【 ဆောင်းပါး 】 “ဆရာတင်ခါ မမှားရာ”

【 ဆောင်းပါး 】 “ဆရာတင်ခါ မမှားရာ”

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်း အစဉ်သဖြင့် အလေးဂရုပြု မြတ်နိုးတန်ဖိုးထားသော အနန္တော အနန္တ ငါးပါးတွင် မြတ်ဆရာသည်လည်း တစ်ပါး အပါအဝင်ဖြစ်သည်။

 
ဘုရားနှင့် တစ်ဂိုဏ်းတည်းထားလောက်အောင် ကြီးကျယ်သော ဆရာတို့၏ ဂုဏ်ကျေးဇူးကား ကြီး မားလှသည်။
 
လောကတွင် မိမိတတ်သိထားသောအရာအား အခြားတပါးသူကို သင်ကြားပြောပြပေးသူကို ဆရာဟုမည်၏။ဘဝတလျှောက်တွင် ကြုံဆုံရသော ဆရာတို့ကား များပြားသော်လည်း အကြမ်းဖျင်းအားဖြင့် ဆရာဟူသည့် ပုဂ္ဂိုလ်ကို သုံးမျိုးခွဲခြား ခေါ်ဝေါ်ကြသည်။
 
ထိုသုံးမျိုးမှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာပင်။
 
မိမိအား အသိပညာ အတတ်ပညာတို့ကို ဂရုတစိုက် ကိုယ်တိုင်သင်ကြားပေးသောသူကို သင်ဆရာမည်၏။ 
 
မိမိအား အတတ်ပညာ (ဝါ) အလိုရှိအပ်သော အတတ်ကို မျက်စိရှေ့မှောက်တွင် ပြုလုပ်ပြသောသူ (သို့) ၎င်း၏နည်းနာများကို မိမိက မြင်ရုံမျှဖြင့် အတုခိုးရသောသူအား မြင်ဆရာဟု မည်၏။
 
သူ၏အတတ်ပညာကို မိမိက တနည်းနည်းဖြင့် ကြားလျှင်သော်လည်းကောင်း၊ မိမိအား ပြောပြပေးလျှင်သော်လည်းကောင်း ထိုသို့သော ပုဂ္ဂိုလ်ကို ကြားဆရာဟု မည်၏။
 
ထိုဆရာသုံးမျိုးရှိသည့်အနက် သင်ဆရာဆိုသည်ကား တပည်တို့အပေါ် ဂုဏ်ကျေးဇူး အထူးမြတ်ဆုံး ပင်ဖြစ်သည်။
 
သင်ဆရာမှန်လျှင် ဝါသနာ၊ စေတနာ၊ အနစ်နာ၊ ဂရုဏာဟု ဆိုအပ်သည့် နာလေးနာနှင့်ပြည့်စုံသော ဆရာများဖြစ်ကြသည်။
 
လောက၌ ဘုရားရှင်မှလွဲ၍ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာနှင့် ကင်းကွာသူဟူ၍ မရှိနိုင်ပေ။အသိ ပညာ၊ အတတ်ပညာကို စနစ်တကျ လက်တွေ့ကျကျသင်ကြားပေးသော သင်ဆရာများသည် ဝါသနာကိုအရင်းခံကာ စေတနာနှင့်ပေါင်းစပ်ပြီး အနစ်နာခံခြင်းများစွာဖြင့် စံနမူနာဖြစ်အောင် ကျင့်ကြံကြရလေသည်။
 
