【 ဆောင်းပါး 】 “လမ်းလျှောက်ခြင်းနှင့် ပြေးခြင်း”

【 ဆောင်းပါး 】 “လမ်းလျှောက်ခြင်းနှင့် ပြေးခြင်း”

ဘယ်ခရီးကိုပဲသွားသွား ဘယ်အလုပ်ကိုပဲလုပ်လုပ် မှန်မှန်နဲ့ အမြဲလုပ်တဲ့ အကျင့်လုပ်ဖို့၊ ဖြောင့်ဖြောင့်တန်းတန်းလုပ်ဖို့ မိဘဆရာသမားတွေက တပည့်သားသမီးတွေကို ဆိုဆုံးမလေ့ရှိသည်။ဘယ်အရာမဆို ကိုယ်သွားချင်တဲ့ ဦးတည်ရာခရီးကို ရောက်ဖို့ဆိုရင် ဘေးပယောဂတွေကို လျစ်လျူရှုနိုင်ဖို့ လိုသည်။

ယနေ့ခေတ် ယနေ့အခါတွင် ငယ်စဉ်က မိဘဆရာသမားတွေ ဆိုဆုံးမခဲ့တဲ့စကားတွေက တော်တော်လေးအသုံးဝင်နေခဲ့သည်ကို တွေ့ရသည်။မိဘဆရာ ရှေးလူကြီးသူမများ၏ ဆုံးမစကား သွန်သင်စကားက ယခုထိအသုံးဝင်နေဆဲဖြစ်သည်။

ကျနော်တို့ ငယ်စဉ်အချိန်ကာလ လမ်းစလျှောက်တတ်ကာစ ကလေးငယ်တွေကို သင်သည့်အခါတွင် မိဘတွေက ပြေးသည်ထက် မှန်မှန်လျှောက်ဖို့ဆိုတာကို မြန်မြန်လျှောက်ဖို့ဆိုတာထက် ပိုပြီးအလေးပေးသင်ခဲ့သည်ကို တွေ့ရသည်။ထိုမှာ မြန်မြန်လျှောက်တာ၊ နောက်မှပြေးတာ စတာတွေအပြင် လွတ်လပ်ရေးနေ့ အပြေးပြိုင်ပွဲတွေမှာဆို တာလွှတ်ကတည်းက ကမူးရှူးထိုးပြေးတာထက် မှန်မှန်နှင့် မြန်မြန်ဆိုသည့် လောက၏နိယာမတွေကိုပါထည့်ပြီး သင်ခဲ့ကြ လမ်းညွှန်ခဲ့ကြခဲ့သည်။ထိုသင်ကြားချက်တွေက ကြာသည့်အခါ ကြီးမြင့်လာသည့်အခါ၊ ဘ၀အခက်အခဲတွေ ဖြတ်သန်းမှုများလာသည့်အခါ ထိုသွန်သင်ချက်တွေက ဘ၀အတွက် အသုံးချလို့ရလာမှန်း သိလာခဲ့သည်။

ယခုအချိန်မှာ ပြန်စဉ်းစားကြည့်တော့ အများစုက ဘယ်ခရီးကိုပဲလျှောက်လျှောက် မှန်မှန်နဲ့ မြန်မြန်လျှောက်ဖို့ထက် အလျင်ဦးစွာရောက်ဖို့ကိုသာ ဦးစားပေးခဲ့ကြသဖြင့် ဖြစ်လာသည့်အကျိုးထက် အပြစ်ကပိုများလာသည်ကို တွေ့ရသည်။

လမ်းလျှောက်ခြင်းနှင့် ပြေးခြင်းတွင် တစ်ခုနှင့် တစ်ခု သဘောသဘာ၀မတူသလို ကျင့်သုံးရသည့် နိယာမတွေကလည်း ကွဲပြားသည်။ဒီလိုဘ၀နှင့်ချီပါက သေးငယ်သည့် လမ်းလျှောက်တာ၊ ပြေးတာတွင်ပင် ကျင့်သုံးလိုက်နာရသည့် အဓိကအခြေခံလိုအပ်ချက်များကို အတိအကျလိုက်နာကျသူများသော်လည်း ဘ၀ကိုဖြတ်သန်းရာတွင် အခြေခံလိုက်နာရမည့် စည်းကမ်းကျင့်ဝတ်ကိုလိုက်နာရန် ဝန်လေးကြသည်ကို ကျနော်အပါအဝင် လူများစွာ၌ တွေ့ရလေသည်။အဓိကအားဖြင့် ဘ၀ကြီးပွားတိုးတက်ရေးအတွက် ဖြတ်လမ်းကနေ အလွယ်လိုက်ခဲ့ကြခြင်းပင်ဖြစ်သည်။ဒီအတွက် ကိုယ်လိုရာ မျှော်မှန်းချက်ပြည့်အောင်ရောက်တဲ့သူဆိုတာ တော်တော်ရှားပြီး လမ်းမှားရောက်လို့ ပျက်စီးတာက ဒုနဲ့ဒေးပါပဲ။ဒါတွေကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လွယ်လင့်တကူတွေ့နိုင်ပါတယ်။

