【 ဆောင်းပါး 】 “မကောင်းမှုကံ..ပဲ့တင်သံ”

【 ဆောင်းပါး 】 “မကောင်းမှုကံ..ပဲ့တင်သံ”

မနုဿတ္တဘာဝေါဒုလ္လဘော ဆိုသည်နှင့်အညီ လူ့ဘဝဆိုတာ အလွန့်အလွန်ရခဲလှပါသည်။ထို့ကြောင့် ရခဲလှသော လူ့အသက်တစ်ချောင်းသည် လွန်စွာတန်ဖိုးကြီးမားလွန်းပါသည်။
 
အသိဉာဏ်ရှိသော လူ့ဘဝဖြစ်၍ အသက်ရှင်ရပ်တည်နေရစဉ်မှာ ကုသိုလ်ကောင်းမှုတွေ များစွာလုပ်နိုင်သည်။လောကီလူ့ဘောင်မှာ အတတ်ပညာတွေသင်နိုင်သည်။အိမ်ယာတည်ထောင်ကာ တစ်ယောက်နှင့် တစ်ယောက် သံယောဇဉ်ကြိုးတွေချည်နှောင်ရင်း မေတ္တာတွေအပြန်အလှန်ပေးနိုင်သည်။အလုပ်အကျွေးပြုနိုင်သည်။တခြားမိသားစုများနှင့်လည်း အပြန်အလှန်ကူညီကြရင်း သာယာသော လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာစေနိုင်သည်။
 
လူမဆိုထားနှင့် လူလိုအတွေးအခေါ်မရှိသည့် အဟိတ်တိရစ္ဆာန်များသည်ပင် ကိုယ့်အသက်ကို တန်ဖိုး ထားကြသည်။ကိုယ့်အသက်ဆုံးရှုံးမှာကြောက်ကြသည်။သမင်သည် သူ့အသက်ကို ဆုံးရှုံးမှာစိုး၍ ကျား၏လက်မှ မလွတ်လွတ်အောင်ပြေးသည်။ကျားသည်လည်း သူ့အသက်ဆုံးရှုံးမှာစိုးသောကြောင့် မုဆိုးလက်ကလွတ်အောင်ရှောင်သည်။အသိရှိသော လူသားများသည် ကိုယ့်အသက်သေမှာကို ပို၍တောင်ကြောက်တတ်ကြပါသည်။
 
သေမှာမကြောက်သော လူနှစ်မျိုးသာရှိမည်ထင်သည်။
 
ပထမတစ်မျိုးက ကံနှင့် ကံ၏အကျိုးကိုယုံကြည်ကာ အကုသိုလ်အမှုကို လုံးဝရှောင်ကြဉ်ပြီး ကုသိုလ်ကောင်းမှုကိုသာလုပ်ထားသော လူမျိုးဖြစ်သည်။ထိုသူတော် ကောင်းမျိုးက သေခြင်းတရားကို ဘယ်အခြေအနေ ဘယ်အချိန်အခါတွင်မှ မကြောက်တော့ပါ။
 
ဒုတိယတစ်မျိုးကတော့ ကံနှင့် ကံ၏အကျိုးကိုမသိ ကုသိုလ်၊ အကုသိုလ်ကိုနားမလည် အတ္တလွန်ဝါဒီသမားဖြစ်ပြီး ဘယ်သူသေသေ ဂရုမစိုက်တတ်ဘဲ သူလုပ်ချင်တာကိုသာ ဇွတ်တရွတ်လုပ်သောလူမျိုးဖြစ်သည်။ထိုလူယုတ်မာမျိုးကတော့ ဒုက္ခမရောက်မချင်း ဘာကိုမှမကြောက်သော်လည်း သူကိုယ်တိုင် ဒုက္ခနှင့်ရင်ဆိုင်လာရပြီဆိုရင်တော့ အမေကယ်ပါ အဖေကယ်ပါ အော်တတ် ပါသည်။
 
