【 ဆောင်းပါး 】 “ ဘဲဥတစ်ခြမ်း….ခေတ်”

【 ဆောင်းပါး 】 “ ဘဲဥတစ်ခြမ်း….ခေတ်” 

ငယ်ငယ်တုန်းက ထမင်းစားသည့်အခါ ဘဲဥချက်သည့်နေ့တွေဆို ကျနော် အရမ်းပျော်သည်။ ကြီးဒေါ်က ဘဲဥကို ပြုတ်ပြီဆိုလျှင် ကျနော်တို့က ဘေးကနေ အခွံခွာပြီး ထက်ခြမ်းခြမ်းဖို့ အပ်ချည်ကြိုးဖြင့် အသင့်။ အမေက အပြင်ထွက်အလုပ်လုပ်သဖြင့် အိမ်မှာ အဘွား၊ ကြီးဒေါ်တွေနှင့်သာအချိန်ပြည့်နေရသည့် ကျနော်တို့မှာ အိမ်၏ စားရေးသောက်ရေးချက်ရေးပြုတ်ရေးကို တာဝန်ယူထားသည့် စည်းကမ်းကြီးသည့် ကြီးဒေါ်ဆီမှာ ဘာစားစား ခွဲတမ်းနှင့်သာ စားရသည်။ အိမ်ဝင်ငွေကလည်း အမေ့ဝင်ငွေတစ်ခုသာရှိသဖြင့် ထိုသို့  ခြစ်ခြစ်ခြုတ်ခြုတ် ထမင်းနပ်မှန်အောင် ကြီးဒေါ်မှာ အတော်လေးစီမံနေရကြောင်း ကျနော်တို့မသိ။ ကလေးစိတ်နှင့် ကိုယ်စားချင်တာ ပူဆာ လို့ မရသည့်အခါ ကြီးဒေါ်ကို မကျေနပ်ဘဲ ငါ့အမေရှာတာကို သူက လာပြီးတွန့်တိုနေတယ်ဟု စိတ်ကထင်မိသည်။ နောင်အသက်ရလာသည့်အခါမှသာ အမေတို့ ကြီးဒေါ်တို့ ဒုက္ခကို သနားမိသည်။ 
 
 
ဆိုကြဦးစို့။ ဘဲဥချဉ်ဟင်းဆိုလျှင် ကြီးဒေါ်ချက်တာကိုသာ စားရတာ ထိမိသည်။ ကြီးဒေါ်က ဘဲဥချဉ်ဟင်း ချက်သည့်နေ့ဆို ဟင်းရည်များများရရန် အနှစ်အတွက် ကြက်သွန်ကိုများများထည့်သည်။ ဒီတော့ ငရုပ်သီးထောင်း ဖို့ဆို ဘယ်သူမှ မထောင်းချင်။ ဒီတော့ နောက်ဆုံးကြီးဒေါ်သာ ထောင်းရတာများသည်။ ကြီးဒေါ်က ပြုတ်ပြီးထက် ခြမ်းခြမ်းထားသည့် ဘဲဥကို ဆီဖြင့် ဘဲဥခြမ်းကျက်သည် ဆိုရုံလေးကြော်၊ပြီးတော့ ထိုကြော်ထားသည့် ဆီကျန်နှင့် ငရုတ်သီးကို ဆီသတ်သည်။ နောက် ဆီသပ်ထားသည့်အထဲ မန်ကျည်းသီးရေလေးထည့်ကာ ကြော်ရုံဆိုလေး ဘဲဥများထည့်ကာ လုံးချက်ပြီး ဟင်းရေပွက်ပွက်ဆူလာသည့်အခါ မဆလာကို အုပ်သည်။ထိုအခါ ထွက်လာသည့် ဘဲဥ ချဉ်ရည်ဟင်းအနံက ဆွဲဆောင်အားကြီးလှသဖြင့် ကျောင်းကပြန်လာသည့် နေ့မျိုး ဘဲဥချဉ်ဟင်းချက်တာမျိုး ကြုံရပါက ကျနော်တို့တတွေ လွယ်အိတ်ပစ်ချပြီး ရေမချိုးနိုင် ထမင်း၀ိုင်းပြေးရသည်အထိပင်။
 
