【 ဆောင်းပါး 】 “လဘက်ရည်ဆိုင်မှာ အပန်းဖြေရတဲ့ ခေတ်”

【 ဆောင်းပါး 】 “လဘက်ရည်ဆိုင်မှာ အပန်းဖြေရတဲ့ ခေတ်”

လဘက်ရည်ဆိုင်ကို ဘယ်အချိန်တွင် စထိုင်မိသလဲဆိုသည်ကို မမှတ်မိတော့။သိခဲ့သည်က အဖေနှင့်အတူ လဘက်ရည်ထွက်ဝယ်ရင်း တရုတ်ကြီးက ခုံထိုးပေးသဖြင့် ခုံတွင်ထိုင်ကာ နံပြားစောင့်ခဲ့ရသည်ကိုတော့ မှတ်မိသည်။

ထိုလဘက်ရည်ဆိုင်ကို ကျနော်တို့က တရုတ်ဆိုင်ဟုခေါ်သည်။ထိုဆိုင်တွင်လုပ်သည်က ပေါက်စီနှင့် နံပြားထောပတ်သုတ်သာ။အီကြာကွေးဆိုတာက ကျနော်တို့ဘက်တွင် စားလေ့စားထမရှိ။ဒီတော့ ငယ်စဉ်က နံပြားထောပတ်သုတ်ကို နေ့လယ်ဘက် ဧည့်သည်လာသည့်အခါ အမေတို့ အဖေတို့ စားချင်သည်အခါ ထွက်ဝယ်ပေးရသည်။လဘက်ရည်နှင့် နံပြားကို ဝယ်သည့်အခါ ဒန်ချို့င်လေးနှင့် သွားဝယ်ရသည်ကိုတော့ ကျနော်မှတ်မိသည်။လကုန်ရက်ဆို လဘက်ရည်ဆိုင်တွင် လာဝယ်သူကများပြီး ဆိုင်ထိုင်သောက်သည့်သူက နည်းသည်။ထိုဆိုင်တွင် မှန်မိနေသည်က နာရီပြင်သည့် ဦးလေးကြီးက နေ့လယ်ဘက်ဆို သတင်းစာဖတ်ကာ ထိုင်နေသည်ကို မြင်နေရတတ်သည်။ထိုမြင်ကွင်းက ၁၉၈၀ ဝန်းကျင်က ရန်ကုန်ဆင်ခြေဖုံးဒေသဟုခေါ်သည့် ကျနော့်မွေးဇာတိတွင် မြင်ရလေ့ရှိသည့် လဘက်ရည်ဆိုင်မြင်ကွင်းပင်ဖြစ်သည်။

ထိုစဉ်က လဘက်ရည်ဆိုင်ဆိုသည်မှာ ယနေ့ခေတ်လိုဆိုရမည်ဆိုပါက ဘီယာဆိုင်လိုပင်ဖြစ်သည်။ဇိမ်ခံရာနေရာသက်သက်ဖြစ်သည်။လဘက်ရည်အကျနံ့သင်းသင်းကို ဆိုင်ရှေ့မှဖြတ်ကာ ကျောင်းသွားရသည့် ကျနော်တို့အမြဲရသည်။ထိုအနံ့လေးကိုခံပြီး ကျောင်းသွားတိုင်း ငါကြီးလာရင် လဘက်ရည် အ၀ ဝယ်သောက်မယ်ဆိုသည့် စိတ်ကဖြစ်မိသလို ထိုဆိုင်က ပေါက်စီကိုလည်း တစ်ယောက်တည်း တစ်လုံးကုန်အောင် စားမည်ဆိုတာကို ငယ်ငယ်လေးကတည်းက စိတ်ထဲတေးထားခဲ့သည်။ထိုစဉ်က အစစအရာရာကျပ်တည်းသည့်ခေတ်ဖြစ်သဖြင့် လဘက်ရည်တိုင်ကီပါဆယ်တစ်ခွက် (ဟိုတုန်းက နို့ဆီဗူးတစ်ဗူးပမာဏကို တိုင်ကီဟုခေါ်သည်) ကို မိသားစုတွေ မျှသောက်ရသဖြင့် အာသာပြေရုံ၊ အာဆွတ်ရုံသာ သောက်ရပြီး ပေါက်စီဆိုလည်း တစ်ယောက်တစ်ဖဲ့ဖြင့် အတော်လေးကို ချိုးခြံချွေတာစားရသည့် အချိန်တွေဖြစ်သည်။ဒီလိုဖြစ်နေတာ ကိုယ်တစ်ယောက်တည်းမဟုတ်။
တစ်နိုင်ငံလုံးဆိုတာ နောက်တော့မှ သိလာရသည်။