ဘုရားဟော ဓမ္မပဒမှ စုန္ဒဝက်သတ်သမားအကြောင်း ပြောပြချင်ပါသည်။
 
စုန္ဒဝက်သတ်သမားသည် ဘုရားရှင်၏ ကျောင်းအနီးမှာနေသည်။သို့သော်လည်း ဘုရားကျောင်းသို့ တစ်ခေါက်မှမရောက် ဘုရားရှင်ကို တစ်ခါမှမဖူးမြော်ဖူးပေ။သူ့စိတ်ထဲမှာ အာရုံထားနေသည်က ဝက်သတ်ရန်သာဖြစ်သည်။အရပ်တကာလှည့်၍ ဝက်များကိုဝယ်သည်။လှည်းနှင့်တိုက်၍သယ်သည်။အိမ်နောက်တွင် ဝက်ခြံပြုလုပ်ကာ ဝက်များကိုလှောင်ထားသည်။အသားတိုးအောင် အစာကျွေးသည်။အချိန်တန်သောအခါ အလှည့်ကျ ဝက်များကိုထုတ်သည်။ဝက်သတ်သည့်နေရာမှာ မလှုပ်နိုင်အောင် ကြိုးနှင့်ချည်သည်။အသားတွေဖေါင်းပွလာ အောင် တုတ်နှင့်တရစပ်ရိုက်သည်။ကျေနပ်လောက်သောအနေအထားရသောအခါ အရိုက်ရပ်သည်။ထို့နောက် ဝက်၏ပါးစပ်ကိုဖြဲ၍ အာခေါင်မှာ တုတ်နှင့်ထောက်သည်။အူအတွင်း အညစ်အကြေးများကင်းစင်အောင် အာခေါင်ထဲသို့ ပွက်ပွက်ဆူသော ရေနွေးကို လောင်းထည့်သည်။အောက်ပေါက်မှ စွန့်ထုတ်သောရေများ နောက်ကျိနေသေးလျှင် ရေနွေးကိုဆက်၍ လောင်းသည်။စွန့်ထုတ်ရေများ ကြည်လင်တော့မှ ရေနွေးပူလောင်းတာရပ်လိုက်သည်။တစ်ဖန် ဝက်၏ကိုယ်ပေါ်မှမည်းနက်သောသားရေများကွာကျအောင် ရေနွေးပူများလောင်းသည်။ထို့နောက် ဝက်၏အမွှေးများကိုမီးရှို့သည်။နောက်ဆုံးတွင်မှ ဝက်၏ခေါင်းကိုဖြတ်ကာ အသားများကို လှီးဖြတ်ပါတော့သည်။
 
ဝက်၏ခံစားနေရသည့်ဒုက္ခကို စုန္ဒ က ကိုယ်ချင်းမစာပေးခဲ့ပါ။ရက်စက်သူတစ်ယောက်အဖြစ် သူ့ကို ပတ်ဝန်းကျင်က အထင်သေးရှုံ့ချနေတာကိုလည်း သူဂရု မစိုက်ခဲ့ပါ။ သူ့ဘဝနှင့်သူ ကျေနပ်နေရှာသည်။
 
အနှစ်ငါးဆယ်ကျော်ဖြတ်သန်းလာခဲ့ပြီး တစ်နေ့မှာတော့ စုန္ဒတစ်ယောက် တစ်ကိုယ်လုံး အနာတွေပေါက်ကာ ပူလောင်ပြင်းစွာ ဝေဒနာခံစားရပါတော့သည်။ဘယ်လိုမှမရပ်တည်နိုင်ဘဲ ဒူးထောက်ကာ အော်ဟစ်လူးလိမ့်နေရသည်။အသက်မထွက်ခင်မှာပင် ငရဲမီး၏အပူကို ခံစားရ၍ ဝက်လိုအော်ဟစ် လူးလိမ့်နေရသည်။ထိုအပူနာကို ခုနစ်ရက်ခံစားပြီးမှ သေသွားရရှာလေတော့သည်။
 
ဘုရားရှင်က ဝက်သတ်သမား စုန္ဒသည် သူပြုလုပ်ခဲ့သော အကုသိုလ်ဝဋ်ကြွေးတွေကို အဝီစိငရဲ၌ ပေးဆပ်နေရပြီဖြစ်ကြောင်း တပည့်သံဃာများကို ပြောပြသည်။ 
 
