【 ဆောင်းပါး 】 “လူ့မနော”

【 ဆောင်းပါး 】 “လူ့မနော”

လောကကို အလှဆင်နိုင်တာ လူသားတွေဖြစ်သလို လောကအလှကို ဖျက်ဆီးနိုင်တာလည်း လူသားတွေပါပဲ။

လူတွေအလှဆင်ခဲ့၍လည်း ကမ္ဘာလောကကြီးတစ်ခုလုံး ပြောင်းလဲတိုးတက်လာတာကို သိသိသာသာမြင်တွေ့နေရပါသည်။တစ်ချိန်တည်းမှာပဲ လူတို့သည် တစ်ယောက်နှင့် တစ်ယောက် တစ်အုပ်စုနှင့် တစ်အုပ်စု ပဋိပက္ခဖြစ်၍ ကမ္ဘာလောကကြီး အကျည်းတန်လာသည်ကိုလည်းကြုံတွေ့ နေရပါသည်။

လူသားတွေကြောင့် လောကကြီးတိုးတက်လာသည်နှင့်အမျှ ထိုလူသားတွေကြောင့်ပင် လောကကြီးဆုတ်ယုတ်လာသည်။အတတ်ပညာနှင့် ရုပ်ဝတ္ထုများ တိုးတက်လာသည့်အချိန်မှာပင် အသိပညာနှင့်စိတ်ဓာတ်များ ဆုတ်ယုတ်လာခြင်းဖြစ်သည်။

အတတ်ပညာနှင့် အသိပညာသည် ပြောင်းပြန်အချိုးကျနေသလို ရုပ်ဝတ္ထုနှင့် စိတ်ဓာတ်သည်လည်း ပြောင်းပြန်အချိုးကျနေလေသည်။

တကယ်တော့ ကောင်းလိုက် ဆိုးလိုက် ဖြစ်နေတာက လူသားတို့၏စိတ်ကြောင့်ပါ။လူ့ခန္ဓာတစ်ခုလုံးက စိတ်စေခိုင်းသည့်အတိုင်း လှုပ်ရှားနေရတာပါ။သည်စိတ်ကိုခွဲခြားကြည့်လျှင်လည်း အဓိကနှစ်ခုပဲရှိသည်။ကောင်းစိတ်နှင့် မကောင်းစိတ်ပါ။စိတ်ကောင်းဝင်နေချိန်တွင် ကောင်းတာ မှန်တာ လုပ်မည်။စိတ်ဆိုးဝင်နေချိန်တွင် မကောင်းတာ မမှန်တာ လုပ်မည်။တစ်ခါ အကြောင်းအကျိုး ဆင်ခြင်ကြည့်ပါက အတွေးကောင်းလျှင် စိတ်ကောင်းဝင်မည်။အတွေးဆိုးလျှင် စိတ်ဆိုးဝင်မည်။ထပ်ဆင့် ဆင်ခြင်ကြည့်ပါက အသိရှိလျှင် အတွေးကောင်းမည်။အသိမရှိလျှင် အတွေးဆိုးမည်။

အတွေးဆိုးတွေထဲတွင် အရည်မရအဖတ်မရ အကုသိုလ် မသိစိတ်ကြီးတစ်ခုရှိပါသည်။မနာလိုစိတ်ဖြစ်ပါသည်။ပါဠိလိုပြောလျှင် ဣဿာပါ။အင်္ဂလိပ်လိုပြောလျှင်တော့ envy ပါ။ Envy ကို အင်္ဂလိပ်တွေက A feeling of discontent at another’s good fortune or success: အခြားသူတစ်ယောက်၏ ကောင်းသောကံကြမ္မာ ကောင်းသောအောင်မြင်မှုအပေါ် မကျေနပ်သည့် စိတ်ခံစားမှုဟု အဓိပ္ပါယ်ဖွင့်ထားပါသည်။

