【 ဆောင်းပါး 】 “ဆောင်းနှင့်အတူ”

【 ဆောင်းပါး 】 “ဆောင်းနှင့်အတူ”

လူသားတွေက လောဘ ဒေါသ မောဟမီးတွေ ရင်ထဲထည့်ကာ တောက်လောင်နေကြသော်လည်း ဒီဇင်ဘာဆောင်းကတော့ အချိန်မှန်ရောက်လာတာပါပဲ။

ဟိုဝေးဝေးက ဆောင်းတွေကို မမီသော်လည်း ဆောင်းသတ္တိ၏ အအေးဓာတ်ကို ခဏလေးဖြစ်ဖြစ် ခံစားရသည်။နှင်းဝတ်မှုန်တွေ ခြုံလွှမ်းထားသော အေးအေးမြမြ ဟိုတစ်ချိန်ကဆောင်းကို သတိရမိသည်။ထိုဆောင်းရက်များနှင့်အတူ လွမ်းစရာလေးတွေလည်းပါလာရသည်။

မွေးရပ်မြေဆိုတာ လူတိုင်းမှာရှိတာပါ။အရွယ်ရောက်လို့ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် မွေးရပ်မြေကို သတိရတာလည်း ထုံးစံပါ။ကျွန်တော်က ရန်ကုန်၊ ကမာရွတ်သားတစ်ယောက်ပါ။လက်ရှိနေတာလည်း ရန်ကုန်မှာပါပဲ။ထို့ကြောင့်လည်း မွေးရပ်မြေလို့မပြောဘဲ မွေးရပ်လမ်းလို့ပြောချင် ပါသည်။

ကျွန်တော့် မွေးရပ်လမ်းလေးကို ကျွန်တော်မကြာခဏသတိရပါသည်။အခုလိုဆောင်းရာသီမှာတော့ သတိအရဆုံးပါပဲ။ကျွန်တော့်မွေးရပ်လမ်းလေးနှင့်ခွဲခွာခဲ့တာ ဆယ်စုနှစ်တွေ အတော်လေးကြာနေပါပြီ။တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုပြီး ပြောင်းလာရတာမဟုတ်ပါ။ရေကြည်ရာမြက်နုရာဆိုပြီး ပြောင်းလာရတာလည်းမဟုတ်ပါ။စီမံကိန်းအရဆိုပြီး အိမ်တစ်လုံးကို ငွေငါးသိန်းပေးကာ တစ်လမ်းလုံးကို ဖယ်ခိုင်းသောကြောင့် ကျွန်တော်ငယ်စဉ်ကာလမှ အသက်နှစ်ဆယ်ကျော်အထိနေလာခဲ့သော လမ်းကလေးကို မထားချင်ဘဲ ထားခဲ့ရသည်။မခွဲချင်ဘဲ ခွဲခဲ့ရသည်။အခုချိန်ထိလည်း ဘာစီမံကိန်းမှလုပ်တာ မတွေ့ရပါ။အခြေအနေပျက်သွားသော ကျွန်တော်တို့ လမ်းသူလမ်းသားများနှင့် ပျက်စီးရုံပျက်စီးသွားပြီး ပါးစပ်ရာဇဝင်လေးအဖြစ် ကျန်ရစ်သည့် ကျွန်တော်တို့လမ်းကလေးသာ အဖတ်တင်ခဲ့သည်။

တမလွန်ဘဝသို့ရောက်သွားပြီဖြစ်သော ရင်နှင့်အမျှချစ်ရသည့် ချစ်စရာ ချစ်သူလေးကို လွမ်းနေရသလိုပါပဲ။ရှေ့အနာဂတ် ဘဝလမ်းအတွက်လည်း ဘာမှစိတ်ကူးခွင့်မရှိဘဲ အတိတ်က သူနှင့်အတူရှိနေတာလေးကိုပဲ မှန်းဆ တမ်းတ လွမ်းတသသဖြစ်နေသလိုပါပဲ။ဘာအကောင်အထည်မှမရှိတော့ သည့် ကျွန်တော့်မွေးရပ်မြေလမ်းလေးကို လွမ်းရုံသာ လွမ်းနေရသည်။အခုလို ဆောင်းရာသီကာလများမှာတော့ ပိုလို့တောင်လွမ်းမိပါသေးသည်။

