပည့်သားသမီးတွေကို ဆိုဆုံးမလေ့ရှိသည့်အခါ ဘယ်ခရီးကိုပဲသွားသွား ဘယ်အလုပ်ကိုပဲလုပ်လုပ် မှန်မှန်နဲ့ အမြဲလုပ်တတ်သည့် အကျင့်ကိုလုပ်ဖို့၊ လူသာအသေခံမည် နာမည်မသေစေရန်ဆိုသည့် စာရိတ္တအပိုင်းကို စွဲမြဲအောင် သင်ကြားလေ့ရှိကြသည်။အဓိကအားဖြင့် ဘ၀ကြီးပွားတိုးတက်ရေးအတွက် အခြေခံဖြစ်သည့် အသိပညာကို အခြေခံထိုအဆင့်တွင် စတင်သင်ပေးခဲ့ပြီး ဖြတ်လမ်းကနေ အလွယ်လိုက်သည့်အကျင့်ကို မသုံးအောင် တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့ကြသည်။နေ့စဉ် မိဘဆရာသမား ဆိုဆုံးမမှုများတွင် ဖြတ်လမ်းကနေ ကြီးပွားတိုးတက်အောင်လုပ်ခဲ့သူများ ကြီးပွားသော်လည်း နောက်ဆုံးတွင်  လမ်းမှားရောက်ကာ ပျက်ဆီးကြသည်ကို ကျွန်တော်တို့ပတ်ဝန်းကျင်ရှိ မကောင်းသည့်နည်းလမ်းဖြင့် ကြီးပွားကာ ပျက်စီးခဲ့ရသည့်သူများကို သက်သေပြကာ ဆုံးမခဲ့ကြသည်။ကျွန်တော်တို့အောက်ခြေရှိ မှန်မှန်ကန်ကန် လုပ်ကိုင်စားသောက်နေထိုင်ကြသည့် မိသားစုအဖွဲ့အစည်းများတွင် စာရိတ္တကောင်းမှုကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် ကြိုးစားနေထိုင်ကြသည်။

မတရားတဲ့နည်းနဲ့ ကြီးပွားလာတဲ့သူ၊ ဖြတ်လမ်းကနေ ကြီးပွားလာတဲ့သူတစ်ယောက်နှင့် ကိုယ့်တူ ကိုယ့်သား ကိုယ့်မိသားစုဝင်တွေနဲ့ ရင်းနှီးကျွမ်းဝင်မှာကို မလိုလားကြပါဘူး။လွဲမှားတဲ့နည်းနဲ့ ကြီးပွားလာတဲ့သူအဖို့လည်း ကျွန်တော်တို့လူမှုပတ်ဝန်းကျင်တွင်  လူရာဝင်ဖို့၊ လူလူသူသူ တန်းတူလေးစားခံရဖို့ဆိုတာ ခက်ခဲသည်။အကျင့်စာရိတ္တကောင်းပြီး ကောင်းမွန်သည့် မိဘအုပ်ထိန်းမှုအောက်တွင်ရှိသည့် ယောင်္ကျား၊ မိန်းမ ဘယ်သူဘယ်ဝါဖြစ်ဖြစ် “ငါဒုက္ခရောက်နေလို့ ပြည်တန်ဆာလုပ်စားမယ်၊ ဘိန်းရောင်းစားမယ်၊ ခိုးဆိုးလုနှိုက်လုပ်စားမယ်ဆိုသည့် စာရိတ္တယုတ်ညံ့ အောက်တန်းကျသည့်စိတ်ကူးမျိုး တွေးပင်မတွေးမိကြ။ထိုထက်ဆိုးသည်မှာ သူတပါးကို ချောက်ချပြီး စားရသည့်အလုပ်၊ သူတပါး မသဒ္ဒါရေစာဖြစ်သည့် မျက်ရည်ကိုမှီပြီး စားရသည့်အလုပ်မျိုးဆို ပိုပြီးရှောင်ကြကာ နောင်သံသရာကို အပါမခံကြပေ။ဆိုသည်မှာ အောက်ခြေလူတန်းစားအများစုတွင် မတရားသည့်ဘက်က ရပ်တည်ပြီး အစားချောင် အနေချောင်မည်အစား ဒုက္ခရောက်ပြီး စိတ်ဖြောင့်ဖြောင့်နေလို့ရသည့် အသေဖြောင့်သည့်လမ်းကိုသာ ရွေးကြသည်များသည်။

အစောပိုင်းက ဆိုထားသကဲ့သို့ “ဝင်ငွေမရှိလို့ လုပ်ရတာ၊ ခွင့်လွှတ်ပေးကြပါ” ဆိုတာက အတော်လေး မထော်မနန်းလုပ်ရပ်ဖြစ်သည်။ဝင်ငွေမရှိဟုဆိုတာနှင့် တခြားအလုပ်ကိုမလုပ်ပဲ သူတပါးစိတ်ဆင်းရဲစေမည့် မျက်ရည်ပေါက်ကြီးငယ်ကျစေမည့်အလုပ်ကို အားပေးအား‌မြှောက်လုပ်တာမျိုးကို လုပ်ခွင့်ရသည်ဆိုလျှင် ကိုယ့်ကိုယ်ကို ဘယ်လိုမွေးခဲ့သလဲဆိုတာကိုသာ စဉ်းစားကြည့်စေချင်တော့သည်။လူကမွေးသည့်လား၊ တိရစ္ဆာန်ကမွေးသလားဆိုတာ။လူကမွေးလျှင် လူလူချင်းစောင့်ရှောက်ရမည့် အခြေခံလူကျင့်ဝတ်ကိုတော့ သိမှဖြစ်မည်ထင်သည်။

