【 ဆောင်းပါး 】 “မီးအိမ်၊ စတောင်းကင်း၊ လော်စပီကာနှင့် ဘီလူးကျွန်းည”

【 ဆောင်းပါး 】 “မီးအိမ်၊ စတောင်းကင်း၊ လော်စပီကာနှင့် ဘီလူးကျွန်းည”

ကျနော်တို့တောမှာက ညဘက်ဆို ရေနံဆီမီးအိမ်ထွန်းလေ့ရှိသည်။မီးအိမ်ကို မည်သူတီထွင်ထုတ်လုပ်ထားသလဲမသိ၊ တကယ့်ကိုချစ်စရာ။ရေနံဆီထည့်သည့်နေရာသည် ဖန်သားဖြင့်ပြုလုပ်ထားသော ဖန်ခွက်။ထိုဖန်ခွက်နှင့် တစ်ဆက်တည်း လှည့်ပြီးအဖွင့်အပိတ်ပြုလုပ်နိုင်သည့် မီးဇာအိမ်ဆိုတာရှိသည်။မီးဇာသည် ရေနံဆီထည့်ရာ ဖန်ခွက်ထဲတွင် အခွေလိုက်တည်ရှိပြီး ငွေထည့်သွင်းနိုင်သော အလှူခံပုံးအပေါက်သဏ္ဍာန် မီးဇာအိမ်အဝအပြင်ဘက်သည် မီးဇာထိပ်ဖျားဖြစ်သည်။ရေနံဆီဝနေသော ထိုမီးဇာကို မီးညှိလိုက်ပါက မီးဇာတွင် အလွယ်တကူမီးစွဲသည်။

မီးများများလင်းလိုလျှင် မီးဇာကိုများများတင်။မီးဇာကိုအတင်အချပြုလုပ်နိုင်သည့် ဘားအဝိုင်းလေးရှိသည်။မီးဇာကို များများတင်ထားလျှင် မီးအလင်းရောင်ပိုရသလို ရေနံဆီလည်းများများကုန်သည်။မီးအိမ်ကြီးလျှင် မီးဇာလည်းကြီးသဖြင့် မီးအလင်းရောင်ပိုရသည်။

မီးဇာတွင်စွဲနေသောမီးသည် ဟင်းလင်းပြင်၌ တောက်လောင်နေသောမီးဖြစ်၍ လေတိုက်လျှင် မီးငြိမ်းသွားတတ်သည်။ထို့ကြောင့် လေတိုက်တိုင်း မီးမငြိမ်းရလေအောင် လေကာမှန်ပြောင်း တပ်ဆင်ထားသည်။မှန်ပြောင်းမှာ မီးရှိသည့်နေရာတွင် ခပ်ဝိုင်းဝိုင်းဖြင့် အပေါ်၊ အောက် ရှည်မျောမျောဖြောင့်တန်းသွားကာ နှစ်ဖက်ပွင့်ဖြစ်သည်။မှန်ပြောင်းအောက်ဘက်ပိုင်းကို သတ္တုအပါးဖြင့်ပြုလုပ်ထားသော မီးဇာအိမ်အပြင်ဘက် သတ်မှတ်နေရာ၌ စိုက်လိုက်ပါက မှန်ပြောင်းအောက်ဘက်ခြမ်းသည် လေလုံပြီးသား။မှန်ပြောင်းအပေါ်ပိုင်းမှာ အဖွင့်ဖြစ်၍ လေနည်းနည်းပြင်းလာလျှင် မီးငြိမ်းသွားတတ်သလို ရေနံဆီလောင်ကျွမ်းပြီးနောက် ဖြစ်ပေါ်လာသော မှိုင်းတို့သည် မီးအိမ်အပြင်ဘက်သို့ လွတ်လပ်စွာထွက်သွားနိုင်သည်။