ငယ်စဉ်က ကျွန်တော်နေခဲ့သေ ာလမ်းနာမည်က မဟာစိတ္တလမ်းပါ။ကျွန်တော်တို့လမ်း၏ အရှေ့ဘက်မှာရှိသော လမ်းများမှာ (၁) လမ်း (၂) လမ်းမှစပြီး (၁၅) လမ်းအထိ အစဉ်လိုက်ရှိသည်။ထိုလမ်းအားလုံးသည် တစ်ဖြောင့်တည်းလမ်းတွေဖြစ်သည်။ကျွန်တော်တို့လမ်းကတော့ သီးခြားနာမည်နှင့် လမ်းဖြစ်နေသည်။တစ်ဖြောင့်တည်းလမ်းလည်းမဟုတ်ပါ။
အဓိကလမ်းမ၏ တစ်ဖက်အဆုံးမှာ အရှေ့ဘက်နှင့် အနောက်ဘက်လမ်းသွယ်နှစ်ခု ထပ်ခွဲသွားသည်။အဓိကလမ်းမ၏ ကျန်တစ်ဖက်အဆုံးမှာလည်း အနောက်ဘက်သို့ လမ်းသွယ်တစ်ခု ထပ်ခွဲသွားသည်။အဓိကလမ်းမနှင့်အပြိုင် နောက်လမ်းသွယ်နှစ်ခု ထပ်ရှိပြန်သည်။

ကျွန်တော်တို့လမ်းက သာမန်လမ်းတစ်ခုနှင့်မတူဘဲ ရပ်ကွက်လေးတစ်ခုလိုဖြစ်နေသည်။ကျွန်တော်တို့ အဓိကလမ်းမရှေ့မှာ ရေကန်နှစ်ကန်ရှိသည်။ဘယ်ဘက်ကန်သည် သန့်ရှင်း၍ကြည်လင်သည်။ကျွန်တော်တို့ ကလေးအရွယ်ကဆိုလျှင် ကြာပန်းတွေရှိသေးသည်။ညာဘက်ရေကန်ကတော့ ညစ်ပတ်နေပြီး ကန်ထဲမှာ အိမ်တွေအပြည့်ဆောက်ထားသည်။
အဓိကလမ်းမ၏ အနောက်လမ်းသွယ်အားလုံး၏အဆုံးမှာ လှိုင်မြစ်မှ စီးဆင်းလာသော ချောင်းတစ်ခုရှိသည်။ချောင်းဘေးတစ်လျှောက်မှာ ဓနိပင်များ တန်းစီပေါက်နေသည်။

