【 ဆောင်းပါး 】 “ရိုးရိုးလေးသာ ကျင့်ကြပါ”

【 ဆောင်းပါး 】 “ရိုးရိုးလေးသာ ကျင့်ကြပါ”

လူ့ဘဝခရီးလမ်းတွင် အခြေခံအကျဆုံးကတော့ စားဝတ်နေရေးပင်ဖြစ်၏။စားဝတ်နေရေးဖူလုံမှလည်း ကျန်ကိစ္စများမှာ အားပါပါနှင့် ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်၏။ထို့ကြောင့်လည်း “အူမတောင့်မှ သီလစောင့်နိုင်မယ်” ဟု ဆိုခဲ့ကြခြင်းပါ။

မိသားစုတစ်ခုမှာ စီးပွားရေးက အရေးအကြီးဆုံးဖြစ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံမှာလည်း စီးပွားရေးက အခြေခံအကျဆုံးဖြစ်သည်။ထိုသို့စီးပွားရှာဖို့ စီးပွားရေးခိုင်မာဖို့ ကြီးပွားသည်ထက်ကြီးပွားဖို့ ရင်းနှီးမြှုပ်နှံမှု (investment ) ထည့်ဝင်လုပ်ကိုင်ကြရသည်။လယ်ပိုင်ရှင်က လယ်ကွက်နှင့် ငွေကို ရင်းနှီးသည်။စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်တို့က စက်ရုံ၊ အလုပ်ရုံနှင့် ငွေကို ရင်းနှီးကြ၏။လယ်သမား၊ အလုပ်သမား၊ စာရေး စသောဝန်ထမ်းတို့က မိမိတို့၏ကိုယ်စီအတတ်ပညာများကို ရင်းနှီးကြသည်။အချို့လုပ်ငန်းရှင်များက အတတ်ပညာရော ငွေကြေးပါ ရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်ကြ၏။ငွေကြေးလည်းမရင်းနှီးနိုင် အတတ်ပညာလည်းမရှိသူများမှာတော့ ခန္ဓာကိုယ်အားကိုးနှင့် ခွန်အားကို အရင်းအနှီးပြု၍ စီးပွားရှာကြရသည်။

ငွေကြေး၊ အတတ်ပညာ၊ ခွန်အားတို့ကို အရင်းအနှီးပြု၍ စီးပွားရှာနေကြသကဲ့သို့ စီးပွားဖြစ်ဖို့ ကြီးပွားဖို့ အန္တရာယ်ရှင်းဖို့ အပြစ်ကင်းဖို့ စသည်ဖြင့် ဆန္ဒအသီးသီးရှိကြပြန်သည်။ကြီးပွားဖို့ကို အာမ မခံနိုင်သော်လည်း စီးပွားဖြစ်ဖို့ အန္တရာယ်ရှင်းဖို့ အပြစ်ကင်းဖို့ကတော့ ‘ရိုးသားမှု’ ကိုသာ အရင်းအနှီးပြုလျှင် အသေအချာဖြစ်နိုင်ပါသည်။