မှန်ပြောင်းသည် ခပ်ပါးပါးမို့ ပြုတ်ကျလျှင် ကွဲလေ့ရှိသည်။ထို့ပြင် မီးအလင်းရောင်များများလိုချင်သဖြင့် မီးဇာကို များများတင်ထားလျှင်လည်း မီးအရှိန်ကြောင့် ကွဲတတ်သည်။ထို့ကြောင့် မှန်ပြောင်းမကွဲရလေအောင် မီးဇာကို သင့်တော်သလောက်သာ တင်ထားရသည်။သင့်တော်သလောက်ဆိုသည်မှာ အတိုင်းအတာ မည်မျှကိုခေါ်ဆိုသလဲဟုမေးပါက မပြောနိုင်။မီးအိမ်လက်တွေ့အသုံးပြုမှု ကြာလာသည်နှင့်အမျှ မျက်မှန်းဖြင့် သိရှိသွားကြမြဲဖြစ်သည်။

မပြီးသေး၊ နောက်ထပ် မီးအိမ်အမိုးဆိုတာရှိသေးသည်။မီးအိမ်အမိုးကို ပေါ့၍ပါးသော သတ္တုဖြင့်ပြုလုပ်ထားသော အဝိုင်းလေးဖြစ်ပြီး ထိုအဝိုင်းအလယ်တွင် မှန်ပြောင်းထိပ်ပိုင်းဝင်အောင် အဝိုင်းပေါက်ရှိသည်။၎င်း၏တာဝန်မှာ မီးအလင်းရောင်ပြန့်မသွားရလေအောင်နှင့် အလင်းအားစုစည်းမိစေရန်ဖြစ်သည်။ထို့ပြင် မီးအိမ်ကို အမြင့်တွင်ချိတ်ဆွဲနိုင်ရန်အတွက် မီးအိမ်အပြင်ကာဗာလည်းရှိသည်။
မီးအိမ်ကာဗာသည် သံတန်းလေးများဖြင့် ရေနံဆီထည့်သည့်ဖန်ခွက်နှင့် မှန်ပြောင်းတို့ အကြောင်းတစ်ခုခုကြောင့် အလွယ်တကူပြုတ်မကျရလေအောင် ကာကွယ်ပေးသည်။

ကျနော်တို့ ဘီလူးကျွန်းတွင် မီးအိမ်ကို စားပွဲကဲ့သို့တင်ထား၍ရသော တစ်ခုခုပေါ်တင်ထားခြင်းမျိုး မရှိ။နှစ်ဖက်ချိတ်၍ရသော သံချိတ်ဖြင့် တစ်ဖက်ကို သစ်သားတန်းပေါ်ချိတ်ပြီး ကျန်တစ်ဖက်ကို မီးအိမ်ကာဗာပေါ် ချိတ်ဆွဲထားလေ့ရှိသည်။ထိုသို့မီးအိမ်ကို လေပေါ်ဝဲထားခြင်းဖြင့် မီးလင်းဧရိယာကို ပိုကျယ်စေသည်။

ညနေစောင်းလျှင် မှန်ပြောင်းကိုဖြုတ်၊ ရေနံဆီထည့်ရာဖန်ခွက်နှင့်ဆက်လျက် မီးဇာအိမ်ကိုလှည့်ဖြုတ်ကာ ရေနံဆီနည်းနေလျှင် ရေနံဆီဖြည့်ပြီး ပြန်တပ်။ပြီးလျှင် မှန်ပြောင်းအတွင်းပိုင်းတွင် မှိုင်းများရှိနေတတ်သဖြင့် (မှိုင်းကြောင့် မီးရောင်အားမနည်းရလေအောင်) အဝတ်ဖြင့် ခဏပွတ်တိုက်ရသည်။ထို့နောက် မီးဇာကို မီးညှိကာ မှန်ပြောင်းတပ်၊ သံချိတ်တွင် ချိတ်လိုက်ပါက မီးထွန်းခြင်းအမှုပြီးပြီ။

