【 ဆောင်းပါး 】 “ပြန်နှိုင်းယှဉ်..ကြည့်စရာတွေ”

【 ဆောင်းပါး 】 “ပြန်နှိုင်းယှဉ်..ကြည့်စရာတွေ”

ပညာရေးဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အသက်ပင်ဖြစ်သည်။နိုင်ငံတစ်နိုင်ငံ တိုင်းပြည်တစ်ပြည်အတွက် ပညာရေးတိုးတက်မှု၊ ဆုတ်ယုတ်မှုအတိုးအလျော့က မည်မျှအရေးပါသည်ဆိုလျှင် နိုင်ငံတစ်နိုင်ငံသည် လူတစ်ယောက်ဆိုပါက ပညာရေးသည် ဦးနှောက် (ဝါ) အသိဉာဏ်ပင်ဖြစ်သည်။ထို့ကြောင့် တိုင်းပြည်၌ ပညာရေးဆုတ်ယုတ်ခြင်းသည် တိုင်းပြည်ဆုတ်ယုတ်ခြင်းပင်ဖြစ်သည်။

ကျနော်နေသည့် လမ်းထဲတွင် ပင်စင်စားအဖိုးကြီးတစ်ဦးကို မနက်တိုင်းတွေ့ရသည်။ကျနော်လည်း မနက်ဘက်လမ်းလျှောက်သည့်အခါ တွေ့ဖန်များသဖြင့် မျက်မှန်းတန်းမိသလို တစ်ခါတလေ လဘက်ရည်ဆိုင်တွင် တွေ့မိသည့်အခါလည်းရှိသည်။ကျနော်က ထိုပင်စင်စားအဖိုးကြီးကို အန်ကယ်ကြီးဟုခေါ်ပြီး ထိုပင်စင်စားအဖိုးကြီးက ကျနော်ကို နာမည်ရှေ့ ကို..တပ်ပြီး ယဉ်ယဉ်ကျေးကျေးခေါ်သည်။အန်ကယ်ကြီးနှင့် လဘက်ရည်ဆိုင်ထိုင်ကာ စကားပြောသည့်အခါ အင်္ဂလိပ်စာ၊ စကားနှင့် ရုပ်ရှင်များအကြောင်းပြောသည့်အခါ အန်ကယ်ကြီး၏ လေယူလေသိမ်းနှင့် တတ်ကျွမ်းမှုက အတော်လေးကို ကောင်းမွန်သည်ကို တွေ့ရသည်။

ထိုအခါ ကျနော်က အန်ကယ်ကြီးအား ဘွဲ့ရဟု ထင်သည်။ထိုအထင်ဖြင့် မမေးမိ။နောက်အကြောင်းသင့်မှ မေးမိသည့်အခါ အန်ကယ်ကြီးမှာ သူတို့တုန်းက မက်သဒစ်တန်းပင်မအောင်ဟုဆိုသဖြင့် ကျွန်တော်မှာ အတော်လေးကို အံ့အားသင့်မိသည်။ကိုလိုနီခေတ်အကျော် လွတ်လပ်ရေးရကာစက မက်သဒစ်တန်းပင် မအောင်သူတစ်ယောက်၏ အင်္ဂလိပ်စာကောင်းချက်က ယခုကျနော်လို ဘွဲ့ရတစ်ယောက်ပင် လိုက်မမီ။ထိုခေတ်က ပညာရေးအဆင့်အတန်းကို အတော်ပင် အထင်ကြီးမိသည်။