လူတွေ အတိဒုက္ခရောက်နေချိန်တွင် လုယက်တာ၊ စျေးအဆမတန်တင်ရောင်းတာ၊ မတရားလောဘဖြင့် ငွေရာခိုင်နှုန်းများများဖြင့် ထုတ်ကြတာ၊ သူတပါးချောက်ချတာ၊ လုယက်သတ်ဖြတ်ကြတာ၊ မှားမှန်းသိလျှက် ရေငုံနှုတ်ပိတ်နေကြတာ၊ ကိုယ်အနေချောင်ဖို့ ဘယ်သူဘာဖြစ်ဖြစ် နေစိမ့်ကြတာ။ဒါတွေအားလုံးက ခေတ်ကပြဋ္ဌာန်းသည့် စာရိတ္တပိုင်းဆိုင်ရာ မှတ်ကျောက်တိုက်မှုတွင် ‘မှတ်’ အစားခံလိုက်ရသည့် စိတ်ပိုင်းဆိုင်ရာ အပြတွေပဲဖြစ်သည်။လူတွေက ငတ်လာလေလေ ကိုယ်ကျင့်တရားဖောက်ဖျက်လေလေ အစား၊ လူ‌တွေက ကြီးပွားချမ်းသာလေလေ၊ အသိပညာမဲ့လာလေလေ ကိုယ်ကျင့်တရားမရှိတော့လေလေဟု ဆိုရမည့်ပင်။

ထိုသို့သောသူတွေကိုကြည့်လျှင် မတရားသောနည်းဖြင့် ကြီးပွားချမ်းသာကာ ခေတ်ကိုအမှီပြုပြီး ဒီထက်ပိုဩဇာအာဏာ ပိုကြီးအောင် ပိုချမ်းသာအောင် ဖြတ်လမ်းဖြင့် နည်းလမ်းရှာခဲ့ကြခြင်းဖြစ်သည်။       

ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အခုအခါ တစ်ခါမှမကြုံဘူးတဲ့ အခြေအနေတွေကို တွေ့နေရပါပြီ။သူတို့လိုချင်တဲ့အရာကိုရဖို့ ဘီလူးသဘက်လို ခြောက်လှန့်ဆက်ဆံတဲ့လူတွေ အတော်များများတွေ့နေရပါပြီ။ရှင်းရှင်းပြောရရင် အကြောက်တရားနဲ့ သူတို့လိုချင်တာကိုယူမယ့်သူတွေ ဖြတ်လမ်းကနေလုယူမယ့်သူတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အားကောင်းမောင်းသန်ဖြစ်လာဖို့ အစပျိုးနေကြပြီဖြစ်သည်။

လူတစ်ယောက်၏တန်ဖိုးက ဘယ်အရာဖြစ်မည်ဟု ထင်ပါသနည်း။ကျွန်တော်တို့အားလုံး လေးစားကြည်ညိုခဲ့ရသူတစ်ဦး တစ်ခါကပြောခဲ့ဖူးသည့် စကားတစ်ခွန်းကို ပြန်ကြားမိသည်။“ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နောက်ဆုံးကျရင် လူအားလုံးက အနိစ္စသဘောနဲ့ ကိစ္စချောရမှာဖြစ်တဲ့အတွက် အဲလိုအချိန်ရောက်တဲ့အခါ ကိုယ်ဘယ်လိုစိတ်ဓာတ်နဲ့ရှိချင်သလဲဆိုတာ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ကြပါ” ဆိုသည့် စကားပင်။

ယနေ့ခေတ် ယနေ့အခါလို အဓမ္မက ဓမ္မထက် ပိုအားကောင်းနေသည့်အချိန်တွင် ကိုယ်ကျင့်တရားက လူကြိုက်နည်းနိုင်သော်လည်း အမှန်တရား အားကောင်းမောင်းသန်ဖြစ်လာသည့် အချိန်အခါတွင်မူ ကိုယ်ကျင့်တရားထက် တန်ဖိုးကြီးသည့်အရာ မရှိပါ။

ယနေ့ဖြစ်ပျက်နေသည်များက နောင်ဆယ်စုနှစ် သိပ်မကြာသည့်အခါ ပြန်ကြည့်ပါက အဲ့ဒီအချိန်အခါတုန်းက လူမဆန်သော ကိုယ့်လုပ်ရပ်မှန်သမျှက  အရှက်ရစွာ ထင်းထင်းကြီးဖြစ်နေမည်ကို မြင်ရမည်ဖြစ်သလို လှည်းဘီးနောက် လှည်းခြေရာလိုက်သကဲ့သို့ ကိုယ်ပြုသော အကုသိုလ်ကံကလည်း သံသရာတစ်လျှောက် ကိုယ့်နောက်လိုက်နေမည်ဖြစ်သည်။

စာရိတ္တ မှတ်ကျောက်တိုက်မခံနိုင်သည့် သူတို့အဖို့ ယခုအချိန်ကာလတွင် ခေတ်၏ မှတ်ကျောက်တိုက်မှုကြောင့် အရေခြုံထားသမျှကွာကျကာ ပင်ကိုယ်သန္ဓေစိတ်ပေါ်ကြလေပြီဖြစ်သည်။

မောင်ဦးလွင်
သြဂုတ် - ၃၁