【 ဆောင်းပါး 】 Facebook ဖြင့် ပျော်မွေ့ရသည့် ဒီအချိန်ခါ

【 ဆောင်းပါး 】 Facebook ဖြင့် ပျော်မွေ့ရသည့် ဒီအချိန်ခါ

လက်ရှိအခြေအနေမှာ လူတိုင်းက အပြင်ကိုလည်းမထွက်နိုင်၊ အပြင်မှာဖြစ်နေတာတွေနဲ့ မျက်ခြေမဖြတ်နိုင်တဲ့အခါ Facebook ကို ဘဝတစ်ခု နေ့စဉ် လူနေမှုဘဝတစ်ခုလို သဘောထားပြီး နေထိုင်ဖြတ်သန်းနေရသလို ဒီ Facebook လို့ခေါ်တဲ့ လူမှုကွန်ရက်ကပေးတဲ့ ရသတွေ စိတ်လှုံ့ဆော်မှုတွေနဲ့ စနစ်တကျရိုက်သွင်းနေတဲ့ တစ်စုံတစ်ခုသောသူတွေက ဖြစ်စေချင်တဲ့ အကြောက်တရားတွေကို လည်စင်းခံနေရသည်။

၂၀၁၂ နောက်ပိုင်းက စလာခဲ့သည့် facebook ယဉ်ကျေးမှုမှာ လွတ်လပ်စွာ ကိုယ့်အနုပညာ၊ ကိုယ့်ဖန်တီးမှုတွေကို တင်ပြနိုင်သည့် ပလက်ဖောင်းတစ်ခုအဖြစ် အသုံးပြုသူတွေရှိသလို တချို့အတွက် သူအသုံးချရမည့်သူတွေကိုရှာဖွေရာ၊ အတ္တဝါဒတည်ဆောက်ရန် စင်မြင့်အဖြစ် အသုံးချကြသည့်နေရာလည်း ဖြစ်လာခဲ့သည်။

ယခင် သတင်းငတ်မွတ်သည့် နှစ်ကာလအတော်များများကို ဖြတ်လာရသည့်အတွက် သတင်းငတ်မွတ်နေသည့် မြန်မာလူမျိုး လူရွယ်လူငယ်တွေကနေ အတော်အတန်သင့်လူတွေအတွက် သတင်းတစ်ခုသာ အငမ်းမရဖတ်လို့ရသည့် ဆက်သွယ်ရေးကြားခံအဆင့်ဖြစ်သည်။နောက်တော့ facebook ကနေ ယူကျု၊ အွန်လိုင်းကနေ ဘယ်လိုကမ္ဘာကိုဆက်သွယ်လို့ရသည် ဘယ်လိုထိုးဖောက်လို့ရသည်ဆိုတာကို သိလာသည့်အခါ အင်တာနက်က မြန်မာတွေအတွက် ကမ္ဘာတစ်ခုဖြစ်လာခဲ့သည်။
ထိုအင်တာနက်ကိုအသုံးချကာ ကမ္ဘာတစ်ဝန်းမှ တီထွင်မှုတွေ၊ အနုပညာတွေကို အချိန်မလင့်ဘဲ ခံစားရယူနိုင်သလို နည်းပညာတွေကိုလည်း ရယူနိုင်သဖြင့် ၂၀၁၅ နောက်ပိုင်း တိုးတက်မှုက အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ဒီထဲမှာ ကျနော်တို့လို ခုနှစ်အိုရှစ်ဆွေး သက်ကြီးရွယ်အိုတွေလည်းပါသည်။