ကျနော်တို့အိမ်တွင် ဧည့်ခန်း၌ မီးအိမ်ကြီးတစ်လုံး၊ ကျနော်စာကြည့်ရန် မီးအိမ်ငယ်တစ်လုံးနှင့် အိမ်နောက်ဖေးအတွက် မီးအိမ်ငယ်တစ်လုံးရှိသည်။မီးအိမ်သုံးလုံးရှိသဖြင့် သံချိတ်လည်း ၃ ခုရှိသည်။မီးအိမ်ထွန်းခြင်းအမှုမှာ မှန်ပြောင်း ဖြုတ်ရ၊ တပ်ရဖြင့် နည်းနည်းအလုပ်ရှုပ်ပြီး မလိုအပ်ပဲ ရေနံဆီအကုန်မခံလို၍ နောက်ဖေးမီးအိမ်ကို သိပ်မထွန်းဖြစ်။ညအိပ်ယာဝင်ပြီးနောက်တွင် လိုအပ်သည့်အခါ ချက်ချင်းမီးလင်းစေရန်အတွက် ဧည့်ခန်းမီးအိမ်ကြီးကို မီးမငြှိမ်းပဲ မီးရှိသည်ဆိုရုံ ထွန်းထားလေ့ရှိသည်။

အိမ်နောက်ဖေးဘက်သွားလိုလျှင် ရေနံဆီမီးခွက်ထွန်းကာ သွားလေ့ရှိသည်။မီးခွက်ကို သံဖြူဖြင့်ပြုလုပ်ထားပြီး အားလုံးမြင်ဖူးနေကျပုံစံအတိုင်းသာဖြစ်သည်။မီးခွက်ထဲသို့ ရေနံဆီဖြည့်၊ လိုအပ်သည့်အချိန် မီးဇာ၌ မီးညှိပြီး မလိုလျှင် ပါးစပ်ဖြင့်မှုတ်ငြှိမ်းသတ်နိုင်သဖြင့် သိပ်လွယ်သည်။အိမ်တိုင်းတွင် မီးခွက်အကြီးအသေး သုံး၊ လေးခုရှိတတ်သည်။တကယ်တော့ မီးအိမ်ရော မီးခွက်ပါ လင်းသည်ဆိုရုံမျှ သိပ်လင်းလှသည်တော့မဟုတ်။လျှပ်စစ်မီးနှင့်ယှဉ်လိုက်လျှင် ဆီနဲ့ရေပမာ။ထို့ကြောင့် အနည်းငယ်မျှသောအိမ်တို့မှာ ဘတ္ထရီအိုးဝယ်ကာ ဘတ္ထရီမီးထွန်းကြသည်။သို့သော်၊ ရာသက်ပန် ရေနံဆီမီးအိမ်ကိုသာ သုံးလာကြသဖြင့် အိမ်အများစုမှာ အစဉ်အလာမီးအိမ်မှ ရုန်းမထွက်လိုကြ။

ကျနော့်အဘွားမှာ ဂျပန်မဝင်မီ အင်္ဂလိပ်ခေတ်တွင် ဘီလူးကျွန်း၌မွေးပြီး အသက် ၈၀ ကျော်သည့်တိုင် ဘီလူးကျွန်းတွင်ပင် ခေါင်းချသွားခဲ့သည်။ဖဆပလခေတ်ကတည်းက ကျနော်တို့ချောင်းဆုံမြို့ပေါ်တစfဝိုက်ကို မီးစက်ကြီးဖြင့် အစိုးရကမီးပေးခဲ့သော်လည်း ကျနော်တို့အိမ်မှာ မီတာဘောက်မရှိ။ထို့ကြောင့် ကျနော့အဘွားတစ်သက်တာသည် ရေနံဆီမီးအိမ်ဖြင့် ကြီးပြင်းခဲ့ရကာ မီးအိမ်အဖြုတ်အတပ် မျက်လုံးဖြင့်ကြည့်စရာမလိုအောင် ကျွမ်းကျင်ခဲ့သည်။

နာရေး၊ ဆွမ်းကျွေး၊ ရှင်ပြု စသည့် အလှူရှိသောအိမ်များကျတော့ စတောင်းကင်းဟုခေါ်သော လေထိုးထည့်ရသည့် ဓာတ်ဆီလောင်စာသုံး မီးအိမ်ကြီးကို အသုံးပြုကြသည်။ထိုမီးအိမ်ကြီးမှာ လျှပ်စစ်မီးထက်ပင် ပိုလင်းထိန်သလို ခံစားရသည်။

