【 ဆောင်းပါး 】 “ဘ၀အဖုံဖုံ ဇာတ်အစုံစုံ”

【 ဆောင်းပါး 】 “ဘ၀အဖုံဖုံ ဇာတ်အစုံစုံ”

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တုန်းကအကြောင်းကို အကြောင်းတစ်ခုကြုံသဖြင့် ယခုရေးစရာရှိလာခဲ့သည်။ထိုစဉ်က ဆရာကန်တော့ပွဲမှာ သူငယ်ချင်းတွေဆုံတုန်း ပြောကြဆိုကြရင်း စိတ်ထဲအတွေးလေးတစ်ခုကဝင်လာသည်။ထိုအတွေးက အတော်ကြာသည့်အထိမပျောက်ညဲ ယခုအကြောင်းတိုက်ဆိုင်လာသည့်အခါ ကျွန်တော့်အတွက် ဆက်တွေးစရာ ရေးစရာတစ်ခုဖြစ်လာခဲ့သည်။

ကျွန်တော်တွေးမိသည်က ကျွန်တော်တို့ငယ်စဉ်က ဘယ်လိုရည်ရွယ်ချက်အမျိုးမျိုးရှိခဲ့ရှိခဲ့၊ ဘယ်လိုပဲမတည့်ခဲ့ကြသည်ဖြစ်ဖြစ် ယခုလိုပြန်တွေ့ကြသည့်အခါ ပြောလို့မကုန်၊ ဆိုလိုမ၀ စကားမကုန်လက်ဆုံကျနေကြတာ ကြည့်ရတာ အတော်လေးကြည်နူးဖို့ကောင်းသည် မှန်သော်လည်း ဒီကနေလမ်းခွဲပြီး ပြန်ကြရသည့်အခါ ကံဇာတ်ဆရာဖန်တီးသည့် ဘ၀အတိုင်း ဘယ်လောက်ပဲချစ်ချစ်၊ ဘယ်လောက်ပဲမုန်းမုန်း ကိုယ်ဖြစ်သည့်ဘ၀မှာ ကချင်လည်းက မကချင်လည်းကကြရမှာပါလားဆိုသည့် အတွေးဖြင့် သံဝေဂရခြင်းပင်ဖြစ်သည်။ထိုအတွေးက မကြာမီရက်ပိုင်း သူငယ်ချင်းတစ်ဦးအိမ်တွင် ဝါဆိုသင်္ကန်းကပ်လို့ ကျွန်တော်သွားရသည့်အခါ ပိုပြီးတွေးဖြစ်လာခဲ့သည်။ဒီတစ်ခါတွေးသည့် အတွေးတွင် အသက်ရှင်သန်မှုပါ ပါလာခဲ့သည်။

ဒီအချိန် အိမ်တစ်အိမ်သို့ အလှူသွားရခြင်းမှာ အတော်လေးထူးဆန်းသည့်ကိစ္စဟု ထင်နိုင်သော်လည်း တကယ်က ထိုအလှူဖိတ်သည့် သူငယ်ချင်းက လင်မယားနှစ်ယောက်တည်းနေတာဖြစ်သလို မြို့နယ်တစ်ခုတည်းမှာ ရပ်ကွက်လေးပဲခြားကာ နေတာဖြစ်သဖြင့် ယခုလိုသွားစရာလာစရာမရှိ၊ ကာလကြာရှည် အပေါင်းအဖော်ကင်းမဲ့နေသည့်အခါ ဒီလိုဖိတ်ကြားမှုကို ကိုဗစ်ကူးစက်မှုအရှိန်ကျချိန်ဖြစ်သဖြင့် ဝမ်းမြောက်ဝမ်းသာသွားမိခြင်းပင်ဖြစ်သည်။ထိုဝါဆိုသင်္ကန်းအလှူကလည်း ဧည့်သည်ဆိုလိုဖိတ်တာ ကျွန်တော်တစ်ယောက်သာဖြစ်ပြီး ဝါဆိုသင်္ကန်းကပ်မည့် ဆရာတော်ကလည်း ငယ်သူငယ်ချင်းတစ်ယောက်လိုပြောသည့်အခါ ကျွန်တော့်အဖို့ ထိုအလှူက ရောက်အောင်သွားရမည့် အလှူတစ်ခုဖြစ်လာခဲ့သည်။