လက်ဦးဆရာဖြစ်သည့် မိဘတို့က မိမိတို့သားသမီးများကို မိမိတို့ထက် တော်စေ၊ တတ်စေလို၍ အာ စရိယဂိုဏ်းဝင် ဆရာများထံသို့ ယုံကြည်စွာ အပ်နှင်းတတ်ကြလေသည်။ဆရာများကလည်း မိမိတို့လက်ထဲရောက်လာသော တပည့်များကို ကျောသားရင်သား၊ ဆင်းရဲချမ်းသာ မခွဲခြားပဲ သွန်သင်ဆုံးမခဲ့ကြလေသည်။တပည့်တို့၏ ပညာရေး ပန်းတိုင်မရောက်မီ လမ်းမပျောက်ရလေအောင်၊ အမြင့်ကိုမရောက်မီ ချောက်ကမ်းပါးမှ ပြုတ်မကျရလေအောင် တည့်မတ်ပေးကြသည်မှာ ဆရာများ၏ မပေးအပ်ဘဲ ကျေပြွန်ရသည့် တာဝန်ပင် ဖြစ်ပါသည်။
 
ဆရာတိုင်းတွင်ရှိအပ်သော စေတနာ၊ ဝါသနာ၊ အနစ်နာ၊ စံနမူနာတည်းဟူသော နာ (၄) နာအပြင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ အကြင်နာ စသော ဆရာကောင်းတို့၏ အခြေခံကောင်းများနှင့်ပြည့်စုံရန် လိုအပ်လှသည်။စိန်ခေါ်မှုပြင်းထန်သော ယနေ့ကမ္ဘာကြီးကိုရင်ဆိုင်ရန် ငယ်စဉ်ကတည်းက ဆရာများ၏ သွန်သင် မှုက အရေးကြီးလှသလို ဆရာများ၏ “စာကိုလည်းသင်၊ လူကိုလည်းပြင်” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသင်ဘာသာရပ်များ သင်ကြားပေးရုံသာမက ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာပြုပြင်ပေးရန် လိုအပ်လှသည်။စိတ်ဓာတ်နှင့် စည်းကမ်းသည် လူတစ်ယောက်အတွက် အရေးကြီးသလို ကိုယ်ချင်းစာတရားကို မွေးမြူတတ်ရန် သင်ကြားပေးဖို့လိုသည်။
 
အသက်မွေးဝမ်းကျောင်း လုပ်ငန်းများစွာရှိသည့်အနက် အမွန်မြတ်ဆုံးအလုပ်ကိုပြပါဆိုလျှင် ဆရာ၊ ဆရာမအလုပ်ကို ပြရပါလိမ့်မည်။ဆရာများသည် တပည့်ဘဝကောင်းစားရေး၊ ထူးချွန်ထက်မြက်ရေး၊ တိုးတက်ရေးအတွက် ဓားနှင့် ဓားသွေးကျောက်ပမာ အမြဲထိတွေ့၍ အသွားထက်အောင် သွေးနေသည့်သူများဖြစ်သည်။ဆရာဟူသည် ဖယောင်းတိုင်ကဲ့သို့ အလင်းရောင်ပေးပြီး ကုန်ဆုံးသွားခြင်းထက် ဆီမီးခွက်ကဲ့သို့ ကျင့်ကြံသူများဖြစ်သည်။ဆီမီးခွက်တစ်ခွက်သည် တပည့်နှင့်တူသော ဆီမီးခွက်ပေါင်းတစ်ထောင်ကို အလင်း ရောင်များ ကူးစက်ပြန့်ပွားအောင် စွမ်းဆောင်နိုင်ပေသည်။ဆရာဟူသည် လူတိုင်းမဖြစ်နိုင်ပါ။
 
လူတစ်ယောက်သက်တမ်းကြည့်မယ်ဆိုရင် လူမမယ်ကလေး (မူကြိုကျောင်းသား) ဘဝကနေ လူ လားမြောက် (ဘွဲ့ရ) တဲ့အထိ အချိန်အများဆုံးနေခွင့်ရတာ မြတ်သောဆရာတွေရဲ့ အနီးအပါးမှာသာဖြစ်သည်။ထို့ကြောင့် ဆရာကောင်း၊ ဆရာမှန်ကို အတင်မှန်ဖို့လိုသည်။
 
