【 ဆောင်းပါး 】 “မိုက်... မိုက်... မိုက်... မိုက်”

【 ဆောင်းပါး 】 “မိုက်... မိုက်... မိုက်... မိုက်”

“သူများကို အမျိုးမျိုးဒုက္ခပေးတဲ့ ဟိုဂျပိုးသူခိုးကြတော့ ဘာမှမဖြစ်ပဲနဲ့ ငါ့တူကြမှ လာဖြစ်ရတယ်လို့ကွာ။မဟုတ်သေးဘူးနော် မင်းတို့တစ်ခုခုတော့မှားနေပြီထင်တယ်”
 
“မမှားပါဘူး ဦးလေးရ ဦးလေးတူ အခုဆေးရုံမှာတင်ထားတယ် သိပ်တော့မစိုးရိမ်ရပါဘူး”
 
“နှစ်ယောက်အတူသွားတဲ့ဟာ ဘာလို့ ဟိုကောင်ကမခံရဘဲ ငါ့တူတစ်ယောက်ထဲ ခံရတာလဲ”
 
“ဟိုကောင်က ကိုယ်လွတ်ရုန်းပြီး သူဘာမှမသိပါဘူး ဦးလေးတူတိုင်တာပါဆိုပြီးပြောလိုက်တော့ အတိုင်ခံရတဲ့ ဖဲသမားတွေက ဦးလေးတူကို ဝိုင်းထိုးကြတာပေါ့”
 
“နေပါဦး အဲဒီလူတွေဖဲရိုက်တာကို ငါ့တူက တကယ်ပဲတိုင်ခဲ့လို့လား”
 
“ဦးလေးတူ တိုင်တာမဟုတ်ဘူး။ဟိုကောင်ပဲတိုင်တာ သူနဲ့ ဖဲကစားတဲ့နေ့က ပါသမျှ ပိုက်ဆံတွေ အကုန်ရှုံးခဲ့လို့ မကျေနပ်လို့ဆိုပြီး ဟိုလူတွေ ဖဲဝိုင်းကောင်းနေတုန်း ရပ်ကွက်လူကြီးတွေကိုသတင်းပေးလိုက်တာ။အားလုံးထွက်ပြေးကြလို့ အဲဒီလူတွေကိုတော့ မမိပါဘူး။ဝိုင်းထဲမှာကျန်ခဲ့တဲ့ ပိုက်ဆံတွေတော့ အသိမ်းခံလိုက်ရတာပေါ့။မနက်က ဘူတာရုံမှာ ဦးလေးတူနဲ့ ဟိုကောင်နဲ့ နှစ်ယောက်အတူတွေ့လို့ အဲဒီလူတွေကမေးပြီး ဝိုင်းထိုးကြတာ”
 
“ကောင်းကွာ။ဖဲရိုက်တဲ့ကောင်တွေလဲ ဘာမှမဖြစ်ဘူး။ကိုယ့်လူသူ့ဘက်သား လူယုတ်မာလဲ ဘာမှ မဖြစ်ဘူး။ဘာမှမဆိုင်တဲ့ ငါ့တူက ဆေးရုံရောက်ရတယ်လို့။မင်းတို့လဲ အဲဒီကောင်ကို သတိထား ပေါင်းကြနော်။လူမိုက်နားမှာနေရတာ မြွေပွေးခါးပိုက်ထားသလိုပဲ အရမ်းအန္တရယ်များတယ်”
 
“ကျွန်တော်တို့က မကောင်းမှန်း ကောင်းမှန်း ခွဲခြားသိပါတယ် ဦးလေးရဲ့”
 
“မင်းတို့ကိုပြောလိုက်ရင်တော့ သိပြီးသားဆိုတာချည်းပဲ။အေး မကောင်းမှန်း ကောင်းမှန်းလဲသိ သတိလဲမပြတ်ရှိနေမှ လူမိုက်အန္တရာယ်ကင်းမှာကွ”
 
“ဒီကောင် ဖဲရိုက်တော့ လူမိုက်ပေါ့နော်” 
 