စတောင်းကင်းမီးအိမ်ထွန်းရန် လေထိုးနေသည်ကို မြင်ခဲ့ဖူးသည်။စတောင်းကင်းမီးရောင်အောက်တွင် နေခဲ့ဖူးသည်။သို့သော်၊ စတောင်းကင်း အသုံးပြုပုံကိုတော့ သေချာမသိ။သို့သော်၊ စတောင်းကင်းသည် ဈေးကြီးသောကြောင့် တိုက်အိမ်ကြီးများဖြင့်နေနိုင်သော လယ်ဧကများစွာပိုင်သည့် ချောင်းဆုံသူဌေးအိမ်များတွင်သာ လိုလျှင်သုံးရန် ဝယ်ထားကြောင်း သိရသည်။ရွာအချို့တွင်မူ ရွာသားတို့၏ စုပေါင်းရန်ပုံငွေဖြင့်ဝယ်ထားကာ ရွာအတွင်းသာရေးနာရေးရှိပါက အသုံးပြုကြသည်။တချို့ရွာများ၌ ရွာဦးကျောင်းတွင် စတောင်းကင်း ဝယ်ထားသဖြင့် လိုအပ်လျှင် ဘုန်းကြီးထံ သွားဌားနိုင်သည်။

ပြတ်ပြတ်သားသား မှောင်မည်းနေသော ကျနော်တို့ကျေးလက်ညများတွင် မီးအိမ်နှင့် မီးခွက်သည် မရှိမဖြစ် ညစဉ်သုံးဖြစ်ခဲ့သလို စတောင်းကင်းသည်လည်း မရှိမဖြစ် ရံဖန်ရံခါသုံးဖြစ်ခဲ့သည်။ထို့ပြင် စတောင်းကင်းကဲ့သို့သော ဘီလူးကျွန်းပြည်သူတို့နှင့် ရံခါရံခါမကင်းသော ပစ္စည်းတစ်မျိုးလည်းရှိသေးသည်။ယင်းမှာ လော်စပီကာဟုခေါ်သော အသံချဲ့စက်ဖြစ်သည်။

ကျနော်တို့ကျေးလက်၏ သာရေးနှင့် ပျော်ရွှင်စရာမှန်သမျှသည် လော်စပီကာပါမှ ပြီးပြည့်စုံခဲ့သည်။အထူးသဖြင့် လောဘတကြီးလှူလေ့ရှိသော ရဟန်းခံရှင်ပြုပွဲတွင် လော်စပီကာသည် ထိပ်ဆုံးက။တတ်နိုင်သူများက ဆိုင်းဝိုင်းပါထည့်လေ့ရှိသည်။

ကျနော်ချာတိတ်ဘဝ၊ ရှင်ပြုအလှူဆိုလျှင်လည်း အင်မတန်ခမ်းနားလွန်းသောအလှူ။ကျနော့်အဘွားသည် အဓိကအလှူရှင်ဖြစ်ပြီး ဆွေမျိုးများဝန်းရံလျက် စုစုပေါင်း ရဟန်းနှင့် ရှင် အပါး ၂၀ ကျော်ကို ရဟန်းခံရှင်ပြုခြင်းဖြစ်သည်။ဆွေမျိုးများအနေနှင့် တတ်နိုင်သလောက် အလှူငွေထည့်၊ တစ်ပြားမှမတတ်နိုင်လည်း ပြဿနာမရှိ။ကျနော့်အဘွားက အစအဆုံးအကုန်ကျခံခဲ့သည်။

ကျနော်တို့ရှင်ပြုတွင် ဆိုင်းဝိုင်းလည်းပါသဖြင့် ဆွေမျိုးမိတ်ဆွေများစွာ တစ်ယောက်တစ်လှည့် ကတတ်သူကဝင်က၊ ဆိုတတ်သူကဝင်ဆို။အင်မတန်အရှက်အကြောက်ကြီးသော ကျနော့အဘွားပင် ပျော်လွန်းလှသဖြင့် မကတတ်ကတတ်ဖြင့် တစ်ချက်ဝင်ကလိုက်သေးသည်။ထား။