ကျနော်တို့ငယ်စဉ်က စားခဲ့ရသည့် ဘဲဥကို အတော်ပင်ကြီးသည်ဟု ထိုတုန်းကထင်မိသည်။ ပြီးတော့ စားရသည်မှာလည်း တစ်ခြမ်းသာ။ မနက်တစ်ခြမ်း ညနေ တစ်ခြမ်း။ ဒါတောင် ဘဲဥတစ်ခြမ်းဖြင့် ထမင်းသုံးပန်းကန်လောက် အသာလေးကုန်သည်။ စားပုံမှာ ဒီလိုဖြစ်သည်။  ဘဲဥချဉ်ရည်ဖြင့် တစ်ပန်းကန်၊ ဘဲဥအနှစ်ဖြင့် တစ် ပန်းကန် ၊ နောက်ဘဲဥ အကာဖြင့် နောက်ဆုံးသုံးကန်ကန်မြောက်။ ဒီလိုစားလို့ရခဲ့သည်။ ဒါတောင် ဘဲဥချည်ရည် လေးအပိုရလျှင် နောက်ထပ် စားလို့ရနိုင်သေးသည်ဟု ထင်မိသည်။ စိတ်ထဲ ဘဲဥချဉ်ရည်ဟင်းဖြင့် စားရသည့် နေ့ဆို  အာသီသမပြည့်သဖြင့် လက်မှာ စွဲနေသည့် မဆလာနံ့နှင့် မန်ကျည်းနံ့သင်းနေသည့် ဘဲဥချဉ်ရည်ဟင်းအနံ့ ကို တခါတခါ နမ်းသည့်အထိပင်။ 
 
ယခုအသက်ကြီး လာသည့်အခါ ငယ်ငယ်က ကြီးဒေါ်ချက်သည့် ဘဲဥချဉ်ဟင်းမျိုး စားချင်မိသည်။ ထိုတုန်းက ချက်ပေးခဲ့သည့် ကြီးတော်မှာ ဆုံးပါးသွားသည်မှာ နှစ်ပေါင်းပင် ၃၀ မကတော့။ ပြီးတော့ ယခုဘဲဥတွေက ယခင်ကလိုမျိုး မနူးညံ့။ပါးစပ်ထဲသိပ် အရသာမတွေ့သလို ကိုယ်တွေ အသက်ကလည်းနည်းသည့်အရွယ် မဟုတ်တော့တာမို့  အရသာခံစားသည့် အာရုံတွေက ငယ်စဉ်ကလို မကောင်းတာများလို့ တွေးမိသည်။ 
 
ငယ်စဉ်ကတော့ ငါသာကြီးလာလို့ အလုပ်ရလာရင် ဘဲဥချဉ်ရည်ဟင်းချက်ပြီး အ၀စားမယ်ဆိုပြီး စိတ်ထဲ တွေးမိခဲ့တာရှိခဲ့သည်။ သို့သော်ကြီးပြင်းလာသည့်အခါ လုပ်တေ့မလုပ်ဖြစ်။ ထိုငယ်စဉ်တုန်းက စိတ်ကူးကို ပြန်တွေးမိပြီး သဘောကျမိသည်။ သို့သော် မစားဖြစ်။ ရှေးလူကြီးတွေ ဆိုသလို “ပါးစပ်အကျင့် ဝမ်းအချင့် ”ဆိုသလို ကိုယ်အိမ်ထောင်နှင့် ကိုယ်နေရသည့်အခါမှာတောင် ဘဲဥချဉ်ဟင်းချက်သည့်အခါများမှာ ဘဲဥတစ်ခြမ်းလောက်နှင့်  ပြီးပြီးသွားတတ်သည်။ ဒီတော့မှ ငါတို့ကြီးဒေါ်က ငါတို့ကိုပါးစပ်စည်းကမ်းရှိအောင်ပါ လုပ်ပေးလိုက်တာပါလားဟု ကျေးဇူးတင်မိ သည်။ 
 