သူတစ်ပါးကောင်းစားနေတာကို မကြည့်လို မကြားလိုသော မနာလိုစိတ်ပါ။

သူ့ဘဝနှင့်သူ ကိုယ့်ဘဝနှင့်ကိုယ် နေကြသူချင်း သူရုပ်ချောတာ သူပညာတတ်တာ  သူထင်ပေါ်ကျော်ကြားတာ သူကောင်းစားတာ သူ့ဘဝသူ့အကြောင်းဖြစ်၍ ကိုယ်နှင့်ဘာမှမဆိုင်ပါ။သူ့လိုဖြစ်အောင် ကိုယ်လည်းကြိုးစားခွင့်ရှိတာပါ။သို့သော်လည်း ထိုအမှန်တရားကို မျက်ကွယ်ပြု၍ သူ့ကို မြင်တိုင်း သူ့သတင်းကြားတိုင်း မကျေမနပ်ဖြစ်ကာ မနာလိုစိတ်ဝင်လာသည်။မနာလိုစိတ်က တစ်နေ့တခြား ကြီးထွားလာကာ သူ့ကိုအနှောင့်အယှက်ပေးရန် ဒုက္ခရောက်အောင် ကြံစည်လာတတ်သည်။ဖြစ်နိုင်လျှင် သူ့ကိုသတ်ပစ်ချင်လောက်သည်အထိ စိတ်ရိုင်းစိတ်မိုက်ကြီးက အချိန်ပြည့်စိုးမိုးလာတတ်ပါသည်။

ထိုမနာလိုစိတ်သည် မိတ်ဆွေသူငယ်ချင်းခင်မင်မှုကို ပျက်စီးစေပါသည်။မိသားစုပြိုကွဲစေပါသည်။နိုင်ငံပျက်စီးစေပါသည်။ကမ္ဘာလောကကြီးတစ်ခုလုံး ပျက်စီးစေနိုင်ပါသည်။

ဂေါတမဘုရားရှင် ပွင့်တော်မူသောအချိန်ကဖြစ်၏။သာဝတ္ထိပြည်တွင် ကောသလမင်းကြီး အုပ်ချုပ်သည်။ကောသလမင်းကြီးထံတွင် ခစားသော ပုရောဟိတ်ပုဏ္ဏားကြီး၏သားသည် အဟိံသက ဖြစ်သည်။အဟိံသက အရွယ်ရောက်လာသောအခါ ပုဏ္ဏားကြီးက သားဖြစ်သူကို တက္ကသိုလ်သို့စေလွှတ်ကာ ဒိသာပါမောက္ခ ဆရာကြီးထံမှာ အတတ်ပညာများသင်စေသည်။

အဟိံသကသည် ဉာဏ်ကလည်းကောင်း လူကလည်းသန်မာသူဖြစ်သောကြောင့် စာပေပညာရော အတိုက်အခိုက်ပညာများပါ ကျွမ်းကျင်စွာတတ်မြောက်သည်။သူ့အလျင်ရောက်သူတွေရော သူနှင့်အတူ ရောက်သူတွေရော ကျောင်းသားအားလုံးတွင် သူ့ကိုမီသူတစ်ယောက်မျှမရှိအောင် ထူးချွန်လေသည်။ဆရာကြီးကလည်း သူ့ကိုများစွာဂုဏ်ယူပြီး သားသမီးအရင်းနှင့်မခြား အလေးထားဆက်ဆံသည်။

ပညာသင်ချိန် ပြင်ပအချိန်များတွင်လည်း အလကားမနေပဲ ဆရာကြီးမိသားစု၏ အိမ်မှုကိစ္စများကိုလည်း ဝင်ရောက်ကူညီလုပ်ကိုင်ပေးတတ်သည်။ထို့ကြောင့်လည်း ဆရာကြီးတင်မက ဆရာကတော်နှင့် သားသမီးများကပါ သူ့ကိုအထူးချစ်ခင်ကြသည်။