အလှူတွင် ဆရာတော်ကို ဝါဆိုသင်္ကန်းကပ်ရင်း ရှေးဟောင်းနှောင်းဖြစ်များ ပြောကြဆိုကြရင်းနှင့် ငယ်သူငယ်ချင်းတွေအကြောင်း အကောင်းရော အဆိုးပါ ပြောဖြစ်ကြသည်။ဘယ်သူက ဘာဖြစ်သွားပြီ၊ ဘယ်သူကတော့ မကြာသေးမီက ကိုဗစ်နှင့် ဆုံးသွားပြီ၊ ဘယ်သူကတော့ ကျန်‌သေးတယ်။ဘယ်သူကတော့ သားသမီးရကံကောင်းလို့ ဘယ်လိုနေရတယ်ဖြင့်။
ဆရာတော်လည်း စကားပြောကောင်းရင်း အချိန်နှောင်းမှ ကျောင်းသို့ပြန်ဖြစ်သည်။ဆရာတော်ကပြန်ကြွရင်း ကျွန်တော့်ကို “ကျူရှင်ဆရာရေ..ငယ်တုန်းက ဘာပဲဖြစ်ချင်ဖြစ်ချင် ကြီးလာတော့ ရလာတဲ့အခွင့်အရေးကနေ လူတိုင်းအကောင်းဆုံးဖြစ်အောင်လုပ်ကိုင်ရတာ၊ ခုချိန်မှာ ဘာဖြစ်ချင်လဲဆိုတာ ဘယ်သူမေးမေး  ဘယ်သူမှ ဘာမှဖြစ်ချင်မှာမဟုတ်တော့ဘူးလိုဖြေကြမှာ မလွဲဘဲ။ခုချိန် လူ့ဘ၀ဆိုတာ ဘာမှမကောင်းဘူးဆိုတာ အားလုံးက ကိုယ်တွေ့သိနေကြပြီ” လို့ မိန့်ခဲ့သည်။

အိမ်အပြန်လမ်းတစ်လျှောက် ဆရာတော်မိန့်ခဲ့သည့်စကားကို လမ်းတစ်လျှောက် တွေးလာခဲ့သည်။ဒီစကားကို ဆရာတော်သာ လွန်ခဲ့သော တစ်နှစ်ကျော် ၂၀၁၉ လောက်တုန်းကပြောခဲ့လျှင် ကျွန်တော်လက်ခံမည်မဟုတ်။ဘယ်သူမှလည်း လက်ခံမည်မထင်။လူဆိုတာ မသေခင်အထိ ပျော်ကြသည်မဟုတ်လား။ယခုတော့ ၂ နှစ်တာကာလပတ်လုံး ကိုဗစ်ဘေးကြုံရ။
နောက်နိုင်ငံရေးအပြောင်းအလဲကြောင့် လူတွေသေကြေ၊ ဖမ်းခံကြရ။နေ့မြင်ညပျောက်ဖြစ်ရ၊ မျှော်လင့်ချက်မဲ့ရနှင့်။အသက်ရှင်သန်ဖို့ ခက်ခဲလာသလို စားဝတ်နေရေးခက်ခဲမှုကလည်း နေ့စဉ်ကြုံရဆိုတော့ အသက်ရှင်ရသည်မှာ လူတိုင်းအဖို့ ဝဋ်ခံရသလို။ဒီတော့ ဘ၀မျှော်လင့်ချက်တို့၊ ဖြစ်ချင်တာတို့ဆိုတာ သိပ်အဓိပ္ပါယ်မရှိတော့သလို  သေခြင်းတရားကလည်း ကြီးသည်ငယ်သည်မခွဲခြား ကိုယ့်အနားကလူတွေကို  တစ်ယောက်ပြီး တစ်ယောက် ဖြုတ်ကနဲ ဖြုတ်ကနဲ ချွေချသည့်အခါ၊ တွေ့မြင်ရသည့်အခါ စိတ်ထဲ ဘ၀ကိုနေပျော်စေသည့် အရွှင်ဓာတ်လည်း တစ တစ ခမ်းခြောက်လာခဲ့သည်။ဒီတော့ ဆရာတော်ပြောသလိုပင် အသက်ရှင်သန်ခြင်းဆိုသည့်နောက်တွင် အရောင်အဆင်းမရှိဘဲ ကံအလိုအတိုင်း ဖြတ်သန်းရှင်သန်ကြရသည်ကို သဘောပေါက်လာခဲ့သည်။ကံပေးသလောက်သာ လုပ်ခွင့်၊ ရပ်တည်ခွင့်၊ ရှင်သန်ခွင့်ရပါလားဆိုတာကို အတော်လေးမြင်လာခဲ့သည်။