အခုခေတ် အွန်လိုင်းသုံးသူ လူငယ်တွေက အလုပ်အတွက် မသုံးမဖြစ်သုံးရသည့် သက်ကြီးကျနော်တို့ထက် ပိုကျွမ်းကျင်ကြသည်။
ကျနော်တို့နောက် မျိုးဆက်တစ်ဆက်ကျော်အတွက် အွန်လိုင်းမှာ  သူတို့လူနေမှုဘဝအတွက် မရှိမဖြစ် ဖြစ်လာကြပြီး အွန်လိုင်းပေါ်က ဘဝကို လက်ရှိရရှိနေသည့် သူတို့လက်တွေ့ဘဝထက် ပိုတန်ဖိုးထားလာကြသည်ကို တွေ့လာရသည်။တစ်ခါသော် အင်တာနက်များ ပြတ်တောက်သဖြင့် အတော်လေးဂယက်ရိုက်ခဲ့ရာ လဘက်ရည်ဆိုင်တွင်လည်း ထိုအကြောင်း၊ စျေးတွင်လည်း ထိုအကြောင်း၊ အိမ်တွင်လည်း ထိုအကြောင်းကိုသာ အလေးဂရုပြုပြောသဖြင့် စိတ်ထဲလည်း အွန်လိုင်းလေးမရတာ ဘာကြောင့် ကမ္ဘာပျက်မတတ်ဖြစ်နေရတာလဲဟု စိတ်ကသဘောမကျဖြစ်မိသည်။ထိုတုန်းက ကျနော့်မှာ သင်ကြားရေးကိစ္စတွေနှင့် လုံးထွေးကာ ဖုန်းဆိုသည်မှာ တစ်ဦးနှင့် တစ်ဦး စကားပြောရုံသက်သက်ထက် မပိုခဲ့သဖြင့် ဒီ facebook ဆိုတာကို သိပ်ထဲထဲဝင်ဝင်မသုံးသဖြင့်လည်း ဒီလိုသဘောမကျမိခြင်းဖြစ်သည်။နောက်တော့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အလုပ်ကလည်းမရှိ၊ အိမ်ပြင်လည်း သိပ်မထွက်ရသဖြင့် facebook ဆိုတာကြီးကို နေ့ရောညပါကြည့်မိသလို ဘာတွေထူးမလဲဆိုတာ ညတရေးနိုးသည့်အခါ ဆေးလိပ်ကိုအရင်မကိုင်ဘဲ ဖုန်းကိုအရင်ကိုင်မိသည့်အထိ facebook ဆိုတာကြီးက နေ့စဉ်လူနေမှုဘ၀၏ ကြေးမုံမှန်ပမာကြည့်ရသလို ဖြစ်လာခဲ့သည်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကျနော် နာရေးကိစ္စတစ်ခုနှင့် ခရီးတစ်ခုသွားခဲ့ရသည်။အရင်က ခရီးအတော်များများ သွားခဲ့ဖူးပေမယ့် ဒီလိုအချိန် ခရီးသွားရတာ သိတဲ့အတိုင်း အသက်ကိုဖက်နဲ့ထုပ်ပြီး ဘုရားတကာသွားရသည့် ခရီးဖြစ်သည်။နယ်မြို့ဆိုပေမယ့် မယားညီအစ်ကို ဆုံးပါးသည့်အတွက် မသွားမဖြစ်လို့သာသွားရသည် လမ်းတစ်လျှောက် ဟိုနေရာတား ဒီနေရာတား အဆိုးဆုံးက အမြဲကြည့်နေကြဖုန်းကို လွတ်လွတ်လပ်လပ်ကြည့်လို့မဖြစ်ခြင်းပင်။ထိုဒုက္ခက အတော်လေးကို နေရထိုင်ရခက်သည်။အထူးသဖြင့် ကျနော်နေသည့် အရပ်ဒေသက မကြာခဏဆိုသလို နှလုံးစိတ်ဝမ်းတုန်လှုပ်ရသည့်နေရာ။ဖြစ်ပြီဆို ကျနော်နေသည့်မြို့နယ်က ထိပ်ဆုံးကဖြစ်သည်။မီးဆိုလည်းမီး၊ ရေဆိုလည်းရေ၊ တခြားသော ဘာအကြောင်းအရာပဲဖြစ်ဖြစ် မပါတာမရှိ။ဒီတော့ မဖြစ်လို့သာ ခရီးထွက်လာရသော်လည်း စိတ်က အိမ်လေးဆီသာ ရောက်နေသည်။အိမ်ဝန်းကျင်ကလူတွေ ဘာတွေပို့စ်တင်ထားလဲ၊ ညဘက် ဘယ်သူတွေဝင်လာသေးလို့ ဘာဖြစ်ကြပြီလဲ၊ ဘယ်သူ့ကျန်းမာရေးရော စသဖြင့် သိချင်တာတွေအားလုံးအတွက် တစ်စုံတစ်ခုတည်းနှင့် ဖြေရှင်းပေးနိုင်သည့် ကျနော့်ဖုန်းတွင် ပါရှိသည့် facebook ဆိုသည့် အရာနှင့် အင်တာနက်လိုင်းပင်ဖြစ်သည်။