မှန်မှန်ကန်ကန် နေထိုင်သူတွေအဖို့ မတရားတဲ့နည်းနဲ့ ကြီးပွားလာတဲ့သူ၊ ဖြတ်လမ်းကနေကြီးပွားလာတဲ့သူကို အသိအမှတ်ပြုရန် ခဲယဉ်းကြသည်။ထိုသူတွေကို ကိုယ့်တူကိုယ့်သား ကိုယ့်မိသားစုဝင်တွေ အားကျမှာကိုလည်း ကြောက်ကြသည်။ရင်းနှီးကျွမ်းဝင်မှာကိုလည်း မလိုလားကြပါဘူး။လွဲမှားတဲ့နည်းနဲ့ ကြီးပွားလာတဲ့သူတစ်ယောက် လူမှုပတ်ဝန်းကျင်မှာ လူရာဝင်လာတာ၊ လူလူသူသူနေရာပေးခံလာရတာ လူ့အဖွဲ့အစည်းအတွက် ဘယ်လောက်အန္တရာယ်များမှန်း လူကောင်းတွေသိကြသည်။ဒီလိုဖြတ်လမ်းကနေ နေရာယူလာသူတွေ၊ နေရာရလာသူတွေ၊ ကြီးပွားလာသူတွေ လူ့အဖွဲ့အစည်းမှာ နေရာရလာပါက ထိုလူ့အဖွဲ့အစည်းအဖို့ ကျဆုံးခန်းနီးစပ်လာခြင်းဖြစ်သည်။

ဘယ်အရာမဆို နည်းမှန်လမ်းမှန်လျှောက်လာခဲ့တဲ့သူ၊ စေတနာမှန်နှင့် တိုးတက်စေလိုသူ၊ တိုးတက်မှုကိုရှာခဲ့သူတိုင်း လိုချင်သည့်ရလဒ်ကို မရပါက ကိုယ့်မှာလိုအပ်ချက်ရှိလို့ဆိုသည့် သုံးသပ်ချက်သာရှိပြီး ကိုယ့်အရည်အသွေးလိုအပ်ချက်ကို ပိုပြီးပြည်စုံအောင် ကြိုးစားအားထုတ်ကြတာပဲရှိသည်။ကိုယ့်အရည်အချင်းနှင့် ထိုက်တန်စွာရထားသည့်သူအဖို့ ရထားသည့် နေရာ၊ ရပိုင်ခွင့်၊ အောင်မြင်မှုနှင့်ပတ်သက်ပြီး  စိုးရိမ်ကြောင့်ကြမှုဆိုတာ နည်းလှသည်။ဆိုလိုသည်က မာရသွန်ပြေးပွဲတွင် အစစ်အမှန်ချန်ပီယံတစ်ဦးအဖို့ ကိုယ့်အရည်အချင်းကိုယ်သိသလို လမ်းလျှောက်သမားတစ်ဦးအဖို့ ကိုယ်နေ့တိုင်းလျှောက်သည့် လမ်းအကွာအဝေးအတွက် စိုးရိမ်မှုမရှိသလိုပင်ဖြစ်သည်။

ဒီနေရာမှာ အရည်အချင်းမှန်ဖြင့် နည်းမှန်လမ်းမှန်ကြိုးစားခဲ့သူ၏ စဉ်းစားတွေးခေါ်ပုံနှင့် အလွယ်လိုက်ခဲ့သူ၏ စဉ်းစားတွေးခေါ်ပုံအကြား ကွဲပြားလှသည်။

အရာရာကို ကိုယ့်အရည်အချင်းအစစ်အမှန်နဲ့မဟုတ်ပဲ ဖြတ်လမ်းကနေရယူလာခဲ့တဲ့သူအဖို့ ကိုယ်လိုချင်သည့်အရာကိုရယူဖို့ နည်းမှန်လမ်းမှန်ကို မစဉ်းစားတတ်ကြပေ။သူတို့အမြဲစဉ်းစားတတ်ကြသည်က လိုချင်ရင် မတရားသည့်နည်းဖြင့်လုယူဖို့၊ မတရားသည့်နည်းဖြင့် ပြိုင်ဘက်ကို အပုပ်ချဖို့၊ ချောက်ချဖို့သာ စဉ်းစားကြသည်။နေရာကို မိမွေ ဖမွေလို စဉ်းစားတတ်ကြသည်။
ပြိုင်ဘက်အခက်တွေ့မှ သူတို့လိုချင်သည့် နေရာ၊ ဆုလာဘ်၊ ရာထူး ရမှာမို့ ဒီလိုယုတ်မာတဲ့လုပ်ရပ်ကိုသာ စဉ်းစားကြသည်ကို သမိုင်းစဉ်တစ်လျှောက် ပြန်ကြည့်လျှင် သိနိုင်မည်ဖြစ်သလို နေ့စဉ်လူနေမှုဘ၀ထဲ ပြန်ကြည့်လျှင်လည်း ထိုသို့သော စရိုက်ဓလေ့ရှိသည့် အချောင်သမားတွေကို တွေ့နိုင်မည်ဖြစ်သည်။ဖြတ်လမ်းသမားတွေဆိုတာ လိုချင်တဲ့အရာရဖို့ ပြိုင်ဘက်ကို ဘယ်လိုချောက်ချရမလဲဆိုတာကို အမြဲစဉ်းစားနေတတ်ကြတဲ့ သဘောသဘာဝရှိသည်။