သည်တွင် လူမှုရေးရော ပညာရေးပါထူးချွန်သော အဟိံသကအပေါ် ဆရာကြီးက အထူးအရေးပေးနေတာကို ကျန်ကျောင်းသားအများစုက မနာလိုမရှုစိမ့်ဖြစ်ကြတော့သည်။သူတို့သည် အဟိံသကအပေါ်ထားသည့် ဆရာကြီး၏ သဘောထားပြောင်းပြီး လုံးဝကြည့်မရအောင် မုန်းတီးသွားစေရန် အမျိုးမျိုးအကြံထုတ်ကြတော့သည်။

ပညာကလည်းတော် လိမ္မာရေးခြားကလည်းရှိ ဆရာကြီးမိသားစုနှင့်လည်းချစ်ခင်ဆိုတော့ အကြံအစည်ကို အလွယ်တကူမရကြပေ။သို့သော်လည်း နောက်ဆုံးတွင် ယုတ်မာသောအကြံတစ်ခုကို စဉ်းစားမိကြသည်။

အဟိံသကသည် ဆရာကြီး၏မိသားစုနှင့် ရင်းရင်းနှီးနှီးနေတတ်သူဖြစ်သဖြင့် ထိုအခြေအနေကိုအသုံးချရန် အကြံရသွားခြင်းဖြစ်သည်။

သူနှင့် ဆရာကတော် တရင်းတနှီးနေတာကို ထောက်ပြကာ အဟိံသကသည် ဆရာ ကတော်ကို ကြံစည်နေကြောင်း ချောက်တွန်းကြဖို့ဖြစ်သည်။သည်လိုနှင့် သူတို့အားလုံးထဲက အုပ်စုသုံးအုပ်စုခွဲ လိုက်ပြီး တစ်အုပ်စုချင်းက အဟိံသကသည် ဆရာကတော်နှင့် ရင်းနှီးတာကို အခွင့်ကောင်းယူ၍ ဆရာကတော်ကို သားမယားပြုရန် ကြိုးစားနေကြောင်း တစ်စုပြီး တစ်စု ဆရာကြီးကို အလှည့်ကျတိုင်ကြသည်။

ပထမတော့ ဆရာကြီးက မယုံကြည်သော်လည်း အကြိမ်ကြိမ်ပြောလာကြသောအခါ ဆရာကြီးယုံကြည်သွားလေသည်။

ဆရာကြီးလည်း အဟိံသက ကို သတ်ချင်လောက်အောင် မုန်းတီးသွားသော်လည်း ဆရာဆိုသော ဂုဏ်သိက္ခာကို ထိန်းရသေးသဖြင့် ကိုယ်တိုင်သတ်၍မဖြစ်ကြောင်း ဆင်ခြင်မိသည်။ထို့ကြောင့် လူတကာကပါမုန်တီးပြီး ဝိုင်းသတ်ကြစေရန် အကြံတစ်ခုရသည်။

အဟိံသက ကို ခေါ်ကာ ပညာကြိုးစားသောတပည့်ဖြစ်၍ ပညာကုန်ပေးလိုကြောင်း သို့သော် ဆရာ့ကို အထူးသဖြင့်ပူဇော်မှုကြီးလုပ်ရမည်ဖြစ်ကြောင်းပြောသည်။

အဟိံသက ကလည်း ဆရာကြီးအလိုရှိတာပြောပါ သူပူဇော်ပါမည်ဟုပြန်ပြောသည်။လူ့လက်ညှိုးတစ်ထောင်နှင့် ဆရာ့ကို ပူဇော်ရမည်ဖြစ်ကြောင်းပြောရာ အဟိံသက က သဘောတူပြီး ထိုနေ့မှစ၍ လက်ညှိုးတစ်ထောင် လိုက်ဖြတ်ပါတော့သည်။