ကျွန်တော့်အသိတစ်ယောက်ရှိပါသည်။ခေတ်ပညာလုံးဝမတတ်ပါ။ကျန်းကျန်းမာမာနှင့် အားခွန်ဗလကောင်းသော်လည်း အတတ်ပညာမရှိရှာပါ။ကြည့်မြင်တိုင်ကမ်းနား ဝါး၊ ဓနိဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ပါသည်။ဝါး၊ ဓနိတင်သော ကားရောက်လာလျှင် ကားပေါ်မှပစ္စည်းများကို အောက်သို့ချ၍ ဆိုင်ထဲမှာ လိုအပ်သလို နေရာချထားရ၏။ဝါး၊ ဓနိ လက်လီလာဝယ်သူများကို ပစ္စည်းရွေးချယ်ပေးရသည်။သယ်ပိုးပေးရသည်။မနက် ၇ နာရီ အရောက်သွားရသည်။ည ၇ နာရီ ပြန်ရသည်။သူက မနက်ခြောက်နာရီခွဲဆိုလျှင် ဆိုင်ကိုရောက်နေပြီ။ညခုနှစ်နာရီထိုးသော်လည်း အလုပ်လက်စမပြတ်သေးလျှင် ထိုအချိန်၌ ကုန်ပစ္စည်းကားရောက်လာလျှင် အလုပ်အားလုံးပြီးမြောက်အောင်လုပ်ပြီးမှ အိမ်ပြန်သည်။ထိုသို့ အလုပ်အပေါ်မှာရော၊ အလုပ်ရှင်အပေါ်မှာရော စေတနာပါပါလုပ်ပေးသော်လည်း အလုပ်ရှင်မှ လစာတိုးပေးခြင်းမျိုး မပြုလုပ်ခဲ့ပါ။သူကလည်း တစ်ချက်ကလေးမှမငြိုငြင်ခဲ့ပါ။ဆိုင်ရှင်မိသားစုက သူတို့အိမ်အတွက်ဖြစ်စေ ဆိုင်အတွက်ဖြစ်စေ သူ့ကိုပစ္စည်းများအဝယ်ခိုင်းလျှင်လည်း ဘတ်စ်ကားခမှလွဲ၍ ဘာမှ မသုံးစွဲဘဲ ပိုက်ဆံကိုတိတိကျကျပြန်အပ်သည်။သူ၏ ရိုးရိုးသားသားကြိုးစားလုပ်ခဲ့ရခြင်း၏ ရလဒ်ကား သူ့ဘဝကိုပြောင်းလဲစေခဲ့သည်။သူ၏လုပ်သက် ငါးနှစ်စွန်းစွန်းတွင် ဆိုင်ရှင်က သူ့ကိုအလုပ်မှထွက်စေသည်။အင်းစိန်မှာ မြေတစ်ကွက်ငှားပေးသည်။သူတို့ဆီ ဝါး၊ ဓနိပို့ပေးနေသော ကုန်သည်များထံ သူ့အတွက် အာမခံတာဝန်ယူပြီး သူ့ခြံထဲမှာ ဝါး၊ ဓနိချစေသည်။ပစ္စည်းရောင်းပြီးမှ ပိုက်ဆံပြန်ရှင်းရသည်။
သူကလည်းကြိုးစားသည်။ကုန်သည်တွေအပေါ်မှာလည်း ကတိတည်သည်။ပစ္စည်းလာဝယ်သူများအပေါ်လည်း စေတနာထားသည်။ပိုက်ဆံမပြေလည်၍ တစ်လုံးတစ်ခဲတည်းပေးဖို့ အခက်အခဲရှိသူများကို အတိုးမယူ ဈေးမတက်ဘဲ မူလတန်ဖိုးအတိုင်း အရစ်ကျသွင်းစေသည်။ဝယ်သူတွေများလာတော့ ပစ္စည်းက လက်မလည်အောင်ရောင်းရသည်။
ရောင်းအားကလည်း တစ်နေ့တခြား တက်သည်ထက် တက်လာသည်။နောက်ဆုံးတွင် သူ့မှာ သစ်ဆိုင်တစ်ဆိုင် အိမ်ဆောက်ပစ္စည်းဆိုင်တစ်ဆိုင်နှင့် ပရိဘောဂဆိုင်တစ်ဆိုင်ရှိသည်။ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ကားနှင့် လူချမ်းသာစာရင်းဝင်နေလေပြီ။