လောက၌ ဆရာတင်မှန်၍ ကောင်းကျိုးများစွာရှိခဲ့သလို ဆရာတင်မှား၍ လမ်းမှားရောက်ပြီး ဒုက္ခ ရောက်ရပုံများလည်း ရှိခဲ့ဖူးပါသည်။
 
နူးညံ့သိမ်မွေ့သော အဟိသကသည် ဆရာပေါင်းမှား၍ အင်္ဂုလိမာလဖြစ်ခဲ့ရပါသည်။
 
ဒေဝဒတ် ကို ဆရာတင်မိ၍ အဇာတသတ်သည် အဖကိုပြန်သတ်သောသားအဖြစ် ငရဲကျခဲ့သော သာဓကများစွာရှိခဲ့ဖူးသည်။
 
ဘုရားရှင်က ဒေဝဒတ် ကို ဆရာအတင်မှားခဲ့သည့် အဇာတသတ်နှင့်ပတ်သက်ပြီး အပူဇော်ခံရသော ဆရာငါးမျိုးကို ဟောခဲ့ရာတွင် ..
 
“ချစ်သား မောဂ္ဂလာန် ... ဤလောက၌ အပူဇော်ခံကြရသော ဆရာကား ငါးမျိုး ပြားသတည်း။ငါးမျိုး ဟူသော်ကား
 
၁။ မိမိ၌ စင်ကြယ်သော မြတ်သော သီလမရှိပဲ စင်ကြယ်သော သီလရှိယောင်မူ၍ သူတစ်ထူးအား လွန်ကျူး ကဲ့ရဲရှုတ်ချလျှက် မြတ်သောသီလသည် ငါ၌သာရှိသည်ဟုဝန်ခံ၍ အခြံအရံ အလုပ်အကျွေး တို့ကို သွေးဆောင်ဖြားယောင်းတတ်သော ဆရာလည်း တစ်မျိုး၊
 
၂။ မိမိ၌ စင်ကြယ်သော အသက်မွေးခြင်းမရှိလျက် စင်ကြယ်သော အသက်မွေးခြင်းရှိယောင်မူ၍ သူတစ်ထူးအား လွန်ကျူးစွာ ကဲ့ရဲ့ရှုတ်ချလျက် မြတ်သော အာဇီဝသည် ငါ၌သာရှိ၏ဝန်ခံ၍ အပူဇော်ခံသော ဆရာလည်း တစ်မျိုး၊
 
၃။ မိမိ၌ မစင်ကြယ်သော အယူစကား တရားဒေသနာရှိလျက် စင်ကြယ်စွာရှိယောင်မူ၍ သူတစ်ထူးအား ကဲ့ရဲ့ရှုတ်ချလျက် မြတ်သော အယူဝါဒ ဓမ္မဒေသနာသည် ငါ၌ရှိ၏ဟု ဝန်ခံ၍ အပူဇော်ခံသော ဆရာလည်း တစ်မျိုး၊
 
၄။ မိမိ၌ မစင်ကြယ်သော ဉာဏ်အမြင်ရှိလျက် စင်ကြယ်သော ဉာဏ်အမြင်ရှိ၏ဟု ဝန်ခံ၍ အခြံ အရံကိုသွေးဆောင်ကာ ဆရာပြုနေသော ပုဂ္ဂိုလ်လည်း တစ်မျိုး၊
 
၅။ မိမိ၌ မစင်ကြယ်သော ဗျာကရိုဏ်းသင်ခြင်းရှိလျက် စင်ကြယ်သော ဗျာကရိုဏ်းသင်ခြင်းရှိ၏ဟုဝန်ခံ၍ အခြံအရံကို သွေးဆောင်ကာ ဆရာပြုနေသော ပုဂ္ဂိုလ်လည်း တစ်မျိုး။
 
ဤသို့ ငါးမျိုး ပြားသတည်း။ထိုဆရာတို့အား မိမိ တို့၏တပည့်ပင် ဆင်ခြင်မိသောကာလ သိကုန်ကြသဖြင့် ဂရဟိတ အနာဒရ ဖြစ်လေကုန်သတည်း။
 