ပထမဖြတ်၍ရသည့် လက်ညှိုးများကို သေချာမစုစည်းနိုင်ခဲ့သဖြင့် အပျောက်အရှ အလေအလွင့်ဖြစ်ကုန်သည်။နောက်ဆုံးတွင် ဖြတ်ပြီးသော လက်ညှိုးများကို ကြိုးနှင့်သီကာ လည်မှာဆွဲထားလေသည်။လက်ညှိုးများကို ပန်းသဖွယ် ကြိုးနှင့်သီ၍ လည်မှာဆွဲထားသောကြောင့် အင်္ဂုလိမာလဟု အမည်တွင်လေတော့သည်။

လူတိုင်းက အင်္ဂုလိမာလ ကို သတ်ပစ်ချင်လောက်အောင် မုန်းတီးကြသော်လည်း အင်္ဂုလိမာလ၏ သန်စွမ်းမှု လျင်မြန်မှု ရက်စက်မှုတို့ကြောင့် မိအောင်မဖမ်းနိုင်ကြပေ။နောက်ဆုံးတွင် ဘုရင်ကြီးက သူ၏စစ်သည်များကို စေလွှတ်ကာ အင်္ဂုလိမာလ ကို ဖမ်းခိုင်းတော့သည်။မိခင်ပုဏ္ဏားမကြီးက သားအတွက်စိုးရိမ်ပူပန်ကာ ခင်ပွန်းသည် ပုဏ္ဏားကြီးတားနေသည့်ကြားမှ သားကိုသတိပေးရန် သားရှိရာတောအုပ်သို့ တစ်ယောက်တည်းလိုက်သွားလေသည်။

ထိုအချိန်တွင် အင်္ဂုလိမာလကလည်း လက်ညှိုးပေါင်းတစ်ထောင်ပြည့်ရန် လူတစ်ယောက်သာလိုတော့သဖြင့် မိခင်ကိုပင်မညှာတာနိုင်တော့ဘဲ လက်ညှိုးဖြတ်မည်ပြုသည်။ထိုစဉ်မှာပင် ဘုရားရှင်ရောက်လာပြီး သားအမိနှစ်ယောက်ကြားမှာ ဝင်ရပ်သည်။သည်တော့မှ အင်္ဂုလိမာလလည်း မိခင်ကိုယ်စား လက်ညှိုးဖြတ်ရမည့်သူပေါ်လာ၍ အားရဝမ်းသာ ဘုရားရှင်နောက်သို့ အပြေးလိုက်လေတော့သည်။သူ့စွမ်းအားတွေအကုန်သုံး၍လိုက်သော်လည်း ဘုရားရှင်ကို မမီနိုင်ပဲ မောပန်းနွမ်းနယ်ပြီး ခြေကုန်လက်ပမ်းကျချိန်တွင်မှ ဘုရားရှင်က သူ့ကိုတရားဟောသည်။

အင်္ဂုလိမာလလည်း ဘုရားရှင်၏ တရားကို နာယူပြီးနောက် အသိတရားရသွားကာ ဘုရားရှင်ထံမှာ ရဟန်းပြုလေတော့သည်။

သည်အဖြစ်အပျက်အပေါ် သုံးသပ်ကြည့်လျှင် မိခင်ပုဏ္ဏားမကြီးနှင့် ဘုရားရှင်ကတော့ အနှိုင်းမဲ့မေတ္တာရှင်များဖြစ်နေ၍ မဝေဖန်လိုတော့ပါ။

ဆရာကြီးသည် ဆရာတစ်ယောက်ဖြစ်ပါလျက်နှင့် အကြောင်းအရာတစ်ခုအပေါ် သေသေချာချာတွေးခေါ် ဆင်ခြင်ခြင်းမရှိပဲ အပြစ်မဲ့တပည့်အပေါ် သံသယဝင်ခဲ့သည်။ဆရာတစ်ယောက်အနေနှင့် ကြီးသည့်အမှုကိုသေးအောင် သေးသည့်အမှုကို ပပျောက်အောင် လုပ်ဆောင်သင့်သော်လည်း သေးသည့်အမှုကို မကြီးကြီးအောင်လုပ်ခဲ့သည်။သူကိုယ်တိုင်မသတ်ပဲ ပရိယာယ်ဆင်ကာ တပည့်ကို လူအများက မုန်းတီးရွံရှာကာ သတ်ဖြစ်ရန် ကြံစည်ခဲ့သည်။