မကောင်းမှုကိုပြုလေ့ရှိသောသူသည် လက်ရှိဘဝ၌ လည်းစိုးရိမ်ရ၏ နောင်ဘဝ၌လည်းစိုးရိမ်ရ၏ လက်ရှိဘဝ နောင်ဘဝ နှစ်မျိုးလုံး၌ စိုးရိမ်ရ၏။ထိုသူသည် သူ၏ ညစ်ညူးသော အကုသိုလ်ကိုမြင်၍ စိုးရိမ်ပင်ပန်းရ၏ဟု ဟောဆိုဆုံးမတော်မူသည်။
 
ဆင်ခြင်တရားမသိ ကိုယ်ချင်းစာစိတ်မရှိဘဲ သူတစ်ပါး၏အသက်ကို ဖက်ရွက်လိုသဘောထားကာ အလွယ်တကူသတ်လိုက်သော်လည်း ကိစ္စကပြီးမသွားပါ။ကံမသိ ဉာဏ်မရှိ၍ အပြစ်ကျူးလွန်ခဲ့သော်လည်း သံသရာမှာတော့ ပြေး၍မလွတ်နိုင်ပါ။အမှန်တရားသည် ဘက်မလိုက်တတ်ပါ။တရားသဖြင့်သာ စီစဉ်ပါသည်။ကိုယ်ပြုခဲ့သော အကုသိုလ်အတိုင်း တူညီသောအကျိုးပေးပါလိမ့်မည်။မကောင်းမှုကံ ပဲ့တင်သံသည် ကိုယ့်ထံ တစ်ဖန်ပြန်လာမည်မလွဲပါ။
 
ဘုရားဟော နိပါတ်တော်လာ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထုများမှ မတကဘတ္တဇာတ်ကို ပြောပြချင်ပါသေးသည်။
 
တစ်ခါက တက္ကသိုလ်ဒီသာပါမောက္ခဆရာကြီးရှိ၏။ထိုအချိန်က လူအချို့သည် သေသူများကို ရည်စူး၍ ‘မတကဘတ်’ ပြုလုပ်ကြရာတွင် ဆိတ်၊ သိုး စသည်ကို သတ်ဖြတ်၍ ကျွေးမွေးလေ့ရှိသည်။ 
 
ဆရာကြီးသည်လည်း သေဆုံးလေပြီးသောသူ၏ မိဘဆွေမျိုးများအတွက်ရည်စူးကာ ဆိတ်ငယ်တစ်ကောင်ကိုသတ်၍ ‘မတကဘတ်’ ပြုရန် စီစဉ်၏။ထိုဆိတ်ငယ်ကို မသတ်မီ သန့်ရှင်းရေးပြုလုပ်ရန် တပည့်တို့ကို ခိုင်းသည်။တပည့်များက ထိုဆိတ်ငယ်ကိုယူကာ မြစ်ဆိပ်သို့သွားကြသည်။မြစ်ဆိပ်သို့ရောက်သောအခါ ဆိတ် ငယ်ကို ရေချိုးသန့်ရှင်း၍ အမွှေးနံ့သာများလိမ်းကျံကာ ပန်းကုံးဆွဲပေးပြီး ဆိပ်ကမ်းမှာပင် ကြိုးနှင့်ချည်နှောင် ထားသည်။
 
ထိုဆိတ်ငယ်သည် ဇာတိဿရဉာဏ် (မိမိဖြစ်ခဲ့ဖူးသောဘဝကိုသိသောဉာဏ်) ရသဖြင့် သူ၏ ယခင်ဘဝတချို့ကို သတိရသည်။ဘဝတစ်ခုတွင် သူသည် ပုဏ္ဏားတစ်ယောက်ဖြစ်ခဲ့၏။တစ်နေ့တွင် ကွယ်လွန်ခဲ့ပြီးသော သူ၏မိဘဆွေမျိုးများအတွက်ရည်စူး၍ ‘မတကဘတ်’ ပြုလုပ်ရန် ဆိတ်တစ်ကောင်ကိုဝယ်ကာ ခေါင်းဖြတ်သတ်ခဲ့သည်။ထိုပါဏာတိပါတ အကုသိုလ်ကြောင့် လေးရာကိုးဆယ့်ကိုးဘဝတိတိ ခေါင်းဖြတ်အသတ်ခံခဲ့ရသည်။ယခုဘဝသည် သူ၏ ငါးရာမြောက်ခေါင်းဖြတ်ခံရမည့်နောက်ဆုံးဘဝဖြစ်သည်။သူ့အတွက် အကုသိုလ်ဝဋ် ကြွေးမှလွတ်မြောက်တော့မည်ဖြစ်၍ ဟက်ဟက်ပက်ပက် ရယ်မောလေသည်။သူ့ကိုသတ်တော့မည့် ဆရာကြီးသည် သူကိုသတ်ကာ ပါဏာတိပါတ ကံအသစ်တစ်ခုကို ပြုလုပ်တော့မည်ဖြစ်သောကြောင့် သူကဲ့သို့ပင် ဘဝပေါင်းငါးရာ အကုသိုလ်ဝဋ်ကြွေးခံရမည်ကိုတွေးမိပြီး ချုံးပွဲချငိုပြန်လေသည်။
 