ဒီတော့ ကျနော်ပြန်စဉ်းစားမိသည်။ကျနော်ငယ်ငယ် မှတ်မိနေသည့် အကြောင်းတစ်ခုကို ပြန်သတိရမိသည်။ထိုတုန်းက  ကျနော့်အသက်ရှိလှ ဆယ်နှစ်မပြည့်လောက်သေးဟု ထင်သည်။အဖေ၊ အမေတို့နှင့် ရွှေတိဂုံဘုရားသွားစဉ် နိုင်ငံခြားသားတစ်အုပ်နှင့် အဖေ စကားအပြန်အလှန်ပြောသည်ကို ကျနော်ပြန်သတိရမိသည်။ထိုစဉ်ကတော့ ဘယ်လိုတွေပြောသလဲမမှတ်မိ။မှတ်မိတာက လူကောင်တွေထွားတာ၊ ကိုယ်မြင်နေကြသူတွေလို လူတွေမဟုတ်တာတော့သိသည်။မျက်လုံးတွေက အစိမ်းတွေ အနီတွေ။အခုမှ ကျနော့်အဖေလည်း အင်္ဂလိပ်စာ အတန်အသင့် နိုင်ငံခြားသားနှင့် လက်တန်းပြောနိုင်ခဲ့သည်ကို သတိရမိသည်။အဖေက ဆယ်တန်းအောင်ရုံသာ အောင်ခဲ့သည့်သူ။အဖေက ကျနော်တို့ထက်ပိုပြီး စာတတ်ခဲ့သည်၊ ကောင်းမွန်သည့် ပညာရေးစနစ်မှာ သင်ကြားခံခဲ့ရသည်။တကယ်စဉ်းစားကြည့်လျှင် ကျနော်တို့မျိုးဆက်တွေ၏ ဆုံးရှုံးမှုက ကြေကွဲစရာပင်။

အဖေတို့ခေတ်က ပညာရေးနှင့် ကျနော်တို့ခေတ်ပညာရေးက အကွာကြီးကွာခဲ့ပြီဖြစ်သည်။ကျနော်က လက်ရှိမှာ ဘွဲ့ (၃) ခုလောက် ရထားသည့်သူ။သို့သော် နိုင်ငံခြားသားတစ်ယောက်နှင့် တန်းတူယှဉ်တူ မပြောနိုင်။အဖေက ဆယ်တန်းအောင်၊ သို့သော် ပြောနိုင်ဆိုနိုင်သည်။စာရွက်စာတမ်းပေါ်မှာ အဖေက အကယ်ဒမစ်မဖြစ်။ကျွန်တော်က အကယ်ဒမစ်။သို့သော် အပြင်ဘဝမှာ အဖေက တကယ့်ကို အကယ်ဒမစ်။ ကျွန်တော်သင်ထားရထားခဲ့သော ဘွဲ့တွေက တစ်ရာဖိုးသုံးရာဆိုသော ကွမ်းယာလိုမျိုး အဆင့်သာသာ။

ကျွန်တော် သူငယ်တန်းစတက်တော့ ၁၉၈၀ ဝန်းကျင်။အဲဒီတုန်းက ပညာရေးအခြေအနေ၊ သင်ကြားမှုနှင့် ကျောင်းတွင်း ကျောင်းပြင် ပညာရေးအဝန်းအဝိုင်းများ၏ လှုပ်ရှားမှု။ပညာရေးအပေါ် မိဘဆရာများ၏ အလေးထားမှုက ယနေ့ခေတ်နှင့် အတော်ကြီးကွာဟ၏။ဒီလိုပင် ၁၉၈၀ ထက် ၁၉၇၀၊ ၁၉၇၀ထက် ၁၉၆၀၊ ၁၉၆၀ ထက် ၁၉၅၀။တိုးတက်လာတာကို ဆိုလိုခြင်းမဟုတ်။ဒီဘက်ခေတ်သို့ တိုးတိုးလာတိုင်း ပို၍ ပို၍ ညံ့ဖျင်းလာ၊ စုတ်ပြတ်သပ်လာခြင်းဖြစ်သည်။သူငယ်တန်းကလေး အတန်းပိုင်ဆရာမထံ ကျူရှင်မတက်တာနဲ့ ရန်ငြိုးလုပ်ခံရတာတို့၊ အပတ်စဉ် အဆင့်တစ်ကနေ သုံးအထိ ပုံမှန်ဝင်နေသူက နှစ်ဆုံး ဆုပေးတော့ ဆုမရခြင်း (သူ့ကျူရှင်မှ ကလေးတွေကိုသာပေးခြင်းမျိုး) အထိ ကိုယ့်ကျင့်တရားတွေက ယိုယွင်းလာခဲ့ကြသည်။ကလေးတစ်ယောက် စာတော်ခြင်း၊ ထူးချွန်သည်ဟု ချီးမြောက်ခံရခြင်း စသည်တို့မှာ ထိုကလေးငယ်၏ ကြိုးစားအားထုတ်မှုပေါ်တွင် လုံးဝမူမတည်တော့ပဲ ထိုကလေး၏ မိဘဖြစ်သူ ငွေသုံးနိုင်/မသုံးနိုင်ပေါ် တွင်သာ လုံးလုံးလျားလျား မူတည်သွားခဲ့သည်အထိ ပြောင်းလဲခဲ့လေသည်။