ပြောရင်းဖြင့် လိုရင်းကိုရောက်တော့မည် မဟုတ်လောက်အောင်ပင် ငယ်ဘ၀ပြောစရာတွေကများလှသည်။သို့သော် နဂိုဆိုရင်းဖြစ်သည့် လဘက်ရည်ဆိုင်ထိုင်ရသည့်အရသာကို စသိသည်က အလယ်တန်းကျောင်းသားဘ၀ကုန်ခါနီး ၈ တန်းကျောင်းသားဘ၀မှာဖြစ်သည်။ညနေဘက် ဘောလုံးကန်ဖို့ ချိန်းကြသည့်အခါ ဘောလုံးကွင်းထိပ် လဘက်ရည်ဆိုင်မှာဖြစ်သည်။
ထိုလဘက်ရည်ဆိုင်မှာက နေ့လယ်နှင့် ညနေဆို လူရှင်းသည်။ညဘက်ဆို မြန်မာ့အသံ အင်္ဂလိပ်ပိုင်းအစီအစဉ်တွေကနေလာသည့် အနောက်တိုင်းသီချင်းတွေ တစ်ခါတရံ သိပ်သဘောကောင်းသည့်အခါ ဆင်ဖိုနီလိုခေါ်သည့် သံစုံတီး၀ိုင်းကနေ တီးသည့်အသံတွေကို ထုတ်လွှင့်သည်။ထိုဆိုင်တွင် ညနေဘောလုံးကန်ဖို့ လူစောင့်သည်ထက် ဘောလုံးကန်ပြီးအပြန် လဘက်ရည်ဆိုင်တွင်ထိုင်ကာ ဒီနေ့ကန်ခဲ့တဲ့ ဘောလုံးတွေအကြောင်း ငြင်းကြခုန်ကြတာကနေ ကျနော်တို့ လဘက်ရည်ဆိုင်ထိုင်သည့်ပုံစံကို ပြောင်းလဲလာခဲ့ကြတာကိုတော့ မှတ်မိသည်။အရင်ကတော့ လဘက်ရည်ဆိုင်ဆိုတာ မိဘက လဘက်ရည်ဝယ်ခိုင်းလို့ သွားဝယ်သည့် စားသောက်စရာ ဆိုင်တစ်ခု။နောက်တော့ ကျနော်တို့လူငယ်တွေအတွက် ဆုံရပ်တစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။

ငယ်စဉ်ကဆို မြို့ထဲ ဆူးလေပန်းခြံဘေးက သုံးရောက်ခြယ်လဘက်ရည်ဆိုင်တွင် လဘက်ရည်သုံးရောင်ခြယ်(တကယ်က နို့ဆီ၊ အကျရည်နှင့် ရေနွေးကို ထည့်ထားသည့် ဖန်ခွက်) ကို တကူးတကသွားသောက်သလို သီချင်းအသစ်ထွက်သည့်အခါ မြေနီကုန်းနှင့် ဘားလမ်းထိပ်က လဘက်ရည်ဆိုင်မှာ သီချင်းနားထောင်ရန်သက်သက် လဘက်ရည်သွားသောက်ရတာတွေလည်းရှိသည်။