ဝန်ထမ်းဘ၀ သင်တန်းတွေ တတ်ရသည့်အခါ တစ်လကိုးသီတင်းဆိုသလို အနည်းဆုံး သုံးလခြောက်လ ကြာနေရသည့်အခါတွေရှိသည်။ ထိုအခါများတွင် နေ့တိုင်းစားရသည်က သင်တန်းကန်တင်းမှာရှိသည့် အစားအသောက်တွေသာ။ ဝန်ကြီးဌာနက ချထားပေးသည့် ဘတ်ဂျတ်နှင့် ကိုက်အောင် ကျွေးမွေးရသလို တာဝန်ခံကလည်း သူအတွက်ကျန်အောင် ကျွေးသဖြင့် ပုံမှန်အားဖြင့်  မနက်ဆို ထမင်းကြော်နှင့် ငါးမွေထိုးလက်ညှိုးလောက် တစ်ကောင်က ပုံမှန်၊ နေ့လယ်စာဆို ငါးခြောက်နှင့်အာလူးဟင်းတစ်ခွက်၊ပဲတစ်ခွက်၊ညနေဆို ကြက်ဥကြော်၊ ဘဲဥချည်ရည်ဟင်း၊ ငါးနှင့် ဘူးသီးချဉ်ရည်ဟင်း၊။ဒါကို မနက်ည ပြောင်းချက်။စနေ၊တနင်္ဂနွေဆို အပြင်ထွက်ကြ၊ တချို့ကလည်း သင်တန်းနှင့် အိမ်မှာ မြို့တွေနီးသည်မို့ ခဏပြန်ကျမို့ ထို့နေ့တွေဆို ဟိုဘက်ဒီဘက်မြင်ရ လောက်သည့် အမဲသားတုံး ၃ တုံးနှင့် အာလူး၊တခါတလေ ကြက်သားနှင့် ဘူသီး။ဒီလိုကျွေးသည်။ 
 
ထိုအခါ ပါးစပ်အကျင့်ဖြစ်နေသည့် ကျနော်အတွက် သိပ်ပြီး မခက်ဘဲစားလို့ရသည်။ တချို့ကတော့ အိမ် ကယူလာသည့် ဟင်းတွေ၊ စားရတာ မတင်းတိမ်လို့ အပြင်ကနေ ဝယ်စားကျတာလည်းရှိကျသည်။ တခါသော် ကန်တင်းမှာ သင်တန်းသားတစ်ယောက်က ဟင်းခွက်ကို နှစ်ခွက်ယူစားသဖြင့် ထမင်းချက်သည့် အမျိုးသမီး ဝန်ထမ်း ထို့နေ့က သူကိုယ်တာကို ဖြည့်စွက်ကာ သင်တန်းသားအစား ပြန်ဖြည့်ပေးရသည့် ဖြစ်ရပ်တစ်ခု ကြုံရသည်လည်း မှတ်မှတ်ရရ ကြုံခဲ့ရတာရှိခဲ့သည်။ ဒီလို ကန်တင်းက ဟင်းမလောက်သဖြင့် မသိမသာပိုယူပြီးစားရသည် အထိ ၁၉၈၀ ကျော်ကာလတွေက စားရေးသောက်ရေးအတော်ကို ခက်ခဲလှသည်။ 
 
ကျနော်တို့ငယ်စဉ်က အစားအသောက်က ရှားပါးလှသည်။ တစ်လလုံးနေလို့ လမ်းထဲ ကြက်သား တစ်ခါလောက် ချက်စားနိုင်သည့်အိမ်က ရှားလှသည်။ ယခုခေတ်မှာလို့ မွေးမြူရေးကြက်တွေ၊ စီပီကြက်တွေမွေးကြသည်မဟုတ်ဘဲ မြန်မာကြက်စစ်စစ်သာ တစ်ပိုင်တစ်နိုင်မွေးကြသည့်အတွက် အသားစားနိုင်သည့်လူတန်းစားက အောက်ခြေပြည်သူထဲ အတော်ကိုရှားပြီး လူတန်းစားတစ်ရပ်သာ ဖောဖောသီသီစားနိုင်ကြသည့် ခေတ်ဖြစ်သည်။  ရပ်ထဲရွာထဲ ဆီသပ်နိုင်သည်ဆိုလျှင်ပင် အတော့်ကို ဘေးအိမ်တွေက အထင်ကြီးနေရသည့် ခေတ်ပင် ဖြစ်သည်။ 
 