ချစ်သား မောဂ္ဂလာန် .... ငါဘုရားမူကား စင်ကြယ် သောအကျင့်ဟုဆိုအပ်သော ပါတိမောက္ခသံဝရသီလ၊ စင်ကြယ်သော အသက်မွေးခြင်းဟု ဆိုအပ်သော အာဇီဝ ပါရိသုဒ္ဓိသီလ၊ စင်ကြယ်သော အယူစကား တရားဒေသနာ၊ ဗျာကရိုဏ်းသင်ခြင်း၊ စင်ကြယ်သော ဉာဏ်အမြင်ရှိသည်။သို့ဖြစ်၍ ငါသည် စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော သီလ အာဇီဝ ဓမ္မဒေသနာ ဝေယျာကရဏဉာဏဒဿန ရှိ၏ဟု ဝန်ခံသတည်း။ထို့ကြောင့် တပည့် သာဝကတို့သည်လည်း ငါ့အား အတိဂါရဝပသံသတို့ဖြင့် ဆည်းကပ်ကြကုန်သတည်း” ဟု မိန့်တော်မူ၏။
 
ဆရာများနှင့် ပတ်သက်ပြီး ငယ်စဉ်က နှုတ်ဝယ်ရွရွကျက်မှတ်ရသည့် ကဗျာလေးကို သတိရကြမည် ဖြစ်သည်။ထိုကဗျာမှာ “ဆရာကျင့်ဝတ်” ဆိုသော ကဗျာပင်ဖြစ်သည်။ 
 
       “ဆရာကျင့်ဝတ်”
       အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
       သိပ္ပမချန်၊ ဘေးရန်ဆီးကာ
       သင့်ရာအပ်ဖို့၊ ဆရာတို့
       ကျင့်ဖို့ ဝတ်ငါးဖြာ။
 
ဆိုသည်ပင်။
 
ကျောင်းတတ်ခြင်းသည် စာသင်ကြားရန်ဟူသည့် ရည်ရွယ်ချက်တစ်ခုတည်းအတွက်မဟုတ်။လူတစ် ယောက်၏ အကျင့်စာရိတ္တ၊ ကိုယ်ရည်ကိုယ်သွေး၊ အတွေးအခေါ် စသည်တို့ကိုပါ လေ့ကျင့်သင်ကြားပေးသောနေရာဖြစ်သည်။
 
မည်သို့ပင်ဖြစ်စေ လာဘ်လာဘမျှော်ကိုးမှုကြောင့် ဆရာများလည်း တပည့်များအပေါ် စေတနာထားမှုမှာ ခေတ်ကာလအလျှောက် ပျက်စီးခဲ့ရသည်များရှိခဲ့သည်။ဆရာ၊ ဆရာမ လုပ်နေသော်လည်း အတွင်း စိတ်ခံတွင် ဝန်ထမ်းတစ်ဦးသဖွယ် စိတ်သွင်းနေသမျှ ဆရာ-တပည့် ဆက်ဆံရေးသည့် ရောင်းသူဝယ်သူ ဆက်ဆံရေးပမာဖြစ်မည်မှန်သလို မိဘများက အသာရလိုသည့်စိတ်ကြောင့်လည်း ဆရာ၊ ဆရာမများမှာ မြတ်သောဆရာနေရာမှ လာဘ်လာဘ၏ အစေအပါးနေရာသို့ ခုန်ချကြရသည်။
 
လာဘ်များခြင်းသည် ပျက်စီးရန်ဖြစ်ပုံကို မြတ်စွာဘုရားက အဇာတသတ်မင်းသား အရှင်ဒေဝဒတ်အား ဆရာပြု၍ ကိုးကွယ်ဖိတ်ကြားလျက် ရထားငါးရာတို့ဖြင့် ညဉ့်နံနက်မပြတ် ဆည်းကပ်သည်ကို အကြောင်းပြုပြီး ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်းမှာ ဟောကြားခဲ့ရာမှာ
 