ထိုစဉ်က လဘက်ရည်ဆိုင်ထိုင်လျှင် လမ်းသူရဲအဖြစ် သတ်မှတ်ကြသည်။ကျနော်တို့ကလည်း လဘက်ရည်တစ်ခွက် တစ်ကျပ် ပြား၂၀ ခေတ်ဖြင့် လဘက်ရည်ဆိုင်ခေတ်ဦးကို မှီခဲ့ကြရာ ဆံပင်ရှည်မထားခဲ့သော်လည်း ပုဆိုးကို ရေစည်နားတိုက်လို့ခေါ်သည့် အောက်မှာ ခြေမျက်စိဖုံးအောင်ဝတ်ကြသည့် ခေတ်မှာ ဒီလိုဝတ်စားဆင်ယင်မှုဖြင့် ပျော်ခဲ့ကြသည်။ဖျော်ဖြေရေး ရှားပါးသည့်ခေတ်၊ ဝါဒတစ်ခုကို ဘ၀တစ်ခုသဖွယ် အရေးအရာလုပ်ပြီး လိုက်နာနေကြသည့်ခေတ်တွင် လဘက်ရည်ဆိုင်ထိုင်ကာ စတီရီယိုခေတ်ဦးသီချင်းတွေ၊ မင်းမင်းလတ်ရဲ့ ယုဇနပင်နဲ့ ဖဲကြိုးဝါ သီချင်းတွေနှင့် လွတ်မြောက်မှုကိုရှာရသည့် လူငယ်တွေဖြစ်သည်။ဒီလိုလွတ်မြောက်မှုမှာပင် ကျနော်တို့၏ လဘက်ရည်ဆိုင်တွေက မိဘ၏ အတင်းအကျပ်ပုံသွင်းမှုတွေ၊ ခေတ်စနစ်၏ ဖိနှိပ်မှုတွေ၊ ဘ၀၏ အဆင်မပြေမှုတွေ၊ အရွယ်နှင့်အတူရှိလာသည့် ရိုက်ခတ်မှုတွေ အလိုမကျမှုတွေ၊ ကိုယ်ထက်သန်ရာ အကြောင်းတရားတွေကို ချပြဖောက်ခွဲလို့ရသည့် လွတ်မြောက်နယ်မြေတွေ ဖြစ်ခဲ့သည်။

လဘက်ရည်ဆိုင်ထိုင်တာကို လူကြီးတွေ ဘာကြောင့်မကြိုက်သလဲဆိုတာကို ယခုချိန် ကျနော်ကိုယ်တိုင် လူကြီးဖြစ်လာသည်အထိ နားမလည်။စိတ်လွတ်လပ်မှုကိုရှာရတာကြိုက်သည့် လူမို့လို လူတွေလွတ်လပ်နေတာကို မြင်သည့်အခါ စိတ်က ပိုပြီးပေါ့ပါးသည်။သို့သော် နဂိုကတည်းက အချုပ်အနှောင်ဖြင့်နေရမှ လွတ်လပ်သည်ထင်သည့် လူတွေကတော့ လဘက်ရည်ဆိုင်ဆိုသည်မှာ အကြောင်းမဲ့ အချိန်ဖြုန်းသည့်နေရာအဖြစ် ယူဆကြတာကို ကျနော်တို့ခေတ်ကတည်းက ကြုံခဲ့မြင်ခဲ့ရသည်။ယနေ့ခေတ်တွင်တော့ ကိုယ့်တူကိုယ့်သား ဘီယာဆိုင်မဟုတ်ဘဲ လဘက်ရည်ဆိုင်ထိုင်နေတာကို မြင်ရလျှင်ပင် အတော်လေးဝမ်းသာနေရသည့်အခါသို့ ရောက်နေသည့်အခါ ကျနော်တို့ခေတ်က လူကြီးတွေ၏ စိုးရိမ်မှုမှာ ကာလံဒေသံအရ အပြောင်းလဲကြီး ပြောင်းလဲကုန်ပါလားဆိုပြီး တွေးထင်မိလေသည်။

အိမ်က အိမ်ရှင်မက လဘက်ရည်ဆိုင် မထိုင်ရန်အတွက် အိမ်တွင် ရယ်ဒီမိတ်လဘက်ရည်ထုတ်တွေ ဝယ်ထားပေးသည်။သောက်နေကြ နှင်းဆီဆေးလိပ်ကိုလည်း ရှာဝယ်ပေးသည်။ကိုဗစ်လိုကာလမျိုးတွင် ထိုသို့လုပ်ဆောင်ပေးမှုက ကျေးဇူးတင်စရာဖြစ်သော်လည်း လဘက်ရည်ဆိုင်ထိုင်သည်က လဘက်ရည်သောက်ဖို့ တစ်ခုတည်းအတွက်ဟုထင်သည့် အိမ်ရှင်မတစ်ယောက်၏ သူ့အသိဖြင့် တွေးထင်မှုကို မငြင်းဆန်ချင်တော့။သို့သော် လဘက်ရည်ဆိုင်ဆိုသည်မှာ လဘက်ရည်သောက်ချင်တာတစ်ခုတည်း မဟုတ်တာကို ကျနော်တို့ ဖြတ်သန်းခဲ့ရသည့်ခေတ်တွင် တူညီသော သတ်မှတ်ချက်အောက်တွင်ရှိနေသည့် လူတိုင်းမှတ်သားထားသည့် အချက်တစ်ခုဖြစ်သည်။