ထိုခေတ်က ဆန်ဆိုလျှင်လည်း ယနေ့ခေတ်လို ကိုယ်ကြိုက်တာ ကိုယ်ဝယ်လို့ရသည့်ခေတ်မဟုတ်။ ပြည်သူဆိုင်ကပေးသည့် ဆန်ကိုသာ စားရသည်။ မစားနိုင်လို့ အပြင်ကဝယ်စားမည်ဆိုလျှင်လည်း ဆန်ကို တောသည်တွေဆီကနေ ခိုးဝယ်ရသည်။တောသည်တွေမှာလည်း ဆန်ကို ပေါ်တင်မရောင်းရဲ။ တာဝန်ကျေ စပါးသွင်းရတာနှင့် နယ်ကျော်မသယ်ရတာနှင့်။ ဆန်ကောင်းကို စားရခဲသည်။တခါတလေ ကောက်ညှင်းဆန်အိတ်ထဲ ဆန်ကောင်းကို အထဲကနေ အိတ်သပ်သပ်ထည့်ပြီး ညှပ်သယ်ရတာတွေလည်း ကျနော်တို့ ငယ်စဉ်က ရှိခဲ့သည်။
 
ပြည်သူဆိုင်တွေဆိုတာ ထိုခေတ်က နေရာကောင်း၊ဂွင်ကောင်းလို့ဆိုနိုင်သည့် အစိုးရအလုပ်တွေ။ ဆန်ဆို သ/မဆိုင်တွေကနေ ထုတ်ရသည်။ စာအုပ်နှင့်။ တစ်လကို လူတစ်ယောက်လေးပြည်လားမသိ။ရသည်။ ရသည့် ဆန်တွေက အများအားဖြင့် ငစိန်ဆန် နီကျင့်ကျင့်တွေ။ အမေ့သူငယ်ချင်းက သ/မဆိုင်မှာ စာရေးမ ဝင်လုပ်နေသဖြင့် ဧည်မထ၊ မီးဒုံးဆိုသည့် ဆန်အတန်ငယ်ကောင်းသည့် ဆန်အိတ်တွေ ဖောက်မည့်နေ့ဆို အမေကို အသိပေးသည်။ ထို့နေ့ဆို ကျနော်တို့ ညီအစ်ကိုမှာ ဆန်ကို သ/မဆိုင်မှာ သွားတန်းစီပြီး ထုတ်ရသည်။ ဆန်ထုတ်သည့် နေ့ ဆို သ/မဆိုင်မှာ ယနေ့ခေတ် ATM တန်းစီသလိုပင် ကြိတ်ကြိတ်တိုး။ သ/မစာအုပ်ထပ်ထားပြီး နာမည်အော်ခေါ် လို့ မကြားလို့ မထူးမိတာ၊ မကြားမိတာ ၊တခြားခဏရောက်နေမိလျှင် စာအုပ်လွှတ်ပစ်ခံရသည့်အထိ ဆိုင်ဝန်ထမ်း တွေက မောက်မာရိုင်းစိုင်းကြသည်။ထိုလိုခေတ်မျိုး။ 
 