ဓမ္မအမြင်ဖြင့်ဆိုလျှင် တရားရလာခြင်းဟုပင် ဆိုရလေမလားမသိ။ဘယ်အရာမဆို ကံအလိုကျ၊ ကမ္မဝါဒ ကံဝါဒဖြစ်နေရပါလားဟု ဗုဒ္ဓဘာသာဝင်ပီပီ မြင်မိသော်လည်း ကံကိုပြင်နိုင်မလား၊ ကြိုးစားရင် ဖြစ်နိုင်မလား၊ ရနိုင်မလားဟု ဇွဲခတ်ပြီး ကြိုးစားကြည့်ကြခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ရသည်ကို ယခုအခါ ထင်ထင်ရှားရှားမြင်ရတွေ့ရသည့်အခါ တရားရမိသည်။
ငယ်စဉ်ကမြင်သည့် အမြင်တွေဖြစ်သည့် ပညာတတ်ဖြစ်လိုသော်လည်း ကိုယ်ကာယဖြင့် အသက်မွေးနေရသည့် သူငယ်ချင်းတွေ၊ တပည့်တွေကို ပညာမတတ်မှာ အရက်သမားဖြစ်မှာ စိုးရိမ်သူ ဆရာမကြီးမှာ သူ့သားဖြစ်သူ အရက်သမားဖြစ်နေတာကို မပြင်နိုင်တာ၊ ဖအေက ရဲတစ်ယောက်ဖြစ်ခဲ့သော်လည်း သားဖြစ်သူမှာ နှစ်လုံး၊ သုံးလုံးရောင်းပြီး ထောင်နှင့် အိမ် ကူးချည်သန်းချည်ဖြစ်နေတာ၊ မအေ ဖအေက ဘုရားတရားနှင့် တစ်သက်လုံးနေခဲ့သော်လည်း သားဖြစ်သူက ဌာနငွေကို အလွဲသုံးစားလုပ်လို့ ထောင်ကျနေတာ စသဖြင့် ကံအခွင့်မပေးသည့် ဘ၀အစုံစုံ၊ ဇာတ်အစုံစုံကို ဘ၀တစ်လျှောက်မြင်ခဲ့ရသည်။

ကျွန်တော်ကိုယ်တိုင်ကော ရသည့်ဘ၀က ဘာထူးသနည်း။အချိုးအကွေ့ပေါင်းများစွာဖြင့် နောက်ဆုံး ကျူရှင်ဆရာဘ၀တွင် တန့်ရပ်ကာ ဝမ်း၀ရုံဘ၀ဖြင့် နေထိုင်ပျော်နေခဲ့ပြီဖြစ်သည်။ငယ်စဉ်က ရည်မှန်းသလို သင်္ဘောသားအဖြစ် ကမ္ဘာလှည့်သွားလာလိုခွင့်မရခဲ့တော့ အခါအခွင့်သင့်လို့ မသေသေးလျှင် ပုဂံညောင်ဦးလောက်ရောက်လျှင်ရပြီဆိုသည့် စိတ်လောက်သာထားရတော့သည့်အထိပင်။