အဟိံသက ကိုယ်တိုင်ကလည်း စဉ်းစားဆင်ခြင်မှုမရှိပဲ လက်ညှိုးများ လိုက်ဖြတ်ခဲ့သည်။

အတတ်ပညာတစ်ခုအတွက် မဆုတ်မနစ်ကြိုးစားသည်က ကောင်းမွန်သော်လည်း ကိုယ်လုပ်သည့် လုပ်ရပ်တစ်ခုသည် သူများအသက်တွေ သူများဘဝတွေ နစ်နာမည်ကို ဆင်ခြင်စဉ်းစားမှုမရှိခြင်း ဆရာကခိုင်းသော်လည်း လုပ်သင့်၊ မလုပ်သင့် မချင့်ချိန်နိုင်ခြင်းတို့က သူ၏အားနည်းချက်ပင်ဖြစ်သည်။

ပြဿနာ၏အစကတော့ အဟိံသက၏ စာသင်ဖက်သူငယ်ချင်းများဖြစ်သည်။သူတို့သည် အဟိံသက က အစစအရာရာ သူတို့ထက်သာနေသောကြောင့် အဟိံသကအပေါ် မနာလိုဖြစ်ကြသည်။တကယ်ဆို ကိုယ့်ဘဝအတွက် ကိုယ်တိုင်ကြိုးစားရမှာဖြစ်သည်။သာမန်တော်ချင်လျှင် သာမန်ကြိုးစား၍ ထူးထူးချွန်ချွန်တော်ချင်လျှင် ထူးထူးချွန်ချွန်ကြိုးစားရမှာဖြစ်သည်။ကိုယ်တိုင်က ထူးချွန်အောင်မကြိုးစားပဲ သူ့ဘာသာသူကြိုးစား၍ သူ့ဘာသာသူထူးချွန်နေသောသူတစ်ယောက်ကို ကိုယ့်ထက်သာ မနာလိုဖြစ်ပြီး ဉာဏ်နီဉာဏ်နက်သုံးကာ ချောက်တွန်းတတ်သည့် စိတ်ဓာတ်ကတော့ အတော်အောက်တန်းကျပြီး လူမဆန်လွန်းလှပေသည်။

အဟိံသက၏ သူငယ်ချင်းများသည် သူတို့ထက်ထူးချွန်သော သူငယ်ချင်း အဟိံသကအတွက် အားကျစိတ် ဂုဏ်ယူစိတ် ဝမ်းသာပီတိစိတ်သာ ထားရှိမည်ဆိုလျှင် သူတို့လည်းအကုသိုလ်မဖြစ် ဆရာကြီးလည်း စိတ်ပင်ပန်း လူပင်ပန်း ကြံစည်ရန်မလိုသည့်အတွက် အကုသိုလ်မဖြစ်တော့။

အဟိံသကလည်း လူဆိုးကြီးမဖြစ်ပဲ သူငယ်ချင်းများ ဆရာတပည့်များ ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားနေကြရမည်ဖြစ်သည်။

လူသားတိုင်းသာ သူတစ်ပါးကောင်းစားတာကို မနာလိုမရှုစိမ့်သော ဣဿာစိတ်မထားပဲ သူတစ်ပါးကောင်းစားတာကို ဝမ်းမြောက်ပီတိဖြစ်သော မုဒိတာစိတ်ထားကြမည်ဆိုလျှင် ကမ္ဘာလောက ကြီး ငြိမ်းချမ်းသာယာကာ တကယ်ပျော်ရွှင်စရာကမ္ဘာကြီး Real Happy World ဖြစ်လာပေမည်။

ရိုက်မောင်း
အောက်တိုဘာ - ၅