ထိုချိန်က ယနေ့ခေတ်လို လျှပ်စစ်မီးရှိသည်အိမ်က ရှားသည်။ လျှပ်စစ်မီးနှင့် ထမင်းဟင်း ချက်သည်ကို ကျနော်အလယ်တန်းတက်မှ မြင်ဘူးသည်။ ထိုစဉ်က အသုံးများတာ ရေနံဆီမီးဖို။ ရေနံဆီကို သ/မဆိုင်ကနေ လက်တွန်းလှည်းဖြင့် လမ်းအလိုက်၊ ရွာအလိုက် ၊ရပ်ကွက်အလိုက် အလှည့်ကျလာရောင်းပေးသည့် ရေနံဆီလက်တွန်းလှည်းကနေ တန်းစီပြီးထုတ်ရသည်။ ရေနံဆီလက်တွန်းလှည်းဆိုသည်မှာ ယနေ့ခေတ် ရေစည်တွန်းလှည်း လိုပင်။ ရေနံဆီထုတ်ရန်တိုကင်မှာ ဆိုက်ကားဂိတ်တွင် ချိတ်လေ့ရှိသည့် အပေါက်လေးပါသည့် သံပြား အသေး လေးဖြစ်ပြီး ကိုယ်တိုကင်ပျောက်လို့ ရန်တွေဖြစ်ကြနှင့် ပြန်တွေးကြည့်လျှင် ပျော်စရာဆိုသော်လည်းထိုစဉ်က ညဘက် ရေနံဆီမရှိပါက မီးထွန်းလို့မရသဖြင့် စိတ်ပျက်စရာ စိတ်ရှုပ်စရာပင် ။
 
ထိုသို့သော အရာရာကျပ်တည်းသော ခေတ်တွင် ကျနော်တို့ ကြီးပြင်းလာရသဖြင့် ဘယ်အရာမဆို အလဟဿ ပြုန်းတီးအောင် မလုပ်ဝံ့ကြ။ ဆီဆိုလည်း တစ်စက်ကအစ၊ထင်းဆိုလည်း အုန်းလက်ခြောက်ကအစ တန်ဖိုးရှိပြီး သိမ်းဆည်းသိုလှောင်ရသလို နေ့စဉ်အဓိကအားထားစားရသည့် ငပိနှင့် ကန်စွန်းရွက် (ယနေ့ခေတ်လို ပွပွရွရွ အကြီးကြီးတွေမဟုတ်)ပင် ယနေ့ခေတ်လို  ပေါပေါများများရှိလှသည်မဟုတ်။ ကိုယ်တာဖြင့် ချင့်ချိန်ပြီး စားရသဖြင့် ဘဲဥချဉ်ရည်ဟင်းဆိုသည်မှာ ကျနော်တို့အတွက် နတ်သုဒ္ဒါပမာဖြစ်နေတာ ဆန်းတော့ ဆန်းသည့်ကိစ္စ တော့ မဟုတ်။ ငယ်စဉ်ကအကြောင်းကို ပြန်တွေးမိသည့်အခါ လူတိုင်း သတိရစရာတွေ တမ်းတစရာတွေရှိသော်လည်း ဒီလို အလုပ်အကိုင်ရှားပါးလှပြီး မိမိမိသားစုစားဝတ်နေရေး ချောင်လည်ရန် ကြိုးစားချင်သလောက် ကြိုးစားလို့ မရ ၊ စားသောက်နေထိုင်မှုကျပ်တည်းပြီး ခေတ်ကျပ်ခေတ်ဆိုးကို ဘယ်သူမှ ပြန်မသွားချင်ကြ။ 
 
ဒီလိုဖြစ်တာ စနစ်ကြောင့်ဆိုတာ၊  အားလုံးကျပ်တည်းရခြင်း၏ အကြောင်းရင်းက လွဲမှားသည့် စနစ်ကြောင့်ဆိုတာ အသက်ရလာသည့်နှင့် အမျှ ကျနော်တို့ သိလာရပြီး ဘဲဥချဉ်ရည်ဟင်းမှ ဘဲဥတစ်ခြမ်းကို မက်မက် မောမော  တခုတ်တရလုပ်ပြီး စားနေရသည့်အချိန်မှာ တချို့က ပေါလျှံ ကြွယ်၀စွာစားနိုင်သောက်နိုင်သုံးနိုင် နေကြတာ ၊ ရေပေါ်ဆီပမာ သုံးဖြုံးနေခဲ့ကြတာ ‘ကံ အကျိုးပေး’ကြောင့်မဟုတ်ဘဲ အတ္တကြီးသည့်သူများ၏  စနစ်တကျဉာဏ်များခြင်းကြောင့်ပါလားဆိုတာကို သိလာရသည်။ 
 