ကားပေါ်မှာ ဖုန်းကိုမသုံးရဲ၊ တစ်ယောက်ကို တစ်ယောက်လည်း မယုံရဲနှင့်။ဒီတော့ ဖုန်းဆိုတာ စကားပြောရုံသက်သက်သာ သုံးရတော့သည့်အချိန်ကို ရောက်သွားခဲ့သည်။ယခင်က နေ့တစ်ဝက်သာသာစီးရသည့် ခရီးကို ယခုချိန်မှာ တစ်နေ့လုံးနီးပါးစီးရသည့်အခါ အချိန်တွေက ကုန်ခဲလှသလို မျက်စိပိတ်ပြီး ခရီးသွားရသည့်သူတွေလို ဖြစ်ကုန်ကြသည်။ကားဆရာကလည်း ပြန်ဆင်းလာသည့် ကားသမားကို လှမ်းလှမ်းမေးကာ ဟိုဘက်က သွားလို့ ရ၊ မရ။ပြန်ဆင်းလာသည့် ကားသမားကလည်း တက်လာသည့် ကျနော်စီးလာသည့်ကားကိုမေးကာ အခြေအနေ ဘယ်လိုရှိ စသဖြင့်။ကျနော်တို့ တစ်ခါမှ မကြုံဘူးသည့် အခြေအနေကို လက်တွေ့ကြုံရသည့်အခါ ဖုန်းလေးထုတ်ပြီး ဘာတွေများဖြစ်နေသလဲဟု ကြည့်ချင်လှသည်။ဖုန်းဖွင့်ပြီး ကြည့်လို့မရသဖြင့် (ဖွင့်လို့ရလဲ အင်တာနက်ရနိုင်ဖွယ်မရှိဟု နောက်မှသိရ) ကိုယ့်မှာ မျက်စိပိတ် နားပိတ်သဖွယ်။

ဒီတော့မှ အစောပိုင်းလတုန်းက အင်တာနက်တွေဖြတ်တောက်ချိန် ကိုယ့်ဘေးနားကလူတွေဖြစ်သည့် နေမထိထိုင်မသာဖြစ်ရသည့် စိတ်ခံစားမှုကို ကိုယ်ချင်းစာမိတော့သည်။ကျနော်တို့က အင်တာနက်ကြောင့် ဆက်သွယ်မှုနယ်ပယ်ကျယ်ပြန့်ကာ နေရာဒေသအများအပြားနှင့် တစ်သားတည်းဖြစ်သွားချိန်မှာ ရုတ်တရက်ပိတ်ချလိုက်သလိုဖြစ်သည့်အခါ တခြားသောအရပ်ဒေသက ဖြစ်ပေါ်တိုးတက်မှုတွေ သတင်းစကားတွေ ဘာဖြစ်နေတယ်ဆိုတာတွေ မသိရတော့တာကို လက်မခံနိုင်တာဖြစ်သလို ကိုယ်သံယောဇဉ်ရှိသည့်သူတွေ၏ သတင်းစကားကို မကြားရတာ မသိရတာကို စိတ်ကလက်မခံနိုင်တာ ဖြစ်နေခြင်းပင်ဖြစ်သည်။

နဂိုကတော့ facebook က တခြားသောအရာတွေကြောင့် အထူးသဖြင့် ညစ်ညမ်းသည့် ရုပ်ရှင်ဗီဒီယိုတွေ၊ စကားတွေ၊ ရုပ်ပုံတွေကြောင့် facebook ကို လူတွေ ပျော်မွေ့နေတာဟု ထင်သည်။တကယ်တော့ facebook ထဲမှာ ကျနော်တို့က နေအိမ်မှ တစ်ဖဝါးမှမခွာဘဲ လူမှုရေးတွေ၊ မိတ်သင်္ဂဟဆောင်ရွက်ဖွယ်ရာတွေ၊ စောင်မကြည့်ရှုစရာတွေ၊ ပြောသင့်ဆိုသင့်တာတွေ၊ ဝေးနေသည့် မိတ်သင်္ဂါဟဆက်ဆံရေးတွေကို နီးကပ်လာအောင် လုပ်ဆောင်နေကြတာပါလားဟု သဘောပေါက်လာမိသည်။ယခုလာသည့်ခရီးဆိုလျှင် ထိုမယားညီအစ်ကိုမှာ မမာနေသည်မှာ အတော်ကြာနေပြီ။သို့သော် တိုင်းရေးပြည်ရေးမကောင်းသဖြင့် ရန်ကုန်ကနေ ဗီဒီယိုကောလ်ဖြင့်ခေါ်ကာ စကားတွေပြော၊ သတင်းမေးစကားတွေပြော၊ ဒီကနေလုပ်ပေးလို့ရတာရှိတာ လုပ်ပေးနှင့် အတော်လေး အနီးကပ်စောင့်ရှောက်ပေးသလို လုပ်ခဲ့လို့ရခဲ့သည်။ယခုလို ဆုံးပါးမှ နိုင်ငံရေးမတည်ငြိမ်ချိန်မှာ မသွားမဖြစ်လို့သာ လူကိုယ်တိုင်သွားရခြင်းဖြစ်သည်။  