ရှင်ပြုများတွင် လော်စပီကာသံက မနက်စောစောမှစ၍ ညအိပ်ချိန်အထိ ကြားထဲ နားလည်းခဏ။တွံတေးသိန်းတန်သည် ကျေးလက်၏ဘုရင်မို့ သီချင်းဖွင့်လိုက်တိုင်း တွံတေးသိန်းတန် မပါမပြီး။သီချင်းဖွင့်လျှင် ရပ်ကျော်ရွာကျော် ဟိုဘက်ရွာအထိကြားရလေကောင်းလေမို့ များများကျယ်၊ ကြိုက်သလောက်ကျယ်၊ ကျနော်တို့တောသားများက ကျယ်လေကြိုက်လေမို့ ပတ်ဝန်းကျင်အနှောက်အယှက်ဖြစ်မလား တစ်ချက်စဉ်းစားစရာမလို။

ညကျတော့ ကက်ဆက်ဇာတ်လမ်းများလာပြီ။ကိုယ့်အိမ်ဝရန်တာတွင် လေအေးအေးလေးနဲ့ လော်စပီကာကလာသော ကက်ဆက်ဇာတ်လမ်းကို မှိန်းနေရင်း နားထောင်ရသည့်အရသာမှာ တောသားတို့အတွက် သိပ်ဇိမ်ကျလွန်းလှသည်။လရောင်ငွေ့ငွေ့ဖြင့် ခပ်ပျပျလင်းနေသောညဖြစ်ခဲ့ပါက ဘာနဲ့မှမလဲနိုင်ဘူးဆိုသည့်အရသာ။ထို့ကြောင့် ကက်ဆက်ဇာတ်လမ်းဖွင့်သည့်ညများတွင် တစ်ရွာလုံး တိတ်တိတ်ဆိတ်ဆိတ်၊ အိမ်ရှေ့တွင် ကိုယ်စီမှိန်းလို့။

ထို့ကြောင့် ၁၉၉၀ ပြည့်လွန်ကာလထိတိုင် ကျနော်တို့ဘီလူးကျွန်းတွင် လော်စပီကာဌားသည့်လုပ်ငန်း တွင်ကျယ်ခဲ့သည်။ကွမ်သဲရွာနေ ကျနော့်အကြီး ကျောင်းဆရာမဆိုလျှင် တစ်ချိန်က လော်အဌားလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသည်။သူက မုရစ်ကလေး အထကတွင်ရော ချောင်းဆုံ အထကတွင်ပါ အထက်တန်းပြဆရာမလုပ်ခဲ့ရာ တပည့်များသဖြင့် သူ့လုပ်ငန်းသည်လည်း အလုပ်ဖြစ်ခဲ့သည်။

လော်အဌားလုပ်ငန်း တွင်ကျယ်ခြင်းနှင့်အတူ ဘက်ထရီအားသွင်းလုပ်ငန်းလည်း အောင်မြင်ခဲ့သည်။ထို့အပြင် လော်လိုက်ဖွင့်ပေးသူ စက်ဆရာတို့သည်လည်း အလုပ်ဖြစ်ကြသည်။စက်ဆရာတို့မှာ လော်အဌားလုပ်ငန်းရှင်တို့၏ အလုပ်သမားများဖြစ်ကြပြီး တစ်ရက်ဖွင့်ခ မည်မျှဟူ၍ နေ့စားများဖြစ်သည်။

စက်ဆရာတို့မှာ လော်ဌားချိန်ကျမှ ဝင်ငွေရှိသည့် နေ့စားများဖြစ်သော်လည်း မပင်ပန်း၊ မျက်နှာမငယ်ရုံမက လူအထင်ကြီးပင်ခံရသေးသည်။စက်ဖွင့်မည့်အိမ်သို့ရောက်လျှင် လော်စပီကာထားသင့်သည့်နေရာကို အိမ်ရှင်နဲ့ညှိလိုက်။နေရာအတည်ပြုပြီးပြီဆိုလျှင် လက်ညှိုးညွှန်လိုက်ရုံမျှ။ရွာခံတစ်ဦးဦးက ပျော်ရွှင်စွာ သစ်ပင်ပေါ်တက်ကာ လော်ချည်နှောင်မည်သာ။