လူတစ်ဦး ဘဲဥတစ်လုံး တောင်မစားနိုင်သည့် ဘဲဥချဉ်ရည်ဟင်းခေတ်ကို သတိရမိတိုင်း စနစ်မကောင်းပါက ဆင်းရဲကျပ်တည်းခြင်းဆိုသည်မှာ အောက်ခြေပြည်သူဆိုသည့် လူတန်းစားတစ်ရပ်သာ ကျောကော့နေ အောင်ခံရမှာ ပါလားဆိုတာ ဖြတ်သန်းခဲ့ရဘူးသည့် အသိဖြင့် ခေါင်းထဲတွေးမိသည်။ 
 
ပြီးခဲ့သည့်ရက်က သူငယ်ချင်းတစ်ယောက်အိမ်သို့ ကိစ္စရှိရင်း သွားသည့်အခါ ထမင်းစားချိန်နှင့် သွားဆုံမိသည်။သူငယ်ချင်းက တစ်ခါတည်းဝင်စားဖို့ အတင်းခေါ်သည်။ ကျနော်က အိမ်တွင် ချက်ထားတာ အပိုဖြစ်မှာစိုး သဖြင့် မစားတော့ဟု ငြင်းရသည်။ထိုသို့ငြင်းရင်း သူငယ်ချင်းထမင်း၀ိုင်းကို ကြည့်မိသည့်အခါ ထမင်း၀ိုင်းအလယ် မှာ အဓိကဟင်းက ကြက်ဥချဉ်ရည်ဟင်း။ ကျနော်က ဘဲဥချဉ်ရည်ဟင်းထင်လို့ မေးကြည့်သည့်အခါ ဘဲဥကစျေးကြီးလို့ ကြက်ဥနှင့်သာ ချဉ်ရည်ဟင်းချက်ကြတော့သည်ဆိုသည်။ မေးကြည့်တော့ ကြက်ဥက တစ်လုံးကို အနည်းဆုံး ၁၆၀၊ဘဲဥက ၂၀၀ကျော်။ဒီတော့  ကြက်ဥလေးတွေကို ခြမ်းပြီး ချဉ်ရည်ဟင်းဖြစ်လေရုံမျှဖြင့်ချက်ကာ  ကန်စွန်းနီလေးကို ပြုတ်ပြီး ငပိရည်ငရုတ်သီးဖတ် ပေါလောဖြင့် ငပိတို့စရာကိုသာ အဓိကအားထားစားနေရသည့် ထမင်း၀ိုင်းကို ကြည့်ပြီး ကျနော်စိတ်ထဲ သက်ပြင်းချမိသည်။ကျနော်စိတ်ထဲ ၁၉၈၀ ကျော်ကာလထဲ ဖျပ်ကနဲ့ရောက်သွားသလို..။ 
 
ယနေ့ကလေးတွေ ၊ကျနော် သားသမီးတူမတွေ မြေးတွေကို ကျနော်တို့ ငယ်စဉ်ကနေခဲ့ ရသလို ကျပ်တည်းစွာ စားသောက်နေထိုင်ရသည့် ဘဲဥတစ်ခြမ်းသာစားရသည့်ခေတ်ထဲ မရောက်စေလို။ ယခုချိန်မှာ အစစအရာရာကျပ်တည်းပြီး သမိုင်းတကျော့ပြန်လည်တော့မလို ဖျပ်ကနဲ့ ဖျပ်ကနဲ့ မြင်မြင်နေရသမျှ နေလာနှင်းပျောက်သလိုသာ ဖြစ်ပါစေဟု ဆန္ဒပြုမိတော့ပါသည်။  
 
 
မောင်ဦးလွင်