၁၉၉၀ နောက်ပိုင်းနှစ်တွေ၏ ပညာရေးကျဆင်းလာမှုက ယုံနိုင်ဖွယ်ပင်မရှိ။ မူလတန်းပညာရေးစနစ်၊ အလယ်တန်းစနစ်၊ အထက်တန်းပညာရေးစနစ်တို့ ယိုယွင်းချိန် ယိုင်တိယိုင်တိုင်ရှိနေခဲ့သော တက္ကသိုလ်ပညာရေးစနစ်ကို ၁၉၉၆ ဒီဇင်ဘာ အရေးအခင်းအပြီး အရည်အချင်းမရှိသောစနစ်တွေ၊ လူတွေတည်မြဲဖို့အတွက် တက္ကသိုလ်တွေကို လယ်ကွင်းထဲ၊ ဇနပုဒ်တွေထဲ၊ တောကြီးမျက်မည်းထဲ ရွှေ့ပစ်လိုက်ကြသည်။ဒီအကျိုး ဆက်က ၁၉၈၀ နောက်ပိုင်း မျိုးဆက်မှန်သမျှ တက္ကသိုလ်မှာသာ တရားဝင်မသင်ဘဲရသည့် ပေါင်းသင်းဆက်ဆံရေးပညာ၊ စာရိတ္တ၊ ကိုယ်ကျင့်တရား၊အသင်းအဖွဲ့စိတ်၊ ပညာတတ်စိတ် စသည်တွေ ပျောက်ကွယ်သည်အထိ ဖြစ်ကုန်တော့သည်။စာသင်သားတွေအဖို့ ဘယ်ကပညာကိုသင်ပြီး၊ ဘယ်ကိုဂုဏ်ယူရမှန်းပင် မသိအောင်ပင်ဖြစ်သည်အထိ ဖြစ်ခဲ့ရသည်။ထိုခေတ်ပညာရေးက တတ်၊ မတတ်တော့ မသိ။သင်တဲ့ဆရာလည်း လည်တယ်တယ်၊ တပည့်လည်းလည်တယ်တယ်ဆိုသည့် လယ်တည်တည်ပညာရေး ဖြစ်ကုန်တော့သည်။

သုံးနှစ်နဲ့ လျှပ်တပြက်သင်ယူရသော ပညာရေးတို့၊ လင်ယူသားမွေး တက္ကသိုလ်ပညာရေး (ကျောင်းသွား၊ ကျောင်းပြန် ကားပေါ်မှာ လေးငါးနာရီကြာသဖြင့် ကျောင်းသူ/သားတွေနဲ့ ကားဒရိုင်ဘာတွေ ညားလို့ညား၊ စပယ်ယာတွေနဲ့ ညားလို့ညား၊ ဆရာ/မတွေနဲ့ ညားလို့ညား၊ တက္ကသိုလ်ဝန်ထမ်းတွေနဲ့ ညားလို့ညား၊ ကျောင်းသားတွေနဲ့ အခန်းလွတ်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်သည့်  ဖိုမသဘာဝ လက်တွေ့သင်ရသည့် လိင်ပညာရေးစနစ်သစ်) ကို ကလေးတွေ နဖူးတွေ့ဒူးတွေ့ သင်ယူခွင့်ရကြရတော့သည်။