အခုလိုချိန်ခါတွင် လူကိုယ်တိုင်သွားဖို့မလိုသည့်ကိစ္စတွေအတွက် ဖုန်းတစ်လုံးနှင့် facebook သုံးရုံနှင့် ဆောင်ရွက်စရာတွေ ပြီးမြောက်သည်ဆိုသည်မှာ မြေကြောရှုံ့တယ်လို့ပဲ ဆိုရလေမလား။တစ်ကယ်တော့ facebook (ဝါ) အွန်လိုင်းဆိုရှယ်မီဒီယာဆိုတာက သုံးတတ်ရင် လူ့လောကအတွက် အကျိုးတော်တော်ရှိသည်။တစ်ကွဲတစ်ပြားဖြစ်နေတဲ့သူတွေ တစ်ယောက်နဲ့ တစ်ယောက် လွယ်လင့်တကူဆက်ဆံနိုင်ဖို့ဆိုသည့် လူမှုဆက်ဆံရေးရည်ရွယ်ချက်နဲ့  ဖန်တီးခဲ့တာဖြစ်သလို ကိုယ်တစ်ယောက်တည်းမတတ်နိုင်တဲ့ လူမှုရေးလုပ်ငန်းတွေ၊ စွန့်ပစ်ခံရတဲ့ကလေးငယ်တွေ စောင့်ရှောက်ကူညီတဲ့အလုပ်တွေ၊ ကိုယ်တစ်ယောက်တည်းမနိုင်တဲ့ ကုသိုလ်ဖြစ် ရပ်ရွာပရဟိတအလုပ်တွေ ဒါတွေကို စိတ်တူရာစုပြီး ဝိုင်းဝန်းလုပ်ဆောင်နိုင်ကြဖို့အတွက် အွန်လိုင်းဆိုရှယ်မီဒီယာကို အသုံးချကာ စုရုံးလုပ်ဆောင်လို့လည်းရသည်။သုံးသည့်ရည်ရွယ်ချက်နှင့် လူအပေါ်သာ အဓိကမူတည်သည်ဟု  ဆိုချင်သည်။

ဘာပဲဖြစ်ဖြစ် ယနေ့လိုအချိန်အခါတွင် facebook ရှိခြင်းကြောင့်သာ ကျနော်တို့ တစ်ဦးနှင့်တစ်ဦး လူမှုရေးကိစ္စတွေ၊ တခြားသောကိစ္စတွေမှာ ဘယ်လောက်ပဲဝေးနေပါစေ၊ အကြောင်းမသင့်ပါစေ၊ မခေါ်မပြောနိုင်ပါစေ သိရမြင်ရကြားရ ပြောဆိုလို့ရ ဆွေးနွေးတိုင်ပင်ဖြေရှင်းလို့ရနေသည်မှာ  ဒီလိုအတုအယောင်လောကလေး ရှိနေလို့ဖြစ်သည်။နည်းပညာဆိုတာ သုံးတတ်လျှင် အကျိုးရှိသည်။လူတွေဉာဏ်မျက်စိကိုဖွင့်ပေးသည့် နည်းပညာဖြစ်လို့ ဉာဏ်ရှိဖို့တော့ လိုသည်။ဉာဏ်သုံးတတ်ဖို့တော့ လိုသည်။
မျက်စိမှိတ်ပြီး မကောင်းဟုပြောတတ်သည့် အကျင့်ကိုတော့ ဖျောက်မှရမည်။အနည်ဆုံးတော့ သုံးကြည့်သင့်သည်။  

ဘာပဲဖြစ်ဖြစ် ဒီအချိန်က facebook ဖြင့် ပျော်မွေ့ရသည့် အချိန်အခါပင်ဖြစ်သည်။

မောင်ဦးလွင်
နိုဝင်ဘာ - ၁၀