ကျွန်တော်တို့လမ်းဘေးမှာ ရန်ကုန်-အင်းစိန် မီးရထားလမ်းရှိသည်။ကျွန်တော်တို့လမ်းက ကမာရွတ်ဘူတာနှင့် လှည်းတန်းဘူတာကြားမှာရှိသည်။မီးရထားလမ်းတစ်ဖက်မှာ ရွာမဘုန်းကြီးကျောင်းရှိသည်။ထိုဘုန်းကြီးကျောင်းသည် ကိုးကွယ်သူ ဒါယကာ ဒါယိကာမ ပေါများသော ကျောင်းဖြစ်သည်။ကျွန်တော်တို့လမ်းသားများကတော့ ကျောင်းနှင့်အနီးဆုံးဖြစ်နေသဖြင့် ကျောင်းထိုင်ဆရာတော်နှင့် ရဟန်းများ ကိုရင်များ ကျောင်းသားများအားလုံး ကျွန်တော်တို့နှင့် အရင်းနှီးဆုံးဖြစ်သည်။ဘုန်းကြီးကျောင်း၏ ဂေါပကလူကြီးဆိုလျှင်လည်း ကျွန်တော်တို့လမ်းမှလူတွေ ပိုများသည်။ကျွန်တော်တို့လမ်းမှာ ဓမ္မစကြာနှင့် ပဋ္ဌာန်းရွတ်သော ဝတ်အသင်းရှိသည်။အဘိဓမ္မာသင်တန်းရှိသည်။ကြာသပတေးနေ့တိုင်း မနီးမဝေးရှိ ဘုန်းကြီးကျောင်း ဆယ်ကျောင်းကျော်မှ သံဃာတော်များကို အရုဏ်ဆွမ်းလောင်းကြသည်။ဆွမ်းလောင်းသူများကတော့ ထုံးစံအတိုင်း အမျိုးသမီးတွေချည်းလိုလိုဖြစ်သည်။ယောဂီထဘီ အင်္ကျီအဖြူ ယောဂီပဝါကိုယ်စီနှင့် တန်းစီကာ ဆွမ်းလောင်းနေကြသည်မှာ အရုဏ်ဦး၏ အလှအပတစ်ခု ဖြစ်သည်။သပိတ်ကိုယ်စီနှင့် တစ်လှမ်းချင်းကြွလာသော သံဃာတော်များကို ဆွမ်းလောင်းနေသည့် အရုဏ်ဦးရှုခင်းကို ယခုတိုင် မျက်စိထဲမှာမြင်ယောင်နေမိဆဲပါ။

ကျွန်တော်တို့လမ်း၏ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းပြုလုပ်သည့် မဟာဒုတ်ဆွမ်းအလှူပွဲရှိပါသေးသည်။မဟာဒုတ်မဲပေါက်သော အိမ်ကို ဘုန်းကြီး အနည်းဆုံးငါးပါးပင့်သည်။မဲပေါက်သောအိမ်သည် ငွေကြေးချို့တဲ့သူဖြစ်လျှင် မဟာဒုတ်အဖွဲ့ ရန်ပုံငွေထဲမှ ထောက်ပံ့ငွေ စိုက်ထုတ်ပေးသည်။ထို့ကြောင့် လမ်းထဲရှိ ဆင်းရဲချမ်းသာမရွေး အလှူရှင်တွေချည်းဖြစ်သည်။
မဲပေါက်သော အလှူအိမ်က အမာခံဆွမ်းနှင့် ဆွမ်းဟင်းချက်သည်။ကျန် သော တစ်လမ်းလုံးရှိအိမ်များမှ ဆွမ်းဟင်းတစ်ခွက်ဆီ ပို့ကြသည်။လမ်းရှိ လူငယ်များက သံဃာတော်များ ပင့်ဖိတ်ခြင်း ပြန်ပို့ခြင်း ထမင်းဟင်းချက်ပြုတ်ခြင်း ဧည့်သည်များကို ကျွေးမွေးဧည့်ခံခြင်း ပစ္စည်းများသိမ်းဆည်းခြင်းတို့ကို အုပ်စုအလိုက်တာဝန်ခွဲကာ လုပ်ဆောင်ကြသည်။ထို့ကြောင့် ကျွန်တော်တို့လူငယ်များသည် ပို၍စည်းလုံးညီညွတ်မှုရှိလာသည်။