ကျွန်တော်တို့ ငယ်စဉ်ကပင် တရင်းတနှီးကြားနေရသည့် စကားတစ်ခွန်းရှိပါသည်။‘ရိုးရိုးကျင့် မြင့်မြင့်ကြံ မှန်တာလုပ်’ ဟူ၍ဖြစ်၏။“မြင့်မြင့်ကြံ” တာ ကောင်းသည်မှန်သော်လည်း တကယ်အမြင့်သို့ရောက်ရှိခြင်းသည် မိမိပြုလုပ်ခြင်းမဟုတ်ပါ။ရရှိခြင်းသာဖြစ်ပါသည်။“ရိုးရိုးကျင့်ခြင်း” “မှန်တာလုပ်ခြင်း” ကသာ မိမိတကယ်ပြုလုပ်ရခြင်းဖြစ်ပါသည်။အမြင့်သို့မှန်းသူတိုင်း၊ ကြီးပွားချမ်းသာလိုသူတိုင်း တကယ်ကြီးပွားချမ်းသာသူရှိသကဲ့သို့ မကြီးပွားမချမ်းသာသူလည်းရှိပါသည်။သို့သော်လည်း အမြင့်မှန်းပြီးနောက် ရိုးသားမှုပျောက်ကာ မရိုးသားမှု ဝိသမလောဘကြီးမှုဖြစ်လာသူတွေများပါသည်။မရိုးသားသည့်အတွက် လူမုန်းခံရသည်။အန္တရာယ်များလာသည်။ တချို့ အချုပ်အနှောင်၊ အဖမ်းအဆီးခံကြရသည်။အကုသိုလ်တွေပွားလာသည်။
ရိုးရိုးသားသားပြောဆို၊ လုပ်ကိုင်သူတို့တွင်လည်း တကယ်ကြီးပွားချမ်းသာသူရှိသကဲ့သို့ မကြီးပွားမချမ်းသာသူလည်းရှိပါသည်။သို့သော် ရိုးသားသူသည် လူချစ်လူခင်များ၏။အန္တရာယ်ကင်း၏။အချုပ်အနှောင် အဖမ်းအဆီး လုံးဝမခံကြရ။အကုသိုလ်ကင်း၍ ကုသိုလ်တရားပွားများလာ၏။မိမိစိတ် မိမိ လုံခြုံမှုရှိ၍၊ လိပ်ပြာသန့်၍ ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိ မိမိကိုယ်မိမိယုံကြည်မှု (self-confidence) ရှိလာ၍ အနည်းဆုံး စိတ်ချမ်းသာ၏။မှန်မှန်စားရ၏။ရိုးသားမှု (honesty) သည် ပရိယာယ် မာယာမလို အကွက်ချနေစရာမလို မုသားစကားဆိုစရာမလို အုပ်စုဖွဲ့တိုင်ပင်စရာမလိုသောကြောင့် စိတ်ရှင်း၏။ကြောင့်ကြကင်း၏။ အင်အားပင်ဖြစ်သေး၏။

ဂေါတမ မြတ်စွာဘုရားရှင် ပါရမီဖြည့်ဆည်းခဲ့သည့် နုစဉ်ဘဝတစ်ခု (၅၅၀ ဇာတ်) မှ ဖြစ်သည်။ဘုရားလောင်းက ရွဲကုန်သည်။ဒေဝဒတ်လောင်းကလည်း ရွဲကုန်သည်။တစ်ခါသော် ဘုရားလောင်းနှင့် ဒေဝဒတ်လောင်းတို့သည် ‘ရွဲ’ အရောင်းထွက်ရာ လမ်းကြောင်းတူညီနေ၏။မြစ်တစ်ဖက်ကမ်းတွင်ရှိသော မြို့သို့သွားကြ၏။ထိုရွာတွင် အလွန်ဆင်းရဲချို့တဲ့သော မြေးအဖွားနှစ်ယောက်ရှိ၏။ဘိုးစဉ်ဘောင်ဆက်က ပစ္စည်းဥစ္စာအတော်အတန်ချမ်းသာခဲ့ဖူး၍ ရွှေခွက်တစ်လုံးရှိ၏။မသုံးစွဲတာ နှစ်ပေါင်းများစွာကြာပြီဖြစ်၍ ကြေးညှိများတက်နေပြီး ရွှေခွက်မှန်း မြေးအဖွားနှစ်ယောက်လုံး မသိခဲ့ကြပေ။ဒေဝဒတ်လောင်း ရွဲကုန်သည်က ထိုမြေးအဖွားနှစ်ယောက်အိမ်သို့ ဦးစွာရောက်သည်။ဒေဝဒတ်လောင်း၏လက်ထဲမှ ရွဲများကိုမြင်သောအခါ မြေးမလေးကလိုချင်သဖြင့် အဖွားကိုပူဆာသည်။အဖွားကလည်း ဝယ်စရာငွေကြေးမရှိ၊ လဲလှယ်စရာပစ္စည်းကောင်းလည်းမရှိ၍ မဖြစ်နိုင်ကြောင်း မည်သို့ပင်ရှင်းပြသော်လည်း မြေးမလေးက မရမကပူဆာနေတော့သည်။နောက်ဆုံးတွင် အဖွားက ဒေဝဒတ်လောင်းကို မေတ္တာရပ်ခံကာ ရွှေခွက်ကိုပြ၍ ကလေးအတွက် ရွဲအနည်းငယ်ပေးခဲ့ပါရန် ပြောသည်။ဒေဝဒတ်လောင်းက ခွက်ကိုကိုင်ကြည့်သောအခါ ရွှေခွက်မှန်းသိသွားသည်။သို့သော် ရွှေခွက်မှန်းမသိသော မြေးအဖွား၏အဖြစ်ကို အခွင့်အရေးယူကာ ရွဲအနည်းငယ်ပင် အကုန်မခံဘဲ အလကားလိုချင်သည့် လောဘစိတ်က ပြင်းထန်နေ၏။ထို့ကြောင့် ‘ဒီခွက်စုတ်ကို ဘာလုပ်၍ရမည်နည်း’ ဟု ဆောင့်အောင့်ထားခဲ့ပြီး ဟန်လုပ်၍ ထွက်လာခဲ့သည်။