“ဒါပေါ့” 
 
“ဖဲလဲရိုက်သေး တိုင်လဲတိုင်သေးဆိုတော့” 
 
“မိုက် မိုက်ပေါ့ကွာ” 
 
“ဖဲလဲရိုက်သေး တိုင်လဲတိုင်သေး..လိမ်လည်းလိမ်သေးဆိုတော့ရော ဦးလေး” 
 
“မင်းတို့ကလဲကွာ မိုက် မိုက် မိုက်ပေါ့” 
 
“ဒါဆိုဖဲလဲရိုက် တိုင်လဲတိုင် လိမ်လဲလိမ် သူများကိုလဲလွှဲချဆိုရင်ကော” 
 
“ခွေးကောင်တွေ ငါ့ကိုလာရစ်နေတယ် အဲဒီတော့ မိုက် မိုက် မိုက် မိုက်ပေါ့ဟ”
 
တစ်ဖက်စားပွဲဝိုင်းက ဦးလေးဆိုသူနှင့် လူငယ်သုံးယောက်တို့၏ စကားများကို နားထောင်ကောင်းနေဆဲမှာပဲ မိုးတွေကလည်းလာ ထီးကလည်းမပါတာမို့ လက်ဖက်ရည်ဆိုင်ထဲက ထွက်လာခဲ့ ပါသည်။ထုံးစံအတိုင်း သူတို့ပြောဆိုကြသောအကြောင်းအရာက ကျွန်တော့်အတွေးထဲ ပါလာပါသည်။
 
စိတ်ဓာတ်အောက်တန်းကျသူတစ်ယောက်ရှိနေသည့် ပတ်ဝန်းကျင်တွင် တစ်ယောက်မဟုတ် တစ်ယောက်တော့ မဆီမဆိုင် ဒုက္ခရောက်တတ်တာက ဟိုရှေးရှေးတုန်းကတည်းက အစဉ်အလာရှိပြီးသားပါ။ယနေ့အထိလည်း ရှိနေဆဲပါ။နောင်လည်း ရှိနေဦးမှာပါ။
 
ဦးလေးဆိုသူ ပြောသည့် ‘ကောင်းမှန်း မကောင်းမှန်းလဲသိ သတိလဲမပြတ်ရှိ’ ဆိုသောစကားကို အတော်သဘောကျမိသည်။
 
တစ်ဆက်တည်းဆိုသလို ဘုရားရှင်တိုင်း ဟောကြားခဲ့သည့် ‘မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား’ ဆိုသော တရားကိုလည်း အမှတ်ရလိုက်မိသည်။
 
လူတစ်ယောက်သည် မကောင်းမှုကိုရှောင်လိုက်ခြင်းဖြင့် ကောင်းမှုကိုဆောင်ရွက်ပြီးသားဖြစ်သွားပါသည်။
 
ဥပမာအားဖြင့် သူများအသက်ကိုသတ်ခြင်းသည် မကောင်းမှုလုပ်ခြင်းဖြစ်ပြီး သူများအသက် မသတ်ခြင်းသည် ကောင်းမှုလုပ်လိုက်ခြင်းပင်ဖြစ်သည်။ 
 
ကောင်းမှုဖြစ်စေ မကောင်းမှုဖြစ်စေ ကာယကံ ဝစီကံ မနောကံတို့ဖြင့် ဆောင်ရွက်ရပါသည်။
 
မကောင်းမှု (ဒုစရိုက်) ဆယ်ပါးရှိသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။
 
ကာယဒုစရိုက်သုံးပါးမှာ ---
 
(၁) သူ့အသက်သတ်ခြင်း 
(၂) သူ့ဥစ္စာခိုးခြင်း 
(၃) သူတစ်ပါးသားမယားပြစ်မှားခြင်းတို့ ဖြစ်သည်။
 