စနေနေ့ ညနေသုံးနာရီခန့်တွင် အသံချဲ့စက် စတင်ဖွင့်ပါတော့သည်။ညကိုးနာရီခန့်တွင် အသံချဲ့စက်ရပ်နား ပြီး တနင်္ဂနွေနေ့ နံနက်စောစောတွင် တစ်ဖန်ပြန်ဖွင့်သည်။နေ့လယ်ဆွမ်းဖြစ်၍ နေ့လယ် ဆယ့်နှစ်နာရီခွဲ တစ်နာရီခန့်တွင်မှ အလှူပွဲပြီးလေသည်။ထိုအချိန်တွင် လာမည့်သီတင်းပတ် အတွက် မဟာဒုတ်မဲနှိုက်ကြသည်။မဲပေါက်သည့်အိမ်ကို အသံချဲ့စက်မှ ကြေငြာပေးသည်။အသံချဲ့စက်ကို နှစ်ဆယ့်လေးနာရီအတွက် ငှားထားရ သည်။

ရွာမဘုန်းကြီးကျောင်း ဘုရားပွဲတော်ကို နှစ်စဉ် ဆောင်းရာသီ ပြာသိုလမှာ ကျင်းပလေ့ရှိသည်။တစ်နှစ်မှာ နှစ်ရက်သာကျင်းပသော ထိုဘုရားပွဲသည် ကျွန်တော်တို့အတွက် အပျော်ကြီးပျော်ရသော ပွဲတစ်ပွဲဖြစ်သည်။နေ့လယ် ဆယ့်နှစ်နာရီကျော်မှစ၍ ညနေ သုံးနာရီ လေးနာရီအထိ စတုဒီသာမဏ္ဍပ်များနှင့် ဧည့်ခံကျွေးမွေးသည်။ရပ်နီးရပ်ဝေး ဒါယကာ ဒါယိကာမများက ကိုယ့်မဏ္ဍပ်နှင့်ကိုယ် ဧည့်ခံကြသည်။စုစုပေါင်း မဏ္ဍပ်နှစ်ဆယ်ခန့်ရှိသည်။မဏ္ဍပ်အသီးသီးတွင် ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ပေါင်မုန့်အုန်းနို့ဆမ်း၊ ဘဲသားဆန်ပြုတ်၊ ရွှေရင်အေး၊ ကောက်ညင်းပေါင်း၊ ဆနွင်းမကင်း၊ ပလာတာနို့ဆမ်း စသည်ဖြင့် ကျွေးမွေးကြသည်။ကျွန်တော်တို့လမ်းကတော့ နှစ်စဉ်မပျက် ပေါင်မုန့်အုန်းနို့ဆမ်း ကျွေးသည်။

စတုဒီသာမဏ္ဍပ်ရှေ့မှာ ကလေးလူကြီး အကုန်တန်းစီရသည်။မဏ္ဍပ်အတွင်း စားပွဲခုံများတွင် စားမည့်သူပြည့်သွားပြီဆိုလျှင် ကျန်သောသူများကတန်းစီစောင့်ကြသည်။တချို့က အခြားမဏ္ဍပ်များကို လှမ်းကြည့်ပြီး တန်းစီသူနည်းသော မဏ္ဍပ်ဆီသို့ အပြေးအလွှားသွားကာ တန်းစီကြသည်။ညဘက်မှာတော့ ညလုံးပေါက် မြန်မာဇာတ်ပွဲနှင့် ဧည့်ခံသည်။
ဘုန်းကြီးကျောင်းထဲရှိ သိမ်ဘေးတွင် ဇာတ်ခုံဆောက်ထားသည်။ဇာတ်ခုံရှေ့မှာ ဖျာတွေခင်းကာ ကြည့်ရှုကြသည့်ပရိသတ်က ကျယ်ဝန်းသော ကျောင်းဝင်းအတွင်းတွင် အပြည့်ရှိ၏။ပွဲကြည့်ဖို့ခင်းထားသော ဖျာများကို ကြည့်မည့်သူများက ကိုယ့်ဘာသာကိုယ် ကြိုတင်ခင်းကြရသည်။ဘုရားပွဲစမည့်နေ့ မနက်လေးနာရီတိတိတွင် ကျောင်းတံခါးကိုဖွင့်ပေးသည်။
ဖျာခင်းမည့်သူများက တံခါးဝမှာ ဖျာများကိုင်ကာ စောင့်နေကြရသည်။တချို့ဆိုလျှင် ညကတည်းက လာစောင့်နေကြသည်။တံခါးဖွင့်သည်နှင့်တစ်ပြိုင်နက် ဖျာကိုယ်စီကိုင်ကာ အပြေးအလွှားဝင်ပြီး ဇာတ်ခုံရှေ့တည့်တည့် သို့မဟုတ် ဇာတ်ခုံနှင့် အနီးဆုံးနေရာရအောင် အလုအယက်ခင်းကြရသည်။ကျွန်တော်တို့ သူငယ်ချင်းတစ်စုကတော့ နှစ်တိုင်း ဇာတ်စင်ရှေ့နားမှာ ဖျာနေရာရသည်။