မိဘတွေခမျာမှာတော့  ကိုယ့်သားသမီး တက္ကသိုလ်ရောက်တာ ဂုဏ်မယူနိုင်ဘဲ ဘာမှမကြားရဖို့ ဘုရားတနေရသည့် “ဘုရားတ” ပညာရေးစနစ်ကို ကြုံတွေ့ဖြတ်သန်းရတော့သည်။ဒီလို ဒီလို ပညာရေးနှင့် လားလားမှမဆိုင်သည့် တခြားသော အင်္ဂါရပ်တွေနဲ့ ဖျက်ဆီးခဲ့သဖြင့် မြန်မာ့လူ့အဖွဲ့အစည်းဝယ် ဘွဲ့ရဆိုတာ၊ ဆယ်တန်းအောင်ဆိုတာ လက်တွေ့လောကတွင် ကားဒရိုင်ဘာသွားလျှောက်ရင်တောင် အလုပ်ရဖို့ သိပ်မလွယ်တော့သည်အထိ တန်ဖိုးထိုးဆင်းသွားတော့သည်။

ဒီတော့ ပညာတတ်လေ ပိုငတ်လေဖြစ်ကာ ရပ်ထဲရွာထဲမှာလည်း တက္ကသိုလ်ဘွဲ့ရနဲ့ နှစ်လုံးထီ လက်ခွဲဒိုင်သမား၊ ဆယ်တန်းအောင်နဲ့ ကွမ်းယာသည်၊ ဘွဲ့ရနဲ့ ကားဒရိုင်ဘာ၊ မဟာဘွဲ့ရနဲ့ ပြည့်တန်ဆာခေါင်း စတာ စတာတွေ ပခုံးချင်းယှဉ်တိုက်တော့သည်။ရပ်ထဲရွာထဲ ပညာတတ်ဆိုလို့ အရင်ကလို တန်ဖိုးထား မဆက်ဆံကြတော့၊ နေရာမပေးကြတော့။ပညာရှာလေ ဝမ်းရေးခက်လေဖြစ်လာကာ အသိပညာထက် အသက်မွေးဝမ်းကျောင်းပညာတတ်သည့်သူတွေသာ ခေါင်းထောင်မင်းမူနိုင်သည့်ခေတ်ကို ကျနော်တို့ကြုံခဲ့ရသည်။ကောသလမင်းအိပ်မက် ၁၆ ချက်ထဲက ဗူးတောင်းတွေ ရေနစ်မြုပ်ကာ ဇောင်းခြမ်းတွေ ရေပေါ်သကဲ့သို့အဖြစ် လက်တွေ့ကြုံရသည့်ခေတ်ကို ကျနော်တို့ကြုံရသည်။

ပညာဖြင့် အသက်မွေးနိုင်သူကား ကျနော်တို့သက်တမ်းတစ်လျှောက် မြင်ရခဲသည်။ကျူရှင်ပြစားလို့ အောင်မြင်သူကိုသာ ပညာဖြင့်လုပ်စားနိုင်သူဟု ဆိုရမလို။ကားဝပ်ရှော့တွင် ကားတစ်ခါသွားပြင်လျှင်ပေးရသည့် သောင်းဂဏန်းမှာ ကျူရှင်ဆရာတစ်ဦး တစ်လလုံး တပည့်တစ်ယောက်ကို တစ်ဘာသာသင်ပေးမှရသည့် ကျူရှင်လခနှင့် သွားတူသည်။ဒါတောင် ကျူရှင်ထောင်ထားသူက အတော်ကို သိတတ်စာနာသူဖြစ်မှ ကျူရှင်ဆရာတွေကို ကျောင်းသားတစ်ယောက် ဘယ်လောက်ဆိုသည့်နှုန်းနှင့်ပေးမှ ရသည့်စျေးဖြစ်သည်။