ဝစီဒုစရိုက်လေးပါးမှာ ---
 
(၁) လိမ်လည်ခြင်း 
(၂) ကုန်းတိုက်ခြင်း 
(၃) ဆဲရေးတိုင်းထွာခြင်း 
(၄) အကျိုးမရှိသောစကားကို ပြောဆိုခြင်းတို့ ဖြစ်သည်။
 
မနောဒုစရိုက်သုံးပါးမှာ --- 
 
(၁) သူတစ်ပါးဥစ္စာစည်းစိမ်ကို မိမိဥစ္စာစည်းစိမ်ဖြစ်အောင် ကြံခြင်း 
(၂) သူတစ်ပါးကို မကောင်းကြံခြင်း 
(၃) အယူမှားခြင်းတို့ ဖြစ်သည်။
 
ပထမဆုံး ထိုမကောင်းမှုဒုစရိုက်များကို ရှောင်ရမည်ဆိုသော အသိရှိဖို့လိုပါသည်။ 
 
အသိမှန်ဖို့ သတိထားမှ မိမိရော ပတ်ဝန်းကျင်ပါ အကျိုးရှိမှာဖြစ်၏။ 
 
အသိမှားကြီးနှင့် သတိကောင်းနေလို့ကတော့ မိမိအတွက်ရော မိမိ၏ပတ်ဝန်းကျင်အတွက်ပါ အကျိုးမဲ့မှုတွေ ဖြစ်ပေလိမ့်မည်။ 
 
သူခိုးတစ်ယောက်က သူများပစ္စည်းခိုးဖို့ သတိထားတာမျိုး လူသတ်သမားက တစ်ဖက်လူ၏ အနေအထားကို သတိမလစ်အောင် ကြံစည်လှုပ်ရှားတာမျိုးသည် သတိရှိတာမှန်သော်လည်း အသိမမှန်သည့်အတွက် မိမိအတွက်လည်းအကျိုးမရှိ သူတစ်ပါးကိုလည်း ထိခိုက်နစ်နာစေမည်ဖြစ်သည်။
 
အသိရှိဖို့က အရေးအကြီးဆုံးဖြစ်သော်လည်း ထိုအသိကို သတိနှင့်မထိန်းထားပါကလည်း မရှိမယ့်ရှိမယ့် အသိလေး ပြန်ပျက်သွားမှာ စိုးရိမ်ရပါသည်။ 
 
သတိမပြတ်ထားကာမှ တော်ကာကျပါ မည်။လူဆိုတာ သာယာမှုနှင့်တွေ့လျှင် ထိုသာယာမှုမှ ရုန်းထွက်ရန် ခဲယဉ်းလှပါသည်။မက်မောစရာ ကိလေသာအာရုံများနှင့် ထိတွေ့ မိသောအခါ သိသိကြီးနှင့်ပင် ကိလေသာအာရုံနောက်ကို တစ်စတစ်စ လိုက်ပါသွားတတ်ကြသည်။ရှိနေသည့် အသိတရားတွေလည်း ဝေဝေဝါးဝါးဖြစ်ကာ ပျောက်မှန်းမသိ ပျောက်ကွယ်လေတော့သည်။မပြတ်သတိထားမှသာ အသိမပျောက်ပျက်မှာဖြစ်သည်။ 
 
သတိထားနေခြင်းသည် မိမိမှာရှိထားသော အသိတစ်ခု၏ ရည်ရွယ်ချက်မပျက် အောင် ရည်ရွယ်ချက်မပျောက်အောင် ရည်ရွယ်ချက်ရောက်အောင် ထိန်းသိမ်းပေးနိုင်စွမ်းရှိပါသည်။
 
အသိကို သတိနှင့် မတွဲနိုင်၍ အသိမခိုင်မြဲခဲ့လျှင် မိမိ၏ကိုယ်ကျင့်တရားလည်းပျက် မိမိနှင့်ပတ်သက်သမျှလူများအတွက်လည်း အန္တရာယ်ဖြစ်နိုင်ပါသည်။ 
 