ဘုရားပွဲမတိုင်မီ ညတိုင်းသည် ကျွန်တော်တို့၏ညဖြစ်သည်။ဆောင်းအအေးဓာတ်ကိုအံတုကာ ညလုံးပေါက်မအိပ်ကြပါ။ရည်ရွယ်ချက်ကတော့ ဇာတ်စင်ရှေ့တည့်တည့်မှာ အဦးဆုံးဖျာခင်းနိုင်ရေးဖြစ်သည်။ညကိုးနာရီကျော်ခန့်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေ ကျွန်တော်တို့လမ်းထိပ်က ရေကန်ဘောင်ရှိ မြက်ခင်းမှာ နေရာယူဖြစ်ကြသည်။မယ်ဒလင်တီးကျွမ်းကျင်သော သူငယ်ချင်းတစ်ယောက်က  ပင်တိုင်တီးပြီး ကျန်သူများကတော့ တစ်ယောက်ပြီး တစ်ယောက် သီချင်းဝင်ဆိုကြသည်။တစ်ချိန်ထဲမှာ ဟင်းချက်ကောင်းသော သူငယ်ချင်းက ကြက်သားဟင်းချက်သည်။ထမင်းကိုတော့ကိုယ့်အိမ်ကိုယ်ပြန်ယူကြသည်။

ညဆယ့်နှစ်နာရီခန့်မှာ မယ်ဒလင်ဝိုင်းကိုသိမ်းလိုက်ပြီး ကျွန်တော်တို့အုပ်စု ကြက်သားကာလသားချက်နှင့် ထမင်းစားကြသည်။အသည်းအမြစ်လုစားရတာ အရိုးလုကိုက်ရတာ တကယ်ပျော်စရာပါ။နောက်တစ်နေ့ မနက်အကူး တစ်နာရီခွဲခန့်မှာ ကျွန်တော်တို့အုပ်စု ဖျာစုတ်လေးတွေ ကိုယ်စီကိုင်ကာ ဘုန်းကြီးကျောင်း အနောက်ဘက် အုတ်နံရံဘေးသို့ တစ်ယောက်ပြီး တစ်ယောက် မှောင်ရိပ်ခိုကာ ကပ်သွားသည်။ထို့နောက် အုတ်နံရံကိုကျော်ကာလွှားခနဲခုန်ချသည်။ကြခတ်ဝါးရုံပင်တွေကြားမှာ နေရာယူလိုက်ကြသည်။ဝါးရွက်တွေပေါ်မှာ လှဲသူကလှဲ ထိုင်သူကထိုင်ကာ နှစ်ကိုယ်ကြားလေသံနှင့်တီးတိုးစကားပြောရင်း မနက်လေးနာရီကို စောင့်နေကြသည်။မနက်လေးနာရီထိုး၍ ဘုန်းကြီးကျောင်းတံခါးဖွင့်သံကြားသည်နှင့် ကျွန်တော်တို့အုပ်စုက ဇာတ်ခုံရှေ့ နေရာအသီးသီးမှာ ဖျာစုတ်တွေခင်းသည်။တံခါးဖွင့်မှ အလုအယက်ပြေးဝင်လာသူတွေက ကျွန်တော်တို့၏နောက်မှာသာ နေရာရကြရှာသည်။သူတို့က ကျွန်တော်တို့ကို မကျေနပ်ကြသော်လည်း ကျွန်တော်တို့က ရှေ့ဆုံးမှာ နေရာရနေပြီလေ။သူတို့မကျေနပ်လည်း မကျေနပ်စရာပါ။ကျွန်တော်တို့က တံခါးဝမှာမစောင့်ဘဲ ကျောင်းထဲခိုးဝင်နှင့်ပြီး နေရာဦးသည့်အပြင် တစ်ယောက်ကို အနည်းဆုံး ဖျာသုံးချပ်စာနေရာခင်းထားတော့ သူတို့တွေအလယ်တည့်တည့် ရှေ့ဆုံးနေရာကို တစ်ယောက်မှမရတော့ပါ။