ဘယ်နေရာ ဘယ်အရပ်ပဲရောက်ရောက်။ဘယ်အချိန်ပဲ ရောက်ရောက် လဘက်ရည်ဆိုင်ဆိုသည့် ခံစားချက်တွေကိုဖြေဖျောက်ရာ၊ စိတ်၏အပန်းဖြေရာ၊ စိတ်၏တဒင်္ဂလွတ်မြောက်ရာ အရပ်ပဲဖြစ်သည်။ဘာသာစကားမျိုးစုံ မပြောတတ်ပေမယ့် လဘက်ရည်သမားအချင်းချင်း နားလည်ခံစားတတ်ကြသည်။လဘက်ရည်ဆိုင်တွင် ဘယ်သူကမှ ကြီးမြတ်ခြင်းဆိုတာမရှိ။
စကားတွေပြောကြမည်။ကိုယ်ထင်တာကိုယ်ပြောကြမည်။မိသားစုအရေး ရပ်ရေးရွာရေး ပြောကြဆိုကြမည်။ငြင်းကြခုံကြမည်။နောက် ဘယ်သူမှမရှိသည့်အခါ ဆေးလိပ်ဖွာရင်း တွေးချင်ရာတွေး၊ နောက်စာအုပ်တစ်အုပ်ဖြင့် ဖတ်ချင်ရာဖတ်။လဘက်ရည်လေး အာဆွတ်ရုံလောက်မော့လိုက်၊ စာတစ်ကြောင်း၊ သီချင်းတစ်ပိုဒ်လောက်။နွေရာသီ နေ့ရက်တွေမှာ ဒီလိုဆိတ်ငြိမ်သည့်နေရာအဖြစ် ပြောင်းလဲခံစားနိုင်သလို မိုးရွာသည့်နေ့တွေမှာ မိုးစက်တွေအောက် လဘက်ရည်လေးနှင့် ခပ်ဝေးဝေးက သတိရစရာအဖြစ်တွေကိုလည်း ဘေးကအပေါင်းအဖော်နှင့် ထုဆစ်ပြောနိုင်သည့် နေရာဖြစ်သည်။

စိတ်အပန်းဖြေစရာရှားပြီး ယခုလို အရာရာ အနုတ်ဘက်ရောက်ကာ ကျနော်တို့လို သေနေ့ကိုစောင့်နေရသည့်သူတွေအတွက် လဘက်ရည်ဆိုင်ဆိုတာ ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်တွေကို နားထောင်ချင်သူတွေကို ဖွင့်ချပြောဆိုဖို့၊ လူတွေသွားလာ လှုပ်ရှားသည်ကို တိတ်တဆိတ်ငေးမောကြည့်ဖို့၊ ငယ်ဘ၀တွေကို ပြန်လည်တွေးဖို့အတွက် နေရာအဖြစ် အသုံးဝင်နေဆဲဖြစ်သည်။လဘက်ရည်ဆိုင်၏ လွတ်လပ်မှုက လွတ်လပ်စွာပြောခွင့်မရသည့် ၁၉၈၀ ကာလတွေထက်ပင် ပိုနေလေပြီ။သို့သော် လွတ်မြောက်ရာနယ်မြေအဖြစ် ပုံသဏ္ဍာန်အားဖြင့် လဘက်ရည်ဆိုင်မှာရှိစမြဲ။အနည်းဆုံးတော့ အိမ်ရှင်မ၏ ဩဇာအောက်မှ လွတ်ရာအဖြစ် တဒင်္ဂတော့ ရှိနိုင်သေးသည်။

လာမည့် နှစ်လေးငါးဆယ် … လဘက်ရည်ဆိုင်၏ အနှစ်သာရဖြစ်သည့် စိတ်လွတ်မြောက်ရာ နေရာအဖြစ် ဆက်ရပ်တည်နိုင်ပါ့ဦးမလားဆိုတာကို မသေချာတော့။လဘက်ရည်ဆိုင်တွေက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ စီးပွားရေးဆန်လာနေကြပြီဖြစ်သည်။

လဘက်ရည်ဆိုင်ယဉ်ကျေးမှု သက်တော်ရာကျော်ရှည်ပါစေကော ….။

မောင်ဦးလွင်
ဒီဇင်ဘာ - ၁၅