ဒေဝဒတ်လောင်း ထွက်သွားပြီးနောက် ဘုရားလောင်း ရွဲကုန်သည်ရောက်လာသည်။ထုံးစံအတိုင်း မြေးမလေးကလည်း ရွဲလိုချင်၍ ပူဆာသည်။အဖွားကလည်းတားသည်။နောက်ဆုံးတွင် အဖွားက ဘုရားလောင်းကို မေတ္တာရပ်ခံကာ ရွှေခွက်ကိုပြ၍ ရသလောက် ရွဲနှင့်လဲလှယ်ပါရန်ပြောသည်။ဘုရားလောင်းက ရွှေခွက်မှန်းသိသောကြောင့် အသပြာတစ်သိန်းထိုက်တန်သော ရွှေခွက်ဖြစ်ကြောင်းနှင့် မိမိထံ၌ ထိုမျှတန်ဖိုးနှင့်ညီမျှသည့် ရွဲလည်းမပါ ငွေကြေးလည်းမရှိကြောင်း တောင်းပန်ရှင်းပြသည်။အဖွားဖြစ်သူက ဘုရားလောင်း၏ ‘ရိုးသားမှု’ ကို ချီးကျူးကာ ရွဲကိုပေးချင်သလောက်သာ ပေးခဲ့ပါဟု ပြောပြီး ရွှေခွက်ကို ဘုရားလောင်းထံ ပေးလိုက်၏။ဘုရားလောင်းလည်း အသပြာငါးရာတန်ဖိုးရှိသော ရွဲများကို အကုန်ပေးသည့်အပြင် မိမိမှာရှိသမျှ အသပြာငါးရာပါပေးကာ ရွှေခွက်ကိုယူပြီးပြန်ခဲ့သည်။

ပရိယာယ်ဆင်ကာ ဟန်ဆောင်ထွက်လာခဲ့သော ဒေဝဒတ်လောင်းသည် တစ်ခေါက်ပြန်လှည့်၍ မြေးအဖွားအိမ်သို့ဝင်ခဲ့သည်။မဖြစ်စလောက် ရွဲအနည်းငယ်ထုတ်ပေး၍ ရွှေခွက်ကိုတောင်းသည်။အဖွားက ဘုရားလောင်း ရွဲကုန်သည်ထံ အသပြာတစ်ထောင်နှင့် လဲလှယ်လိုက်ပြီဖြစ်ကြောင်း ရှင်းပြလိုက်သည်။လောဘကြီးသော ဒေဝဒတ်လောင်းသည် အိန္ဒြေပင်မဆည်နိုင်တော့ဘဲ သူထမ်းပိုးလာသည့်ပစ္စည်းများကို ပစ်ချပြီး ဘုရားလောင်းနောက်သို့ အပြေးလိုက်လေသည်။