တကယ်တော့ ဖျာခင်းဖို့သာ အသည်းအသန်ကြိုးစားနေသော်လည်း ကျွန်တော်တို့က တကယ်ပွဲကြည့်သူတွေမဟုတ်ပါ။အိမ်က အမေတို့ အမတို့သာကြည့်ကြတာပါ။ပိုနေသောဖျာတွေက ကျောင်းမှ သူငယ်ချင်းတွေ ဆရာမတွေကြည့်ဖို့ပါ။ကျွန်တော်တို့က ပွဲဈေးတန်းလျှောက်သူများပါ။ကျောင်းဝင်းကို ကာရံထားသော အုတ်နံရံဘေးနှင့် မီးရထားလမ်းဘေးတစ်လျှောက်မှာလည်း ပွဲဈေးတန်းက စည်ကားလှသည်။ပွဲဈေးတန်း၏ အစွန်ဆုံးမှာ ကလေးများ လူကြီးများ အပျင်းပြေစီးကြရန် ချားရဟတ်တစ်ခုစီရှိ၏။မျက်လှည့်ပြသည့်ရုံရှိ၏။ထို့နောက် လူကြီးအသုံးအဆောင်များ ကလေး ကစားစရာများ စသည့် ပစ္စည်းများရောင်းသော အရောင်းဆိုင်များရှိ၏။

ကျွန်တော်တို့က ပွဲဈေးတန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်သည်။ကျောင်းထဲဝင်၍ ပွဲကြည့်ဖို့ ထိုင်နေသောသူများကြားမှာ အသိ ရှိ၊ မရှိ လိုက်ရှာပြီး လှမ်းစကားပြောသည်။ထို့နောက် အပြင်ပြန်ထွက်ပြီး ပွဲဈေးတန်းလျှောက်သည်။ဗိုက်ဆာလာလျှင် ဈေးတန်းထဲက ဘူးသီးကြော်ဆိုင်ထိုင်ပြီး စကားတွေပြောကြသည်။ဆိုင်ရှေ့မှဖြတ်လျှောက်လာသော မိန်းကလေးများကို မျက်စိစားပွဲထပ်ထိုင်ကြသည်။ထိုဆောင်းကာလများမှာ စိတ်လှုပ်ရှားစွာပျော်ခဲ့ရပါသည်။

တစ်ချိန်က ပျော်စရာဆောင်းနှင့် ပျော်စရာဘုရားပွဲနှင့် ပျော်စရာလမ်းတို့သည် ယနေ့တော့ လွမ်းစရာဆောင်းနှင့် လွမ်းစရာဘုရားပွဲနှင့် လွမ်းစရာလမ်းဖြစ်နေရလေပြီ။

ဆောင်းကာလ၏ ဘုရားပွဲညများနှင့်အတူ ကျွန်တော့်မွေးရပ်လမ်းလေးကို သည်တစ်သက် ဘယ်တော့မှမေ့နိုင်မည်မဟုတ်ပါ။

ရိုက်မောင်း
Photo Credit - Facebook
ဒီဇင်ဘာ - ၂၈