သူငယ်ချင်းအိမ်တွင် စကားပြောကြဆိုကြရင်း ဟိုတုန်းက ဘယ်သူက ဘယ်လိုဖြစ်သွားတယ်၊ ဘယ်သူက ဘယ်ရောက်နေတယ်၊ ကျောင်းလမ်းထဲက ဘယ်သူတွေက ဘယ်လိုအဆင်ပြေပြီး နိုင်ငံခြားရောက်နေကြတယ်ဖြင့် သတင်းစကားတွေဖလှယ်ကြသလို ဆရာတော်ကလည်း သူ့ဆီရောက်လာသည့် ငယ်သူငယ်ချင်းများ၏ ဖုန်းနံပါတ်ကိုပေးသဖြင့် လှမ်းဆက်ကြ၊ ဆုံဖို့ ပြောကြနှင့်။ခေတ္တမျှ လက်ရှိအပူပင်တွေကိုတောင် မေ့သွားခဲ့သည်။ဒီထဲမှာ သူငယ်ချင်းက ကျွန်တော်တို့ငယ်ငယ်က သိပ်အရောတဝင်မရှိခဲ့သော်လည်း ကျွန်တော်တို့ကိုမြင်တိုင်း တကယ်အရင်းအချာကြီးလို ပေါင်းသင်းတတ်သည့် ချည်ပတ်ရောင်းသော သူငယ်ချင်းတစ်ယောက်၏ သတင်းကောင်းတွေကိုကြားရသည်။

ထိုသူငယ်ချင်းမှာ ကျွန်တော်တို့ ဆယ်တန်းအောင်သော်လည်း ကျကျန်ခဲ့သူဖြစ်ကာ ရပ်ကွက်စျေးတွင် ချည်ပတ်ရောင်းနေခဲ့ရသူဖြစ်သည်။နောက်တော့ ကျွန်တော်တို့လည်း ထိုအရပ်ကနေ တခြားရပ်ကွက်ကိုပြောင်း၊ တက္ကသိုလ်တွေတက်ဆိုတော့ ဘာတွေဆက်ဖြစ်ကြသလဲဆိုတာ ကျွန်တော်လည်းမသိ။ထိုချည်ပတ်ရောင်းသည့် သူငယ်ချင်းအကြောင်းလည်း အသိစိတ်ထဲ ထဲထဲဝင်ဝင်မရှိသဖြင့် ယခုသူငယ်ချင်းပြောတော့ ထိုသူငယ်ချင်းငယ်ရုပ်ကို မနည်းပေါ်အောင် စဉ်းစားရသည်။ထိုချည်ပတ်သည် သူငယ်ချင်းက ယခုအခါ စားသောက်ကုန်လုပ်ငန်းပိုင်ရှင်တစ်ယောက်ဖြစ်နေပြီး ချို့တဲ့သည့် သူငယ်ချင်းတွေကို တတ်နိုင်သလောက် လိုက်ထောက်ပံ့နေသည်တဲ့။ကြားရတာ ဝမ်းမြောက်စရာ။သာဓုဆိုတာကို စိတ်ထဲကနေ လေးလေးနက်နက်ခေါ်မိသည်။ကျွန်တော်တို့ငယ်ငယ်ကဆို  ရုပ်လေးကလည်းသန့်သန့်၊ မိဘကလည်းတတ်နိုင်ပြီး အတော်အသင့်ထဲမှာပါလျှင် ဒီသူငယ်ချင်းကို အားကျမိသလို ထိုသူငယ်ချင်းမှာ ကြီးလာလျှင် သူ့မိဘတွေလို သူဌေးသူကြွယ်ဖြစ်မည်၊ အရာရှိအရာခံဖြစ်မည်ချည်းပဲ ထင်မိတတ်သည်။ဖအေ မအေ ဆရာဝန်ဆိုလျှင် သားဖြစ်သူ သမီးဖြစ်သူ လည်း ကျိန်းသေ ဆရာဝန်၊ ဆရာဝန်မဖြစ်မယ်ချည်းပဲ ထင်တတ်ကြသည်။ဒီလို အင်ဂျင်နီယာ၊ ကျောင်းဆရာဆိုလျှင်လည်း ဒီအတိုင်း မိရိုးဖလာအတိုင်း အစဉ်အဆက်ဖြစ်တတ်ကြသည်ဟုပဲ ထင်ကြသည်။ထိုထဲကနေ ကြားဖောက်ချွန်ထွက်ဖို့ ကြိုးစားခဲ့ကြသူတွေ မြင်တွေ့ခဲ့သော်လည်း ခေတ်စနစ်အရ ဖြစ်ခဲ့ကြတဲ့သူကနည်းသည်။ယခုပြန်တွေးသော် ကျွန်တော်တို့အတွေးက အတော်လေးကို ရယ်စရာကောင်းသလို ပြင်ပအမြင် အတော်လေးနည်းခဲ့ပါလားဆိုတာကို စဉ်းစားမိသည်။စာအုပ်ထဲကအတိုင်း ဘ၀ကိုဖြစ်လာမည်ဟု ယုံခဲ့ကြပါလားဟု တွေးမိသည်။  