ထိုသို့ရယ်လိုက်ငိုလိုက်ဖြစ်နေသော ဆိတ်ငယ်၏အပြုအမူကို တွေ့နေရသော ဆရာကြီး၏ တပည့်များသည် ဆိတ်ငယ်ကို အကျိုးအကြောင်းမေးသောအခါ ဆိတ်ငယ်က ဆရာကြီးရှေ့ရောက်မှ ပြောပြပါရစေဟုဆို၏။သို့နှင့် ဆရာကြီး၏တပည့်များက ဆိတ်ငယ်ကို ဆရာကြီးထံပြန်ခေါ်လာခဲ့သည်။ဆရာကြီးဆီရောက်၍ တပည့်များက ဆိတ်ငယ်၏အပြုအမူများကိုပြန်ပြောပြသဖြင့် ဆရာကြီးက ဆိတ်ငယ်ကိုအကျိုးအကြောင်းမေးသည်။
 
ဆိတ်ငယ်က သူ၏ဇာတိဿရဉာဏ်ဖြင့် သူ့အတိတ်ဘဝအချို့ကို မှတ်မိနေကြောင်း၊ သူ့အတိတ်ဘဝတစ်ခုမှ သူတစ်ပါး၏အသက်ကိုသတ်မိသော အမှားကြောင့် ဘဝများစွာပြန်ပေးဆပ်ခဲ့ရကြောင်း၊ နောက်ဆုံး ဝဋ်ကြွေးကုန်ဆုံးတော့မည့် သူ့ဘဝအတွက် ဝမ်းသာ၍ရယ်ကြောင်းနှင့် ဝဋ်ကြွေးအသစ်ပြုလုပ်တော့မည့် ဆရာကြီးအတွက် ဝမ်းနည်း၍ငိုကြောင်း ရှင်းပြလိုက်သည်။
 
ဆရာကြီးလည်း ဘာမှမစိုးရိမ်ရန်နှင့် ယခုပင်လွှတ်ပေးလိုက်မည်ဖြစ်ကြောင်းပြောသောအခါ ဆရာကြီးက လွှတ်ပေးသော်လည်း ကျွန်ုပ်ကတော့ တစ်နည်းနည်းနဲ့သေရမှာပါဟု ဆိတ်ငယ်က ပြန်ပြောသည်။ဆရာကြီးလည်း ဆိတ်ငယ်အတွက် အန္တရာယ်မရှိစေရန် သူ့တပည့်များအား ဆိတ်ငယ်ကို စောင့်ရှောက်ပေးရန်မှာပြီး ဆိတ်ငယ်ကို အသက်ဘေးမှ လွှတ်ပေးလိုက်လေသည်။
 
ဆရာကြီးလက်မှလွတ်လာသော ဆိတ်ငယ်သည် အစာရှာရင်း ကျောက်ဖျာကြီးဘေးတွင်ကပ်၍ပေါက်သောချုံပုတ်မှ သစ်ရွက်များကို တွေ့ရသည်။ဆိတ်ငယ်လည်း သစ်ရွက်များကိုစားရန် လည်ပင်းကိုဆန့်၍ သစ်ရွက်များကိုလှမ်းဆွဲလိုက်သည်။ယင်းအခိုက် ရုတ်တရက်ပစ်ချလိုက်သောမိုးကြိုးသည် ကျောက်ဖျာကြီးကို လာထိရာမှ ကျောက်လွှာတစ်ခုသည် အရှိန်ဖြင့်ကွာထွက်ပြီး ဆန့်တန်းထားသော ဆိတ်ငယ်၏ လည်ပင်းကို ဖြတ်သွား လေသည်။ဆိတ်ငယ်ခမျာ ဆရာကြီး၏ ခေါင်းဖြတ်သတ်ခြင်းကို မခံရသော်လည်း သူ၏အကုသိုလ်ဝဋ်ကြွေးကြောင့် ခေါင်းပြတ်သေဆုံးခဲ့ရလေသည်။
 