ပြီးတော့ ကျနော်တို့တောသားများက စက်ပစ္စည်းဆိုအထင်ကြီးမြဲမို့ ဝါယာကြိုးမျိုးစုံကို ဟိုထိုးထည့် ဒီထိုးထည့်လုပ်နေသည့် စက်ဆရာအား အထင်တကြီးရှိလှသည်။ပြီးတော့ စက်ဆရာကို ကိုယ်နားထောင်ချင်တာလေး ဖွင့်ခိုင်းလို့ရအောင် ထမင်းချိန် ထမင်း၊ ညနေဆို ရီဝေချင်သေးသလား တိုက်မည့်လူအဆင်သင့်။ထို့ကြောင့် စက်ဆရာဆိုသည့်အလုပ်မှာ တစ်ခေတ်တစ်ခါက ကျနော်တို့ကျေးလက်တွင် ဆရာတစ်ဆူပမာ အောင်မြင်ခဲ့သည်။

သက္ကရာဇ် ၂၀၀၀ နားနီးကာလ ဗီဒီယိုတစ်ခေတ် ဆန်းသစ်လာချိန်ကျတော့ နှစ်ပေါင်းများစွာ အော်ချင်တိုင်းအော်ခဲ့သော လော်စပီကာကြီးမှာ တဖြည်းဖြည်းအသံဝင်သွားတော့သည်။လော်စပီကာနေရာတွင် ဆောင်းဘောက်ကြီးများဝင်လာသည်။
ဆောင်းဘောက်က ခေတ်ပေါ်သီချင်းများကို ငယ်သံပါအောင် အော်ဟစ်သည်။ကက်ဆက်ဇာတ်လမ်းမှာ လုံးဝမရှိတော့သဖြင့် သူ့နေရာတွင် ဗီဒီယိုကားပြသကြသည်။

‘အရင် ၁၅ နှစ်လောက်အထိက အလှူရှင်တွေက ဗီဒီယိုပြတာ ခေတ်စားတယ်။ဗီဒီယိုအဌားလိုက်ပြတဲ့သူတွေလည်း အဆင်ပြေကြတယ်။အခုကတော့ ဗီဒီယိုခေတ်ကုန်ပြီ။ပိုက်ဆံတတ်နိုင်သူက ဗမာဆိုင်းဝိုင်းဌားတယ်။သူ့မင်းသမီးနဲ့ သူ့အဆိုတော်နဲ့ ကိုယ်လည်းဝင်ဆိုလို့ရတော့ ရွာသားတွေကြိုက်ကြတယ်’ ဘီလူးကျွန်းသား ကျနော့်ဦးလေးက ဆိုသည်။

ဘီလူးကျွန်းသို့ ထိုသို့ပြောင်းလဲခဲ့သည်။ပြီးခဲ့သည့်အစိုးရလက်ထက်၊ သံလွင်မြစ်ကူးတံတားပြီးသွားသည့်နောက်တွင် ဘီလူးကျွန်းအပြောင်းအလဲသည် မြန်ဆန်လာသည်။လမ်းတွေကလည်းရှယ်၊ ညဆို လျှပ်စစ်မီးရောင်ဖြင့် လှလို့။

ကျနော့အဘွားသည် လျှပ်စစ်မီးပွင့်များကို မမီလိုက်။ရေနံဆီမီးရောင်လှုပ်လှုပ်ဖြင့် ရာသက်ပန်။ဘီလူးကျွန်း လျှပ်စစ်မီးကိုမြင်ရတိုင်း အဘွားကိုသတိရမိသည်။အသုံးမပြုတာကြာပြီဖြစ်သော မီးအိမ်ကိုငေးကြည့်မိကာ အတိတ်ကို ပြန်လွမ်းနေမိတော့သည်။

ငြိမ်းဆက်
အောက်တိုဘာ - ၂