ယခုရော ကျွန်တော်တို့ ဘာထူးသနည်း။ငယ်တုန်းက ဘ၀ရှင်သန်ဖို့ အသက်မွေးခြင်းမှာ မှားယွင်းထင်မြင်ခဲ့သည်။ယခုအသက်ကြီးလာတော့ အသက်ရှင်သန်ခြင်းနှင့်ပတ်သက်ပြီး အထင်အမြင်တွေမှားပြန်သည်။မိဘမျိုးရိုးကြည့်ပြီး အသက်ရှည်သည့်အမျိုး၊ ငွေကြေးတတ်နိုင်မှုနှင့် ကျန်းမာရေးလိုက်စားမှုကိုကြည့်ပြီး အသက်ရှင်သန်မှုကို ကျွန်တော်တို့မှားယွင်းစွာ ဆုံးဖြတ်မိကြသည်။ယခုကိုဗစ်ကဲ့သို့ ကမ္ဘာ့ကပ်ရောဂါတွင် အသက်ရှင်သန်မှုမှာ ဒီလိုဟာတွေနှင့်မဆိုင်။ပြည့်စုံတာနှင့်မဆိုင်၊ ကျန်းမာရေးလိုက်စားတာနှင့်မဆိုင်။နေ့မြင်ညပျောက်၊ ဖိုးအေ ဖွားအေတွေ မသေပဲ မြေးတွေ တဖြုတ်ဖြုတ်သေတာတွေ၊ ဆေးရုံမှာ အသည်းအသန် အသက်လုကုသနေရသူကမသေပဲ ဆေးရုံစောင့်ပေးနေသည့် အကောင်းကြီးက မနက်ကျတော့ သေနေတာမျိုး။ဒါတွေနှင့်မမြဲသည့်တရားကို ပက်ပက်ပင်းပင်း တွေ့ရသည့်အခါ ဆရာတော်ပြောသလို “ဖြစ်ချင်သည့်စိတ်ရော၊ မဖြစ်ချင်သည့်စိတ်ရော” မရှိသလောက်ကိုဖြစ်သွားပြီး ဘာအတွက် ကိုယ့်ကိုယ်ကို အသက်ရှင်နေရမှန်းကိုပင် မသိနားမလည်လောက်အောင်ပင်။

ယခုတော့ ငယ်စဉ်က ဘာဖြစ်ချင်သည် ညာဖြစ်ချင်သည်ဆိုသည့် စိတ်မျိုးက မနက်ဖြန်မက နောင်နှစ်ပေါင်းအတော်ကြာကြာ အသက်ရှင်သန်ရဦးမည်ဟု ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ဖြင့်တွေးမိတာကို သိလာသလို ယခုအချိန် ဘာမှမဖြစ်လိုသည့်စိတ်က ကိုယ့်အသက်ရှင်သန်မှုဆိုသည်မှာ မနက်ဖြန်မပြောနှင့်၊ ယခုအချိန်တောင် ရောဂါဘေး၊ မင်းဘေး စသည်တို့ကြောင့် အချိန်မရွေးသေသွားနိုင်သည့်ကာလရောက်နေသဖြင့် ဘာမှလည်းမဖြစ်ချင်တာဟု တွေးမိသည်။

ယခုဖြစ်နိုင်မည်ဆိုလျှင်တော့ လူတွေရဲ့အပူကို ကူနိုင်လျှင်ကူ၊ မကူနိုင်လျှင် ပူကြသည့်အသံတွေ မကြားရသည့်အရပ်မှာသာ နေချင်တော့သည်။

ဆရာကျော်