လောကမှာ လူတချို့က သူတို့အသက်မှတန်ဖိုးရှိပြီး သူများအသက်တွေက ဘာတန်ဖိုးမှမရှိဟု ထင်ကြသည်။သူတို့ဘဝမှ ဘဝဖြစ်ပြီး အခြားသူများ၏ဘဝတွေက ဘာမှမဟုတ်ဟု ယူဆသည်။လောကမှာရှိသမျှ စည်းစိမ်ဥစ္စာဆိုတာက ဘယ်သူ့အတွက်မှမဟုတ်ဘဲ သူတို့အတွက်သက်သက်ဖြစ်ရမည်ဟု ခံယူထားသည်။သူတို့နင်းထားတာတွေက အရာဝတ္ထုလား တိရစ္ဆာန်လား လူတွေလား သက်မဲ့တွေလား သက်ရှိတွေလားဆိုတာ သူတို့အတွက် ဘာမှစဉ်းစားစရာမလိုသော ကိစ္စဖြစ်သည်။သူတို့အတွက် အရေးကြီးတာက ထိုအပေါ်မှာ သူတို့ရပ်ဖို့ သူတို့ခုန်ဖို့ သူတို့လျှောက်ဖို့ သူတို့ပြေးဖို့ သူတို့လုပ်ချင်တာလုပ်ဖို့ဖြစ်သည်။တကယ်လို့ သူတို့ကိုလည်း အခြားသူတွေကများ သူတို့အသက်ကိုတန်ဖိုးမထားလျှင် သူတို့ဘဝကို ဘာမှမဟုတ်ဟုပြောလျှင် စည်းစိမ်ဥစ္စာဆိုတာ သူတို့နှင့်မသက်ဆိုင်ဟု သတ်မှတ်လျှင် သူတို့အပေါ် တက်နင်းကြလျှင် ဘယ်လိုခံစားမလဲ ဘယ်လိုလက်ခံမလဲ ဘယ်လောက်အခံရခက်မလဲ ဘယ်လောက်နာကြည်းမလဲ သူတို့မစဉ်းစားကြပါ။
 
ကိုယ့်အသက်ကိုမှ အသက်လို့ထင်သည့်သူများကတော့ လူ့လောက လူ့ပတ်ဝန်းကျင်မှာ ခန္ဓာကိုယ်က လူပုံစံဖြစ်နေသော်လည်း လူ့ဦးနှောက်မရှိသည့် လူမပီသသူများသာဖြစ်ပါသည်။
 
ကျွဲပါးစောင်းတီးဆိုသလို ကျွဲ၏အနားတွင် စောင်းကို မည်မျှပင်သာယာစွာတီးစေကာမူ ကျွဲအဖို့ အချည်းနှီးသာဖြစ်သကဲ့သို့ အကောင်း၊ အဆိုး မသိသူအား တန်ဖိုးရှိသောစကားကို နားဝင်အောင် မည်မျှပင်ပြောကြားစေကာမူ ထိုသူအဖို့ အချည်းနှီးသာဖြစ်ပါလိမ့်မည်။
 
သူတို့က အသက်ချင်းမစာနာဘဲ သူတို့အခွင့်အရေးရတုန်း ပြုချင်တိုင်းပြု သတ်ချင်တိုင်းသတ်ရဲသော်လည်း သူတို့ပြုသမျှခံရသူတို့၏ အသက်တွေ ဘဝတွေ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှုတွေအတွက် တစ်နေ့နေ့မှာတော့ အစားပြန်ပေးရမှာ သေချာပေသည်။ 
 
မကောင်းမှုကံ ပဲ့တင်သံ ကိုယ့်ထံပြန်မည် မဟုတ်ပါလား။
 
ရိုက်မောင်း
ဇန်နဝါရီ - ၄