စားဝတ်နေရေးကြောင့်ဖြစ်စေ အပေါင်း အသင်းအဆွယ်ကောင်းလို့ဖြစ်စေ ခါးပိုက်နှိုက်ကာ လူမိုက်ဘဝခဏရောက်သည်ဆိုပါစို့။ခါးပိုက်နှိုက်ခံရသည့်သူ သိသွားသောအခါ ထိုသူကို ဓားနှင့်ထိုးမိခြင်း သို့မဟုတ် နှိုက်ယူထားသောပစ္စည်းကို မဆီမဆိုင် တစ်ယောက်ယောက်၏ အိတ်ထဲသို့ ထည့်လိုက်မိခြင်း တစ်ခုခုကြောင့် နောက်ထပ်မိုက်မိတတ်ကြပါသည်။
 
ဓားပြတိုက်ကာ မိုက်သည့်သူများကိုကြည့်ပါ။အိမ်သားများထံမှ ပစ္စည်းမရလို့ဖြစ်စေ ပြန်ခုခံလို့ဖြစ်စေ နှုတ်ပိတ်သည့်အနေနှင့်ဖြစ်စေ လူသတ်မှုကျူးလွန်မိတတ်ပါသည်။ထပ်မိုက်လိုက်မိခြင်းဖြစ် သည်။တချို့မှာ အိမ်သားအမျိုးသမီးအပေါ် တပ်မက်စိတ်ဝင်ကာ ဖေါက်ပြန်မိခြင်းဖြင့် ထပ်ကာထပ်ကာ မိုက်မိကြသည်။တချို့ကတော့ သူတို့ဓားပြတိုက်သည်ကို ဖုံးဖိသည့်အနေဖြင့် အခြားတစ်ယောက်ယောက် သို့မဟုတ် အခြား တစ်ဖွဲ့ ဖွဲ့ကိုလွှဲချ သတင်းမှားပေးကာ မိုက်သထက် မိုက်တတ်ကြပါသေးသည်။
 
နဂိုကတည်းထဲက မခိုင်မာသေးသောအသိတရားမှာ သတိမကပ်ထားမိသောကြောင့် လက်ဖက်ရည်ဆိုင်စကားဝိုင်းက ဦးလေးဆိုသူ ပြောသည့်အတိုင်း မိုက် မိုက် မိုက် မိုက် ဖြစ်ကုန်ကြတော့သည်။
 
ထို့ကြောင့် မည်သည့်ကိစ္စမဆို အကောင်းနှင့် အဆိုး အကျိုးနှင့် အပြစ်ကို ခွဲခွဲခြားခြား သိရှိသင့်ပါသည်။ထိုအသိအတိုင်း ပြောဆိုလုပ်ကိုင်သွားနိုင်ရန် လောကဓံတရားများကို ကြံ့ကြံ့ခံနိုင်ရပါမည်။ 
 
ထိုလောကဓံတရားများသည် မှန်ကန်နေသောအသိကို ဖျက်ဆီးမည့် အန္တရာယ်များဟု သတိမပြတ်ထားရပါမည်။မိမိကိုအခြားတစ်ယောက်ယောက်က မတရားပြောတာ မတရားလုပ်တာ မကြိုက်သလို မိမိကလည်း အခြားတစ်ယောက်ယောက်ကို မတရားမပြောသင့်မှန်း မတရားမလုပ်သင့်မှန်း ကိုယ်ချင်းစာစိတ်ထားရပါမည်။ 
 
ထိုစိတ်ဓာတ်လေးမပျက်ပြားအောင်လည်း ဆင်ခြင်သတိမပြတ် ရှိနေရပါမည်။ 
 
အသိလေးကပ် သတိလေးထပ်ပြီး ကြံစည်ပြောဆို လုပ်ကိုင်မည်ဆိုပါက မိမိအကျိုး အများအကျိုး ဆောင်ရွက်ရာ၌ အခက်အခဲများကို ကျော်ဖြတ်နိုင်ကာ အပြစ်ကင်းသော အောင်မြင်မှုများကို မုချမသွေရရှိမည်ဖြစ်ပေသည်။
 
ရိုက်မောင်း
အောက်တိုဘာ - ၁၉