ဓမ္မသဘောတရားအရ ဘယ်အရာမဆို လမ်းမှန်ကမ်းမှန်လျှောက်သူတွေအဖို့ အခက်အခဲတွေ အများကြီးရှိနိုင်သော်လည်း နောက်ဆုံး စေတနာမှန်သည့်သူသာ လိုချင်သည့်ပန်းတိုင်ကိုရောက်ကာ ဓမ္မက အဓမ္မကို အနိုင်ရသည့် သဘောရှိသည်။

ယခု ကျနော်တို့ ပတ်ဝန်းကျင်တွင်  တစ်ခါမှမကြုံဖူးတဲ့ အခြေအနေတွေကို တွေ့ကြုံနေရပြီဖြစ်သည်။သူတို့လိုချင်တဲ့အရာကိုမပေးရင် ဘီလူးသဘက်လို ခြောက်လှန့်သတ်ဖြတ်ဆက်ဆံတဲ့လူ အတော်များများကို တွေ့ နေရပြီဖြစ်သည်။ရှင်းရှင်းပြောရရင် အကြောက်တရားနဲ့ သူတို့လိုချင်တာကိုယူမယ့် အချောင်သမားတွေ များလာနေပြီကို တွေ့ရမည်ဖြစ်သည်။ဒါက ဖြတ်လမ်းနည်းနှင့် ကျနော်တို့၏စိတ်ဆန္ဒကို ခြောက်လှန့်ရယူကြခြင်းပင်ဖြစ်သည်။  

တစ်ကယ်က ဘယ်လိုသောအရာပဲဖြစ်ပါစေ မှန်ကန်တဲ့စေတနာနဲ့ အပြုသဘောချည်းကပ်ကြိုးစားရင် တစ်ချိန်မဟုတ် တစ်ချိန် ဒီအကျိုးကျေးဇူးကို ပြန်ရတာပဲဖြစ်ပါတယ်။အစောပိုင်းက အလွယ်ဆုံးဥပမာအဖြစ် ဘ၀ခရီးလမ်းတွင် တိုးတက်မှုရှာရာတွင် လူတွေကျင့်သုံးကြသည့် နည်းလမ်းများကို လမ်းလျှောက်ခြင်း၊ ပြေးခြင်းတွင် ကျင့်သုံးရသည့် မြင်သာ‌အောင် ဥပမာဖြင့် ပြဆိုခြင်းဖြစ်သည်။

ဘယ်သူမဆို ကိုယ်စိုက်ပျိုးသည့်အပင်ကို ကိုယ်ရိတ်သိမ်းရမည်သာဖြစ်သည်။ကိုယ်လျှောက်ခဲ့သည့်လမ်းက ဘယ်လိုလျှောက်လာခဲ့သလဲဆိုတာ၊ ကိုယ်ရခဲ့သည့်ရလဒ်က ကိုယ်ဘယ်လိုယူလာခဲ့သလဲဆိုတာ ကိုယ်အသိဆုံးပင်ဖြစ်သည်။ကိုယ့်လမ်းအတွက် ဘယ်သူတွေကိုချနင်းပြီး ဘယ်သူ့မျက်ရည်တွေကို ဖိနှိပ်နင်းချေပြီး လျှောက်ခဲ့သလဲဆိုတာ ကိုယ်ပန်းဝင်သည့်အခါ၊ ဘ၀နေဝင်နိဂုံးချုပ်သည့်အခါ ကိုယ်ရရှိသည့်အောင်မြင်မှုကိုပင် မခံစားနိုင်လောက်အောင် နောင်တအသိတရားဖြင့် တမြေ့မြေ့ခံစားရမည်။

ထိုအဖြစ်က ဘယ်လောက်တောင်ဆိုးဝါးသလဲဆိုတာ သံသရာနှင့်ယှဉ်ကာ အသိရစေလိုပါသည်။

နောက်လူတို့ ပြင်စေလိုပါသည်။

မောင်ဦးလွင်
အောက်တိုဘာ - ၆