“ချစ်သား ရဟန်းတို့ ..... ဤမျှလောက်သော လာဘ်ပူဇော်သက္ကာတို့ ပြန့်ပွားလာခြင်းသည်ကား ဒေဝဒတ်အား ကောင်းကျိုးစီးပွားများစေခြင်း ဖြစ်လာသည်မဟုတ်၊ ဆုတ်ယုတ်ခြင်းငှာသာ ဖြစ်လာသတည်း။ချစ်သား ရဟန်းတို့ .... လောကူပမာ သိဖွယ်ရာကား ကြမ်းကြုတ်စွာသော ခွေး၏နှာဝ လျှာစ၌ ခါးလှသော သည်းခြေအိတ်ကို ခွဲသည်ရှိသော် လွန်ကဲ၍ ကြမ်းကြုတ်ပြန်သကဲ့သို့ ဉာဏ်အမြင်နည်းသော ပုဂ္ဂိုလ်တို့၏ထံမှောက်သို့ရောက်သော လာဘ်ပူဇော် အခြံအရံသည် မွန်မြတ်သော အကျင့်သီလကို ဖျက်ခြင်းငှာ၊ တရားဆုတ်ယုတ်ခြင်းငှာ၊ အကုသိုလ်ပွားများခြင်းသာဖြစ်၏။
 
ဥပမာ တစ်ပါးလည်း ချစ်သားတို့ ..... ဝါးပင်၊ ပေပင်၊ ကျူပင်တို့သည် မိမိကိုသေစေခြင်းငှာ အသီး ဖြစ်လာသကဲ့သို့၊ အာဇာနည်မြင်းမသည် မိမိကိုသေစိမ့်သောငှာ သားဖွားလာသကဲ့သို့ ပညာနည်းသော ဒေဝဒတ်အား လာဘ်ပူဇော်သက္ကာတို့ ပြန့်ပွားလာခြင်းသည် မိမိကိုညှဉ်းဆဲခြင်းအကျိုးငှာ၊ အပါယ်လေးပါးသို့ လားစေခြင်းငှာသာ ဖြစ်ပွားလာသတည်း” ဟု မိန့်တော်မူခဲ့သည်။
 
လာဘ်လာဘသည် ပျက်စီးရာခြင်းပင်ဖြစ်သည်။လာဘ်လာဘကိုမျှော်ပြီး ရှင်ဒေဝဒတ်မှာ အဇာ တသတ် အထင်ကြီးအောင် လာဘ်လာဘမျှော်ကိုးပြီး လောကီတန်ခိုးပြကာ ခြောက်လှန့်စည်းရုံးသဖြင့် ဈာန်တန်ခိုးလည်းပျောက်ကာ ဘုရားရှင်အား ပြစ်မှားဖျက်ဆီးသတ်ဖြတ်ရန် ကြံစည်သဖြင့် နောက်ဆုံးမြေမျိုကာ အပယ်ကျခဲ့ရသည်။
 
ဆရာတင်မှားသည့် ဒေဝဒတ်လည်း ဖအေကိုသတ်သဖြင့် ငရဲသို့ကျရသည်။ဆရာတင်မှားခြင်းက ကြောက်မက်ဖွယ်ရာ။
 
ယနေ့ခေတ်တွင် ဆရာတင်မှားသည့် အဇာတသတ်လက်သစ်နှင့် ဆရာဖြစ်သည့် ဒေဝဒတ်လက်သစ်တွေကို တွေ့နေရပြီဖြစ်သည်။ငယ်စဉ်က သင်ဆရာ မမှားဖို့ အရေးကြီးသလို ကြီးလာသည့်အခါ ဆရာ သုံးမျိုးစလုံး ဆရာတင်မမှားစေရန် အသိဉာဏ်နှင့် ယှဉ်ကာ စဉ်းစားရပေမည်ဖြစ်သည်။
 
ဖြိုးဝေလှ
Photo Credit - Mingalar Buddha
စက်တင်ဘာ - ၈