အန်ကယ်ကြီးက တစ်ခါတလေ သူတို့ခေတ်က ကုန်စျေးနှုန်းတွေ၊ အောက်တန်းစာရေးဝန်ထမ်း လစာဖြင့် ရွေစုနိုင်သည့်ကာလတွေ၊ ဓာတ်ရထားစီးကာ မြို့ထဲကိုသွားသည့်အကြောင်းတွေ၊ သူတို့ခေတ်က ဘီယာဆိုတာတွေပြောသည့်အခါ အန်ကယ်ကြီးစိတ်က ထိုခေတ်ကိုရောက်နေသလို ဘေးကနားထောင်ရသည့် ကျနော်မှာလည်း နှမြောမိသည်။

အလှည့်အပြောင်းများလွန်းသည့် တိုင်းပြည်တွင် နေထိုင်ကြီးပြင်းရသည့် ကျနော်တို့အဖို့ အရာရာ တစ်ကနေ ပြန်ပြန်စရသည်မှာ အတော်လေး စိတ်ဓာတ်ကျဖွယ်ဖြစ်သလို လူတိုင်းစိတ်ထဲ ကြာတော့ အပျက်စိတ်သာ ဖြစ်တည်တော့သည်။ဘယ်လောက်ကောင်းကောင်း နောက်ပျက်မှာပဲ ဖျက်မှာပဲဆိုတာ သိနေသဖြင့် ဘာမှမတည်ဆောက်ချင်တော့။ကောင်းအောင်မလုပ်ချင်တော့။သို့သော် တွေးခေါ်မျှော်မြင်မှုပါသည့် ပညာရေးစနစ်က ထိုသို့သော အပျက်စိတ်၊ အဖျက်စိတ်ကို အတော်လေးထိန်းနိုင်သည်။သို့သော် ထိုပညာရေးမျိုးကို ထာ၀ရအုပ်စိုးလိုသူတွေ မကြိုက်ကြ။

ဒါကြောင့်လည်း အတန်းပညာတတ်တာကို ပညာတတ်လို့ထင်သည့် ကျနော်တို့လိုလူတွေ၊ လူတန်းစားတွေ ပေါ်ထွန်းလာရခြင်းဖြစ်သည်။ထိုအကျိုးဆက်က တခြားသောလူမျိုး၊ နိုင်ငံတွေနှင့် ဆက်ဆံရာတွင် တန်းတူမဆက်ဆံနိုင်၊ မပြောနိုင်၊ မဆွေးနွေးနိုင်။ကိုယ်နာမှန်း ကိုယ်သာမှန်းတောင် မသိတော့သည့် အကန်းလုံးလုံးဘ၀ကို ရောက်ရတော့သည်။သို့သော် ထိုသို့သာမတတ်သည် ဘွဲ့ကတော့ သုံးလေးခု။
စိတ်ပျက်ဖွယ်ရာ။

ကျနော်တို့ခေတ်မှာတောင် ကမ္ဘာနှင့် ယှဉ်ဘောင်မတန်းနိုင်လျှင်၊ ကျနော်တို့ သားမြေးတွေလက်ထက်တွင် ကမ္ဘာကို ယှဉ်ဘောင်တန်းဖို့မဆိုနှင့် မြင်တောင်မြင်ရဦးပါ့မလားဟု တွေးမိသည်။မက်သဒစ်တန်းပင် မအောင်ခဲ့သည့် အန်ကယ်ကြီး၏ အင်္ဂလိပ်စာလေယူလေသိမ်းနှင့် တတ်ကျွမ်းနားလည်နေမှုကို  ဘွဲ့ ၃၊ ၄ ခုရထားသည့် ကျနော်က အားကျနေရသည့်အဖြစ်မျိုးတွေ ဘယ်လောက်ထိ သက်ဆိုးရှည်နေဦးမလဲဆိုတာ ပညာရေးကို တန်ဖိုးမထားသည့်သူတွေကိုတွေ့တိုင်း ကျနော်စဉ်းစားနေမိသည်။

ဆရာကျော်
စက်တင်ဘာ - ၂၃