သူကမ်းနားသို့ရောက်သောအခါ ဘုရားလောင်းစီးသောလှေက မြစ်ကိုဖြတ်ကူးနေသည်မှာ အတန်ငယ်လှမ်းနေလေပြီ။ဘုရားလောင်းကို အသံကုန်ဟစ်၍အော်ခေါ်သော်လည်း ဘုရားလောင်းက လှည့်မလာသောအခါ ရွှေခွက်နှင့်လွဲပြီဟူသော လောဘအတွေးနှင့် သောကမီးလောင်ကာ အရူးတစ်ပိုင်းဖြစ်ပြီး ရင်ဘတ်ကိုထုကာထုကာ အော်ဟစ်ရင်း၊ နောက်ဆုံးတွင် သွေးအန်ကာ သေပွဲဝင်ခဲ့လေသည်။

မရိုးသားသောသူ (unhonest man) သည် စီးပွားရေးဖြစ်ဖို့ မသေချာရုံမက အခန့်မသင့်လျှင် ငတ်လည်းငတ်သွားနိုင်သကဲ့သို့ ရာဇဝတ်ပြစ်မှုပင်ဖြစ်နိုင်၏။ဆိုးဝါးသောရလဒ်ကား မိမိကိုယ်မိမိ မယုံတော့ဘဲ အိန္ဒြေပျက်လာသည်။သေးသောအကုသိုလ် ကြီးသောအကုသိုလ်တွေ တစ်ခုပြီးတစ်ခု ကျူးလွန်လာတတ်သည်။

စီးပွားရေးလုပ်သည်ဖြစ်စေ၊ နိုင်ငံရေးလုပ်သည်ဖြစ်စေ၊ ဘာသာရေးလုပ်သည့်ဖြစ်စေ “ရိုးသားမှု” သည် မရှိမဖြစ်လိုအပ်၏။မရိုးသားသူသည် သာမန်လူဆိုလျှင် ထမင်းငတ်နိုင်၏။စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး အနုပညာနယ်ပယ်တို့တွင် လူသိများထင်ရှားသူဖြစ်လျှင်လည်း လူအများ၏အထင်သေးခံရတတ်၏။အဖွဲ့ အစည်းတစ်ခု၏ ခေါင်းဆောင်ဖြစ်လျှင်လည်း အဖွဲ့ဝင်အများစု ဒုက္ခရောက်၍ ထိုသူတို့၏အမုန်းကို ခံရတတ်၏။

မိမိ၏မရိုးသားမှုကြောင့် မိမိဦးစီးရသောမိသားစု မျက်နှာငယ်ရ၏။မိမိ၏ပရိသတ်များ အတုယူမှား၍ ပျက်စီးကြရ၏။မိမိ၏လက်အောက်ငယ်သားတို့လည်း သူခိုး ဓားပြ လူလိမ်တို့ ဖြစ်ကြရ၏။မိမိ၏ရိုးရိုးသားသားစီးပွားရှာခြင်းကြောင့် ကြီးပွားသည်ဖြစ်စေ မကြီးပွားသည်ဖြစ်စေ အနည်းဆုံး ထမင်းမငတ်ဘဲ မှန်မှန်စားရ၏။မိမိအပေါ်မှီခိုသူတို့လည်း လူချမ်းသာသည်ဖြစ်စေ မချမ်းသာသည်ဖြစ်စေ စိတ်ချမ်းသာရ၏။

ထို့ကြောင့် ငွေကိုပုံအော၍လုပ်သည်ဖြစ်စေ အတတ်ပညာကိုရင်း၍လုပ်သည်ဖြစ်စေ ခွန်အားသက်သက်အားကိုး၍လုပ်ရသည်ဖြစ်စေ လူတိုင်းအတွက် အကောင်းဆုံး အသေချာဆုံး အလိုအပ်ဆုံး အရင်းအနှီးသည် ရိုးသားမှုသာဖြစ်သည့်အတွက် Honesty is the best, surest and most essential investment for everybody.

ရိုက်မောင်း
သြဂုတ် - ၂၆